← Chapters

သေဆုံးခြင်း

Vol. 11 Ch. 1097

သေဆုံးခြင်း

Vol. 11 Ch. 1097

“ဟူး... ဟူး...”

မူလ နတ်ဘုရား နန်းတော်‌ရှေ့၌ လေသည် ခက်ထန်စွာ တိုက်ခတ်နေကာ မိစ္ဆာများမှာ ဟိန်းဟောက် နေကြသည်။ များသွာသော မဟူရာ နဂါးကြီးများမှာ နန်းတော်ကို ရစ်ခွေ လိမ်ပတ်ကာ ပျံသန်းနေကြ၏။ နန်းတော်ကြီးကား နတ်ဘုရား ကုန်းမြေ၏ အလယ်၌ သားရဲကြီး တစ်ကောင် အလား လဲလျောင်းနေသည်။ ၎င်းသည် နှစ်ပေါင်း ထောင်၊ သောင်း၊ သိန်း၊ သန်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ပျက်စီးခြင်း သဘောတရားကို ဖီဆန်ကာ ရပ်တည်နေဆဲ ဖြစ်ပေသည်။

နန်းတော်ကြီး၏ ဝင်ပေါက်ဘေးတွင်မူ သွေးများသည် မြစ်တစ်ခု အလား စီးဆင်းနေသည်။ ထောင်ပေါင်းများစွာသော ရွှေအမြုတေ အဆင့်များနှင့် ရာချီသည့် အခြေတည် ဝိညာဥ် အဆင့်များမှာ ချန်းဖန်၏ သတ်ဖြတ်မှုကြောင့် သေဆုံး သွားခဲ့ရပြီ ဖြစ်သည်။

“ခရက်...”

ရုတ်တရက် ဝူကျိဂိုဏ်း နတ်ဘုရား မင်းသား၏ ငွေရောင် ဝတ်စုံမှာ အလယ်မှ ထက်ပိုင်းပြတ် သွား၏။ ထို့နောက် ဖြည်းညင်းစွာပင် သွေးစင်းကြောင်း တစ်ခုမှာ သူ၏ ခန္ဓာကိုယ်ထက်၌ ပေါ်လာခဲ့သည်။

“ခရက်... ခရက်... ခရက်...”

သူ၏ ပတ်လည်၌ ဝန်းရံနေသည့် ဝိညာဥ် ရတနာများမှာလည်း တစ်ခုပြီး တစ်ခု အက်ကွဲ သွားသည်။ သူ၏ လက်ရှိ ကြေးလက်စွပ်၊ လည်ပင်းရှိ မဟူရာ လည်ဆွဲ၊ လက်ကောက်ဝတ်ရှိ ကျောက်စိမ်း လက်ကောက်နှင့် အခြား ဓမ္မ ရတနာ ရှစ်ခု စလုံးကား အကောင်းအတိုင်း မကျန်ရှိတော့ချေ။

“ဝူကျိ နတ်ဘုရား လက်စွပ်...”

“အာကာသ ကျောက်တုံးလည်ဆွဲ...”

“ရှန့်ဟယ် လက်ကောက်...”

“ ... “

လင်းယွင်မှာ ထိုအထဲမှ အနည်းငယ်ကို ချက်ချင်းပင် မှတ်မိ လိုက်သည်။ ထိုရတနာ တစ်ခုချင်းစီမှာ အနည်းဆုံး ကောင်းကင် ရတနာ အဆင့်တွင် ရှိနေကြသည်။ သာမန် အခြေတည် ဝိညာဥ် အဆင့်များမှာ သူတို့၏ ဘဝ တစ်လျှောက်လုံး၌ ထိုကဲ့သို့ ရတနာ တစ်ခု တစ်လေပင် ပိုင်ဆိုင် နိုင်ကြခြင်း မရှိချေ။ ထိုအရာများကား သာမန် ကောင်းကင် ရတနာများထက် အဆပေါင်းများစွာ ပိုမို စျေးကြီးကာ ရှားပါးလှပေသည်။

သို့သော်လည်း ယခု အခိုက်အတန့်တွင်မူ ထိုရတနာ အားလုံးကား ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် ဝိညာဥ်ချီ ကုန်ဆုံးသည့် အလား တဖြည်းဖြည်း အရောင်အဆင်း မှေးမှိန် သွားကြ၏။

ထို့နောက် ဝူကျိ နတ်ဘုရား မင်းသား၏ ခန္ဓာကိုယ်မှာ အလယ်မှ တဖြည်းဖြည်း ထက်ခြမ်းကွဲ သွားသည်။ ကျောက်စိမ်း‌‌ရောင် အရိုးနှင့် ရွှေ‌ရောင် ကြွက်သားများသည် နှစ်ခြမ်း ကွဲနေသော ဒဏ်ရာ တစ်လျှောက် ထွက်ပေါ်နေ၏။

“ရွှေရောင် ခန္ဓာ ကျောက်စိမ်း အရိုး နတ်ဘုရားသွေး...”

ထိုအရာများက သူ၏ ခန္ဓာမှာ သာမန် အခြေတည် ဝိညာဥ် အဆင့်များထက် များစွာ ပိုမို အစွမ်းထက်သည့် အဆင့် တစ်ခုသို့ ရောက်ရှိနေကြောင်း ဖော်ပြနေ၏။ သာမန် ကောင်းကင် ရတနာများမှာ သူ့အား ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း နတ်ဘုရား ပျံသန်းခြင်း ဓားချက်၏ ရှေ့မှောက်တွင်မူ ထိုခန္ဓာသည်လည်း အခြား ခန္ဓာများနှင့် ကွာခြားခြင်း မရှိခဲ့ပါချေ။

“ဘုန်း...”

အဆုံး၌ ဝူကျိ နတ်ဘုရား မင်းသားမှာ ပေါက်ကွဲ သွား၏။ သူ၏ အခြေတည် ဝိညာဥ်ပါ ထက်ပိုင်းဖြတ် ခံလိုက်ရခြင်း ဖြစ်လေရာ သူကား လွတ်မြောက်ရန် မတတ်နိုင်ခဲ့ချေ။

ဝူကျိဂိုဏ်း၏ နတ်ဘုရား မင်းသားကား ဓားတစ်ချက် အတွင်း သေဆုံးသွားခဲ့ရပြီ ဖြစ်တော့သည်။ သို့သော်လည်း ထိုအရာမှာ အစမျှသာလျှင် ဖြစ်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

တိုင်ချူဂိုဏ်း၊ နဲ့ကုန်းဂိုဏ်း၊ ဖူယောင်ဂိုဏ်း အစရှိသဖြင့် အခြား နတ်ဘုရား မင်းသားများမှာလည်း တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲ ကုန်ကြတော့၏။

ချန်းဖန်၏ ဓားချက်ကား သူတို့၏ ဓမ္မ ရတနာများ၊ အဆောင်များကိုသာ မက သူတို့၏ ခန္ဓာကိုယ်နှင့် နတ်ဘုရား စိတ်ဝိညာဥ်တို့ကိုပါ ပိုင်းဖြတ် သွားခဲ့ခြင်း ဖြစ်သည်။ ထိုအရာကား ကြောက်မက်ဖွယ် ကောင်းလွန်း လှပေသည်။

“ကလန့်...”

နောက်ဆုံး၌ ရွှေရောင် အလင်းများ ဝန်းရံနေသည့် အပိုလို နတ်ဘုရား မင်းသား၏ ခန္ဓာကိုယ် ပင်လျှင် နှစ်ပိုင်း ပြတ်‌တောက် သွားခဲ့၏။

“ကြောက်ဖို့ ကောင်းလိုက်တာ... ကြောက်ဖို့ ကောင်းလိုက်တာ...”

လင်းယွင်၏ လက်များက တုန်ရီနေသည်။ သူ ချန်းဖန် အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံ ခဲ့မိခြင်းကား ကံကောင်းလွန်းလှသည်။ မဟုတ်လျှင် သူသည်လည်း အသတ်ခံလိုက်ရပြီ ဖြစ်သည်။

လင်းယွင် ကဲ့သို့ အသက်ရှင် ကျန်ရစ်သည့် အကြီးအကဲတိုင်း၊ တပည့်တိုင်းမှာလည်း မေးများ တဆတ်ဆတ်တုန် နေ၏။ ကြောက်ရွံ့ တုန်လှုပ်ခြင်းသည် သူတို့၏ စိတ်ကို စိုးမိုးထား၏။

နတ်ဘုရား မင်းသားများ၊ အကြီးအကဲများနှင့် မ‌ရေမတွက်နိုင်သော တပည့်များကား ဤနေရာ၌ သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာကား ကမ္ဘာပြိုမတတ် ကြောက်မက်ဖွယ် ကောင်းသော ကပ်ဘေးကြီး ဖြစ်၏။

ထိုသတင်းသာ တောင်ပိုင်း ဒေသငယ်သို့ ရောက်ရှိသွားပါက လူတိုင်း ဒေါသထွက် ကုန်ကြလိမ့်မည် ဖြစ်သည်။ ထာဝရဂိုဏ်းကြီးများ၏ ခေါင်းဆောင်များမှ ထိုဖြစ်ရပ်ကို သည်အတိုင်း ကြည့်နေလိမ့်မည် မဟုတ်ချေ။ သူတို့သည် မရေမတွက်နိုင်သော စစ်သင်္ဘောများကို စေလွှတ်ကာ ကမ္ဘာအား စစ်ခင်းပေလိမ့်မည်။ ထိုအချိန် ရောက်လျှင် မည်သူမျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

“ဝှစ်...”

ထိုအချိန်တွင်ပင် နှစ်ပိုင်းပြတ်နေသော အပိုလို နတ်ဘုရား မင်းသား၏ ခန္ဓာကိုယ်မှ ရွှေရောင် အခြေတည် ဝိညာဥ် တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ချက်ချင်းပင် ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ မူလ နတ်ဘုရား နန်းတော်ထဲသို့ ဝင်‌ရောက် ထွက်ပြေးသွားတော့သည်။

“မင်းက ထွက်ပြေးချင်တာလား...”

ချန်းဖန်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။

အပိုလို နတ်ဘုရား မင်းသားကး ဉာဏ်ကောင်းသည်ဟု ဆိုရပေမည်။ သူသည် ချန်းဖန်၏ ဓားချက်ကို မခုခံနိုင်မှန်း သိသည်နှင့် ခန္ဓာကိုယ်ကို စွန့်ပယ်ပြီး သူ့၏ စွမ်းအင် အကုန်လုံးကို အခြေတည် ဝိညာဥ်ဆီ ပုံအောပစ် ခဲ့သည်။ ထို့ကြောင့်ပင် သူသည် အသက်ရှင်ကာ ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ချန်းဖန်က လက်ထဲရှိ ကြေးဓားကို ကျန်းချူရန်ဆီ ကမ်းပေးလိုက်၏။

“ငါ့ကို ဒီမှာ စောင့်နေနော်... ဓားကို ယူထားလိုက်... တကယ်လို့ တစ်ယောက်ယောက်က ထွက်ပြေးဖို့ ကြိုးစားရင် တစ်ခါတည်း သတ်ပစ်လိုက်”

သူသည် အခြေတည် ဝိညာဥ် အလယ်ဆင့်နှင့် အထက်ဆင့် ကျင့်ကြံသူ အကုန်လုံးကို သတ်ဖြတ် ပစ်ခဲ့ပြီး ဖြစ်သည်။ အစွမ်း အထက်ဆုံး တစ်ယောက် အဖြစ် ကျန်ရစ်သည့် လင်းယွင် ပင်လျှင် အခြေတည် ဝိညာဥ် အစောပိုင်း အဆင့်တွင်သာ ရှိသည်။ ကျန်းချူရန်သည် ဓား၏ အကူအညီဖြင့် ဆိုပါက သူတို့အား လွယ်ကူစွာ ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

“အင်း...”

ကျန်းချူရန်က ဓားအား လှမ်းယူကာ ခေါင်းညိတ် လိုက်၏။ သူမ၏ အဖြူရောင် ဝတ်စုံသည် လေနှင့် အတူ တဖျပ်ဖျပ် လွင့်မြောနေသည်။ ထိုမိန်းကလေးသည် မည်သည့် စိုးရိမ် ပူပန်မှု အရိပ်အငွေ့ကိုမျှ မဖော်ပြပဲ ကြည်လင် သန့်ရှင်းစွာ လှပနေ၏။

“တကယ်လို့ ခုနစ်ရက်နေလို့မှ ငါ ထွက်မလာသေးရင် သူတို့ကို ကမ္ဘာဆီ ပြန်ခေါ်သွားလိုက်...”

ချန်းဖန်က ကျန်းချူရန်ကို ထပ်မံ မှာကြားပြီးနောက် နတ်ဘုရား မင်းသားများနှင့် အခြား ကျင့်ကြံသူများ ကျန်ရစ်သည့် ရတနာ အားလုံးကို သိမ်းဆည်း လိုက်၏။

ထို့နောက် သူက မထွက်ခွာပင် လင်းယွင်နှင့် အခြားလူများအား သတိပေးဟန် တစ်ချက် ကြည့်လိုက်သည်။ လင်းယွင်နှင့် အခြား အသက်ရှင် ကျန်ရစ်သည့် အခြေတည် ဝိညာဥ် အဆင့်၊ ‌ရွှေအမြုတေ အဆင့် အကုန်လုံးမှာ တုန်ရီ သွားကြ၏။ သူတို့သည် မြေပြင်ပေါ် ဒူးထောက်လုနီးပါး အထိ ဖြစ်သွားကြသည်။

ချန်းပေ့ရွှမ်းကား လျှို့ဝှက်ကာ ဒဏ္ဍာရီ ဆန်လွန်းသည်။ သူသည် ရတနာ များစွာ ပိုင်ဆိုင်ထားသည့် နတ်ဘုရား မင်းသားများကိုပင် သတ်ဖြတ် ပစ်နိုင်ခဲ့သည်။ အခြေတည် ဝိညာဥ် အဆင့် ရာချီမှာ သူ၏ အရှေ့၌ ဘာမှ မဟုတ်ခဲ့ချေ။ ထိုကဲ့သို့ အလွန် ကြောက်မက်ဖွယ် ကောင်းသူ တစ်ယောက်ကို သူတို့ မည်ကဲ့သို့ ဆန့်ကျင်ရဲမည်နည်း။

“ဝှစ်...”

ထို့နောက် ချန်းဖန်က ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ မူလ နတ်ဘုရား နန်းတော် အတွင်း ဝင်ရောက် ပျောက်ကွယ်သွားတော့၏။

နောက်ဆုံး၌ ကျန်းချူရန်နှင့် အခြေတည် ဝိညာဥ် အဆင့်၊ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ အချို့သာလျှင် နန်းတော်ရှေ့၌ ကျန်ရစ်တော့သည်။

လင်းယွင်သည် မြေပြင်၌ ပြန့်ကျဲနေသည့် အလောင်း အပိုင်းအစများကို ကြည့်လိုက်မိ၏။ ထိုလူများကား အတိတ်၌ ကြယ်ပင်လယ်မှ လာသည့် ကြီးမြတ်သည့် ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။ သူတို့သည် အရှေ့ဂြိုဟ်၌ မည်သူကိုမျှ လူမထင်ကာ ထင်ရာစိုင်းခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ အရှေ့ဂြိုဟ်သား တစ်ယောက်၏ လက်တွင်ပင် ကောက်ပင်များ အလား အတုံးအရုံး ရိတ်လှီးခံခဲ့ရသည်။

လင်းယွင်က သက်ပြင်းတစ်ချက်ချရင်း ခေါင်းခါ လိုက်သည်။

ထိုအချိန်၌ ချန်းဖန်ကမူ မူလ နတ်ဘုရား နန်းတော်၏ အတွင်းပိုင်းသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူသည် ကြမ်းပြင်ထက်၌ ရွှေရောင်သွေးများကို တွေ့မြင်ရ၏။ ထိုသွေးများသည် မွေးပျံ့သော ရနံရှိပြီး ဝိညာဥ်ချီများဖြင့် ပြည့်နှက်နေသည်။ ထိုအရာကား အပိုလို နတ်ဘုရား မင်းသား၏ သွေးများ ဖြစ်ဟန် ရပေသည်။

“မင်း မလွတ်ပါဘူး..”

ချန်းဖန်သည် သွေးစက်များ အတိုင်း လိုက်လာရင်း အတွင်းပိုင်း အထိ ရောက်ရှိ လာခဲ့သည်။

မူလ နတ်ဘုရား နန်းတော်သည် အလွန် ကြီးမားလှ၏။ ဘေးတစ်ဖက် တစ်ချက်ရှိ လျှောက်လမ်းများ ပင်လျှင် ပေတစ်ထောင်ခန့် ရှည်လျားသည်။ ထိုနန်းတော်သည် အမည်မသိ ‌အနက်ရောင် ကျောက်တုံးများနှင့် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး နှစ်သန်းချီ သက်တမ်းရှိဟန် ရသည်။ ချန်းဖန်သည် နတ်ဘုရား ကုန်းမြေပေါ်၌ တွေ့ရှိရသော နတ်ဘုရား သင်္ကေတများကို နန်းတော်ကြီး၏ နံရံများထက်တွင် ပြန်လည် တွေ့ရသည်။

“ဟမ်... ငါများ မှားနေတာလား... ဒီနန်းတော်ကို ဆရာတို့ ဆောက်ခဲ့တာ မဟုတ်နိုင်လောက်ဘူး ထင်တယ်”

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ သူသည် ပထမ၌ မူလ နတ်ဘုရား နန်းတော်အား တည်ဆောက်ခဲ့သူမှာ ဆရာ ထန်ချင်တို့ ဟု တွေးတောမိခဲ့သည်။ သို့သော်လည်း ယခု ကြည့်ရသည်က ထိုနန်းတော်တွင် ပိုမို ရှည်လျားသော သမိုင်းကြောင်းများ ရှိဟန် ရသည်။ “မူလ” ဆိုသော စကားလုံး ပင်လျှင် ချန်းဖန် ပုံဖော်ထားသည့် အတိုင်း မဟုတ်လောက်ချေ။

“ဝှစ်...”

ချန်းဖန်က အရှိန်ကို မြှင့်ကာ လျှာက်လမ်းများကို လျှင်မြန်စွာ ဖြတ်ကျော်  လာခဲ့သည်။ ထို့နောက် သူသည် များစွာသော အခန်းများကို တွေ့လိုက်ရ၏။

အခန်း တစ်ခုချင်းစီသည် ပေသောင်းဂဏန်း အထိ မြင့်မားသည်။ ထိုအထဲ၌ ရှိသည့် ကျောက်တုံး စားပွဲများ၊ ထိုင်ခုံများမှာလည်း အလွန်အမင်း ကြီးမားလှ၏။ ချန်းဖန်သည် တိုက်တန် တစ်ကောင်၏ နေအိမ်ကို ရောက်နေသည့် လူသား တစ်ယောက် ပမာပင် ခံစား နေရသည်။

“ကောင်းကင်ကျင့်စဥ် ခန်းမ...”

“ကောင်းကင် အမတေ ခန်းမ...”

“ကောင်းကင်ဆေး နန်းတော်...”

ချန်းဖန်သည် အခန်း တစ်ခုချင်းစီ၏ တံခါးထိပ်၌ ရှေးဟောင်း သင်္ကေတများဖြင့် ‌ရေးထိုးထားသည့် နာမည်များကို တွေ့ရသည်။ ထိုလက်ရေး ပုံစံသည် လေထဲ၌ လွတ်လပ်စွာ ပျံသန်းနေသည့် ငှက်များနှင့် သဏ္ဌာန် တူ၏။

သာမန်လူများ ဆိုပါက ထိုအရာများကို နားလည်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ချန်ဖန်ကမူ ထိုအရာမှာ ရှေးဟောင်းခေတ်များ၌ အသုံးပြုခဲ့သည့် “ငှက်ချိပ်စည်း သင်္ကေတ အရေးအသားများ” ဖြစ်ကြောင်း ချက်ချ‌င်းပင် သတိပြုမိလိုက်သည်။ စကြဝဠာထဲရှိ ရှေးဟောင်း မိသားစုကြီးများမှာ ထိုအရေးအသားကို ယနေ့တိုင် ဆက်လက် အသုံးပြုနေဆဲ ဖြစ်သည်။

“သူတို့တွေက ဒီအခန်းတွေကို လေ့ကျင့်ဖို့၊ အနားယူဖို့နဲ့ ဆေးသိုလှောင်ဖို့တွေ အတွက် သုံးခဲ့တာလား...”

ချန်းဖန်မှာ အနည်းငယ် အံ့အားသင့် နေမိ၏။

အခန်း တစ်ခုချင်းစီကား ပေတစ်သောင်းခန့် မြင့်မားကာ ကျောက်တုံး ကုလားထိုင်များ ပင်လျှင် ပေထောင်ဂဏန်း ရှိသည်။ မည်ကဲ့သို့ သက်ရှိများမှာ ထိုနေရာ၌ နေခဲ့ကြသနည်း။ စကြဝဠာ၏ လက်ကျန် ဘီလူးမျိုးနွယ်များ ပင်လျှင် ထိုမျှလောက် ကြီးမားခြင်း မရှိချေ။ ထိုသက်ရှိများမှာ မွေးဖွားခါစကပင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များလောက် အစွမ်းထက် ပေလိမ့်မည်။

“ဒီနေရာမှာ နေခဲ့တဲ့ သူတွေက ရှေးဟောင်း နတ်ဘုရားတွေ မဟုတ်တာတော့ သေချာတယ်... ငါ အတိတ်ဘဝတုန်းက နတ်ဘုရားတွေကို မြင်ဖူးပါတယ်... သူတို့က ဓမ္မ အသွင်ကို ထုတ်ဖော်တဲ့ အခါမှာ ဂလက်စီတွေကို မ နိုင်တဲ့ အထိ ကြီးမားလာတယ် ဆိုပေမဲ့ သူတို့ရဲ့ အစစ်အမှန် ခန္ဓာက လူသားတွေလောက်ပဲ ရှိတာလေ”

ချန်းဖန်က မေးစေ့အား ပွတ်သပ် လိုက်သည်။

“စကြဝဠာထဲမှာ ပေသောင်းချီ မြင့်မားတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ ဆိုလို့...”

ချန်းဖန်၏ မျက်လုံးများမှာ တဖြည်းဖြည်း လင်းလက် လာ၏။

***

All Chapters