Chapter 89
Vol. 9 Ch. 89
ကျန်းကျန်းအနေနဲ့ တစ်ဖက်မိန်းကလေးရဲ့ ဘယ်စာကြောင်းကများ သူ့အစ်ကိုကို နီရဲလောက်အောင် ရှက်ရွံ့သွားစေတာလဲဆိုတာကို နားမလည်ခဲ့ဘူး။
သို့ပေမယ့် လီမင်ပေရဲ့အသွင်အပြင်ကို မြင်လိုက်ရတော့ စိတ်ထဲမှာ ဖြစ်နိုင်ချေကို တွေးတောကာ တစ်ဖက်မှ မိန်းကလေးကို အမြန်နှုတ်ဆက်လိုက်တယ်။
“အစ်မ.. ခုနတုန်းက ညီမလေးတို့ကြောင့် လန့်သွားတာလား.. တောင်းပန်ပါတယ်နော်”
“အဆင်ပြေပါတယ်.. နင်တို့ ဘာမှမဖြစ်တာ တော်သေးတာပေါ့”
မိန်းကလေးက သူမရဲ့ကျစ်ဆံမြီးတွေကို ထိကိုင်လိုက်ပြီး ပြုံးလိုက်တယ်။
“နင်တို့ ရုပ်ရှင်သွားကြည့်ကြမလို့လား.. မြန်မြန်သွားကြလေ.. ရုပ်ရှင်က ကိုးနာရီခွဲမှာ စမှာ.. အခု ကိုးနာရီတောင် ထိုးနေပြီ”
ကျန်းကျန်းမှာ နာရီမရှိတာကြောင့် အချိန်ကို သေသေချာချာမသိပေမယ့် သူတို့ထွက်လာချိန်တုန်းက ရှစ်နာရီခွဲလောက်ရှိပြီဖြစ်လို့ အခုက ကိုးနာရီကျော်နေလောက်ပြီ ။
လီမင်ပေတစ်ယောက် သတိပြန်ဝင်လာပြီး စက်ဘီးကိုယ်ထည်မှ ဖုန်မှုန့်တွေကို သုတ်ဖို့အတွက် ထိုင်ခုံအောက်မှ အ၀တ်စကို ဆွဲထုတ်လိုက်တယ်။ ထို့နောက် လက်ကိုင်တန်းတွေကိုပါ သုတ်လိုက်ပြီး စက်ဘီးပေါ်သို့ တက်ပြီး ကျန်းကျန်းကိုပါ ခေါ်လိုက်တယ်။
“မြန်မြန်သွားရအောင်.. မဟုတ်ရင် ငါတို့နောက်ကျတော့မှာ”
ကျန်းကျန်း လီမင်ပေဘက်ကို တစ်ချက်လှမ်းကြည့်ရင်း တစ်ဖက်မှ မိန်းကလေးကို အမြန်မေးလိုက်တယ်။
“အစ်မရော.. ရုပ်ရှင်သွားကြည့်တာလား.. စက်ဘီးနောက်ခုံပေါ်ကနေ လိုက်ပြီး အစ်ကိုကို နင်းခိုင်းလိုက်ပါလား.. မဟုတ်ရင် နောက်ကျနေလိမ့်မယ်”
ထိုမိန်းကလေးက လီမင်ပေရဲ့ ရှက်ရွံ့နေတဲ့မျက်နှာကို ကြည့်ပြီး လက်ကို အထပ်ထပ်အခါခါ ဝှေ့ရမ်းပြလာတယ်။
“ မလိုဘူး. မလိုဘူး.. နင်တို့ဘဲ မြန်မြန်သွားလိုက်တော့.. ရုပ်ရှင်ရုံကလည်း သိပ်မဝေးဘူး.. နောက်ပြီး ငါ့မှာ လက်မှတ် အဆင်သင့်ရှိတယ်.. ရောက်တာနဲ့ ဝင်သွားရုံပဲ”
ကျန်းကျန်း အနည်းငယ်စိတ်ပျက်စွာနှင့် ထိုမိန်းကလေးကိုကြည့်ရင်း ပြန်ပြောလိုက်တယ်။
“ကောင်းပြီ နောက်မှတွေ့ကြမယ်”
ထို့နောက် သူမက လီမင်ပေရဲ့ လက်မောင်းကို ပုတ်လိုက်တော့ လီမင်ပေက ရှက်ရွံ့စွာနဲ့ တီးတိုးပြောလိုက်ျယ်။
“နှုတ်ဆက်ပါတယ်.. ဒါဆို သွားလိုက်ဦးမယ်”
ကျန်းကျန်း ဂရုမစိုက်မိခင်မှာဘဲ လီမင်ပေက စက်ဘီးပေါ်ကိုခုန်တက်ပြီး ခုနစ်မီတာ ရှစ်မီတာလောက် စီးသွားခဲ့တယ်။
ကျန်းကျန်း ဒေါသထွက်စွာနဲ့ ခြေဆောင့်လိုက်တယ်။
“လီမင်ပေ! နင် မြန်မြန်စီးသွားရဲတယ်ပေါ့လေ”
ထိုအချိန်ကျမှ လီမင်ပေတစ်ယောက် သူ ကျန်းကျန်းကို မေ့သွားကြောင်း ပြန် သတိရသွားရတယ်။
သူက ဘရိတ်ကို အလျှင်အမြန်အုပ်လိုက်ပြီး ကျန်းကျန်း တက်လာမှာကိုစောင့်နေလိုက်တယ်။ ပြီးတာနဲ့ နောက်ထပ် အလျှင်အမြန်မောင်းပြန်တယ်။
လေး၊ငါးကီလိုမီတာ အကွာအဝေးကို လီမင်ပေတစ်ယောက် ငါးမိနစ်အတွင်း စီးနိုင်သွားခဲ့တယ်။
ကျန်းကျန်း လီမင်ပေရဲ့နောက်ကျောကို ပုတ်လိုက်တယ်။
“အစ်ကို ဘာလို့ ဒီလောက်မြန်မြန်စီးနေရတာလဲ”
လီမင်ပေ တုံးအ,စွာ ပြုံးလိုက်တယ်။
“ငါ နည်းနည်းရှက်နေလို့”
ကျန်းကျန်း သူ့ကို ပြောစရာစကားမဲ့စွာ စိုက်ကြည့်လိုက်မိတယ်။
လီမင်ပေကတော့ ထိုမိန်းကလေးက သူတို့နောက်ကို အမှီလိုက်မလာနိုင်တာကို မြင်လိုက်ရပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တယ်။
သူက အရိပ်ရတဲ့နေရာတစ်ခုကို ရှာခဲ့ပြီး စက်ဘီးကိုသော့ခတ်ကာ ရုပ်ရှင်လက်မှတ်နှစ်စောင်ဝယ်ခဲ့တယ်။ ပြီးနောက် ကျန်းကျန်းကို ရုပ်ရှင်ရုံထဲသို့ အမြန်ခေါ်သွားခဲ့တယ်။
ရေအားလျှပ်စစ်စက်ရုံမှ လက်တလောမှာ ပြသနေခဲ့တဲ့ ရုပ်ရှင်ကားက “မိုင်းစစ်ပွဲ” ပဲ။
ပေရှားဆီကို ရုပ်ရှင်အသစ်က တခြားနေရာတွေထက် အမြဲတမ်း နောက်ကျမှ ရောက်ရှိလာတတ်တယ်။
လီမင်တုန်က ပင်းချန်မှ ရုပ်ရှင်ရုံမှာ လွန်ခဲ့တဲ့ နွေရာသီတုန်းက “မိုင်းစစ်ပွဲ”ကို စတင်ပြသခဲ့ကြောင်းပြောခဲ့တယ်။ သို့ပေမယ့် ပေရှားမှာတော့ ဒီရုပ်ရှင်ကိုပြသနေတာ နှစ်လလောက်သာ ရှိနေသေးတယ်။
ရုပ်ရှင်လက်မှတ်မှာ ခုံနံပါတ်ပါဝင်ပြီး ခုံတွေကို အတန်းလိုက် စီထားပေမဲ့လည်း ကြည့်ရှုသူတွေကတော့ ကျပန်းပဲ ဝင်ထိုင်ကြတယ်။
လီမင်ပေနှင့် ကျန်းကျန်းတို့ရောက်တဲ့အချိန်က အနည်းငယ်နောက်ကျသွားတာကြောင့် ရုပ်ရှင်ရုံက လူပြည့်လုနီးပါးဖြစ်နေပြီ။ လီမင်ပေက သူ့ရဲ့ လည်ပင်းကို ဆန့်တန်းကြည့်လိုက်ပြီးပထမတန်းမှာ ထိုင်ခုံအနည်းငယ်ကျန်နေသေးတာကို တွေ့လိုက်ရတာကြောင့် ကျန်းကျန်းကို ဆွဲခေါ်ဖို့ လုပ်လိုက်တယ်။
သို့ပေမယ့် ကျန်းကျန်းက သူ့ကို အစွမ်းကုန်ပြန်ဆွဲကာ နောက်ဆုံးတန်းကို တွန်းပို့လိုက်လေတယ်။
လီမင်ပေက ရယ်မောလိုက်ပြီး သူ့ရဲ့လက်မောင်းကို ပွတ်သပ်ရင်း ပြောလာတယ်။
“ဘာလို့ ဒီလောက်တောင် အားရှိနေရတာလဲ.. ညီမလေး ငါ မင်းကိုတောင် ဆွဲမခေါ်နိုင်တော့ဘူး”
“ဒီနားက ပိုကောင်းလောက်တယ်”
ကျန်းကျန်းကသူမရဲ့ အဝတ်အိတ်ကိုဖွင့်ပြီး ရေဘူးထုတ်ယူကာ ပျားရည်တစ်ကျိုက်မော့သောက်လိုက်တယ်။
ပြီးနောက် သူမ အမှိုက်ပုံးလေးဖြစ်အောင်ခေါက်ထားတဲ့ အဝတ်စလေးကို အသင့်ပြင်ကာ ပေါင်ပေါ်မှာ တင်လိုက်ပြီး အိတ်ထဲမှ ထင်းရှူးစေ့ လက်တစ်ဆုတ်နှိုက်ယူပြီး စားဖို့ အသင့်ပြင်လိုက်တယ်။
ရုပ်ရှင်ကြည့်ရင်း ထင်းရှူးစေ့နဲ့ သစ်အယ်စေ့တွေကို အလွယ်တကူစားနိုင်စေဖို့အတွက် ကျန်းကျန်းက အိမ်မှာကတည်းသစ်အယ်စေ့တွေနှင့် ထင်းရှူးစေ့တွေကို သူမရဲ့ သဘာဝလွန်အစွမ်းကို အသုံးပြုပြီး ခွဲထားခဲ့တယ်။
လက်ရှိမှာတော့ သူမရဲ့ပါးစပ်ထဲကို ထင်းရှူးစေ့တစ်စေ့ပစ်ထည့်ရင်း ကျန်းကျန်း ပတ်ဝန်းကျင်မှ အရာအားလုံးကို လိုက်လံစပ်စုနေခဲ့တယ်။
ရုပ်ရှင်ရုံက လူတစ်ရာလောက်ထိုင်နိုင်တဲ့ ရုပ်ရှင်ရုံတစ်ရုံဖြစ်ပြီး နံရံပေါ်မှာ အကြမ်းထည်ဆန်တဲ့ ရုပ်ရှင်ပိတ်ကားကြီးတစ်ခုကို ချိတ်ဆွဲထားခဲ့တယ်။
ရုပ်ရှင်ကြည့်သူအများစုက ကလေးတွေဖြစ်ပြီး ဆူဆူညံညံအော်ဟစ်ပြောဆိုနေကြတယ်။ သူတို့တွေက ရုပ်ရှင်ဇာတ်ကွက်အကြောင်းကို ဆွေးနွေးနေကြတာပဲ။
ကျန်းကျန်းရဲ့ ရှေ့မှာထိုင်နေတဲ့ ဆယ်ကျော်သက်ကလေးနှစ်ယောက်က ဒါကို တစ်ကြိမ်ထက်ပိုပြီးကြည့်ဖူးပုံရပြီး နှစ်ယောက်က ဇာတ်ကွက်တစ်ခုအကြောင်းကို ငြင်းခုံနေကြပြီး တဖြည်းဖြည်းနှင့် နှစ်ယောက်လုံး ဒေါသထွက်လာပုံရတယ်။
“မင်း ငါပြောတာကို မယုံရင် သေသေချာချာကြည့်လိုက်.. ရှုံးတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် လယ်ကွင်းကို စောင့်ကြည့်ရမယ်”
“ကောင်းပြီ.. ပြိုင်ကြတာပေါ့.. ငါ ဒါကို ခုနစ်ခါ ကြည့်ဖူးတယ်.. မင်း ငါ့ကို ရှုံးမှာပဲ”
ကျန်းကျန်း သူမရဲမျက်နှာပေါ်မှာ အနက်ရောင်မျဉ်းတွေ ပေါ်လာပြီလို့ ခံစားနေရတယ်။
ရုပ်ရှင်တစ်ကားကို ခုနစ်ကြိမ် ကြည့်ပြီးတာတောင် မလုံလောက်သေးဘဲ ရှစ်ကြိမ်မြောက်ကြည့်ဖို့ရောက်လာခဲ့တယ်။ 1960 ခုနှစ်တွေကတော့ ဖျော်ဖြေမှုတွေ တကယ်နည်းပါးတာပဲ။
ရုပ်ရှင်စတော့မှာဖြစ်လို့ လူတွေ တစ်ယောက်ပြီးတစ်ယောက် ဝင်လာနေကြပေမဲ့ သူတို့တွေက ရုပ်ရှင်ကြည့်ဖို့အတွက်အရှေ့တန်းကိုသာ သွားနေခဲ့ကြပြီး နောက်ဆုံးခုံကို လာတဲ့လူတွေကတော့ အတော်လေး နည်းပါးတယ်။
ထိုအခိုက်မှာ ဝင်ပေါက်ဆီမှ အနီရောင်ပုံရိပ်လေးတစ်ခု ရုတ်တရုတ်ပေါ်ထွက်လာခဲ့ပြီး လီမင်ပေရဲ့ မျက်လုံးတွေကလည်း ချက်ချင်းပဲ တောက်ပသွားခဲ့တယ်။ သူက မတ်တပ်ထရပ်လိုက်ပြီး တစ်ဖက်လူကို လက်ပြနှုတ်ဆက်ချင်နေပုံရပေမယ့် တစ်ခုခုကို သတိရသွားပြန်ကာ အနည်းငယ် ရှက်ရွံ့စွာနှင့် ထိုင်ချလိုက်ပြန်တယ်။
ကျန်းကျန်း ထင်းရှူးစေ့ကို ခွာစားနေရင်း ပြုံးလိုက်မိတယ်။ တစ်ဖက်မှကောင်မလေးက ထိုင်စရာနေရာတစ်ခု လှည့်ပတ်ကြည့်ရင်းနှင့် နေရာကောင်းကို ရှာမတွေ့တာကြောင့် နောက်ဆုံးအတန်းဆီကိုပဲ လျှောက်လာခဲ့တယ်။
လီမင်ပေတစ်ယောက် စိတ်လှုပ်ရှားစွာနှင့် တံတွေး မျိုချလိုက်မိပြီး ထိတ်လန့်တကြားဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်ကာ သူမကို မမြင်ချင်ယောင်ဆောင်လိုက်လေတယ်။
ကျန်းကျန်း လီမင်ပေရဲ့ပုံစံကြောင့် ရယ်မောချင်နေခဲ့ရတယ်။ လီမင်ပေတစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်နေတုန်းမှာပဲ ရုပ်ရှင်ရုံထဲမှ မီးအလင်းရောင်က ရုတ်တရက် မှေးမှိန်ပိတ်ဆိုးသွားခဲ့ပြီး ရုပ်ရှင်ပိတ်ကားပေါ်မှ အလင်းရောင်ဖျော့ဖျော့တစ်ခုသာ ကျန်နေရစ်တော့တယ်။
လီမင်ပေ သတိလက်လွတ်နဲ့ သူ့ရဲ့ခေါင်းကို စောင့်ကြည့်လိုက်တော့ ပိတ်ကားမှလာတဲ့ အလင်းရောင်မှိန်ဖျော့ဖျော့အောက်မှာ ထိုကောင်မလေးက သူ့ဘေးမှာ ဝင်ထိုင်လာတာကို မြင်တွေ့လိုက်ရလေတယ်။
ကျန်းကျန်းအနေနဲ့သူမ ငယ်စဉ်ကတည်းက ဂျပန်ဖက်ဆစ်တော်လှန်ရေး ရုပ်ရှင်ဟောင်းတွေ အများကြီးကို ကြည့်ရှုခဲ့ဖူးပေမဲ့ ဒီ” မိုင်းစစ်ပွဲ” ရုပ်ရှင်ကိုလည်း ထင်မြင်ချက်ကောင်းကောင်းရှိတယ်။ သူမက ဒီရုပ်ရှင်ရဲ့ နောက်ခံဇာတ်ဝင်တေးကိုတောင် လိုက်ဆိုလိုက်သေးတယ်။
ခေတ်ကာလနှင့် နှိုင်းယှဥ်ပြောရရင်တော့ “မိုင်းစစ်ပွဲ”က အပိုင်းအနည်းငယ်လောက်ကလွဲရင် အခြေခံအားဖြင့် အထင်ကြီးစရာမရှိဘူး။ ဒါပေမယ့် ကျန်းကျန်းတော့ ရုပ်ရှင်စကတည်းက ပိတ်ကားပေါ်မှ အကြည့်မလွှဲခဲ့ဘူး။ သူမရဲ့ထင်းရှူးစေ့တွေကို လက်နှာ ခွာနေရင်နဲ့တောင် ပိတ်ကားကိုကြည့်နေခဲ့တယ်။
လီမင်ပေအတွက်ကတော့ သူ့အနေနဲ့ တစ်နှစ်ပတ်လုံးနေလို့ ရုပ်ရှင်တစ်ကားလောက်တောင် မကြည့်ရှုနိုင်ခဲ့ပေမဲ့ အခု တစ်ကြိမ် ကျန်းကျန်းနဲ့ လိုက်လာပြီး ကြည့်ခွင့်ရတာတောင် ရုပ်ရှင်ကို တစ်ခန်းတစ်လေလောက်တောင် အာရုံမစိုက်နိုင်ခဲ့ဘူး။ သူ့အနေနဲ့ အနီရောင်ဝတ်စုံနှင် မိန်းကလေးက သူ့ရဲ့ဘေးနားမှာထိုင်နေတာကိုတွေးလိုက်မိရင် သူ့ရဲ့လက်ဖဝါးတွေကပါ ချွေးတွေနှင့် နစ်လာရတယ်။
ဒီအချိန်မှာ ကျန်းကျန်းကတော့ ရုပ်ရှင်ထဲမှာ လုံးဝ နှစ်မြုပ်နေပြီဖြစ်ကာ သူမရဲ့လက်ထဲမှ ထင်းရှူးစေ့ကို စားဖို့တောင် သတိမရတော့ဘူး။ သူမက ရေဘူးကို ကိုင်ရင်း အော်ဟစ်ရယ်မောနေခဲ့တယ်။
ဒီလိုဆူညံမှုတွေကြားမှာတောင် လီမင်ပေက ရုပ်ရှင်ကြည့်ဖို့ အာရုံမစိုက်နိုင်ခဲ့ပါဘူး။
ရုပ်ရှင်ပြီးသွားလို့ မီးတွေပြန်ဖွင့်လာတဲ့အချိန်ကျမှ လီမင်ပေတစ်ယောက် သူ့ရဲ့ စိတ်အာရုံကို ပြန်လည်စုစည်းသွားနိုင်ခဲ့တယ်။
သို့ပေမယ့် သူ့ဘေးမှာထိုင်နေတဲ့ ကောင်မလေးအကြောင်းကို တွေးလိုက်မိတော့တော့ သူက ကုလားထိုင်ပေါ်မှာ သူ့ကိုယ်သူ ကပ်ထားချင်စိတ်ဖြစ်နေခဲ့ကာ ခေါင်းကိုတောင် မလှုပ်ရဲတော့ဘူး။
ကျန်းကျန်းက ရယ်မောရင်းထွက်လာတဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး သူစားထားတဲ့ ထင်းရှူးစေ့ခွံတွေကို ထုပ်ပိုးလိုက်တယ်။ ထို့နောက် ခေါင်းကို လှည့်ပြီး သူမရဲ့အနီးမှ မိန်းကလေးကို နှုတ်ဆက်လိုက်တယ်။
“မင်္ဂလာပါ .. အစ်မ ထပ်တွေ့ပြန်ပြီ”
“မင်္ဂလာပါ”
ထိုကောင်မလေးက ကျန်းကျန်းရဲ့ ဖြူဖွေးနူးညံ့တဲ့ အရုပ်လေးလိာပုံစံကိုမြင့တော့ အလွန်စိတ်အားထက်သန်စွာပြောလာတယ်။
“နင်က ရေအားလျှပ်စစ် စက်ရုံကလာတာ မဟုတ်လောက်ဘူး ဟုတ်တယ်မလား?”
“အင်း.. ညီမတို့ရဲ့အဖေက ကောက်နှံဆိုင်မှာအလုပ်လုပ်တာလေ.. ညီမတို့မိသားစုက ရထားလမ်းရဲ့ တောင်ဘက်ခြမ်းမှာ နေတာ”
ကျန်းကျန်းက သူ့ရဲ့ကိုယ်ပိုင် အဝတ်အိတ်ကို လီမင်ပေဆီသို့ လှမ်းပေးလိုက်ပြီး စတင်မိတ်ဆက်လိုက်တယ်။
“ဒါက ညီမရဲ့ အစ်ကိုလေ.. သူ့ နာမည်က လီမင်ပေတဲ့.. ညီမရဲ့နာမည် လီမင်ကျန်းပါ”
“ငါ့နာမည် ယွီဝမ်ရှို့”
ရုပ်ရှင်ရုံကိုရှင်းလင်းရန်အတွက် တစ်စုံတစ်ယောက်ရောက်လာတာကိုမြင်တော့ ယွီဝမ်ရှို့က အမြန်ထရပ်လိုက်ပြီး ကျန်းကျန်းကိုလည်း လှမ်းခေါ်ခဲ့တယ်။
“လာလေ.. အပြင်ထွက်ပြီး စကားပြောကြရအောင်”
ရုပ်ရှင်ရုံအပြင်ဘက်သို့ ရောက်လာပြီးနောက် လီမင်ပေက သူ့ရဲ့စက်ဘီးကို အလျင်စလိုပြန်တွန်းလာခဲ့ပြီး ကျန်းကျန်းက ယွီဝမ်ရှို့ရဲ့ လက်ကို ဆွဲရင်း မေးလိုက်တယ်။
“အစ်မဝမ်ရှို့.. ညီမ ရေအားလျှပ်စစ်စက်ရုံထဲကို တစ်ခါမှ မရောက်ဖူးဘူး.. အစ်မတို့ စက်ရုံမှာ စိတ်ဝင်စားစရာ နေရာတစ်ခုခုရှိလား”
“ရှိတာပေါ့.. ငါတို့နေရာမှာ အထောက်အပံ့နဲ့ စျေးဆိုင်တွေရှိတယ်လေ.. ဒီမှာ ဈေးဝယ်တာက အပြင်မှာထက် နည်းနည်းပိုသက်သာတယ်.. အသေးအဖွဲပစ္စည်းတွေအတွက် လက်မှတ်မလိုဘူး.. ဒါမှမဟုတ် ငါ နင့်ကို ခေါ်သွားပေးမယ်လေ”
ယွီဝမ်ရှို့က ကျန်းကျန်းကို ချစ်စရာကောင်းပြီး စိတ်အားထက်သန်တဲ့ ကလေးလို့ မြင်ခဲ့ပြီး ဆိုးရွားတဲ့အရာကို မတွေးခဲ့ဘူး။ ကျန်းကျန်းက ငယ်လွန်းသေးတယ်လေ။
ဒီလိုနဲ့ ငယ်ရွယ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ပိုပြီးသေးငယ်တဲ့ ကောင်မလေးတစ်ယောက်တို့က စိတ်ပျော်ရွှင်စွာနဲ့ စကားပြောနေခဲ့ကြတယ်။