Chapter 87
Vol. 9 Ch. 87
ကျန်းကျန်းက ခြေဖျားထောက်လိုက်ပြီး လီမင်ပေရဲ့ ပခုံးကို ပုတ်ပေးလိုက်တယ်။
“စိတ်မပူပါနဲ့ .. စတုတ္ထအစ်ကို အိမ်စာကောင်းကောင်းလုပ်ထားသရွေ့ အသားက အစ်ကို့အတွက် မကျန်ဘဲမနေဘူး”
ထို့နောက် ကျန်းကျန်းက သူ့ကို ကျောခိုင်းလိုက်ကာ ဝမ်စုဖန်းကို ဆွဲခေါ်သွားခဲ့တယ်။
“အမေ.. ညစာသွားစားရအောင်လေ.. ရစ်ငှက်စွပ်ပြုတ်နံ့က အရမ်းမွှေးနေပြီ”
လီမင်ပေ သူ့ရဲ့လည်ပင်းကို ဆန့်တန်းလိုက်ကာ ကျန်းကျန်းနဲ့ ဝမ်စုဖန်းတို့ ထွက်ခွာသွားတဲ့နောက်ကို သူတို့ ပျောက်ကွယ်သွားတဲ့အထိ လိုက်ကြည့်ရင်း စိတ်ပျက်လက်ပျက်နှင့် ဗိုက်ကို ပွတ်သတ်လိုက်မိတယ်။
“ဒါက ညီမလေးမဟုတ်ဘူး.. သေချာပေါက် ဘိုးဘေးလေးပဲ”
“စတုတ္ထအစ်ကို .. ဘာတွေ ပြောနေတာလဲ?”
ကျန်းကျန်းရဲ့ အသံက အနောက်ဘက်ခန်းမှ ထွက်ပေါ်လာခဲ့တာကြောင့် လီမင်ပေ ရုတ်တရက် လန့်ဖြန့်သွားရပြီး ပြန်အော်လိုက်တယ်။
“ညီမလေးက အရွယ်ရောက်လာပြီ လို့ပြောတာ.. ညီမလေး ပြောတာကို သေချာနားထောင်ပြီး အိမ်စာမြန်မြန်လုပ်ရမယ်လို့ ! “
အနောက်ဘက်ခန်းထဲမှာ ရုတ်တရက် ရယ်မောသံတွေနဲ့ ဆူညံသွားခဲ့တယ်။
ဝမ်စုဖန်းက စွတ်ပြုတ်ဟင်းချိုပန်းကန်တစ်လုံးကို လောင်းထည့်ပြီး မဒမ်လီကို လှမ်းပေးလိုက်တယ်။
“မင်ပေက မျောက်လိုဆော့နေလို့ အခု သူ့ညီမကတောင် ပြန်ပြီး ထိန်းပေးနေရပြီ”
“ဒါက သိပ်မဆိုးဘူးပဲ”
မဒမ်လီက ဟင်းချိုတစ်ငုံသောက်လိုက်ပြီး ကျန်းကျန်းကို ရစ်ငှက်တောင်ပံတစ်ချောင်းပေးလိုက်တယ်။
“ပေါင်ပေ့.. ဒီရက်ပိုင်းမှာ သူအိမ်စာလုပ်နေတာတွေကို ကြည့်ပေးလိုက်လေ.. သူ့ရဲ့ နွေရာသီအိမ်စာတွေ အားလုံးကိုပြီးအောင်ရေးပြီးရင်တောင် သူ့ရဲ့ အမှတ်တွေ မတိုးလာပဲ နေလိမ့်မယ်လို့ မထင်ဘူး..
ဒီရေအားလျှပ်စစ်စက်ရုံက အရမ်းကောင်းတဲ့ စက်ရုံပဲ.. တစ်နှစ်ကို ဝန်ထမ်းတွေအများကြီးလည်း ခေါ်သေးတယ်.. သူသာ အဲဒီစက်ရုံကို အလုပ်ဝင်နိုင်ရင် အတော်လေး ကောင်းမယ်လို့ထင်တယ်”
“အမှန်ပဲ”
ဝမ်စုဖန်းကလည်း သဘောတူပြီး ကျန်းကျန်းကို ပြောလာတယ်။
“မင်းအစ်ကိုရဲ့ နွေရာသီ အိမ်စာတွေအားလုံးကို ပြီးအောင်လုပ်ပြီးတဲ့အချိန်ကျရင် အမေက မင်းကို ရေအားလျှပ်စစ်စက်ရုံရဲ့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်ဖို့ ပိုက်ဆံပေးမယ်”
“တကယ်လား”
ကျန်းကျန်းရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ပြီး သူမရဲ့ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလိုက်တယ်။
“ စိတ်မပူပါနဲ့ အမေ.. စတုတ္ထအစ်ကို သုံးရက်အတွင်း သူ့ရဲ့အိမ်စာတွေ ပြီးအောင် လုပ်စေရမယ်လို့ ကတိပေးတယ်”
ဒီဘက်အချိန်ကာလရဲ့ ရုပ်ရှင်အများစုစုက အဖြူအမည်း ရုပ်ရှင်အဟောင်းတွေသာ ဖြစ်နေလိမ့်မယ် ဆိုပေမဲ့ ရုပ်ရှင်မကြည့်ရတာ ငါးနှစ်၊ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ကျန်းကျန်းအတွက်ကတော့ အသံမပါပဲ လက်ဟန်အမူအယာနှင့်သာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကိုကြည့်ခိုင်းမယ်ဆိုရင်တောင် သေချာပေါက် ကြည့်မှာပဲ။
အခုလို လှုံ့ဆော်မှုနှင့်ဆိုရင် ကျန်းကျန်းတစ်ယောက် လီမင်ပေရဲ့ အိမ်စာတွေကို လုပ်ခိုင်းဖို့အတွက် အားအင်တွေ ပိုရလာလောက်ပြီလို့ ခံစားရတယ်။
လီမင်ပေ အလယ်တန်း ဒုတိယနှစ်ကို စတက်ကာစတုန်းကတော့ လီမင်နန်က သူ့ရဲ့အိမ်စာတွေကို ကြည့်ပေးတာကြောင့် သူ့ရဲ့အဆင့်တွေကလည်း အဆင်ပြေတယ်။ တစ်နှစ်တာရဲ့ တစ်ဝက်လောက်သာဖြစ်ခဲ့ပြီး သူ ကစားနေရင်းနဲ့ မေ့သွားခဲ့ပေမယ့် စာအုပ်ကို ပြန်လှန်ကြည့်တဲ့အချိန်မှာ မှတ်မိနေသေးတယ်။
ဒါကြောင့် ညမမှောင်ခင်မှာပဲ အိမ်စာသုံးမျက်နှာကို ပြီးအောင်လုပ်နိုင်ခဲ့တယ်။ သူက အိမ်စာ စာအုပ်ကို ကျန်းကျန်းရဲ့လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် လက်ကိုတောင် မဆေးနိုင်တော့ဘဲ အေးနေပြီဖြစ်တဲ့ကြက်စွပ်ပြုတ်ပန်းကန်ကို ကောက်ယူပြီး ပန်းကန်တစ်ဝက်လောက် မော့သောက်လိုက်တယ်။
ကျန်းကျန်းက လီမင်ပေရဲ့ဘေးမှာထိုင်ပြီး အပြုံးလေးနဲ့ အစ်ကိုဖြစ်သူကို အသားတွေထည့်ပေးလိုက်တယ်။
“စတုတ္ထအစ်ကို၊ များများစား”
လီမင်ပေတစ်ယောက် ကြောက်လန့်သွားရပြီး သူ့ရဲ့ပန်းကန်ကို အလျှင်အမြန် ပြန်ယူသွားလိုက်တယ်။
“မင်း ငါ့ကို ထည့်ပေးစရာက မလိုဘူး.. ငါ ကိုယ်တိုင် စားလိုက်လို့ရတယ်”
“အစ်ကို.. များများစား.. အိမ်စာလုပ်လိုက်ရတော့ အစ်ကို့ရဲ့ ဦးနှောက်ကို အများကြီးသုံးလိုက်ရတယ်မလား”
ကျန်းကျန်းက လီမင်ပေရဲ့ ပန်းကန်ထဲသို့ ရစ်ငှက်ခေါင်းကို ထည့်ပေးလိုက်ပြန်တယ်။
“ဦးနှောက်ကို အားပြန်ဖြည့်ဖို့အတွက် ရစ်ငှက်ခေါင်းကို စားလိုက်ဦး”
“...”
လီမင်ပေ အသားမပါတဲ့ ရစ်ငှက်ခေါင်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်မိတယ်။ သူ ဒါကို တကယ်ကြီး မစားချင်ဘူး။
“တကယ်တော့ ငါ့ကိုယ်ငါ တော်တော်လေး ဉာဏ်ကောင်းနေပြီလို့ ထင်တာပဲ.. ဘာလို့ မင်းဘာသာမင်းဘဲ မစားလိုက်တာလဲ”
“ကောင်းပြီ.. ဒါဆို စတုတ္ထအစ်ကိုက ညစာစားပြီးသွားရင် အိမ်စာနှစ်မျက်နှာလောက် ထပ်ရေးလိုက်လေ.. ဉာဏ်ကောင်း လား မကောင်းဘူးလားဆိုတာ ကြည့်ရအောင်”
ကျန်းကျန်းရဲ့စကား မဆုံးခင်မှာပဲ လီမင်ပေက ထိုရစ်ငှက်ခေါင်းကို အလျှင်အမြန်ဆွဲယူပြီး တစ်ကိုက်ကိုက်လိုက်တယ်။
“အမ်.. ငါက ပြန်ဖြည့်ဖို့လိုလောက်တယ်လို့ထင်တယ်.. ဒါနဲ့ ပြန်ဖြည့်လိုက်မယ်”
ပြတင်းပေါက်အောက်ဘက်မှာ ငုတ်တုတ်ထိုင်နေတဲ့ ကြက်သားနှပ်ကတော့ မထီမဲ့မြင် အကြည့်တွေနဲ့မော့ကြည့်နေခဲ့လေတယ် ...
ရုပ်ရှင်ကြည့်ရမယ်ဆိုတဲ့ ကတိပေးစကားကို ရရှိခဲ့ပြီးနောက် ကျန်းကျန်းရဲ့ ဘေးနားမှ စိုက်ကြည့်နေတဲ့အောက်မှာ လီမင်ပေတစ်ယောက် သူ့ရဲ့နွေရာသီ အိမ်စာတွေအားလုံးကို ရိုးသားစွာလုပ်လို့ ပြီးဆုံးသွားခဲ့တယ်။
ပြီးနောက် စာသင်နှစ်စာအုပ်ကို အစအဆုံးဖတ်ရှုခဲ့ပြီး နောက်ဆုံးမှာတော့ ဝမ်စုဖန်းဆီကနေ ဆင့်ငါးဆယ် တောင်းလို့ ရရှိခဲ့ပြီး ကျန်းကျန်းကိုခေါ်ကာ ရေအားလျှပ်စစ်စက်ရုံရဲ့ ရုပ်ရှင်ရုံဆီသို့ ပျော်ရွှင်စွာ သွားဖို့ပြင်ဆင်ခဲ့ကြတယ်။
ကျန်းကျန်းအနေနဲ့ အရင်တုန်းက ရေအားလျှပ်စစ်စက်ရုံဘက်သို့ သွားခဲ့ဖူးပေမဲ့ ဝမ်စုဖန်းနှင့် ကွေ့ဟွားတို့နှင့်အတူ ရေချိုးဖို့အတွက် ရေချိုးခန်းဆီသို့ လိုက်သွားတာလိုမျိုးသာဖြစ်ပြီး ရုပ်ရှင်ကြည့်တာက အခုမှ ပထမဆုံးအကြိမ်ဖြစ်လေတယ်။
သူမရဲ့ အရင်ဘဝတုန်းက ရုပ်ရှင်သွားကြည့်ခဲ့တဲ့ အတွေ့အကြုံတွေအရ ကျန်းကျန်းကအိမ်မှာ သိမ်းထားတဲ့ ဖရဲစေ့တွေကို ထုတ်ယူပြီး ကွေ့ဟွားကို ကြော်ခိုင်းလိုက်တယ်။ ထို့နောက် တည်သီးနှင့် သခွားသီးတွေကိုပါ ရေဆေးပြီး အထည်အိတ်တစ်လုံးကိုရှာကာ ထိုအထဲကို ထည့်လိုက်တယ်။
ဒါ့အပြင် သူမရဲ့ ရေဘူးထဲမှာလည်း ပျားရည်ဖျော်ရည်ကို လောင်းထည့်ခဲ့တယ်။ ဒီလိုဆိုရင် ပြင်ဆင်မှုတွေ အားလုံးပြီးသွားပြီ။
လီမင်ပေက တံခါးဝမှာ ထိုင်နေရင်းနဲ့ ကျန်းကျန်း ပြင်ဆင်နေတာတွေကို ကြည့်ကာ သူ့ရဲ့ ပါးတွေ၊နားတွေကိုကုတ်ရင်း စိုးရိမ်တကြီး ပြောလိုက်တယ်။
“ညီမလေး .. နင် အိမ်မှာ လုံလောက်အောင် မစားထားလို့လား.. ဘာလို့ ရုပ်ရှင်ကြည့်ရင်းနဲ့တောင် စားဖို့ စဉ်းစားနေတာလဲ”
“စတုတ္ထအစ်ကို နားမလည်ပါဘူး.. ရုပ်ရှင်ကြည့်တယ်ဆိုတာ စားသောက်ရင်းကြည့်တာက ပျော်စရာအကောင်းဆုံးနည်းလမ်းပဲ”
ကျန်းကျန်းက သူမ စုစည်းထားတဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီးနောက် အစ်ကိုဖြစ်တဲ့ လီမင်ပေဆီကို လှမ်းပေးလိုက်တယ်။
“ပြီးသွားပြီ..သွားကြရအောင်။”
လီမင်ပေက မြေပြင်မှ လျင်မြန်စွာ ခုန်ထလာပြီး စက်ဘီးသော့ကို ပျော်ရွှင်စွာ ထုတ်ယူလိုက်ကာ လီမူဝူ တောက်ပြောင်နေအောင် ပွတ်တိုက်ထားတဲ့ စက်ဘီးကို တွန်းထုတ်လာခဲ့တယ်။
အစပိုင်းမှာတုန်းက လီမူဝူက ရွှေချောင်းနှစ်ချောင်းကို ယူသွားခဲ့ပြီးဒီနှစ်တွေအတွင်းမှာ အိမ်ကို ယွမ် (၂၀၀) ခန့် ပြန်ပို့ပေးခဲ့တယ်။
ဒီစက်ဘီးလက်မှတ်ကိုတော့ မနှစ်က တရုတ်နှစ်သစ်ကူးအချိန်မှာ ပြန်ပို့ပေးခဲ့တာပဲ။
လီမူဝူက လက်မှတ်နဲ့ ပိုက်ဆံတွေကို ယူသွားပြီး ရောင်းချတဲ့နေရာတွေအများကြီးကိုသွားကြည့်ခဲ့တယ်။
ထို့နောက်မှာတော့ အလွန်အမင်း ရေပန်းစားနေတဲ့ “လိုင်စင်ရ” မန်းဂနိစ်စတီး စက်ဘီးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့တယ်။
ထိုအချိန်မှာတုန်းက အိမ်နီးနားချင်းတွေနှင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက သိချင်စိတ်တွေနဲ့ လာရောက် ကြည့်ရှုကြကာ ထိုစက်ဘီးကိုပွတ်သပ်ထိကိုင်ကြည့်ခဲ့ကြတယ်။
ပုံမှန်အားဖြင့်ဆိုရင်တော့ ဒီစက်ဘီးကို လီမူဝူက ဆွေမျိုးတွေဆီသို့ အလည်သွားလာတဲ့အချိန်မှာသာ ထုတ်ယူစီးလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာတော့ နံရံပေါ်မှာသာ အလှပြ ထောင်ထားလေ့ရှိတယ်။
ဒီနေ့မှာတော့ လမ်းလျှောက်ပြီးသွားမယ်ဆိုရင် ဝေးကွာလွန်းတာကြောင့် ဖို့ လီမူဝူက လီမင်ပေကို ဒီတစ်ကြိမ်စီးခွင့်ပေးဖို့ တုံ့ဆိုင်းစွာနှင့် သဘောတူပေးလိုက်တယ်။
သူက ရွှံ့တွေ ရှိနေတဲ့နေရာတွေနှင့် ကျောက်ခဲတွေပေါ်မှာ မစီးဖို့ကိုလည်း အကြိမ်ကြိမ်အခါခါ ညွှန်ကြားခဲ့သေးတယ်။
သူ ပြန်ရောက်လာတဲ့အချိန်မှာလည်း စက်ဘီးကို ပြန်လည် ဆေးကြောပြီးမှ နံရံမှာ ပြန်ထားရလိမ့်မယ်။
လီမင်ပေကလည်း အဖေဖြစ်သူကို အထပ်ထပ်အခါခါ ကတိပေးခဲ့ပြီး နောက်ဆုံးမှာမှ ဒီစက်ဘီးသော့ကို ရရှိလာခဲ့တယ်။
သူ အချိန်အကြာကြီးကတည်းက တောင့်တနေရတဲ့ စက်ဘီးကို စီးရတော့မယ်ဆိုတဲ့အတွေးက လီမင်ပေအတွက်တော့ ရုပ်ရှင်ကြည့်ရတာထက်တောင် ပိုပြီးပျော်စရာကောင်းတယ်လို့ ခံစားမိနေခဲ့တယ်။
သူက ကျန်းကျန်းရဲ့ အထုတ်လေးကို ကို လက်ကိုင်ဘားပေါ်မှာ ချိတ်ဆွဲလိုက်တယ်။ ပြီးနောက် ကျန်းကျန်းဘက်ကို လှည့်ပြီး ပြောလိုက်တယ်။
“ညီမလေး.. လာခဲ့ အရှေ့ကလာထိုင်”
သူမရဲ့မျက်လုံးရှေ့က သေးသွယ်တဲ့သံချောင်းကို ကြည့်ရင်း ကျန်းကျန်းတစ်ယောက် သူမရဲ့ တင်ပါးတွေ နာကျင်လာရသလိုပဲ။
“အနောက်ကထိုင်တာ ပိုကောင်းတာလောက်တယ်.. အရှေ့ကထိုင်ရင် ခုန်နေမှာကိုကြောက်တယ်”
“မခုန်ပါဘူး”
လီမင်ပေ ပြန်ပြောလိုက်တယ်။
“ကလေးတွေက အရှေ့မှာပဲ ထိုင်နေကြတာပဲလေ.. နောက်ပြီး မင်း အနောက်မှာထိုင်ရင် ဘယ်လိုပြန်ထမလဲ”
“ညီမလေးက သစ်ပင်ပေါ်ကိုတောင် တက်နိုင်နေပြီ.. ဒီစက်ဘီးကို ကြောက်နေမယ်ထင်လို့လား”
လီမင်ပေတစ်ယောက် ကျန်းကျန်းက တောင်ပေါ်မှ သစ်ပင်တွေကြားမှာ မျောက်တစ်ကောင်လို လျှောက်သွားနေတာကို ပြန်လည် သတိရမိသသွားတယ်။
“ကောင်းပြီ.. ငါ နှေးနှေးလေးပဲစီးမယ် ..မင်း တက်တဲ့အချိန်ကျရင် သတိထားဦး”
လီမင်ပေက စက်ဘီးခြေနင်းတွေကို အကြိမ်အနည်းငယ်လောက် လှုပ်လိုက်ပြီး သူ့ရဲ့ခြေထောက်ရှည်တွေကို ဆန့်ထုတ်လိုက်ပြီး စက်ဘီးကို ကျော်ခွကာ ဘီးပေါ်ကို တက်ထိုင်ပြီး နင်းလိုက်တာနှင့် ကျန်းကျန်းကလည်း အနောက်ကနေ ခြေလှမ်းအနည်းငယ်လောက်နှင့် ပြေးလိုက်သွားခဲ့ကာ လီမင်ပေရဲ့ခါးကို ကိုင်လိုက်ပြီး နောက်ထိုင်ခုံပေါ်သို့ အခိုင်အမာ ခုန်တက်လိုက်လေတယ်။
အပြင်ဘက်မှ ဘယ်သူမှ မရှိနေတာကိုမြင်တော့ လီမင်ပေက ရည်ရွယ်ချက်ရှိရှိနဲ့ အသံကျယ်ကျယ်ထုတ်ကာ အော်ဟစ်လိုက်တယ်။
“ကျန်းကျန်း.. မင်းက တကယ်ကို အံ့သြစရာကောင်းတာပဲ.. ဒီလောက်မြင့်တဲ့ စက်ဘီးကို အနောက်ကနေ ခုန်တက်နိုင်တယ်”