သူတို့ အားလုံးကိုသတ်
Vol. 11 Ch. 1094
“ဘုန်း...”
ချန်းဖန်၏ လက်သီးချက်သည် တိုင်ချူ ကောင်းကင် သင်္ဘောကို ထိကာ ထိုပေပေါင်း ထောင်ချီ မြင့်မားသည့် ဓမ္မ ရတနာကြီးကို နောက်သို့ ဆုတ်သွားစေ၏။ သင်္ဘောထက်ရှိ မရေမတွက်နိုင်သော အစီအရင် အလွှာများမှာ အက်ကွဲကာ အလင်းတန်းများမှာလည်း ဟိုမှသည် တိုးဝှေ့ ထွက်ပေါ်လာ၏။
“ဝှစ်... ဝှစ်...”
သို့သော်လည်း တခဏ အတွင်းမှာပင် သင်္ဘောထက်ရှိ အစီအရင်များမှာ ပြန်လည် ကောင်းမွန် လာသည်။ ထိုသင်္ဘောကား တိုက်ပွဲဝင် ဓမ္မ ရတနာ တစ်ခု ဖြစ်သကဲ့သို့ ကိုယ်တိုင် ပြန်လည် ပြုပြင် နိုင်စွမ်းတွင်လည်း ထိပ်တန်း အဆင့်၌ ရှိပေသည်။ ၎င်းအား ဖန်တီးခဲ့သည့် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူသည် ကမ္ဘာငယ် တစ်ခုကို ထည့်သွင်း၍ သင်္ဘောအား အဆုံးမဲ့ စွမ်းအားဖြင့် ထောက်ပံ့ပေးထားသည်။ ထို့အပြင် သင်္ဘောထက်၌ တပည့်ပေါင်း သုံးရာ ခြောက်ဆယ်နှင့် အခြေတည် ဝိညာဥ် အဆင့် ငါးယောက် ပါရှိသေးသည်။ ထိုကဲ့သို့သော အင်အားစုအား ဖြိုခွဲရန်မှာ ထင်သလောက် မလွယ်လှချေ။
“ချန်းပေ့ရွှမ်း.... အရှုံးပေးလိုက်တော့”
နတ်ဘုရား ဗိုလ်ချုပ်လင်းက နှာခေါင်းရှုံ့ လိုက်၏။ ကျန်းချူရန်မှာမူ သင်္ဘော၏ ဘောင်တန်းကို ကိုင်ကာ ချန်းဖန်အား စိုးရိမ်စွာ ကြည့်နေခဲ့သည်။
“နောက်တစ်ကြိမ်....”
ချန်းဖန်က အော်ဟစ်လိုက်၏။
“ဘုန်း...”
ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီးသည် မိစ္ဆာဘိုးဘေး ခြောက်ကောင်၏ စွမ်းအားနှင့် အတူ တိုင်ချူ ကောင်းကင် သင်္ဘောထံ တိုးဝင် သွားပြန်၏။ ထိုအနက်ရောင် လက်သီး စွမ်းအင်က အစီအရင် အလွှာပေါင်းများစွာကို ချိုးဖျက်ကာ သင်္ဘောထက်၌ အစင်းရာ တစ်ခုကို ချန်ရစ်သည်။ သင်္ဘောသည် ဘေးသို့ ပေပေါင်းများစွာ လွင့်စဥ် သွားသည့်တိုင် သင်္ဘောထက်ရှိ တပည့်များမှာမူ အဆင်ပြေနေဆဲ ဖြစ်သည်။
“ငါတို့ရဲ့ အကြီးအကဲ ခုနစ်ဆယ့် ခုနစ်ယောက်က ဒီသင်္ဘောကို ဖန်တီးဖို့ နှစ်ပေါင်း ခုနစ်ဆယ့် ခုနစ်နှစ် အချိန်ယူ ခဲ့ရတယ်... နောက်ပြီး ဒါကို ဂလက်စီ ဗဟိုမှာသာ တွေ့နိုင်တဲ့ ရွှေကြေး သတ္တုနဲ့ ပြုလုပ်ထားတာ... ချန်းပေ့ရွှမ်း... မင်းက ဒီလို ရတနာမျိုးကို လက်ဗလာနဲ့ ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား”
နတ်ဘုရား ဗိုလ်ချုပ်လင်းက လှောင်ပြောင် လိုက်သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
အခြား ထာဝရဂိုဏ်းကြီးများမှာလည်း သူတို့၏ စစ်သင်္ဘောများကို ချန်းဖန်ထံ ဦးတည်၍ မောင်းနှင် လာကြသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
စစ်သင်္ဘောများ စတင် တိုက်ခိုက်သည်နှင့် ကြောက်မက်ဖွယ် အလင်းများမှာ ကောင်းကင်တွင် ရောယှက် သွားသည်။ နတ်ဘုရား စွမ်းအား တစ်ခုချင်းစီသည် အခြေတည် ဝိညာဥ် အဆင့်၏ တိုက်ခိုက်မှုနှင့် ညီမျှ၏။
သို့သော်လည်း ချန်းဖန်မှာ ဂရုစိုက်ခြင်း မရှိပါချေ။
“မိစ္ဆာဘိုးဘေး ခြောက်ပါးရဲ့ ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီး...”
“ဘုန်း...”
ယခု တစ်ကြိမ်၌ အနက်ရောင် တွင်းပေါက်များ အပြင် မူရှောင်နှင့် ဝိညာဥ်စားမျောက်တို့ အပါအဝင် မိစ္ဆာ ခြောက်ကောင်မှာ ချန်းဖန်၏ နောက်၌ ပေါ်လာခဲ့သည်။ ချန်းဖန်သည် ထိုလက်သီးကို မိစ္ဆာ ဘိုးဘေး ခြောက်ကောင်နှင့် အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာများ၏ အင်အားကို စုပေါင်းကာ ထိုးနှက်လိုက်၏။
“ဘုန်း...”
တိုင်ချူ စစ်သင်္ဘောမှာ အရှိန်ပြင်းစွာ တုန်ရီသွား၏။ များစွာသော အစီအရင်များမှာ အစီအရင်များမှာ ပျက်စီးသွားကာ သင်္ဘော ကိုယ်ထည်ထက်၌ လက်သီးရာကြီး တစ်ခု ဖြစ်ပေါ်လာသည်။
“ကလန့်...”
ရုတ်ချည်းပင် သင်္ဘောထက်၌ အလင်းများ တောက်ပလာကာ အစီအရင် တစ်ခုမှာ အသက်ဝင် လာ၏။ ထိုအစီအရင်က ချန်းဖန်၏ လက်သီး စွမ်းအားကို ချက်ချင်းပင် ဝါးမျိုကာ ဖျောက်ဖျက် ပစ်လိုက်သည်။
“နတ်ဘုရား အစီအရင်...”
ချန်းဖန်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။
“ဒီတော့ ဒါက တိုင်ချူ ကောင်းကင် သင်္ဘောရဲ့ အဓိက ဝှက်ဖဲပေါ့... ဟုတ်လား”
“ဟဟ...”
နတ်ဘုရား ဗိုလ်ချုပ်လင်းက ပြန်မဖြေပဲ အနည်းငယ် ရယ်မော လိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်ကာ အမိန့်ပေးလိုက်သည်။
“ပစ်...”
“ဘုန်း...”
တိုင်ချူ ကောင်းကင်သင်္ဘောထက်ရှိ အကြီးအကဲ ငါးယောက်နှင့် သုံးရာ ခြောက်ဆယ်သော တပည့်များသည် အစီအရင်အား တစ်ပြိုင်နက်တည်း အသက်သွင်း လိုက်ကြသည်။ နတ်ဘုရား စွမ်းအား ဆယ့်ခြောက်ခုသည် ရောင်စုံ အလင်းတန်းများ အသွင် ပြောင်းလဲကာနတ်ဘုရားဓားများ အလား ကောင်းကင်ထံ ထိုးတက်လာ၏။ ချန်းဖန်သည် ၎င်းတို့ကို ခုခံနိုင်လိုက်သည့်တိုင် ထိုအရာက ပထမဆုံး တိုက်ခိုက်မှုသာလျှင် ဖြစ်ပေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ဒုတိယ၊ တတိယနှင့် စတုတ္ထ တိုက်ခိုက်မှုများသည် ဆက်တိုက် ဆိုသလို ရောက်ရှိ လာ၏။ တစ်ချိန်တည်း၌ အခြား ဂိုဏ်းကြီးများမှာလည်း ထိုနေရာသို့ ချဥ်းကပ် လာကြသည်။
ဝူကျိဂိုဏ်း၏ “ဝူကျိ ကြယ်သင်္ဘော” သည် ပေတစ်ထောင်ခန့် ရှည်လျားကာ ကမ္ဘာရွှေ သတ္တုဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် ရွှေဖြူရောင် အဆင်း ရှိကာ အလင်းများဖြင့် လွှမ်းခြုံထား၏။ ၎င်း၏ အလွန် မာကြောပြီး ကြယ်များ အတိုင်း ရေးဆွဲထားသည့် အစီအရင် ခုနစ်ဆယ့် ခုနစ်ခုဖြင့် မွမ်းမံထားသည်။ ထို့ကြောင့်ပင် ဝူကျိကြယ်သင်္ဘော၏ စွမ်းအင် ရင်းမြစ်မှာ အဆုံးမဲ့ကာ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် ကျင့်ကြံသူများ ကဲ့သို့ အစွမ်းထက်လှပေသည်။
အပိုလို နန်းတော်၏ “အပိုလို ရွှေသင်္ဘော” မှာမူ အပိုလို အစစ်အမှန်ရွှေနှင့် အပိုလို မီးအစီအရင် ကိုးဆယ့် ကိုးခုကို သုံးကာ ကိုးရာစု တိုင်တိုင် သန့်စင်ထားသည့် စစ်သင်္ဘော တစ်စင်း ဖြစ်ပေသည်။ အပိုလို ရွှေသင်္ဘောသည် အသက်သွင်းထားသော အခါ၌ ကမ္ဘာအား ပြာချ ပစ်နိုင်သည့် နေတစ်စင်း ကဲ့သို့ပင် ကောင်းကင်၌ ထိန်ထိန်လင်း နေလေသည်။
ထိုသို့ဖြင့် ထာဝရဂိုဏ်း တစ်ခုချင်းစီသည် ပြိုင်ဘက်ကင်း စစ်သင်္ဘောများနှင့် နှိုင်းယှဥ်၍ မရနိုင်သော ဓမ္မ ရတနာများကို ပိုင်ဆိုင်ထားကြပေသည်။ သူတို့၏ ထိုရတနာများကား ကျင့်ကြံသူ တစ်ယောက်ချင်းစီက ရင်ဆိုင်နိုင်သည့် အရာများ မဟုတ်ပါချေ။ ချန်းဖန်မှာ ချက်ချင်းပင် တစ်ဖက်သတ် တိုက်ပွဲ၏ အောက်စည်းသို့ ရောက်ရှိ သွား၏။
“ဝှစ်... ဝှစ်...”
ထိုအခွင့်အရေးကို ယူကာ နတ်ဘုရား ဗိုလ်ချုပ်လင်း၊ နတ်ဘုရား ဗိုလ်ချုပ် ရွှမ်မင်နှင့် အခြားလူများမှာ သူတို့၏ သင်္ဘောများမှ ပျံသန်း ထွက်ပေါ်လာကြသည်။ သူတို့သည် စစ်သင်္ဘာများ၏ တိုက်ခိုက်မှုကို ခုခံရင်း အလုပ်များနေသော ချန်းဖန်ကို ဘေးမှ ဝန်းရံရင်း အလစ် တိုက်ခိုက်ရန် ကြိုးစားလိုက်ကြ၏။
“ဘုန်း...”
ထိုအချိန်မှာပင် မူလ နတ်ဘုရား နန်းတော်ထဲမှ အချက်ပေးသံ တစ်ခု ထွက်ပေါ်လာ၏။ နတ်ဘုရား မင်းသားများကား အပြင်တွင် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားကြပြီ ဖြစ်သည်။ သူတို့သည် မကြာခင် ပြန်လည် ထွက်ခွာလာတော့မည် ဖြစ်သည်။
“ဟား... ဟား...”
နတ်ဘုရား ဗိုလ်ချုပ်လင်းနှင့် အခြား နတ်ဘုရား ဗိုလ်ချုပ်များမှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မော လိုက်ကြသည်။ နတ်ဘုရား မင်းသားများ တိုက်ပွဲ အတွင်း ဝင်ရောက်လာသည်နှင့် ချန်းပေ့ရွှမ်းမှာ ဆက်လက် ခုခံနိုင်တော့မည် မဟုတ်ချေ။ အပိုလိုဂိုဏ်း၏ နတ်ဘုရား မင်းသားသည် အခြေတည် ဝိညာဥ် အထွတ်အထိပ် အဆင့်၌ ရှိနေလေရာ သူတစ်ယောက်တည်းပင်လျှင် ချန်းပေ့ရွှမ်းကို ယှဥ်နိုင်ပေလိမ့်မည်။
“ချန်းပေ့ရွှမ်း... မင်းတော့ သေပြီပဲ”
နတ်ဘုရား ဗိုလ်ချုပ် ရွှမ်မင်က ပိုင်နိုင်သော လေသံဖြင့် ပြောလိုက်၏။ နတ်ဘုရား ဗိုလ်ချုပ်လင်းမှာမူ ချန်းဖန်အား လက်ခုပ်ထဲမှ ရေအလား အမူအရာ ကင်းမဲ့စွာ ကြည့်နေခဲ့သည်။
“ဟားဟား...”
ချန်းဖန်က ရယ်မောလိုက်၏။ ထိုအခိုက်၌ သူကား မိစ္ဆာ တစ်ကောင်အလား ရူးသွပ်နေခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ စွမ်းအားကို ထပ်မံ လျှို့ဝှက်ခြင်း မပြုတော့ချေ။
“ဘုန်း...”
အစိမ်း၊ ရွှေနှင့် ရောင်စုံ အဆင်းရှိသော ပန်းသုံးပွင့်သည် ချန်းဖန်၏ ခေါင်းထက်၌ ပေါ်လာခဲ့၏။ မိုးကြိုးများမှာလည်း မိစ္ဆာတို့၏ စစ်ဗုံသံ အလား ထစ်ချုန်းလာကြသည်။ လူများသည် ချန်းဖန်၏ ခန္ဓာကိုယ်၌ စွမ်းအားများ အထပ်ထပ် ထွက်ပေါ်လာကြာင်း တွေ့မြင်ရ၏။ ထိုစွမ်းအားများက မီးကဲ့သို့ လောင်ကြွမ်းနေကာ စကြဝဠာကိုပင် ပြာချပစ်ရန် တာဆူလေသည်။
“ဒါက...”
နတ်ဘုရား ဗိုလ်ချုပ်လင်း၏ မျက်လုံးများမှာ ကျဥ်းမြောင်း သွားသည်။
“ထိပ်ဆုံး ပန့်ပွင့်... အဲဒါတွေက အဆုံးသတ် ပန်းပွင့်တွေ မလား... နောက်ပြီး သူ့မှာ သုံးခုတောင်...”
လင်းယွင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ဒဏ္ဍာရီတွေ အရဆို ဗဟို ဂလက်စီကြီးမှာ ရှိတဲ့ ထိပ်တန်း ပါရမီရှင်တွေပဲ အဆုံးသတ် ပန်းပွင့်ကို ပိုင်ဆိုင် ကြတယ်တဲ့... အဲဒီ ပန်းပွင့် တစ်ခုချင်းစီက ကျင့်ကြံခြင်း အဆင့် တစ်ခုရဲ့ အထွတ်အထိပ်နဲ့ ပြီးပြည့်စုံခြင်းကို ရည်ညွှန်းတယ်တဲ့... ဘယ်လိုလုပ်ပြီး သူ့မှာ သုံးခုတောင် ရှိနေတာလဲ”
နတ်ဘုရား ဗိုလ်ချုပ် အားလုံးမှာ ကြောက်လန့် သွားကြလေသည်။
***