သွေးအိုင်ထွန်းခြင်း
Vol. 11 Ch. 1093
ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီး...
ထိုအရာကား ရှေးဟောင်းခေတ် ကာလများ၌ နတ်ဘုရားများနှင့် အပြိုင်ကြဲခဲ့သည့် မိစ္ဆာ ဘိုးဘေးများ၏ ပြိုင်ဘက်ကင်း လက်သီး ကျင့်စဥ် တစ်ခု ဖြစ်ပေသည်။ ထိုအရာ၏ စွမ်းအားကား လူများ အလှန်း မမှီနိုင်သည့် အဆင့် တစ်ခုတွင် ရှိ၏။
ယခု အခိုက်အတန့်၌ ချန်းဖန်သည် ထိုလက်သီးကို အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် ခန္ဓာနှင့် ပူးပေါင်း၍ ထိုးလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ထိုအရာ မည်မျှ အစွမ်းထက်မည်ကို ခန့်မှန်း၍ ရနိုင်ပေသည်။
“ဘုန်း...”
အနက်ရောင် တွင်းပေါက် ခြောက်ပေါက်မှာ ချန်းဖန်၏ အနောက်၌ ပေါ်လာခဲ့၏။ ၎င်းတို့က အမှောင် ကမ္ဘာ တစ်ခုကို ဖွဲ့စည်းရန် လေထုကို ချိုးဖျက်ကြသည်။ မိစ္ဆာဘိုးဘေး ခြောက်ကောင်၏ စွမ်းအား အလုံးစုံသည် ချန်းဖန်၏ လက်သီး၌ စုစည်းလာ၏။
“ဘုန်း...”
ရုတ်တရက် နတ်ဘုရား ကုန်းမြေထက်ရှိ မရေမတွက်နိုင်သော သင်္ကေတများမှာ လင်းလက်လာကြ၏။ ၎င်းတို့သည် အဇူရာ အလွှာများကို ဖန်တီးကာ ၎င်း၏ ကုန်းမြေကို ကာကွယ်ကြသည်။ ကြောက်မက်ဖွယ် မိစ္ဆာချီများသည် လောက အနှံ့ ဖြန့်ကျက်နေလေရာ မိုင်ပေါင်းများစွာ အတွင်းရှိ လူများမှာ တုန်ရီ၍ပင် သွားကြသည်။
ထိုအခိုက်အတန့်၌ ချန်းဖန်မှာ ရှေးဟောင်းခေတ်များမှ မိစ္ဆာ နတ်ဘုရား တစ်ပါးအသွင် ပြောင်းလဲသွားဟန် ရ၏။ သူ၏ လက်သီးချက်မှာ စကြဝဠာကို အက်ကွဲလု မတတ် အစွမ်းထက်လှသည်။
“မင်းက ငါ့လက်သီးက စွမ်းအားကို ငှားယမ်းပြီး ငါ့ကို ပြန် တိုက်ခိုက်တယ်... ဒါပေမဲ့ အဲဒီ လက်သီးက အင်အား ဆယ်ဆနဲ့ ဆိုရင်ရော မင်း စွမ်းအား ဘယ်လောက် ကို ထပ်ပြီး ငှားယမ်းနိုင်ဦးမလဲ”
ချန်းဖန်က တည်ငြိမ်စွာပင် ပြောသည်။
“ပွင့်စမ်း...”
နတ်ဘုရား ဗိုလ်ချုပ်ယွင်မှာ ချန်းဖန်နှင့် ပြိုင်၍ စကားနိုင် မလုနိုင်သေးချေ။ သူသည် နှစ်ဆမျှသော စွမ်းအားများကို လှံစီ သွန်းလောင်း လိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်အား လေးကိုင်း သဏ္ဌာန် ကိုင်းကာ အားယူရင်း လှံကို ချန်းဖန်ထံ တည့်တည့် ပစ်လွှတ် လိုက်၏။
“ခရက်...”
ကောင်းကင်တွင် အနက်နှင့် အဖြူရောင် မိုးကြိုးအလင်း တစ်ခု ဖြစ်ပေါ်လာ၏။ ထိုတိုက်ခိုက်မှုအား ဖော်ပြရန် စကားလုံး မရှိပါချေ။ ၎င်းကား နတ်ဘုရား ဗိုလ်ချုပ်ယွင်၏ သက်တမ်း တစ်လျှောက် အကောင်းဆုံး ဖော်ထုတ်နိုင်ခဲ့သည့် တိုက်ခိုက်မှု ဖြစ်ပေသည်။
“ဘုန်း...”
သို့သော်လည်း ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီးနှင့် ရင်ဆိုင်သည်နှင့် နတ်ဘုရား ဗိုလ်ချုပ်ယွင်၏ မျက်လုံးများမှာ ပြူးကျယ် သွား၏။ သူသည် သူ့ထံသို့ တောင်တန်းတစ်ရာနှင့် ညီမျှသည့် ဖိအား တစ်ခု ပိကျ လာသလို ခံစား နေရသည်။ သူက ပတ်လည်ရှိ အဖြူနှင့် အနက်မြူများကို လှည့်ပတ်ကာ ကမ္ဘာအား သူ၏ စွမ်းအားကို ပြသရန် ကြိုးစားသည်။ သို့သော်လည်း ထိုအရာက အသုံးမဝင်ခဲ့ပါချေ။
“မဟုတ်ဘူး...”
နတ်ဘုရား ဗိုလ်ချုပ်ယွင်က အော်ဟစ် လိုက်သည်။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဓမ္မ စွမ်းအားသည် မတည်ငြိမ်စွာ တိုးဝှေ့ လှုပ်ယမ်းနေ၏။
ချန်းဖန်၏ လက်သီးချက်ကား လှံကိုသာ မက နတ်ဘုရား သူ၏ ရင်ဘတ်ကိုပါ ဖောက်ထွင်းကာ ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ် သွားစေခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာ ဖျက်ဆီးခြင်း စွမ်းအင်များသည် သူ၏ ရင်ဘတ် ဒဏ်ရာမှ တစ်ဆင့် လည်ပင်း၊ ဝမ်းဗိုက်၊ ကလီတစာ၊ ခန္ဓာကိုယ် အင်္ဂါများနှင့် ဦးခေါင်း အထိ တိုးဝင် ပျံ့နှံ့သွားသည်။ အဆုံး၌ ထိုစွမ်းအင်သည် အခြေတည် ဝိညာဥ် အထိပင် ရောက်ရှိ သွားခဲ့တော့၏။
“ဘုန်း...”
ကျယ်လောင်သော အသံနှင့် အတူ နတ်ဘုရား ဗိုလ်ချုပ်ယွင်မှာ အဖြူနှင့် အနက် မီးခိုးများ အဖြစ် ပေါက်ကွဲ သွားတော့၏။ ရွှေရောင်သွေးများမှာ မိုးများ သဖွယ် ရွာသွန်း ကျလာကာ အရိုး အပိုင်းအစများက နေရာ အနှံ့ ပြန့်ကျဲ သွားသည်။ နတ်ဘုရား ဗိုလ်ချုပ်ယွင်ကား သူ၏ အခြေတည် စိတ်ဝိညာဥ် နှင့် အတူ သေဆုံး သွးခဲ့လေပြီ ဖြစ်သည်။
“ဟူး...”
ချန်းဖန်က လက်သီးဆုပ်ကို ဖြေလိုက်ရာ သူ၏ နံဘေးရှိ အနက်ရောင် အော်ရာများမှာ တဖြည်းဖြည်း ပျောက်ကွယ် သွား၏။
ချန်းဖန်သည် နန်းတော်၏ အရှေ့တွင်ပင် ဓားတစ်ချောင်း အလား ဆက်လက် ရပ်၏။ သူ၏ ဝတ်စုံသည် လေနှင့် အတူ လွင့်မြောနေသည်။ ထိုအခိုက်၌ မည်သည့် အခြေတည် ဝိညာဥ် အဆင့်ကမှ ချန်းဖန်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်ကြောင်း မကြေညာရဲ တော့ချေ။ ကမ္ဘာ တစ်ခုလုံအား ရှင်းလင်းပစ်မည် ဟု ပြောဆိုခဲ့သော လူများ ပင်လျှင် အမြီးကုပ် နေကြ၏။
“ငါက ကျောက်တောင်ကို ခွဲဖို့ ကြိုးစားနေတဲ့ ကြက်ဥလို့ မင်း ပြောလိုက်တယ် မလား...”
ချန်းဖန်က တိုင်ချူ နတ်ဘုရား နယ်မြေဘက်သို့ လှည့်ကြည့်ရင်း မေးလိုက်၏။
နတ်ဘုရား ဗိုလ်ချုပ်လင်းမှာ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူ၏ မျက်နှာသည် သွေးဆုတ် ဖြူရော် နေ၏။ သူသည် အစွမ်းထက်သည် ဆိုသော်လည်း ထိုအရာက နတ်ဘုရား ဗိုလ်ချုပ်ယွင်လောက်သာ ဖြစ်ပေသည်။ ချန်းပေ့ရွှမ်းမှာ နတ်ဘုရား ဗိုလ်ချုပ်ယွင်ကို လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ပစ်ခဲ့ရာ သူ့အား သတ်ဖြတ်ရန်မှာလည်း ခက်ခဲလိမ့်မည် မဟုတ်ချေ။
တစ်ချိန်တည်း၌ အခြား အကြီးအကဲများနှင့် နတ်ဘုရား ဗိုလ်ချုပ်များမှာလည်း ကြောက်လန့် နေကြ၏။ ကောင်းကင်အရှင် ဖန်ရှင်း ကဲ့သို့သော စွန့်ပစ်ခံဂြိုဟ်နယ်မြေမှ အခြေတည် ဝိညာဥ် အဆင့်များမှာမူ ဆွံ့အ နေကြသည်။
“အဲဒါက နတ်ဘုရား ဗိုလ်ချုပ်လေ... ချန်းပေ့ရွှမ်းက လက်သီးတစ်ချက်တည်းနဲ့ သတ်ဖြတ်ပစ်လိုက်နိုင်တယ် တဲ့လား”
ချန်းပေ့ရွှမ်းမှာ မည်မျှ အထိ အစွမ်းထက် နေသနည်း။
“သောက်ကျိုးနဲ... ဘယ်လိုလုပ်ပြီး အရှေ့ဂြိုဟ်မှာ ဒီလို မွန်းစတား တစ်ကောင် ရှိနေတာလဲ... နတ်ဘုရား မင်းသားတွေတောင် သူ့လောက် အစွမ်းထက်မှာ မဟုတ်ဘူး”
တစ်ယောက်က တီးတိုး ရေရွတ် လိုက်သည်။
လင်းယွင် ဆိုလျှင် ကိုယ့်လက်ကိုပင် ပြန်ဆိတ် နေမိ၏။ သူကား ချန်ဖန်နှင့် သုံးရက် အချိန်ဖြုန်းခဲ့သည်ကိုပင် အိပ်မက် တစ်ခုအလား ခံစား နေရသည်။
နဲ့ကုန်းဂိုဏ်း၏ နတ်ဘုရား ဗိုလ်ချုပ် ရွှမ်မင်က ချန်းဖန်ကို ကြည့်ကာ အေးစက်စက် ဆိုလိုက်၏။
“ချန်းပေ့ရွှမ်း... သိပ်ပြီး ထောင်လွှား မနေနဲ့... ငါတို့ နောက်ခံ ဂိုဏ်းတွေရဲ့ စွမ်းအားက မင်းရဲ့ တွေးတောနိုင်ထက် အများကြီး ပိုသာတယ်... နတ်ဘုရား ဗိုလ်ချုပ်ယွင် ဆိုတာ ဝူကျိဂိုဏ်းရဲ့ နတ်ဘုရား ဗိုလ်ချုပ်တွေ ထဲမှာ အားအနည်းဆုံး... နောက်ပြီးတော့...”
“ငါက မင်းကို စကားပြောခွင့် ပြုလို့လား...”
ချန်းဖန်က နှာခေါင်းရှုံ့ရင်း လက်သီးကို မြှောက်ကာ ထိုးနှက် လိုက်သည်။
“ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီး....”
“ဘုန်း...”
အနက်ရောင် တွင်းပေါက် ခြောက်ခုသည် ချန်းဖန်၏ နောက်၌ နောက်တစ်ကြိမ် ဖြစ်ပေါ်လာကာ အမှောင် ကမ္ဘာ တစ်ခုကို ထပ်မံ ဖန်တီးသည်။ အနက်ရောင် အလင်းသည် ထွက်ပေါ်လာသည်နှင့် လောက တစ်ခုလုံးမှာ မိစ္ဆာချီများနှင့် ပြည့်နှက် သွား၏။
နတ်ဘုရား ဗိုလ်ချုပ်ယွင်က ချက်ချင်းပင် နဲ့ကုန်းဂိုဏ်း၏ နတ်ဘုရား ကျင့်စဥ်ကို အသက်သွင်းကာ နောက်သို့ ဆယ်ပေခန့် ခုန်ဆုတ် လိုက်သည်။ သို့တိုင်အောင် အနက်ရောင် အလင်းမှာ ကောင်းကင်ကို ဖြတ်သန်း၍ သူ့နောက်သို့ လိုက်လာကာ သူ၏ လက်များကို ဖျက်ဆီး ပစ်သည်။
“အား...”
သို့သော်လည်း နတ်ဘုရား ဗိုလ်ချုပ် ရွှမ်မင်၏ အနောက်ရှိ ကျင့်ကြံသူများမှာမူ ကံမကောင်းလှချေ။ အခြေတည် ဝိညာဥ် အဆင့် အချို့ အပါအဝင် နဲ့ကုန်းဂိုဏ်း၏ တပည့်များစွာမှာ အနက်ရောင် လက်သီး စွမ်းအား၏ ဝါးမျိုမှုကို ခံကြရ၏။ သူတို့ကား ချက်ချင်းပင် သေဆုံး သွားကြသည်။
“ချန်းပေ့ရွှမ်း... ငါက မင်းကို ရင်မဆိုင်နိုင်ဘူးလို့ ထင်နေတာလား...”
နတ်ဘုရား ဗိုလ်ချုပ်ရွှမ်မင်က ဒေါသတကြီး အော်ဟစ် လိုက်၏။ နတ်ဘုရား ဗိုလ်ချုပ်လင်းက လက်အား မြှောက်ကာ အမိန့်ပေး လိုက်သည်။
“တိုင်ချူ ကောင်းကင် သင်္ဘောကို အသက်သွင်းလိုက်တော့... ငါတို့ အတူ ပူးပေါင်းပြီး သူ့ကို သတ်ကြမယ်”
ချီယွင်ဂိုဏ်း၏ ကျန်းထန်းချိုးကလည်း အော်ဟစ်လိုက်၏။
“အမှန်ပဲ... သူ့ကို သတ်ကြ... ငါတို့က ကြယ်ပင်လယ်က လာတဲ့ မြင့်မြတ်တဲ့ ကျင့်ကြံသူတွေ... ဒီလို အပယ်ခံဂြိုဟ်သား တစ်ယောက်က ထင်တိုင်းကြဲနေတာမျိုး ခွင့်မပြုနိုင်ဘူး... တကယ်လို့ ငါတို့ သူ့ကိုတောင် မသတ်နိုင်ဘူး ဆိုရင် တောင်ပိုင်း ဒေသငယ်မှာ ကျန်ခဲ့တဲ့ မိတ်ဆွေတွေက လှောင်ရယ် ကြလိမ့်မယ်”
ကျင်းတင်းဂိုဏ်းမှ လင်းထျန်းမင်နှင့် ဝိုင်နတ်ဘုရားဂိုဏ်းမှ ဝူယွမ် တို့ကဲ့သို့သော အခြားနယ်မြေများမှ ကျင့်ကြံသူများမှာ ချန်းဖန်အား တစ်ခါမှ သဘော မကျခဲ့ကြချေ။
များစွာသော ဂိုဏ်းများမှာ ချက်ချင်းပင် သူတို့၏ ဓမ္မ ရတနာများကို ထုတ်ယူကာ စတင် တိုက်ခိုက်ကြတော့၏။ ချန်းဖန်၏ သတ်ဖြတ်ခြင်းအား ခံရမည်ကို ကြောက်ရွံ့ကြသည့် ကောင်းကင်အရှင် ဖန်ရှင်း ကဲ့သို့ ပုဂ္ဂိုလ်များမှာလည်း တိုက်ပွဲ အတွင်း ပါဝင်လာကြသည်။
“ဘုန်း...”
ထိုအခိုက်၌ မရေမတွက်နိုင်သော အလင်းများ၊ ဓမ္မ ရတနာများ၊ ဓမ္မ ဥပဒေသများနှင့် နတ်ဘုရား စွမ်းအားများသည် နန်းတော်၏ အရှေ့၌ ယှက်ဖြာနေ၏။ ထိုနေရာကား တစ်ခဏ အတွင်းမှာပင် စွမ်းအင် ပင်လယ် အသွင် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
“ဟဟ.... ငါက မင်းတို့ကို အသက်ချမ်းသာပေးဖို့ တွေးထားတာ... ကြည့်ရတာ မသတ်ချင်ပဲ သတ်ရတော့မယ် ထင်တယ်”
ချန်းဖန်က အနည်းငယ် ရယ်မော လိုက်၏။ ထို့နောက် သူက အနက်ရောင် အလင်း အသွင် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်၍ လူအုပ် အတွင်း တိုးဝင်သွားသည်။
“မိစ္ဆာဘိုးဘေး ခြောက်ပါးရဲ့ ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီး...”
ချန်းဖန်သည် လက်သီးကို ပစ်လွှတ်ကာ ကောင်းကင် ရတနာ အချို့ကို ဖျက်ဆီး ပစ်လိုက်၏။ ထိုလက်သီး၏ အရှိန်တွင်ပင် ဆယ်နှင့်ချီသော ကျင့်ကြံသူများမှာ သေဆုံး သွားကြသည်။
“မိစ္ဆာဘိုးဘေး ခြောက်ပါးရဲ့ ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီး...”
“မိစ္ဆာဘိုးဘေး ခြောက်ပါးရဲ့ ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီး...”
ချန်းဖန်သည် ထိုလက်သီးကိုသာ သုံးကာ အဆက်မပြတ် တိုက်ခိုက်၏။ အဝေးမှ ကြည့်ပါက အနက်ရောင် နဂါး တစ်ကောင်မှာ လူအုပ်ကြား လိမ်ကောက်တိုးဝှေ့ကာ ပျံသန်းနေသယောင် ထင်မှတ်မှား ရသည်။ ချန်းဖန်၏ လက်သီး တစ်ချက်ချင်းစီ၌ အခြေတည် ဝိညာဥ် အဆင့်များစွာမှာ သတ်ဖြတ် ခံနေရ၏။
“သူ့ကို ချိန်ပြီးပစ်...”
နတ်ဘုရား ဗိုလ်ချုပ်လင်းက အမိန့်ပေး လိုက်သည်။
“ဘုန်း...”
တိုင်ချူ ကောင်းကင် သင်္ဘောသည် လင်းလက်ကာကာ နတ်ဘုရား စွမ်းအား ဆယ့်ခုနစ်ခုကို တစ်ပြိုင်နက်တည်း ပစ်လွှတ် လိုက်သည်။
“ဝှစ်...”
သို့သော်လည်း ချန်းဖန်မှာ မူလ နေရာမှ ပျောက်ကွယ်ကာ ဂိုဏ်းငယ်များမှ ကျင့်ကြံသူများထံ ရောက်ရှိ သွားပြန်၏။ သူသည် သူ့အား ကြိမ်းမောင်းခဲ့သည့် လူများ၊ သူ သဘောမကျသည့် လူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ် တော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
နတ်ဘုရား ကုန်းမြေရှိ မိစ္ဆာချီများနှင့် ပေါင်းစပ်မှုတွင် ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီးမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှ၏။ လက်သီးချက် တစ်ခုချင်းစီမှာ အခြေတည် ဝိညာဥ် အထွတ်အထိပ် အဆင့် နတ်ဘုရား ဗိုလ်ချုပ်များ၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဥ်နိုင်သည်။ သာမန် အခြေတည် ဝိညာဥ် အဆင့်များမှာ အနည်းငယ်ပင် ခုခံနိုင်စွမ်း မရှိကြချေ။
တိုက်ပွဲစပြီး မကြာခင်မှာပင် လင်းယွင်နှင့် အခြား အခြေတည် ဝိညာဥ် အဆင့် အချို့မှ လွဲ၍ ကျန်လူ အားလုံးမှာ အသတ်ခံလိုက်ရပြီ ဖြစ်သည်။
သွေးများသည် နန်းတော်ရှေ့၌ မြစ်တစ်စင်း သဖွယ် စီးဆင်းနေ၏။ ကြီးကျယ် မြင့်မြတ်လှပါသည် ဆိုသော ကြယ်ပင်လယ်မ ကျင့်ကြံသူများ အတုံးအရုံး ဖြစ်နေသည့် မြင်ကွင်းကား အကျည်းတန် လွန်းလှပေသည်။
“ချန်းပေ့ရွှမ်း... ခွေးမသား...”
နတ်ဘုရား ဗိုလ်ချုပ်လင်းက အော်ဆဲ လိုက်သည်။
ချန်းဖန်ကမူ ဘာမှ ပြန်မပြောပဲ လက်သီးဖြင့်သာ တုန့်ပြန်လိုက်၏။
***