မိစ္ဆာဘိုးဘေး ခြောက်ကောင်၏ ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီး
Vol. 11 Ch. 1092
နတ်ဘုရား ကုန်းမြေ၌ လေသည် ပြင်းထန်စွာ တိုက်ခိုက်ကာ မိစ္ဆာများ၏ ဟစ်ကြွေးသံကို သယ်ဆောင်နေသည်။ များစွာသော တောင်တန်းများနှင့် အသူရာ ချောက်နက်ကြီးများမှာ မရဏ တံခါးဝနှင့် ချိတ်ဆက်ထားဟန် ရ၏။ မိစ္ဆာချီများသည် တွင်းပေါက်တိုင်းမှ ထွက်ပေါ်နေကာ ငိုငြီးသံများကို ဖန်တီးနေသည်။ နတ်ဘုရား ကုန်းမြေ၏ ဗဟို၌ ကြီးမား၍ ရှေးကျသော နန်းတော်ကြီး တစ်ခုသည် ထီးထီး တည်ရှိနေ၏။
ထိုနန်းတော်ကြီး၏ အရှေ့တွင်မူ...
ကြယ်ပင်လယ်နှင့် စွန့်ပစ်ခံဂြိုဟ်နယ်မြေ တစ်လွှားမှ လာသည့် အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူ အားလုံးမှာ ဆွံ့အ ငြိမ်သက်နေ၏။ သူတို့သည် ကြီးမားသော လက်ဝါးရာကြီးနှင့် လူပုံသဏ္ဌာန် အကွက်များကို ငေးကြည့် နေမိကြသည်။
“သူတို့ သေသွားပြီလား...”
အတန်ကြာပြီးနောက် တစ်ယောက်က မေးလိုက်သည်။
“သေသွားကြပြီ... သူတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဥ်တွေတောင် အသက်စွမ်းအား ကုန်ခမ်းသွားပြီ... ဒီလို တိုက်ခိုက်မှုမျိုးနဲ့ ရင်ဆိုင်ရရင် ဘယ်သူဖြစ်ဖြစ် သေမှာပဲ”
အခြား တစ်ယောက်က ပြန်ဖြေ လိုက်သည်။
ဂြိုဟ်ပြာမှ ကောင်းကင်အရှင် ဖန်ရှင်း၏ မျက်နှာမှာ ဖြူရော်ကျသွားသည်။ သူ၏ ချန်းဖန်ကို ပြန်လည် လက်စားချေရန် အကြံအစည်မှာ ထိုခဏတွင်ပင် ကွဲကြေ သွားခဲ့ပြီ ဖြစ်သည်။
သူ သာလျှင် မကချေ။ စွန့်ပစ်ခံဂြိုဟ်နယ်မြေမှ လာသည့် အခြား ကောင်းကင်အရှင် အချို့မှာလည်း တုန်ရီ နေကြပြီ ဖြစ်သည်။
ထိုအကြီးအကဲများ အားလုံးကား ထာဝရဂိုဏ်းများမှ ဖြစ်ကြသည်။ သူတို့သည် အနည်းဆုံး နှစ်ပေါင်း နှစ်သောင်း ကျင့်ကြံထားကြပြီး မရေမတွက်နိုင်သော ကပ်ဘေးများကို ဖြတ်ကျော်နိုင်ခဲ့ကြသူများ ဖြစ်သည်။ ထို့အပြင် သူတို့သည် ကြောက်မက်ဖွယ် နတ်ဘုရား စွမ်းအားများ၊ ကျင့်စဥ်များကို ကျင့်ကြံထားကြ သေးသည်။
ပုံမှန်အားဖြင့် ဆိုလျှင် ထိုအကြီးအကဲ တစ်ယောက်ချင်းစီသည် ဂြိုဟ်ပေါင်း အနည်းငယ်ကို လွှမ်းမိုးရန် စွမ်းရည် ရှိကြသူများ ဖြစ်ကြသည်။ စွန့်ပစ်ခံဂြိုဟ်နယ်မြေမှ အခြေတည် ဝိညာဥ် အဆင့်များ ဆိုလျှင် ဘယ်တော့မှ သူတို့နှင့် နှိုင်းယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့တိုင်အောင် ချန်းဖန်သည် ထိုမျှ အစွမ်းထက်သော အကြီးအကဲများကို တစ်ကွက်အတွင်း သတ်ဖြတ် ပစ်ခဲ့သည်။
“ဒါတောင် သူက အခုထိ ဓမ္မ စွမ်းအားကို မသုံးရသေးဘူး... ခန္ဓာကိုယ်နဲ့ပဲ တိုက်ခိုက်ရသေးတယ်”
လင်းယွင်က ခေါင်းငုံ့ကာ ရေရွတ် လိုက်သည်။
ခန္ဓာကိုယ် သီးသန့်၊ လက်ဝါး တစ်ချက်၊ ထာဝရဂိုဏ်းမှ အကြီးအကဲ ငါးယောက်...
ထိုကဲ့သို့သော စွမ်းအားကား တောင်ပိုင်း ဒေသငယ် ကောင်းကင်နယ်မြေတွင်ပင် ရိုင်းစိုင်းရန် လုံလောက်သော စွမ်းအား တစ်ခု ဖြစ်ပေသည်။
“စွန့်ပစ်ခံဂြိုဟ်နယ်မြေရဲ့ ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက် နေရတာလဲ... ငါ တကယ် နားမလည်နိုင်တော့ဘူး”
အကြီးအကဲ တစ်ယောက်က ခေါင်းအား ခါယမ်း လိုက်သည်။
ချန်းရှန်းဂိုဏ်း၏ တပည့်များမှာမူ တိတ်ဆိတ် နေကြ၏။ သူတို့သည် အစောပိုင်း၌ ချန်းဖန်က လော့ချန်ရှန်းအား မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည်ကို စဥ်းစား မရသော်လည်း ယခုတွင်မူ နားလည် သွားကြပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ ကျန်းချူရန်၏ မျက်လုံးများမှာ ဝိုင်းစက်နေ၏။ သူမသည် ချန်းဖန် ထိုမျှအထိ အစွမ်းထက်လာသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ ထိုကောင်လေးကား ကမ္ဘာမှ ဆယ်စုနှစ် တစ်ခုသာ ထွက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခု ပြန်လာသော အခါတွင်မူ အခြေတည် ဝိညာဥ် အလယ်ဆင့် ငါးယောက်ကိုပင် လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်နိုင်သည် အထိ အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။ ထိုသို့သော တိုးတက်နှုန်းကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“ကောင်စုတ်လေး... မင်းက ငါတို့ကို ဆန့်ကျင်ရဲတယ်ပေါ့”
နတ်ဘုရား ဗိုလ်ချုပ်ယွင်ကား မျက်နှာ တစ်ခုလုံး နီရဲသည် အထိ ဒေါသထွက် နေခဲ့ပြီ ဖြသည်။
သေသွားသည့် အကြီးအကဲ ငါးယောက် အနက် နှစ်ယောက်မှာ သူ၏ ဝူကျိဂိုဏ်းမှ ဖြစ်သည်။ ထိုနှစ်ယောက်သည် ဂိုဏ်း၏ အကြီးအကဲ မျိုးဆက်တွင်ပင် အရေးပါသူများ ဖြစ်ကြကာ အတွင်းစည်း၏ အစိတ်အပိုင်းများလည်း ဖြစ်သည်။ သို့သော်လည်း စွန့်ပစ်ခံဂြိုဟ်နယ်မြေ၏ ဒေသခံ ကျင့်ကြံသူ တစ်ယောက်မှာ သူတိုအား သတ်ဖြတ် ပစ်ခဲ့သည်။
“သတ်...”
နတ်ဘုရား ဗိုလ်ချုပ်ယွင်က အော်ဟစ် လိုက်၏။
“ဝှစ်...”
အနက်ရောင်နှင့် အဖြူရောင် အလင်းများသည် နတ်ဘုရား ဗိုလ်ချုပ်ယွင်အား ဝန်းရံထားသည်။ တစ်ပေခန့် ရှည်လျားသော လှံတစ်ခုသည် သူ၏ လက်တွင် ရုတ်တရက် ပေါ်လာခဲ့၏။ ထိုလှံကား အမည်မသိ သတ္တု တစ်မျိုးဖြင့် သွန်းလုပ်ထားကာ ဖျက်စီးခြင်း စွမ်းအားကို သယ်ဆောင်ထားသည်။
နတ်ဘုရား ဗိုလ်ချုပ်ယွင်သည် ထိုလှံကို ဆုပ်ကိုင်ကာ အဖြူနှင့် အနက်ရောင် အလင်းတန်း အသွင် ပြောင်းလဲ လိုက်၏။ ထို့နောက် သူသည် ကောင်းကင်၌ အရှိန်ပြင်းစွာ လည်ပတ်ကာ ချန်းဖန်ထံ တိုးဝင်လာသည်။
“ဟူး...”
လှံသည် ကောင်းကင်ကို ဖြတ်သန်း၍ မြေပြင်၌ ရှည်လျားသော အမှတ်ရာ တစ်ခုကို ချန်ရစ်၏။ ထိုနေရာကား နတ်ဘုရား သင်္ကေတများဖြင့် ပြည့်နှက်နေသည့် နတ်ဘုရား ကုန်းမြေ ဖြစ်သည်။ သာမန် အခြေတည် ဝိညာဥ် အဆင့်များမှာ ထိုကုန်းမြေပေါ်ရှိ မည်သည့် အရာကိုမျှ ဖျက်ဆီးနိုင်စွမ်း မရှိကြချေ။ ထိုအရာကို ကြည့်ခြင်းအားဖြင့် နတ်ဘုရား ဗိုလ်ချုပ်ယွင်၏ လှံမှာ မည်မျှ ထက်ရှသည်ကို တွေ့မြင် နိုင်ပေသည်။
“ရောင်းရင်းယွင်က အစွမ်းကုန် တိုက်ခိုက်နေပြီ...”
အခြား နတ်ဘုရား ဗိုလ်ချုပ်များက လေးနက်စွာ ဆိုလိုက်ကြ၏။ နတ်ဘုရား ဗိုလ်ချုပ် တစ်ယောက်သည် အနိမ့်ဆုံး အခြေတည် ဝိညာဥ် အလယ်ဆင့်၌ ရှိရမည်ဟု သတ်မှတ်ထားသော်လည်း သူတို့အားလုံးမှာ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်၌ ရှိနေကြသူများ ဖြစ်သည်။
ထို့အပြင် နတ်ဘုရား ဗိုလ်ချုပ်များသည် သတ်ဖြတ်ခြင်းအား အလေးပေးသော ကျင့်စဥ်များ၊ နတ်ဘုရား စွမ်းအားများကိုသာ အထူးသဖြင့် ကျင့်ကြံထားကြရာ သာမန် အခြေတည် ဝိညာဥ် အဆင့်များထက် ပိုမို၍ အစွမ်းထက်ကြပေသည်။
“သေစမ်း...”
ချန်းဖန်က လက်သီးကို ဆုပ်လိုက်ရာ ရွှေရောင် အလင်းများမှာ သူ၏ လက်၌ ဝန်းရံလာ၏။ ထို့နောက် သူက လက်သီးကို ထိုးလိုက်၏။ ထိုအရာကား အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်နှင့် ညီမျှသော တိုက်ခိုက်မှု ဖြစ်ပေသည်။
“ဘုန်း...”
တိုက်ခိုက်မှု နှစ်ခု ထိပ်တိုက် တွေ့လေရာ နတ်ဘုရား ဗိုလ်ချုပ်ယွင်မှာ သူ၏ လှံနှင့် အတူ နောက်သို့ လွင့်စဥ်သွားသည်။ သို့သော်လည်း သူကား ဒဏ်ရာ ရသွားခြင်း မရှိသေးချေ။ သူက ချန်းဖန်၏ လက်သီးအားကိုပင် ယူကာ ကောင်းကင်၌ ကြီးမားသော စက်ဝန်းတစ်ခုကို ရေးဆွဲရင်း ဒုတိယ တိုက်ခိုက်မှုကို ပြုလုပ် လိုက်သည်။
“ဘုန်း...”
ချန်းဖန်က လက်သီးဖြင့် ထိုးလိုက်ရာ နတ်ဘုရား ဗိုလ်ချုပ်ယွင်မှာ နောက်သို့ ပိုမို အရှိန်ပြင်းစွာ ထပ်မံ လွင့်စဥ် သွားပြန်သည်။ သို့သော်လည်း သူက ထိုအခွင့်အရေးကို ယူ၍ နောက်ထပ် စက်ဝန်း တစ်ခုကို ရေးဆွဲ လိုက်ပြန်၏။
“စွမ်းအား ငှားယမ်းခြင်း ကျင့်စဥ်...”
ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။
နတ်ဘုရား ဗိုလ်ချုပ်ယွင်သည် အဖြူနှင့် အနက်ရောင် အလင်းတန်းများ၏ ဝန်းရံမှု အလယ်၌ တည်ငြိမ်စွာ ရှိနေသေးဆဲ ဖြစ်သည်။ သူသည် ချန်းဖန်၏ လက်သီး စွမ်းအားကို ယူကာ လှံသို့ ပေါင်းထည့်၍ အလိုက်သင့်လေး တိုက်ခိုက် နေခြင်းသာ ဖြစ်သည်။ ထိုအရာက သူ့အတွက် စွမ်းအား ကုန်ဆုံးခြင်းကို ထိရောက်စွာ တားဆီးပေး၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ချန်းဖန် လက်သီး ဆယ့်ခုနစ်ချက် ထိုးပြီးချိန်၌ နတ်ဘုရား ဗိုလ်ချုပ်ယွင်မှာလည်း ဆယ့်ခုနစ်ကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ သူ၏ နောက်ဆုံးသော လှံချက်ကား ပထမ တစ်ကြိမ်ကထက် နှစ်ဆ အထိပင် ပိုမို ပြင်းထန် လာခဲ့သည်။
“ဝူတိ လှံကျင့်စဥ်...”
ထိုလှံကျင့်စဥ်ကို ကြယ်ပင်လယ်ရှိ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖန်တီး ထားခဲ့ခြင်း ဖြစ်သည်။ ထိုအရာသည် ရန်သူ၏ ဓမ္မ စွမ်းအားကို ငှားယူ အသုံးပြုနိုင်သည့် သတ်ဖြတ်ခြင်း ကျင့်စဥ် တစ်ခု ဖြစ်ပေသည်။
“ဒီလှံကျင့်စဥ်က မဆိုးပါလား...”
ချန်းဖန်မှာ အနည်းငယ် အံ့သြသွား၏။ နတ်ဘုရား ဗိုလ်ချုပ်ယွင်၏ ဓမ္မ စွမ်းအားမှာ လုံလောက်ခြင်း မရှိသည့်တိုင် သူ၏ သိုင်းပညာမှာမူ ကောင်းမွန်လွန်းသည်။ သူသည် ထိုလှံတစ်ချောင်းကို သုံးကာ ချန်းဖန်ကိုပင် ယှဥ်၍ တိုက်ခိုက် နိုင်ခဲ့သည်။
“ကဲပါလေ တော်လောက်ပြီ...”
ချန်းဖန်က ခေါင်းခါ လိုက်သည်။ သူသည် ထိုကျင့်စဥ်ကို စိတ်ဝင်စားသဖြင့် ယခုထိ အချိန်ဆွဲကာ တိုက်ခိုက် နေခဲ့ခြင်း ဖြစ်သည်။ သူ့အတွက် နတ်ဘုရား ဗိုလ်ချုပ်ယွင်က ထိုက်တန်သော ပြိုင်ဘက်တစ်ဦး မဟုတ်ပါချေ။
“ဟူး...”
ချန်းဖန်က လက်သီးကို ဖြည်းညင်းစွာ ဆုပ်လိုက်၏။ ယခု တစ်ကြိမ်တွင်မူ ရွှေရောင် စွမ်းအင်များ အစား မိစ္ဆာချီများကသာ သူ၏ လက်၌ စုစည်းလာသည်။ နောက်တစ်စက္ကန့် အကြာ၌ ချန်းဖန်က လက်သီးအား ဆန့်ထုတ်ကာ ထိုးနှက်လိုက်၏။
“ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီး...”
***