မူလ နတ်ဘုရား နန်းတော် အတွင်း၌
Vol. 11 Ch. 1098
“ဟူး... ဟူး...”
ချန်းဖန်သည် မူလ နတ်ဘုရား နန်းတော် အတွင်း ဆက်လက် လျှောက်လာနေခဲ့၏။
ခန်းမများ အတွင်းရှိ ဆေးများ၊ ဓမ္မ ရတနာများမှာ လွန်ခဲ့သော နှစ်သိန်းဂဏန်းခန့်ကပင် ယူဆောင်သွားခြင်း ခံခဲ့ရပြီး ဖြစ်သည်။ ကြည့်ရသည်က အစီအရင် ခင်းကျင်းရန် ရောက်ရှိလာသည့် ဆရာ ထန်ချင်တို့ အဖွဲ့ ဖြစ်နိုင်ပေသည်။
ချန်းဖန်သည် အစစ်အမှန် သိုင်းနတ်ဘုရား အစီအရင်ကို တွေ့ရှိ ကတည်းက ရတနာ များများစားစား မရှိနိုင်တော့ကြောင်း သိရှိထားခဲ့ပြီး ဖြစ်သည်။ သူသည် မဟာ ကျင့်ကြံသူများနှင့် နတ်ဘုရားဂိုဏ်းများမှ သူတော်စင်များ သဘောမတွေ့နိုင်သည့် ရတနာ အချို့ကိုသာ တွေ့ရန် မျှော်လင့်ထား၏။ ထိုအခိုက်အတန့်၌ သူကား အရှေ့ဂြိုဟ်တွင် မွေးဖွားလာသည့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ စကြဝဠာအား စိုးမိုးခဲ့သော မြောက်ပိုင်းကောင်းကင်အရှင် မဟုတ်သေးချေ။
“လက်နက် နန်းတော်...”
“သံချပ်ကာ နန်းတော်...”
“ဦးဆောင်း နန်းတော်...”
ချန်းဖန်သည် အခြား ခန်းမ အချို့ကိုလည်း ထပ်မံ တွေ့ရှိရ၏။ အမည်နာမများကို ဆက်စပ်ရင်း ချန်းဖန်၏ သံသယမှာ ပိုမို ခိုင်မာ လာခဲ့၏။
“ဒီနန်းတော်က မိစ္ဆာ ဖုတ်ကောင်ကို စောင့်ကြည့်ဖို့ တာဝန်ကျတဲ့ ကောင်းကင် စစ်သည်တော်တွေနဲ့ ကောင်းကင် ဗိုလ်ချုပ်တွေ နေခဲ့တဲ့ နေရာ ဖြစ်လိမ့်မယ်...”
မူလ နတ်ဘုရား နန်းတော် စစ်စခန်း တစ်ခုနှင့် တူနေခြင်းကား မထူးဆန်းတော့ချေ။
“ဒီလောက်ဆို အတော်လေးတော့ ရှင်းလာပြီလို့ ဆိုရမယ်... ဒီနေရာက မူလ နတ်ဘုရား နန်းတော် မဟုတ်ဘူး... ဝင်ပေါက်မှာ ရှိတဲ့ ဆိုင်းဘုတ်က ဆရာရေးထားတာပဲ... ဒါကြောင့်ပဲ အဲဒီ လက်ရေးကို လူတိုင်း လွယ်လွယ်ကူကူ ဖတ်လို့ ရတာပေါ့... နောက်ပြီး ဒီနန်းတော်က ကောင်းကင် စစ်သားတွေနဲ့ ကောင်းကင် ဗိုလ်ချုပ်တွေ နေခဲ့တဲ့ နေရာ ဆိုတာ သေချာသွားပြီ... နတ်ဘုရား နယ်မြေမှာ မွေးဖွားပြီး နတ်ဘုရားတွေရဲ့ နောက်ကို လိုက်ခဲတဲ့ လူတွေပဲ ပေထောင်ဂဏန်း အထိ ရှည်နိုင်တယ်”
ချန်းဖန်က တီးတိုး ရေရွတ် လိုက်သည်။
ကောင်းကင် စစ်သည်တော်များနှင့် ကောင်းကင် ဗိုလ်ချုပ်များမှာ ဗဟို ဂလက်စီတွင်ပင် ဒဏ္ဍာရီများ သဖွယ်သာ ကျန်ရစ်သည်။ သူတို့အား နှစ်ပေါင်း သန်းချီကြာအောင် မည်သူမျှ မတွေ့ခဲ့ရချေ။ ထို့ကြောင့်ပင် လူများမှာ သူတို့ မျိုးတုန်း ပျောက်ကွယ်သွားပြီဟု သတ်မှတ်ခဲ့ကြသည်။
သို့သော်လည်း ချန်းဖန်ကမူ သူတို့နှင့် တွေ့ဆုံဖူးသည့် အပြင် ထိုအထဲမှ အချို့ကိုပင် သတ်ဖြတ်ခဲ့ဖူးသည်။ ကောင်းကင် စစ်သည်တော်များနှင့် ကောင်းကင် ဗိုလ်ချုပ်များသည် ဘီလူးကြီးများထက်ပင် ပို၍ ကြီးမားကြသည်။ သူတို့ အားလုံးသည် အနည်းဆုံး ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်များ၌ ရှိနေကြပြီး ကောင်းကင် ဗိုလ်ချုပ်များ ဆိုလျှင် တာအို ပေါင်းစည်းခြင်း အဆင့်ကိုပင် ရောက်ရှိ နေကြသည်။
“ဒီနန်းတော်ရဲ့ ပထမ နာမည်က ကောင်းကင် စစ်သည်တော် နန်းတော် ဆိုပြီး ဖြစ်လိမ့်မယ်... နောက်ပိုင်းမှ မူလ နတ်ဘုရား နန်းတော် ဆိုပြီး ဖြစ်သွားတာ... ဒီအကြောင်းအရာရဲ့ နောက်ကွယ်မှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ် တစ်မျိုးတော့ ရှိရမယ်”
ချန်းဖန်က တွေးလိုက်သည်။ သူသည် လျှင်မြန်စွာပင် တစ်ခန်းပြီး တစ်ခန်း ရွေ့လျားနေ၏။ သူ မျှော်လင့်ထားသည့် အတိုင်းပင် အခန်း အားလုံးမှာ အလွတ်ချည်းပင် ဖြစ်သည်။ မည်သည့် ရတနာ တစ်ခု တစ်လေမျှ ရှိမနေခဲ့ချေ။
“ဘာမှကို မရှိတာ...”
ချန်းဖန်မှာ အနည်းငယ် စိတ်ပျက် သွားခဲ့၏။
“ဘာပဲ ဖြစ်ဖြစ်လေ...”
သူက ခေါင်းအား ခါယမ်း လိုက်သည်။ ထို့နောက် သူက နတ်ဘုရား လက်နက် နန်းတော်ထဲမှ ထွက်ခွာကာ အပိုလို နတ်ဘုရား မင်းသားနောက်သို့ လိုက်ရန် ပြင်လိုက်၏။ ရုတ်ချည်ပင် သူသည် ခန်းမကြီး၏ ထောင့်တစ်နေရာ၌ စိုက်ဝင်နေသည့် တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။။
“ဘာလဲ...”
ချန်းဖန်က သေချာအောင် ကြည့်လိုက်၏။ ထိုအရာကား ဓားကျိုး တစ်ချောင်း ဖြစ်သည်။ ထိုဓားကျိုးသည် အနက်ရောင် အဆင်း ရှိကာ ဖုန်များ၊ ပင်ကူမျှင်များ၏ အလယ်၌ နစ်မြုပ်နေသည်။ နှစ်ပေါင်း သန်းချီအောင် ကြာမြင့်ခဲ့ပြီးသည့်နောက် ဓားသည် ဝိညာဥ်ချီများကို ဆုံးရှုံးကာ ထူးဆန်းသော သတ္တု ရုပ်ထု တစ်ခု အနေဖြင့်သာ ကျန်ရှိတော့သည်။
“ဒါက...”
ချန်းဖန်က ဓားကျိုးရှိရာဆီသို့ လျှောက်လာခဲ့၏။ သူက ဓားကျိုးအား ထိလိုက်ရာ ခေါင်းလောင်းမြည်သံ တစ်ခုကို ကြားလိုက်ရသည်။ ထိုအရာကား ချန်းဖန် ပင်လျှင် တစ်ခါမှ မမြင်ဖူးသည့် သတ္တု တစ်ခု ဖြစ်ပေသည်။
“ဒီဓားကျိုးက လွန်ခဲ့တဲ့ နှစ်ရာဂဏန်းလောက်က မဟုတ်တာတော့ သေချာတယ်... ငါ့ အထင် ဒါက ရှေးဟောင်းခေတ်တွေတည်းက ရှိနေခဲ့တာ ဖြစ်နိုင်တယ်... နောက်ပြီး ဒီဓားကျိုးကို ပြုလုပ်ထားတဲ့ သတ္တုကလည်း ဆန်းကြယ်လွန်းတယ်... ဒဏ္ဍာရီထဲက နတ်ဘုရားရွှေ ဆိုတဲ့ သတ္တုပဲ ဖြစ်လိမ့်မယ်”
ချန်းဖန်၏ မျက်လုံးများက အနည်းငယ် လင်းလက် တောက်ပနေ၏။ နတ်ဘုရား နယ်မြေ၌ ကောင်းကင် စစ်သည်တော်များ၊ ဗိုလ်ချုပ်များ၏ လက်နက်များကို နတ်ဘုရားရွှေဖြင့်သာ သွန်းလုပ်ကြသည်။ ၎င်းတို့သည် အလွန်အမင်း အဖိုးတန်ကာ အနည်းဆုံး ပေထောင်ဂဏန်းခန့် ရှည်လျားကြသည်။ ဤဓားကျိုးမှာ နတ်ဘုရား လက်နက် တစ်ခု၏ အလွန် သေးငယ်သော အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်ပေသည်။
“ဒီဓားကျိုး တစ်ခုလုံးက နတ်ဘုရားရွှေ အတိနဲ့ ပြီးတာတော့ မဟုတ်ဘူး... မဟုတ်ရင် ကောင်းကင်ဂိုဏ်းကြီး ကိုးဂိုဏ်းတောင် ဒီဓားကျိုး အတွက် တိုက်ခိုက်ကြမှာ... ဘာပဲဖြစ်ဖြစ်လေ ဒီဓားကျိုးမှာ နတ်ဘုရားရွှေ နည်းနည်းပဲ ပါတယ် ဆိုပေမဲ့ နှစ်သန်းချီအထိတောင် မပျက်စီးပဲ ရှိခဲ့တာ ဆိုတော့ အရမ်း မာလို့ပဲ ဖြစ်ရမယ်”
နတ်ဘုရားဂိုဏ်းမှ သူတော်စင်ကြီးများမှာ နန်းတော်ကို ရောက်ရှိခဲ့ရာ ဤဓားကျိုးအား တွေ့မည်မှာ သေချာပေသည်။ သို့သော်လည်း ဝိညာဥ်ချီ ကုန်ဆုံးနေသော ဓားတစ်လက် ဖြစ်သောကြောင့် သူတို့ စိတ်မဝင်စားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ နတ်ဘုရား မင်းသားများမှာလည်း အစစ်အမှန် နတ်ဘုရား လက်နက်ကို ကြားဖူးခြင်း မရှိခဲ့သောကြောင့် ဓားကျိုးအား လျစ်လျူခဲ့ခြင်း ဖြစ်ပေမည်။
သို့သော်လည်း ချန်းဖန်မှာမူ ထိုဓားကျိုးကို ကောင်းစွာ သိရှိပေသည်။ ထိုအရာသည် မည်သည့် ဓမ္မ စွမ်းအားကိုမှ မပိုင်ဆိုင်တော့သည့်တိုင် အလွန် မာကြောကာ ထက်ရှနေဆဲ ဖြစ်သည်။ သာမန် နတ်ဘုရား ရတနာများမှာ ၎င်းအား ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။
“ငါ့မှာသာ အစောတည်းက ဒီဓားကျိုး ရှိရင် နတ်ဘုရား ပျံသန်းခြင်း ဓားချက်တောင် မလိုဘူး... တစ်ချက် ဝှေ့ယမ်းရုံနဲ့တင် တိုင်ချူ ကောင်းကင် သင်္ဘောနဲ့ ဝူကျိ ကြယ်သင်္ဘောတို့ကိုပါ ထက်ပိုင်းပိုင်းနိုင်မှာ သေချာတယ်”
ချန်းဖန်က ရယ်မောလိုက်၏။ ထို့နောက် သူသည် နတ်ဘုရား စိတ်အာရုံကို ထုတ်ဖော်ကာ ဓားကျိုးထဲအား စစ်ဆေး လိုက်သည်။ သူသည် ဓားကျိုး အတွင်း၌ အလွန် သေးငယ်သော စွမ်းအင်စလေး တစ်ခုကို တွေ့ရ၏။ ထိုစွမ်းအင်စလေးမှာ အလွန် အားနည်းကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ဟန် ရပေသည်။
“ဝှစ်...”
ချန်းဖန်သည် သူ၏ နတ်ဘုရား စိတ်အာရုံနှင့် ထိုစွမ်းအင်စလေးကို ဆက်သွယ်ရန် ကြိုးစားကြည့် လိုက်သည်။ သို့သော်လည်း ဓားကျိုးမှာ တုန့်ပြန်ခြင်း မရှိချေ။
“ဝှစ်... ဝှစ်...”
ချန်းဖန်သည် ဆက်လက် ကြိုးစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူသည် ဓားနှင့် တဖြည်ဖြည်း ဆက်သွယ် လာနိုင်ခဲ့သည်။ ဓားကျိုးသည် ချန်းဖန်၏ ဓမ္မ စွမ်းအားကို စုပ်ယူသည်နှင့် အမျှ ဖုန်များမှာ စတင် လွင့်ပြယ်လာ၏။ တစ်ချိန်တည်း၌ တောက်ပသော ရောင်ခြည်များမှာလည်း စတင် ကွန့်မြူးလာသည်။
“ဘုန်း...”
ဓားကျိုးသည် အရှိန်ရလာသည်နှင့် အမျှ ချန်းဖန်၏ ဓမ္မ စွမ်းအားများကို ပိုမို အရှိန်ပြင်းစွာ စုပ်ယူလာသည်။
“တစ်ဆယ် ရာခိုင်နှုန်း...”
“နှစ်ဆယ် ရာခိုင်နှုန်း...”
“သုံးဆယ် ရာခိုင်နှုန်း...”
အဆုံး၌ ဓားကျိုးသည် ချန်းဖန်၏ ဓမ္မ စွမ်းအား ကိုးဆယ် ရာခိုင်နှုန်း နီးပါးကို စုပ်ယူ သွားခဲ့သည်။ ထိုပမာဏကား အခြေတည် ဝိညာဥ် အထွတ်အထိပ် အဆင့် တစ်ယောက်၏ အစစ်အမှန် အမတေ ပမာဏနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။
ထို့နောက်တွင် ချန်းဖန်သည် သိမ်မွေ့သော အသံ တစ်ခုကို ကြားလိုက်ရ၏။
ဓားကျိုးသည် တုန်ခါလာကာ ၎င်း၏ အပေါ်၌ ရှိနေသည့် ဖုန်များ၊ ပင့်ကူမျှင်များ အကုန်လုံးမှာ ပျောက်ကွယ် သွားသည်။ ၎င်းကား သလင်းကျောက်အလား ကြည်လင်လှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေသည်။
ဖုန်များ ကွယ်ပျောက်သွားပြီးနောက် ဓားကျိုးအား ဝန်းရံနေသည့် အလင်းသည် ပိုမို၍ တောက်ပလာ၏။ အဆုံး၌ ၎င်းမှာ အလင်း စက်ဝန်း တစ်ခု အသွင် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခုကို ဖြစ်ပေါ်လာစေသည်။ ထိုအရာသည် နတ်ဘုရား လက်နက်၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည့်တိုင် လူသား ကမ္ဘာရှိ နတ်ဘုရား ရတာနာများ၊ အထွတ်အမြတ် ရတနာများထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“မြင့်တက်စမ်း...”
ချန်းဖန်က ဓားကျိုးအား ဆွဲနှုတ်ရန် ကြိုးစား လိုက်သည်။ သို့သော်လည်း ဓားကျိုးကား တုတ်တုတ်မျှ မလှုပ်ပါချေ။ ချန်းဖန်၏ ခန္ဓာကိုယ်နှင့် ဓမ္မ စွမ်းအား နှစ်ခုပေါင်း ပင်လျှင် ဓားအား လှုပ်ရှားရန် မတတ်နိုင်ခဲ့ချေ။
“ဟမ့်... ဓားကျိုးလေး တစ်ခုကများ ငါ့ကို အာခံချင်တယ်ပေါ့... ငါက မင်းရဲ့ သခင်လို အစွမ်းထက်တဲ့ ကျင်ကြံသူတွေကို မရေမတွက်နိုင်တဲ့ အထိ သတ်ခဲ့ဖူးတယ်”
ချန်းဖန်က အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် သူက ဖနှောင့်ကို ပေါက်ကာ အော်ဟစ် လိုက်သည်။
“ရွှမ်ထျန်း လက်နက် ထိန်းချုပ်ခြင်း ကျင့်စဥ်...”
“ကလန့်...”
အနီရောင် အလင်း တစ်ခုမှာ ချန်းဖန်၏ လက်မှ ထွက်ပေါ်လာကာ ဓားကျိုးအား သွားရောက် ထိ၏။ အနီရောင် အလင်းသည် ချက်ချင်းပင် ဓားကျိုး အတွင်း ဝင်သွားကာ ထိန်းချုပ်ခြင်း အစီအရင် တစ်ခုအား ခင်းကျင်းသည်။
“ဒင်... ဒင်... ဒင်...”
ဓားသည် ဆူညံသော အသံများကို စတင် ထုတ်လွှတ်လာ၏။ ကြောက်မက်ဖွယ် အသံလှုင်းများသည် လာရောက် ရိုက်ခတ်လေရာ ချန်းဖန်၏ အရေပြားမှာ အက်ကွဲ သွားခဲ့သည်။
သို့သော်လည်း ချန်းဖန်မှာ လက်လျှောခြင်း မရှိချေ။ သူသည် ရွှမ်ထျန်း ဓားထိန်းချုပ်ခြင်း ကျင့်စဥ်ကို အသက်သွင်းကာ ဓားအား ထိန်းချုပ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။
“ဒင်... ဒင်... ဒင်...”
ဓားကျိုး၏ အသံမှာ ပို၍ ကျယ်လောင်လာ၏။ အဆုံး၌ ၎င်းမှာ နန်းတော် တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားသည်။
“ကလန့်...”
ဆူညံသံများနှင့် အတူ အနီရောင်ရင့်ရင့် အော်ရာ တစ်ခုသည် ဓားကျိုး၏ ခန္ဓာထက်၌ ပေါ်လာ၏။ ၎င်းသည် ကြောက်မက်ဖွယ် အင်အားကို သယ်ဆောင်ကာ ဖြည်းညင်းစွာ ပိုမို တောက်ပ လင်းထိန်လာသည်။
တစ်ပေ၊ နှစ်ပေ၊ သုံးပေ...
ဆယ်ပေ၊ ပေနှစ်ဆယ်၊ ပေသုံးဆယ်...
ထိုကြမ်းကြုတ်သော အော်ရာသည် ပြင်းထန်စွာ တိုက်ခိုက်လေရာ ချန်းဖန်၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများဖြင့် ပြည့်နှက် လာခဲ့သည်။ သွေးများသည် စီးကျနေ၏။ အကြီးမားဆုံးသော ဒဏ်ရာ ဆိုလျှင် ချန်းဖန်၏ ခန္ဓာကိုယ်ကို ထက်ပိုင်း ဖြတ်လုနီးပါး အထိ ဖြစ်သွားခဲ့သည်။
သို့သော်လည်း ချန်းဖန်သည် ဂရုစိုက်ခြင်း မရှိပါချေ။ သူသည် ရွှမ်ထျန်း လက်နက် ထိန်းချုပ်ခြင်း ကျင့်စဥ်ကို ဆက်လက် အသက်သွင်းနေတုန်း ဖြစ်သည်။
“ကလန့်...”
အဆုံး၌ ဓားကျိုးထက်၏ အော်ရာများမှာ မှေးမှိန်သွား၏။ ၎င်းသည် ပေအနည်းငယ် ရှည်လျားသည့် အနက်ရောင် ဓားကျိုး တစ်ခု အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ ချန်းဖန်က ထိုဓားအား အသာအယာပင် ဆွဲထုတ် လိုက်သည်။
“ဒီအထိတောင် မင်းက လာချင်သေးတာလား... တကယ်လို့ မင်းသခင် ဒီနေရာမှာ ရှိနေရင်တောင် ငါက သူ့ကို လက်တစ်ဖက်တည်းနဲ့ သတ်ပစ်နိုင်တယ်”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ ဓားကျိုးသည် အပြင်ပန်း၌ မလှုပ်ရှားတော့သည့်တိုင် အတွင်းပိုင်းတွင်မူ တုန်ခါနေဆဲ ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ ထိုအင်အားလောက်ဖြင့် ချန်းဖန်အား အာခံနိုင်လိမ့်မည် မဟုတ်ပါချေ။
“အပိုလို နတ်ဘုရား မင်းသားနဲ့ စာရင်းရှင်းဖို့ အချိန် ရောက်ပြီ”
***