Chapter 88
Vol. 9 Ch. 88
လီမင်ပေရဲ့အော်သံကိုကြားတော့မိသားစုတိုင်းက သူတို့ရဲ့တံခါးကိုဖွင့်ဟပြီး လှမ်းကြည့်လာခဲ့ကြတယ်။
လီမင်ပေကတော့ အလွန်အမင်း ဂုဏ်ယူနေခဲ့လေရဲ့။
သူက ဒီအိမ်နှစ်တန်းနှစ်ခုကြားမှာ အပြန်အလှန် ပတ်စီးနေခဲ့ပြီး သူ့ရဲ့အတန်းဖော်တွေအားလုံးကို အသေအချာမြင်တွေ့ခဲ့ခဲ့ပြီးမှ ရေအားလျှပ်စစ် စက်ရုံသို့ ထွက်လာခဲ့တယ်။
ရေအားလျှပ်စစ်စက်ရုံရဲ့ စက်ရုံ
ဧရိယာက အလွန်ကြီးမားတာကြောင့် ဂိတ်ပေါက်မရှိဘူး။ စက်ရုံဧရိယာရဲ့အလယ်ဗဟိုမှာရှိတဲ့ လေးထပ်ရုံးခန်းအဆောက်အအုံမှာသာ လှပတဲ့ခြံဝင်းတစ်ခုရှိတယ်။
လီမင်ပေကက စက်ဘီးစီးရင်းနှင့် ကျန်းကျန်းကို လှမ်းကြည့်ဖို့ ခေါ်သွားပေးခဲ့တယ်။
အထဲမှာ သစ်သားကော်ရစ်တာတစ်ခုလည်းရှိပြီး အတော်လေး ခန်းနားပုံရတယ်။
“ဒီ တာ့ဟွမ်းအဆောက်အဦးက ပေရှားမှာရှိတဲ့ အမြင့်ဆုံး အဆောက်အဦးပဲ”
သူက ခြံထဲကိုတော့ မဝင်ရဲခဲ့ဘူး။ ဒါကြောင့် တံခါးကို ပတ်ကာ စက်ဘီးစီးနေခဲ့တယ်။
ကျန်းကျန်း သူ့ရဲ့ နောက်ကျောကို ပုတ်ပြီး ပြောလိုက်တယ်။
“စတုတ္ထအစ်ကို ရေအားလျှပ်စစ်စက်ရုံကို အရမ်းကြိုက်တယ်ဆိုရင် ကျောင်းကို ကောင်းကောင်းတက်ပြီး စာမေးပွဲအောင်,အောင်ဖြေသင့်တယ်.. အဲဒီမှာ ရုပ်ရှင်လက်မှတ်တွေ လည်းထုတ်ပေးတာဆိုတေု့ လတိုင်းရုပ်ရှင်သွားကြည့်နိုင်တယ်”
“ငါက စာမေးပွဲကို ခေါင်းကိုက်စရာကောင်းတယ်လို့ ခံစားရလို့”
လီမင်ပေက လုံလောက်အောင် လှည့်ပတ်စီးပြီးနောက် ရုပ်ရှင်ရုံဆီသို့ စက်ဘီးစီးလာခဲ့တယ်။
“သစ်တောစီမံခန့်ခွဲရေးရုံးကို သွားမယ်ဆိုရင် ဝင်ငွေအများကြီးရပြီး စာမေးပွဲလည်းဖြေဖို့ မလိုဘူး”
“ဘယ်လိုလုပ် တူမှာလဲ”
ကျန်းကျန်း လီမင်ပေကို မုန်းတီးစွာနဲ့ ထုလိုက်တယ်။
“သစ်တွေသယ်ရတာ အဲလောက်တောင် ကောင်းတယ်လို့ထင်နေတာလား.. နေ့တိုင်း မနက်ကနေ ညအထိ ဒီလိုသစ်သားအလေးကြီးတွေကို တောင်ပေါ်ကနေ သယ်နေရမှာ.. အဲဒီနေရာမှာ အလုပ်လုပ်နေတဲ့လူတွေကိုကြည့်လိုက် ကျောကုန်းက အရှေ့ကိုကိုင်းပြီး ပုခုံးတွေ ကိုင်းနေတဲ့လူတွေချည်းပဲ..
စတုတ္ထအစ်ကိုသာ ရုပ်ဆိုးနေရင် ချိန်းတွေ့သင့်တဲ့အချိန် ဘယ်လို လှပတဲ့မိန်းကလေးက စတုတ္ထအစ်ကိုနှင့်အတူရှိနေချင်တော့မှာလဲ”
လီမင်ပေက ချောမောလှပတဲ့ ကောင်မလေးတွေကို တိတ်တဆိတ် ကြိုက်တယ်ဆိုပေမဲ့ ဝန်ခံဖို့ရန်အတွက်တော့ အလွန်ခေါင်းမာနေတတ်တဲ့ ကောင်လေးမျိုးပဲတယ်။
သူ ရုပ်ဆိုးသွားလိမ့်မယ်ဆိုတဲ့စကားကိုကြားတော့ လီမင်ပေအတော်လေး တုံ့ဆိုင်းသွားခဲ့တယ်။
“ငါ အထက်တန်းစာမေးပွဲကို ဘယ်လိုအောင်,အောင်ဖြေရမှာလဲ”
“စာတွေ သေချာလုပ်ရမှာပေါ့.. အမေက ပြောတယ်လေ.. စာများများကျက်ရင် ပိုကောင်းလာလိမ့်မယ်တဲ့..
နောက်ပြီး အရင်တုန်းက အစ်ကို သေသေချာချာကြည့်တော့ ဘယ်မှာဆိုးလို့လဲ.. ဒီနှစ်က တတိယအစ်ကိုက အစ်ကို့ကို ဂရုမစိုက်နိုင်တာနဲ့ ကိုယ့်ဘာသာကိုယ် စာမကြည့်ချင်တာနဲ့ ရောပြီး ပေတေနေတာမဟုတ်ဘူးလား..
ကိုယ့်ဘာသာကိုယ် စာသေချာပြန်ကျက်ပြီး နောက်ထပ်တစ်နှစ်လောက် ကြိုးစားလိုက်ရင် စက်ရုံကို တိုက်ရိုက်သွားလို့ရပြီ.. အဲလိုဆိုရင် အရမ်းကောင်းတယ်လေ”
ကျန်းကျန်း လမ်းဘေးမှာရှိတဲ့ အနီရောင်ပန်းပွင့်ပါတဲ့ အင်္ကျီကိုဝတ်ထားတဲ့ မိန်းကလေးကို ကြည့်ပြီး လီမင်ပေရဲ့ခါးကို တိတ်တိတ်လေးတို့လိုက်တယ်။
“ကြည့်လိုက်.. မိန်းကလေးတွေ ဘယ်လောက်တောင်ချောလိုက်သလဲ”
လီမင်ပေ ခေါင်းကို တိတ်တဆိတ် လှည့်ပြီး ထိုကောင်မလေးကို လှမ်းကြည့်လိုက်တယ်။ သူမက အသက်ဆယ့်ငါးနှစ်၊ဆယ့်ခြောက်နှစ်ခန့်ရှိလောက်ပြီး ကျစ်ဆံမြီးနှစ်ချောင်းက ထူထဲပြီး ရှည်လျားကာ အသားအရည်ကလည်း ဖြူဖွေးနေခဲ့တယ်။
လီမင်ပေတစ်ယောက် သူ့ကိုကြည့်ရင်း လမ်းကိုကြည့်ဖို့ မေ့သွားခဲ့ကာ လမ်းပေါ်မှ ကျောက်တုံးကြီးတစ်ခုပေါ်ကိုတက်နင်းမိတော့တယ်။
သူက စက်ဘီးကို သိပ်ပြီး စီးဖူးတာမဟုတ်တာကြောင့် အထိတ်တလန့်ဖြစ်သွားပြီး လက်ကိုင်ကို နှစ်ကြိမ်လောက်လှည့်မိကာ အရှိန်မထိန်းနိုင်တော့ဘူး။
ကျန်းကျန်း စက်ဘီးပေါ်မှ အမြန် ခုန်ဆင်းကာ သူ့ကို ကူထိန်းပေးချင်ခဲ့ပေမဲ့ လီမင်ပေက စက်ဘီးနဲ့အတူ မြေပြင်မှာ လဲကျနေခဲ့ပြီ။
“ဘန်းး!”
မြေပြင်က ဖုန်မှုန့်တွေ လွင့်တက်လာတာကိုမြင်တော့ ကျန်းကျန်း အနောက်ဘက်သို့ အလျှင်အမြန် ခြေနှစ်လှမ်းဆုတ်လိုက်တယ်။ ထို့နောက် သူမရဲ့ အိတ်လေးက မြေပြင်ပေါ်မှာ ပြုတ်ကျနေတာကို မြင်လိုက်ရပြီး အတွင်းမှ အစေ့အဆံတွေကလည်း မြေပြင်မှာ ပြန့်ကျဲနေခဲ့ပြီ။
ကျန်းကျန်း စက်ဘီးကို ထောင်ပေးလိုက်ပြီး လီမင်ပေကိုပါ ထူပေးလိုက်တယ်။
လီမင်ပေတစ်ယောက် သူ့ရဲ့တင်ပါးနာကျင်နေတာကို ဂရုမစိုက်နိုင်ဘဲ စက်ဘီးကို အရင်ဆုံး ဂရုတစိုက်နဲ့စစ်ဆေးခဲ့တယ်။
လက်ကိုင်ဘားတွေက ကောက်ကွေ့သွားခြင်းမရှိသလို ဆေးသားတွေကလည်း မကွာသွားဘူးဆိုတာကိုမြင်မှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။
“ကံကောင်းလို့ စက်ဘီးက ဘာမှမဖြစ်သွားဘူး.. ငါတော့ သေလောက်အောင်ကြောက်သွားတာပဲ.. ဒါသာ ထိခိုတ်မိသွားရင် အဖေက ငါ့ကိုသေအောင်ရိုက်တော့မှာ”
လီမင်ပေ ခေါင်းမော့ကြည့်လိုက်တော့ ကျန်းကျန်းရဲ့ အုံ့မှိုင်းနေတဲ့ အပြုံးကို တွေ့လိုက်ရပြီး မြေပြင်ဆီကို ပြန်ကြည့်လိုက်မိတယ်။ ပျံ့ကျဲနေတဲ့ ဖရဲစေ့တွေကို မြင်တော့ လီမင်ပေတစ်ယောက် နောက်တစ်ကြိမ် တုန်ယင်သွားရပြန်တယ်။
လီမိသားစုထဲမှာ အစားအသောက်ကို အကြိုက်ဆုံးလူက ကျန်းကျန်းပဲ။ လီမင်နန်နဲ့ လီမင်ပေတို့လည်း အစားအသောက်အကြောင်းကို တစ်နေ့တာလုံး စဉ်းစားနေတတ်ပေမဲ့ များသောအားဖြင့် သူတို့က အသားကိုသာစားချင်ကြတာ။
ကြက်သား ၊ ယုန်သား ၊ သမင်သား .. အသားဖြစ်နေသရွေ့ သူတို့ ကြိုက်နေလိမ့်မယ်။ အဆီများတဲ့ဝက်သားကို တစ်နေ့ကိုတစ်ပန်းကန်နေ့တိုင်းစားနေရရင်တောင် ရိုးအီမသွားတတ်ဘူး။
ဒါပေမယ့် ကျန်းကျန်းကတော့ သူတို့နဲ့ ကွဲပြားတယ်။ သူမက အသားစားရတာကို ကြိုက်ပေမယ့် အများကြီးမစားနိုင်ဘူး ။ သူမက ထင်းရှူးစေ့တွသစ်အယ်သီးစေ့တွေ နှင့် တောရိုင်းအသီးအနှံတွေလိုမျိုး သရေစာတွေကို နှစ်သက်ပြီး ထိုအရာတွေကို တစ်နေ့လုံး စားနေတတ်တယ်။
လီမင်ပေ မှတ်မိသလောက် ကျန်းကျန်း တစ်နှစ်ကျော်အရွယ်ကတည်းက သူမရဲ့လက်ထဲမှာ တောရိုင်းအသီးအနှံတွေနှင့် သစ်သီးခြောက်မျိုးစုံတို့က အမြဲတမ်းရှိနေတတ်တယ်။
မိသားစုထဲမှာ ညီအကို တော်တော်များများရှိပြီး သူမကို စနောက်တာတွေ ပြဿနာရှာတာတွေ လုပ်နိုင်ပေမယ့် ဘယ်သူကမှ သူမရဲ့အဆာပြေအစားအစာကို ယူစားဖို့ သတ္တိမရှိကြဘူး။
ကျန်းကျန်းကို သူတို့မိသားစုရဲ့ ရတနာလေးလို့ သတ်မှတ်ထားပြီး သူတို့ရဲ့အဖွားက အမြဲတမ်း ဆေးတံကိုကိုင်ပြီး စောင့်ကြပ်နေတတ်တယ်လေ။
အခု မြေပြင်ပေါ်မှာ ပျံ့ကျဲသွားတဲ့ ဖရဲစေ့တွေကိုမြင်တော့ လီမင်ပေ အလွန်အမင်း စိတ်ပူသွားရတယ်။
ဒီဖရဲစေ့က အလွန်အမင်းလည်း ရှားပါးသေးတယ်။
ဒါတွေကို နှစ်သစ်ကူးချိန်အတွင်းမှာပဲ ဝယ်ယူရရှိနိုင်ပြီး လူတစ်ယောက်မှာ (၁၀၀)ဂရမ်လောက်သာ ဝယ်နိုင်တယ်။
ကျန်းကျန်းက ဒါကို စားရတာ ကြိုက်တဲ့အတွက် မဒမ်လီက မျိုးစေ့တချို့ကို တမင်တကာ ရှာဖွေကာ ခြံထောင့်နားမှာ အပင် တစ်ဒါဇင်လောက် စိုက်ပျိုးခဲ့တယ်။
ဆောင်းဦးရာသီအတွင်းမှာ ဖရဲစေ့တွေ အများကြီး မရိတ်သိမ်းနိုင်ခဲ့ဘူး။
အားလုံးပေါင်း ဗူးအနည်းငယ်လောက်သာ ရရှိခဲ့ပြီး သူမ တစ်နှစ်လောက်စားခဲ့ပေမဲ့ အခုချိန်ထိ တစ်ဗူးနှစ်ဗူးလောက်ကျန်နေသေးတယ်။
ကျန်းကျန်းက ဒီနေ့ ရုပ်ရှင်ကြည့်ဖို့အတွက် အထူးတလည် စဉ်းစားထားတာကြောင့် သူတို့ရဲ့မရီးကို ကြော်ခိုင်းပြီး ယူလာခဲ့ပေမယ့် အခုတော့ ဘာမှ မစားလိုက်ရဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တယ်။
“ငါ မင်းအတွက် ပြမ်ကောက်ပြီး ရေနဲ့ဆေးပေးရမလား”
လီမင်ပေလည်း မြေပြင်မှာ ပျံ့ကျဲနေတဲ့ ဖရဲစေ့တွေကိုတွေ့တော့ စိတ်ဆင်းရဲသွားရတယ်။
သို့ပေမယ့် ဖရဲစေ့တွေက မြေကြီးတွေနဲ့ ရောထွေးသွားပြီဖြစ်လို့ ပြန်ကောက်ခဲ့မယ်ဆိုရင်တောင် စားနိုင်တော့မှာမဟုတ်ဘူး။
ဒီမိန်းကလေးက အသန့်ကြိုက်လွန်းတယ်။
ကျန်းကျန်းရဲ့ မျက်လု့းတွေက လှုပ်ခတ်သွားတာကိုတွေ့တော့ လီမင်ပေတစ်ယာက် စက်ဘီးကိုကိုင်ထားရင်းနှင့် မလှုပ်ရှားရဲတော့ဘူး။
ထိုနေ့တုန်းက တာ့ဟွမ်ကို တွေ့ခဲ့စဥ်တုန်းကနဲ့ အတူတူပဲ။ တော်တော်လေး ကြောက်စရာကောင်းလွန်းတယ်။
လီမင်ပေ အံကြိတ်ရင်း သူ့အိတ်ထဲမှ အကြွေစေ့တွေကို တုံ့ဆိုင်းစွာ ထုတ်ယူလိုက်တယ်။
“ငါ မင်းကို တစ်ပြားပေးမယ်လေ.. မင်း အရသာရှိတဲ့ တစ်ခုခု ဝယ်စားလို့ရတယ်”
ကျန်းကျန်း အကြွေစေ့ပြားကို တစ်ချက်ကြည့်လိုက်ပြီး မနှစ်မြို့စွာပြောလိုက်တယ်။
“ဘာလုပ်ရမှာလဲ.. ဒီဖရဲစေ့တွေကတရုတ်နှစ်သစ်ကူးနဲ့ ပွဲတော်နေ့တွေမှာ ရတာ.. ပြီးပြီး လူတစ်ယောက်ကို ဖရဲစေ့ တစ်ရာဂရမ်လောက်ပဲ ဝယ်လို့ရနိုင်တာ.. အခု ပိုက်ဆံနဲ့ဝယ်ဖို့အတွက် လက်မှတ်တောင် မရှိတော့ဘူး.. အဲဒီတစ်ပြားနဲ့ ဘာလုပ်လို့ရလို့လဲ”
လီမင်ပေက သူ့လက်ထဲမှာ ကျန်ရှိနေသေးတဲ့ ဆင့် (၄၀) ကို ကြည့်ကာ စိတ်ဆင်းရဲစွာ နဲ့ ပြောလိုက်ပြန်တယ်။
“ရုပ်ရှင်လက်မှတ်က ၁၇ ဆင့် ကျတာ.. ငါ့အတွက် နည်းနည်းချန်ပြီး ကျန်တာတွေကိုပါ ယူလိုက်လေ”
ကျန်းကျန်း လီမင်ပေကို စိုက်ကြည့်လိုက်တယ်။
“ကောင်းပြီ.. ညီမလေး တစ်ပြားမှ မလိုချင်ဘူး.. အိမ်ပြန်ရောက်တဲ့အချိန်ကျရင် စတုတ္ထအစ်ကိုက စက်ဘီးလဲပြီး ညီမလေးကို မြေကြီးပေါ်ပြုတ်ကျအောင်လုပ်တယ်လို့ အဖေနဲ့ အဖွားကို ပြောပြလိုက်မယ်”
“အကုန်ပေးမယ်.. အကုန် ပေးမယ်”
လီမင်ပေ သူ့လက်ထဲမှ ပြားစေ့တွေကိုကြည့်ပြီး အချိန်အတော်ကြာ တွေးပြီးတဲ့ နောက်မှ ရိုးသားဖို့ ဆုံးဖြတ်လိုက်တယ်။
“ငါ မင်းကို နောက်ထပ် တစ်ပြား ထပ်ပေးမယ်.. ရုပ်ရှင် လက်မှတ်အတွက် လေးဆင့်စီချန်ထားလိုက်မယ်”
(T/n_ တစ်ပြားမှာ ဆယ်ဆင့်ရှိပါတယ်)
ကျန်းကျန်း လက်ကို ဆန့်ထုတ်ပြီး ပြားစေ့သုံးစေ့ကို ထပ်ယူပြီး အိတ်ကပ်ထဲကို ထည့်လိုက်တယ်။ ထို့နောက် စက်ဘီးခုံကို ပျော်ရွှင်စွာပုတ်ရင်း ပြောလိုက်တယ်။
“အဆင်ပြေတယ်၊ ဒါပေမယ့် နောက်တစ်ခါ ထပ်လဲရင်တော့ အဖေ့ကို ပြောလိုက်မှာ”
လီမင်ပေ ထိုစကားကိုကြားတော့ သူ့ရဲ့လည်ဂုတ်က အေးစက်သွားရတယ်။
“အဖေကို အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့.. သူက ဒီစက်ဘီးက သားတွေထက်တောင် ပိုချစ်နေတာ”
ကျန်းကျန်းက သူ့ကို မျက်လုံးလှိမ့်ပြလိုက်တယ်
“ အမှန်အတိုင်းပြောတာက ဘာလို့ အဓိပ္ပါယ်မရှိတာ ဖြစ်ရမှာလဲ!”
“ဟဟ...”
ရှင်းလင်းပြတ်သားတဲ့ ရယ်မောသံတစ်ခု ထွက်ပေါ်လာတော့ လီမင်ပေနှင့် ကျန်းကျန်းတို့ အသံထွက်လာတဲ့နေရာကို လှည့်ကြည့်လိုက်ကြတယ်။ ထို့နောက် အနီရောင်ပန်းပွင့် ၀တ်စုံကို ဝတ်ထားတဲ့ မိန်းကလေးက သူတို့ နှစ်ယောက်ကို သဘောကျစွာ ကြည့်နေခဲ့တာကို တွေ့လိုက်ရလေတယ်။
သူတို့ နှစ်ယောက် ခေါင်းကို လှည့်ကြည့်လိုက်တော့ ထိုမိန်းကလေးက အနည်းငယ် ရှက်သွားပုံရတယ်။
“ခုနတုန်းက နင်တို့လဲကျတဲ့အသံက အကျယ်ကြီးပဲဆိုတော့ ငါလည်း လန့်သွားတာ.. နောက်ပြီး နင်တို့ကို ကူညီဖို့ လုပ်ခါနီးမှာ နင်တို့ နှစ်ယောက် ရန်စဖြစ်နေကြလို့လေ.. ဒါကြောင့် ငါ ဝင်မနှောင့်ယှက်တာ”
လီမင်ပေ နှစ်ကြိမ်လောက်ရယ်လိုက်ပြီး ခေါင်းကို ကုတ်လိုက်လိုက်တယ်။ သူ့အနေနဲ့ အခုချိန်မှာ ဘာပြန်ပြောရမလဲဆိုတာ မသိတော့ဘူး။ သူ့ရဲ့နားတွေနဲ့ လည်ပင်းတွေကတော့ နီရဲနေပြီ။