← Chapters

သတ်ဖြတ်ခြင်း

Vol. 11 Ch. 1091

သတ်ဖြတ်ခြင်း

Vol. 11 Ch. 1091

များစွာသော ကျင့်ကြံသူများမှာ ချန်းဖန်ကို ငေးကြောင်ကာ ကြည့်နေမိကြ၏။ ချန်းဖန်အား သင်ခန်းစာ တစ်ခု ပေးရန် စဥ်းစားနေသည့် အခြေတည် ဝိညာဥ် အဆင့်များ ပင်လျှင် တိတ်ဆိတ်နေကြသည်။

“ဘယ်သူလာဦးမှာလဲ...”

ချန်းဖန်က ပတ်ပတ်လည်ကို ကြည့်ရင်း  နောက်တစ်ခါ ထပ်မေး လိုက်သည်။

အခြေတည် ဝိညာဥ် အဆင့် အားလုံးမှာ တိတ်ဆိတ်နေကြ၏။ အချို့ဂိုဏ်းငယ်များမှ လူများ ဆိုလျှင် နောက်ကိုပင် တစ်လှမ်းဆုတ် လိုက်မိကြသည်။

“ချန်းပေ့ရွှမ်း... မင်းက တကယ်ပဲ ငါတို့လမ်းကို ပိတ်ချင်နေတာလား... ဒီနန်းတော်ထဲမှာ ငါတို့ရဲ့ နတ်ဘုရား မင်းသားတွေ ရှိနေတယ် ဆိုတာ မင်းသိသင့်တယ်... သူတို့က မကြာခင် ပြန်ထွက်လာတော့မှာ... မင်းက သူတို့ကိုပါ တားချင်နေတာလား”

ဝူကျိုဂိုဏ်း အကြီးအကဲ တစ်‌ယောက်က ပြောလိုက်သည်။

“ကောင်းတာပေါ့... အဲဒါဆို သူတို့ကို သတ်ဖို့ အထဲဝင်ပြီး ရှာစရာ မလိုတော့ဘူးပေါ့”

ချန်းဖန်က ခေါင်းညိတ် လိုက်သည်။

“မင်း...”

များစွာသော အခြေတည် ဝိညာဥ် အဆင့်များမှာ ဒေါသထွက် သွားကြသည်။

“မင်းလိုကောင်က နတ်ဘုရား မင်းသားတွေကို သတ်ချင်တယ်ပေါ့... နတ်ဘုရား မင်းသား ဆိုတဲ့ အဓိပ္ပာယ်ကို မင်းသိလို့လား”

တောင်ပိုင်း ဒေသငယ် ကောင်းကင်နယ်မြေ တစ်ခုလုံး၌ နတ်ဘုရား မင်းသားများမှာ ဆန့်ကျင်၍ မရနိုင်သူများ ဖြစ်သည်။ သူတို့သည် နတ်ဘုရား ဗိုလ်ချုပ်များလောက် အစွမ်း မထက်သေးသည့်တိုင် အကန့်အသတ် မရှိသော အနာဂတ်ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သူတို့သည် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးကို အများဆုံး ပိုင်ဆိုင်ထားကြသူများ ဖြစ်ပေသည်။

“ရွှေအမြုတေ အဆင့်မှာ ကောင်းကင် အဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်တဲ့ ကျင့်ကြံသူတွေပဲ နတ်ဘုရား မင်းသား ဆိုတဲ့ ဘွဲ့အမည်ကို ဆက်ခံနိုင်တယ်... ချန်းပေ့ရွှမ်း... မင်း ဘယ်အဆင့်မှာ ရှိနေတယ် ဆိုတာ ငါ မသိပေမဲ့ နတ်ဘုရား နတ်ဘုရား မင်းသားတွေကို အထင်သေးဖို့တော့ မင်းမှာ အခွင့်အရေး မရှိဘူး”

နတ်ဘုရား ဗိုလ်ချုပ်လင်းက ပြောလိုက်သည်။

“ဟုတ်လား...”

ချန်းဖန်က ပြောလိုက်သည်။

“ငါက မင်းတို့ နတ်ဘုရား မင်းသားလို့ ခေါ်နေကြတဲ့ ကောင်နှစ်ယောက်ကို သတ်ပြီးပြီ... တစ်ယောက်က လင်းဟယ်... နောက်တစ်ယောက်က လော့ချန်ရှန်းလို့ ခေါ်တယ်... သူတို့ကို သတ်ရတာ ငါ့အတွက် ပုရွက်ဆိတ် သတ်ရသလိုပဲ လွယ်လွယ်လေးပါလားကွ”

“ဘာ...”

လူတိုင်းမှာ အံ့အားသင့် သွားကြ၏။

မိစ္ဆာနေဂိုဏ်း၏ လင်းဟယ်နှင့် ချန်ရှန်းဂိုဏ်း၏ လော့ချန်ရှန်း...

သူတို့ နှစ်ယောက်စလုံးကား တောင်ပိုင်း ဒေသငယ်၌ ကျော်ကြားသော နတ်ဘုရား မင်းသားများ ဖြစ်ကြသည်။ ချန်ရှန်းဂိုဏ်းကား ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် သုံးယောက်ကိုပင် ပိုင်ဆိုင်ထားသည်။ သူတို့အား မည်သည့် ထာဝရဂိုဏ်းကမှ ရန်မစဝံ့ကြချေ။

ချန်ရှန်းဂိုဏ်း၏ တပည့် တစ်ယောက်က အော်ဟစ်လိုက်၏။

“နတ်ဘုရား မင်းသား‌လော့ကို သတ်တဲ့သူက မင်းပေါ့... ချန်းပေ့ရွှမ်း မင်းသေရမယ်... မင်းရဲ့ မိသားစုတွေ မိတ်ဆွေတွေနဲ့ တပည့်တွေ အကုန်လုံးပါ သေရမယ်... ငါတို့ ဂိုဏ်းချုပ်က မင်းတို့ အ‌ရှေ့ဂြိုဟ် တစ်ခုလုံးကို ရှင်းလင်းပြီး နတ်ဘုရား မင်းသားလော့ အတွက် လက်စားချေလိမ့်မယ်”

အခြားလူများမှာမူ ချန်းဖန်ကို ထိတ်လန့်စွာ ကြည့်နေမိကြ၏။

နတ်ဘုရား မင်းသား နှစ်ယောက် အသတ်ခံရခြင်း...

ထိုအရာကား တောင်ပိုင်း ဒေသငယ် တစ်ခုလုံး အတွက်ပင် ကြီးမားသော သတင်းကြီး ဖြစ်သည်။ ထာဝရ ဂိုဏ်းကြီးများ ပင်လျှင် နတ်ဘုရား မင်းသား အရေအတွက် အနည်းငယ်ကိုသာ ပိုင်ဆိုင် နိုင်ကြသည်။ ထိုကဲ့သို့ တန်ဖိုးရှိသော အသက်များမှာ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေသား တစ်ယောက်၏ လက်၌ အသတ်ခံ ခဲ့ရသည်။ ချန်ရှန်းဂိုဏ်းနှင့် မိစ္ဆာနေဂိုဏ်း၏ အကြီးအကဲများ မည်မျှ ဒေါသထွက်မည်ကို လူတိုင်း လွယ်ကူစွာ ခန့်မှန်း နိုင်ကြသည်။

သူတို့သည် ချန်ရှန်းဂိုဏ်းနှင့် မိစ္ဆာနေဂိုဏ်းတို့မှ စစ်သင်္ဘောများ စွန့်ပစ်ခံဂြိုဟ်နယ်မြေသို့ ဝင်လာကာ လူများအား သတ်ဖြတ်နေသည့် မြင်ကွင်း ကို မြင်ယောင်နေမိကြ၏။

ဂြိုဟ်ပြာမှ လာသည့် အသက်လတ် အခြေတည် အဆင့် တစ်ယောက်က အော်ဟစ် လိုက်၏။

“ချန်းပေ့ရွှမ်း... မင်း ဘာလုပ်ခဲ့လဲ ဆိုတာ သိရဲ့လား.. မင်းက အရှေ့ဂြိုဟ်တင် မက စွန်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးမှာ ရှိတဲ့ ဂြိုဟ်တွေကိုပါ ငရဲကို ဆွဲချနေတာကွ”

စွန့်ပစ်ခံဂြိုဟ်နယ်မြေ ဒေသခံ အခြား အခြေတည် ဝိညာဥ် အဆင့်များမှာလည်း စတင် တုန်ရီ လာကြသည်။

ကပ်ဘေး...

ကြောက်မက်ဖွယ် ကပ်ဘေး တစ်ခုကား ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။

ကျန်းချူရန် ပင်လျှင် ဆွံ့အ နေခဲ့၏။ ချန်းဖန်ကား အမှန်တကယ်ပင် နတ်ဘုရား မင်းသား နှစ်ပါးကို သတ်ဖြတ် ခဲ့သည်။ သူတို့သည် တိုင်ချူ နတ်ဘုရား နယ်မြေနှင့် အပိုလို ဂိုဏ်းတို့မှ နတ်ဘုရား မင်းသားများလောက် မကျော်ကြားသည့်တိုင် ဂုဏ်အင်္ဂါ ကြီးမြတ်သည့် နတ်ဘုရား မင်းသားများ ဖြစ်နေကြဆဲ ဖြစ်သည်။ သူတို့၏ ဂိုဏ်းများမှာ မည်မျှ အထိ ဒေါသထွက် နေကြမည်နည်း။

“ပါးစပ်ပိတ်ထားစမ်း...”

ချန်းဖန်က လက်တစ်ဖက်ကို ခါယမ်း လိုက်၏။

“ဘုန်း...”

ဖန်ရှင်းဟု ခေါ်သော ဂြိုဟ်ပြာမှ လာသည့် အခြေတည် ဝိညာဥ် အဆင့်မှာ သွေးတစ်လုတ် အန်ကာ ကောင်းကင်မှ မြေပြင်သို့ ပြုတ်ကျသွား၏။

ချန်းဖန်သည် ချန်ရှန်းဂိုဏ်းမှ ကျင့်ကြံသူများကို မုန်းတီးခြင်း မရှိချေ။ သူတို့ နှစ်ဖက်မှာ ဆန့်ကျင်ဘက်များ ဖြစ်ကြပြီး ရန်ငြိုးများ အတွက် တိုက်ခိုက် နေကြခြင်း ဖြစ်သည်။

သို့သော်လည်း စွန့်ပစ်ခံဂြိုဟ်နယ်မြေ ဒေသခံများမှာမူ မိမိဒေသ ဘက်တွင်သာ ရပ်တည်သင့်သည်။ သို့သော်လည်း ထိုကျင့်ကြံသူမှာ ကြယ်ပင်လယ်မှ လာသူများကိုသာ ထောက်ခံရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့်ပင် ချန်းဖန်မှာ သူ့အား အပြစ်ပေး လိုက်ခြင်း ဖြစ်သည်။

“ချန်းပေ့ရွှမ်း မင်းက အတော် အတင့်ရဲနေတာပဲ...”

အေးစက်သော လေသံနှင့် အတူ အကြီးအကဲ ငါးယောက်မှာ ရှေ့သို့ တက်လာကြ၏။ သူတို့သည် ထာဝရဂိုဏ်းများမှ ကျင့်ကြံသူများ ဖြစ်ပြီး အခြေတည် ဝိညာဥ် အလယ်ဆင့်သို့ ရောက်နေကြသူများ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။

“ချန်းပေ့ရွှမ်း... ငါတို့ မင်းကို မတိုက်ခိုက်တာက နတ်ဘုရား ကုန်းမြေက အစီအရင်တွေ အသက်ဝင်လာမှာ စိုးလို့ရယ်... ဒီနေရာမှာ ရှိတဲ့ မိစ္ဆာတွေကို ဆွဲဆောင်မိမှာ စိုးလို့ရယ်ပဲ... မင်းကို ကြောက်လို့လို့ ထင်မနေနဲ့”

“အမှန်ပဲ... ငါတို့ထဲက နည်းနည်းလောက် စုပေါင်းလိုက်ရင်တောင် မင်းကို သတ်ဖို့ လုံလောက်နေပြီ... မင်း ဘေးဖယ်နေရင် ငါတို့ မင်းအသက်ကို ချမ်းသာပေးမယ်”

မီးများ ဝန်းရံနေသည့် အကြီးအကဲ တစ်ယောက်ကလည်း ပြောသည်။

“ဝင်ချင်တဲ့သူ သေရမယ်...”

သို့သော်လည်း ချန်းဖန်မှာမူ ဆုံးဖြတ်ချက်ကို ပြင်မည့်ဟန် မရချေ။ သူကား နန်းတော် တံခါးနား၌ မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သည်။

“မင်း...”

အကြီးအကဲများမှာ ချန်းဖန်၏ မတုန်မလှုပ် အမူအရာကြောင့် ပို၍ပင် ဒေါသထွက် လာကြသည်။

“ဒီလောက် သေချင် နေမှတော့လည်း သတ်ကွာ...”

အနက်ရောင် မြူများ၏ အလယ်၌ ရပ်နေသော အကြီးအကဲက အော်ဟစ်လိုက်၏။

“ဘုန်း...”

အကြီးအကဲများ စတင်ကာ တိုက်ခိုက်သည်နှင့် ချန်းဖန်၏ ပတ်ပတ်လည်မှာ ဖိအားများဖြင့် ပြည့်နှက် သွားသည်။ အမျိုးမျိုးသော နတ်ဘုရား စွမ်းအားများနှင့် ကောင်းကင် ရတနာများမှာ ချန်းဖန်ထံ တိုးဝင် လာကြ၏။ ထိုသို့သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပါက ‌ရွှေအမြုတေ အဆင့် မဆိုထားနှင့်၊ အခြေတည် ဝိညာဥ် အလယ်ဆင့် တစ်ယောက်ပင် ချက်ချင်း အသတ်ခံရလိမ့်မည် ဖြစ်သည်။

“ဟူး...”

ချန်းဖန်က ညာဘက်လက်ကို ဖြည်းညင်းစွာ မလိုက်သည်။ ရွှေရောင် အလင်းများက စတင် တောက်ပလာကာ ကြောက်မက်ဖွယ် စွမ်းအင်မှာလည်း ထိုလက်တွင် စုစည်းလာ၏။

“ဘုန်း...”

ချန်းဖန်က လက်အား ဝှေ့ယမ်းလိုက်ရာ ပေပေါင်းများစွာ ကြီးမားသော လက်ဝါး တစ်ခုမှာ လေထုကို ခွဲဖျက် ထွက်ပေါ်လာ၏။ ထိုလက်ကြီးသည် ရွှေရောင် မီးတောက်ကဲ့သို့ လောင်ကြွမ်းနေကာ အလုံးစုံသော ဖျက်ဆီးခြင်း စွမ်းအားကို သယ်ဆောင်ထားသည်။ ချန်းဖန်သည် တိုက်ခိုက်မှု တစ်ခု အတွင်း ထိုအကြီးအကဲ အားလုံးကို သတ်ဖြတ်ရန် ရည်ရွယ်ထားလေရာ ခွန်အားကို ထိန်ချန်ထားခြင်း မပြုခဲ့ချေ။

“ဝှစ်...”

‌တစ်ချိန်တည်း၌ ရွှေရောင် ပန်းပွင့် တစ်ခုမှာ ချန်းဖန်၏ ဦးခေါင်းထက်၌ ပေါ်လာခဲ့၏။ ထိုပန်းပွင့်သည် မိုးကြိုးသံများကို ထုတ်လွှတ်ကာ ကောင်းကင်တွင် ပေါလောပေါ်သည်။ ထိုအရာကား ဒဏ္ဍာရီလာ “အဆုံးသတ် ပန်းပွင့်” ပင် ဖြစ်သည်။

“မကောင်းတော့ဘူး...”

အခြေတည် ဝိညာဥ် အဆင့် အကြီးအကဲများမှာ ချန်းဖန်၏ တိုက်ခိုက်မှုကို မြင်တွေ့ပြီးနောက် ကြောက်လန့် သွားကြသည်။ သူတို့သည် ထိုကြီးမားသော လက်ဝါးကြီး၌ ပါဝင်သည့် စွမ်းအားကို ခံစား နိုင်ကြသည်။ သူတို့၏ တိုက်ခိုက်မှုများ ပင်လျှင် ထိုလက်ဝါးကြီး၏ အရှေ့၌ မှေးမှိန်ကာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်၏။ ထိုအရာကား ဂြိုဟ်များကို ဖျက်ဆီးကာ စကြဝဠာကို ထက်ပိုင်း ပိုင်းဖြတ်နိုင်သည့် အလား အစွမ်းထက်လှပေသည်။

ထို‌ရွှေရောင်လက်ဝါးကြီးသည် ပေပေါင်း အနည်းငယ်သာ ကြီးမားသည့်တိုင် တောင်တစ်လုံးထက်ပင် အဆ တစ်ရာ ပိုမို လေးလံသည်။ အခြေတည် ဝိညာဥ် အလယ်ဆင့်များ မဆိုထားနှင့် နတ်ဘုရား မင်းသားများနှင့် နတ်ဘုရား ဗိုလ်ချုပ်များပင် ထိုတိုက်ခိုက်မှုကို တိုက်ရိုက် ရင်ဆိုင်ဝံ့လိမ့်မည် မဟုတ်ချေ။

“ရပ်စမ်း...”

နတ်ဘုရား ဗိုလ်ချုပ်ယွင်က အော်ဟစ်ကာ အဖြူအမည်းဓားပျံ တစင်းကို ပစ်လွှတ် လိုက်၏။ ထိုဓားပျံသည် ပေပေါင်းထောင်ချီ ဧရိယာကို အလင်း တစ်ခုလား ဖြတ်သန်းကာ ရွှေရောင် လက်ဝါးကြီးကို ဖျက်ဆီးရန် ကြိုးစားလေသည်။

တစ်ချိန်တည်း၌ အကြီးအကဲများကလည်း သူတို့၏ အစွမ်း အထက်ဆုံး နတ်ဘုရား စွမ်းအားနှင့် ကောင်းကင် ရတနာများကို ထုတ်ဖော်ကာ ချန်းဖန်၏ တိုက်ခိုက်မှုကို တားဆီးကြ၏။

သို့သော်လည်း ထိုအင်အားလောက်ဖြင့် ချန်းဖန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ တားဆီးနိုင်ပါမည်နည်း။

“ဘုန်း...”

ရွှေရောင် လက်ဝါးကြီးသည် တောင်ကြီး တစ်လုံး အလား အကြီးအကဲများ အပေါ် အရှိန်ပြင်းစွာ ပြုတ်ကျ သွား၏။ ထိုအရာက ကျောက်တောင်ကြီးကို ကြီးမားသော တူကြီး တစ်ခုနှင့် ထုနှက်လိုက်သည့် အလားပင်။ မြေပြင်သည် ငလျင်အလား တဆတ်ဆတ် တုန်ခါသွားကာ လူများမှာ အက်ကွဲသံများကိုပင် ကြားလိုက်ကြရ၏။

“ဟူး... ဟူး...”

ဖုန်များ ပျောက်ကွယ်သွားပြီးနောက် လူတိုင်းသည် နန်းတော်‌ရှေ့ မြေပြင်၌ ကြီးမားသော လက်ဝါးရာကြီး တစ်ခုကို တွေ့လိုက်ရ၏။ ထိုလက်ဝါးရာထဲတွင်မူ ရွှေရောင်၊ ခရမ်းရောင် အကွက်များကို တွေ့ကြရသည်။ အကြီးအကဲ ငါးယောက်စလုံးကား သူတို့၏ အခြေတည် ဝိညာဥ်များနှင့် အတူ အသတ်ခံလိုက်ရပြီ ဖြစ်လေသည်။

All Chapters