နတ်ဘုရားကုန်းမြေအောက်၌
Vol. 12 Ch. 1101
“ဘုန်း...”
မူလ နတ်ဘုရား နန်းတော်ရှေ့၌ ရှိနေကြသော လူများသည် အလင်းတန်း တစ်ခု ထိုးတက်လာသည်ကို တွေ့မြင်ရ၏။ ကျန်းချူရန်၊ လင်းယွင်နှင့် အခြား ကျင့်ကြံသူများသည် ထိုအလင်းတန်းကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
“အဲဒါက ဘာလဲ...”
ကျန်းချူရန်တို့ ကြည့်နေစဥ်မှာပင် ကောင်းကင်၌ ရှိနေသည့် ရွှေရောင် အစီအရင်များမှာ တစ်ခုပြီး တစ်ခု လင်းလက်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထိုအစီအရင်များသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်ကာ လေထုကို ဖြန့်ကျက်ကြ၏။ အဆုံး၌ ထိုအစီအရင်များမှာ နတ်ဘုရား ကုန်းမြေ၏ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ကာ လွှမ်းခြုံ သွားတော့သည်။
ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ပိုင်းတစ်စသည် လျှပ်စီးလက် သကဲ့သို့ တစ်ချက် ထွက်ပေါ်လာ၏။ ထိုစွမ်းအားသည် ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားသည့်တိုင် လင်းယွင်တို့မှာ သူတို့၏ ထိတ်လန့်မှုကို မထိန်းနိုင်အောင် ဖြစ်ကြရသည်။ ထိုအရာကား ကမ္ဘာပြိုကျ သကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ၎င်း၏ အရှိန်အဝါ အောက်၌ အခြေတည် ဝိညာဥ် အဆင့်များပင်လျှင် ပုရွက်ဆိတ်များ သဖွယ် အားနည်းသွားရသည်။
“အဲဒါက နတ်ဘုရား အစီအရင်လား... မဟုတ်သေးဘူး... အဲဒီထက် တစ်ဆင့် ပိုမြင့်တဲ့ အထွတ်အမြတ် အစီအရင်ပဲ ဖြစ်ရမယ်”
လင်းယွင်၏ လက်များမှာ အနည်းငယ် တုန်ရီနေ၏။
အထွတ်အမြတ် အစီအရင်ကား အာကာသ အဆင့် ကျင့်ကြံသူများသာ ပြုလုပ်နိုင်သည့် အရာ ဖြစ်သည်။ အပိုလို နန်းတော်သည် တောင်ပိုင်း ဒေသငယ်တွင် ထိပ်ဆုံးဂိုဏ်း ဖြစ်ကာ ဂြိုဟ်နယ်မြေ အချို့ကို အုပ်စိုးထားသည်။ သို့တိုင်အောင် သူတို့သည် အာကာသ အဆင့် တစ်ယောက်ကိုမျှ ပိုင်ဆိုင်ထားခြင်း မရှိချေ။ တောင်ပိုင်း ဒေသငယ် တစ်ခုလုံး၌ အစွမ်း အထက်ဆုံးဟု သမုတ်ကြသည့် သူတို့၏ နတ်ဘုရား အင်ပါယာ ပင်လျှင် အာကာသ အဆင့်သို့ ရောက်ရှိရန် အလှမ်း ကွာဝေးနေတုန်း ဖြစ်သည်။ ကျင့်ကြံသူ တစ်ယောက်သည် အာကာသ အဆင့်သို့ ရောက်မှသာလျှင် သူတော်စင်ဘွဲ့ကို ခံယူနိုင်ကြလေသည်။
သူတော်စင်များကား ကြယ်ပင်လယ် အတွင်းပိုင်းတွင်ပင် ရှားပါးသည့် ဖြစ်တည်မှုများ ဖြစ်သည်။ သူတော်စင် တစ်ယောက်သည် တောင်ပိုင်း ဒေသငယ် တစ်ခုလုံးကို ခြေဖနှောင့် တစ်ချက် ပေါက်ရုံဖြင့်ပင် ဖျက်ဆီးနိုင်ကြသည်။
လိုရင်းသို့ သွားရပါက ထိုကဲ့သို့ ကျင့်ကြံသူများ သာလျှင် ဖန်တီးနိုင်သည့် အထွတ်အမြတ် အစီအရင်ကို မည်သူက မကြောက်ရွံပဲ နေနိုင်ပါမည်နည်း။
“မူလ နတ်ဘုရား နန်းတော်ထဲမှာ ဘာဖြစ်နေတာလဲ... ဘာလို့ ဒီအစီအရင်တွေက အသက်ဝင် လာရတာလဲ... ချန်းပေ့ရွှမ်းက အသက်သွင်းလိုက်တာလား”
လင်းယွင်က တုန်တုန်ရီရီဖြင့် ရေရွတ်လိုက်၏။ အခြား အခြေတည် ဝိညာဥ် အဆင့်များမှာလည်း မျက်နှာများ ဖြူရော်ကာ အလွန်အမင်း ကြောက်လန့် နေကြလေသည်။
ကျန်းချူရန်မှာမူ စိတ်ပူပန်စွာဖြင့် မူလ နတ်ဘုရား နန်းတော် အတွင်းပိုင်းဆီသို့ လှမ်းမျှော်ကြည့် နေခဲ့၏။ သူမသည် ဖြစ်နိုင်လျှင် ချန်းဖန်နောက်သို့ လိုက်သွားချင်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမ၌ အခြေတည် ဝိညာဥ် အဆင့်များကို စောင့်ကြည့်ရန် ဟူသော တာဝန်က ရှိနေပြန်သည်။ နောက်ဆုံး၌ သူမသည် စိတ်ကိုတင်းလျှက် ချန်းဖန် ပေးထားခဲ့သော တာဝန်ကို ကျေပြွန်အောင် ထမ်းရွက်ရန်သာ ရွေးချယ်လိုက်တော့၏။
မူလ နတ်ဘုရား နန်းတော်ရှေ့တွင်သာ မက နတ်ဘုရား ကုန်းမြေ၏ ထောင့်တစ်နေရာတိုင်းရှိ လူများသည်လည်း ကောင်းကင်ရှိ အစီအရင်များ အသက်ဝင်လာသည်ကို တွေ့မြင်ကြရလေ၏။
“အပိုလို နတ်ဘုရား မင်းသားက မဟာ အခွင့်အရေးကို တွေ့သွားပြီလား...”
ကြယ်ပင်လယ်မှ ကျင့်ကြံသူများမှာ တစ်ယောက်ကို တစ်ယောက် အချက်ပြလိုက်ကြသည်။
“ငါတို့လည်း မြန်မြန်လုပ်မှ ဖြစ်မယ်ဟေ့... မဟုတ်ရင် အပိုလို နတ်ဘုရား မင်းသားနဲ့ ဝူကျိ နတ်ဘုရား မင်းသားတို့နောက် ပြတ်ကျ ကျန်ခဲလိမ့်မယ်”
...
ထိုအချိန် မူလ နတ်ဘုရား နန်းတော် အတွင်း၌...
အပိုလို နတ်ဘုရားသည် ပြူးကျယ်သော မျက်လုံးများဖြင့် ချန်းဖန်နှင့် ရေတွင်းတို့အား တစ်လှည့်စီ ကြည့်နေခဲ့လေသည်။ သူကား ချန်းဖန် သင်္ကေတများကို ရေးဆွဲကာ ရေတွင်းအား အသက်သွင်းလိုက်သည်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသူ ဖြစ်သည်။
“မင်း... မင်း ဘယ်လိုလုပ်ပြီး အစီအရင်ကို အသက်သွင်းနိုင်ရတာလဲ... အဲဒါက ဗဟို ဂလက်စီက ဝမ်ရှင်း တန်ခိုးရှင်ကြီးတွေနဲ့ သူတော်စင်တွေ တည်ဆောက်ထားတဲ့ အစီအရင်လေ... နောက်ပြီး မင်းက မူလ နန်းတော် ၉၉ ခုကိုလည်း ထိန်းချုပ်နိုင်သေးတာမှ မဟုတ်တာ”
အပိုလို နတ်ဘုရား မင်းသားမှာ ရူးမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန် လုပ်ဆောင်လိုက်သော အရာကား သူ့အတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခုကို ဖြစ်စေသည်။
“မ... မဟုတ်မှ လွဲရော... မင်းက...”
ရုတ်တရက် အပိုလို နတ်ဘုရား မင်းသား၏ နတ်ဘုရား စိတ်ဝိညာဥ်မှာ ပြင်းထန်စွာ တုန်ရီလာ၏။ သူ၏ မျက်လုံးများမှာ ချောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်။
“မင်း... မင်းက နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်းက လာတာလား...”
ထိုအခိုက်၌ အပိုလို နတ်ဘုရား မင်းသားကား အမှန်တကယ် ကြောက်လန့် နေခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်း...
ထိုအရာကား စကြဝဠာ တစ်ခုလုံးကို အုပ်စိုးထားသည့် ဂိုဏ်းကြီးများ ဖြစ်သည်။ အပိုလို နန်းတော်သည် တောင်ပိုင်း ဒေသငယ်၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့်တိုင် နတ်ဘုရား ဂိုဏ်းကြီး ကိုးဂိုဏ်း၏ အရှေ့တွင်မူ ဘာမှ မဟုတ်ချေ။ ထိုဂိုဏ်းကြီး တစ်ခုချင်းစီကား အပိုလို နန်းတော်ကို လက်ညိုး တစ်ချောင်းတည်းဖြင့်ပင် ဖျက်ဆီးနိုင်ကြသည်။
“မင်းက တကယ်ပဲ နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်းက လူလား... ဒြပ်စင်ငါးမျိုး တန်ခိုးရှင်းဂိုဏ်းကလား... ဒါမှမဟုတ် ကောင်းကင်တက်ခြင်းဂိုဏ်းကလား”
အပိုလို နတ်ဘုရား မင်းသားက မေးလိုက်၏။
သို့သော်လည်း ချန်းဖန်က ပြန်မဖြေချေ။ သူသည် သူ၏ စွမ်းအားနှင့် စိတ်အာရုံ အလုံးစုံကို ရေတွင်းဆီသို့သာ ပို့လွှတ် ထားခဲ့သည်။
ထိုအခိုက်၌ ချန်းဖန်၏ စိတ်သည် အလွန် ကျယ်ပြောကာ အဆုံးမဲ့သည့် ကောင်းကင်တွင် လွင့်မြောနေခဲ့၏။ ထိုအခိုက်၌ သူသည် အလွန် ကြီးမားသော သစ်ပင်ကြီး တစ်ပင်၏ အရှေ့ရှိ ယင်ကောင် တစ်ကောင်အလား ခံစား နေခဲ့ရလေသည်။ ထိုယင်ကောင်သည် မည်မျှပင် ကြိုးစား စေကာမူ သစ်ပင်ကို မည်ကဲ့သို့ လှုပ်ရှားနိုင်ပါမည်နည်း။
“ဒီတော့ကာ ဒီရေတွင်းက မူလ နတ်ဘုရား နန်းတော်ရဲ့ အဓိက အမြုတေပေါ့”
ချန်းဖန်က ခေါင်းအား ငုံ့ကာ ရေတွင်းကို သေချာစွာ အကဲခတ် လိုက်သည်။ အချိန် တခဏ ကြာပြီးနောက် သူက နဖူးအား ပြန်ရိုက်လိုက်၏။
“ဒီဟာက မူလ ရေတွင်း မဟုတ်လား... ငါ ဘာလို့ မမှတ်မိရတာလဲ... မူလ ရေတွင်းက လွဲလို့ ဘယ်အစီအရင်က မိစ္ဆာချီကို နတ်ဘုရားချီ ဖြစ်အောင် ပြောင်းလဲပေးနိုင်မှာတဲ့လဲ”
မူလ ရေတွင်း...
မူလ ရေတွင်းမှာ ဓမ္မ ရတနာ တစ်ခုထက် စာလျှင် ဝိညာဥ် စုစည်းခြင်း အစီအရင်နှင့်ပင် အလား သဏ္ဌာန် တူသည်။ ထိုအရာသည် စကြဝဠာ၌ ရှိသည့် စွမ်းအင် မှန်သမျှကို ဝိညာဥ်ချီ အဖြစ် ပြောင်းလဲ ပစ်နိုင်စွမ်း ရှိသည်။ ပုံမှန်အားဖြင့် ဆိုလျှင် ဂိုဏ်းတိုင်းသည် ဝိညာဥ် ရေတွင်း တစ်တွင်းကို ပိုင်ဆိုင် ထားကြသည်။ ချန်းဖန် ပင်လျှင် မြောက်ပိုင်းချုံးကို တည်ထောင်စဥ် အခါက မူလ ရေတွင်း တစ်တွင်းကို တည်ဆောက်လိုခဲ့သည်။
ဤမူလ ရေတွင်းကို ချန်းဖန် ချက်ချင်း မမှတ်မိခဲ့ခြင်းမှာ အလွန် ဟောင်းနွမ်း ရှေးကျလွန်းသောကြောင့် ဖြစ်သည်။ ထို့အပြင် ရေတွင်းမှ ထုတ်လုပ်သည့် အရာက ဝိညာဥ်ချီ မဟုတ်ချေ။ အလွန်တရာ အဖိုးထိုက်တန်သည့် နတ်ဘုရားချီ ဖြစ်ပေသည်။
“မိစ္ဆာချီကို နတ်ဘုရားချီဖြစ်အောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိတဲ့ မူလ ရေတွင်းက အရမ်းကို ရှားပါးပြီး အဖိုးတန်တယ်... အထွတ်အမြတ်မြေတွေမှာတောင် အဲဒီလို ရတနာမျိုး ရှိမယ်လို့ ငါ မထင်ဘူး... စကြဝဠာရဲ့ သက်တမ်း အရင့်ဆုံး ဂိုဏ်းကြီးတွေနဲ့ မျိုးနွယ်ကြီးတွေပဲ ပိုင်ဆိုင်နိုင်လိမ့်မယ်”
ချန်းဖန်က ခေါင်းညိတ်လိုက်၏။ မူလ ရေတွင်း၏ တန်ဖိုးမှာ အထွတ်အမြတ် ရတနာထက်ပင် ပိုမို မြင့်မားလှသည်။ နတ်ဘုရား ကုန်းမြေ၌ နန်းတော် ကိုးဆယ့် ကိုးခု ရှိရ မူလရေတွင်း ကိုးဆယ့် ကိုးခု ရှိနေပေလိမ့်မည်။ ထိုကုန်ကြမှုကား ချန်းဖန် မျှော်လင့်ထားသော အရာထက် အဆများစွာ သာလွန် နေခဲ့သည်။
“ဆရာထန်ချင်တို့က နတ်ဘုရား လောင်းလျာ တစ်ဦး အတွက် မူလ ရေတွင်း ကိုးဆယ့် ကိုးခုနဲ့ အစီအရင်တွေကို တည်ဆောက်ခဲ့တာလား”
ချန်းဖန်မှာ ထိုအရာကို သံသယ ရှိ၏။ နတ်ဘုရား ဂိုဏ်းကြီး ကိုးဂိုဏ်းသည် ကြီးမားသော ရင်းနှီးမြုပ်နှံ့မှုကို သုံးကာ နှစ်ပေါင်း ထောင်ချီအောင် လက်တွဲ၍ လုပ်ဆောင်ခဲ့သည်။ ထိုအရာက နတ်ဘုရား လောင်းလျာ တစ်ယောက် ပေါ်ထွန်းရန် တစ်ခုတည်း အတွက် ထိုက်တန်ပါ၏လော။
ချန်းဖန်၏ အတွေးအရ ဆိုလျှင် ထိုအရာက မထိုက်တန်ချေ။
“ထားလိုက်ပါလေ... ဒီမူလ ရေတွင်းက နတ်ဘုရားချီကို ထုတ်လုပ်ပေးနိုင်သေးလား ဆိုတာပဲ အရင်ဆုံး ကြည့်ရအောင်”
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက ဖြည်းညင်းစွာပင် နတ်ဘုရား စိတ်အာရုံကို မူလ ရေတွင်းဆီ ပို့လွှတ်ကြည့်လိုက်သည်။
“ဘုန်း...”
ရုတ်တရက် မူလ ရေတွင်းမှာ တောက်ပလာကာ အလင်းများမှာ နန်းတော် တစ်ခုလုံးသို့ ယှက်ဖြာသွားသည်။ ထို့နောက် ရေတွင်း အတွင်းမှ ဆွဲအား တစ်ခု ထွက်ပေါ်လာကာ ချန်းဖန်၏ နတ်ဘုရား စိတ်ဝိညာဥ်ကို အဆုံးထိ ဆွဲချ သွားတော့သည်။
“ဘုန်း... ဘုန်း...”
ချန်းဖန်၏ နတ်ဘုရား စိတ်ဝိညာဥ်သည် ရေတွင်း တစ်လျှောက် အရှိန်ပြင်းစွာ ကျဆင်းသွား၏။ မရေမတွက်နိုင်သော လေဟာနယ်များ၊ အနက်ရောင် မြူ အလွှာများကို ဖြတ်သန်းပြီး နောက်ဆုံး၌ ချန်းဖန်သည် ရေတွင်း၏ အောက်ခြေသို့ ရောက်ရှိ လာခဲ့လေသည်။
“ဘုန်း...”
အောက်ခြေသို့ ရောက်သည်နှင့် ချန်းဖန်သည် အလွန် ကြီးမားလှသော မိစ္ဆာဖုတ်ကောင်ကြီးကို တွေ့လိုက်ရသည်။ ထိုအရာကြီးကား အလွန် ကြီးမားလွန်းလှ၏။ ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို မိုင်ပေါင်း ထောင်ချီအောင် ဖြန့်ကျက်နိုင်သည့်တိုင် ထိုမိစ္ဆာ ဖုတ်ကောင်ကြီး၏ ခန္ဓာကိုယ် အစအဆုံးကို မတွေ့မြင်ခဲ့ရချေ။
အနက်ရောင် အကြေးခွံများသည် မိစ္ဆာ ဖုတ်ကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် တောင်တန်းများ အလား ဖုထစ်နေ၏။ နေ၊ လနှင့် မိစ္ဆာချီများသည် ၎င်း၏ ပတ်လည်၌ ဝန်းရံနေသည်။ မရေမတွက်နိုင်သည့် နဂါးမိစ္ဆာများသည် ဝေဟင်တွင် ပျံသန်းကာ ဟိန်းဟောက်နေကြလေ၏။
“ဒင်... ဒင်...”
ဆန်းကြယ်သည့် သင်္ကေတများသည် မြေပြင်မှ ရုန်းကြွနေကြ၏။ ၎င်းတို့သည် လေထဲတွင်ပင် တောင်တန်း တစ်ခု အရွယ်အစားရှိ နတ်ဘုရား သံကြိုးများ အသွင်သို့ ပြောင်းလဲကာ မိစ္ဆာ ဖုတ်ကောင်ကြီးကို ချည်နှောင် နေကြလေသည်။ သို့သော်လည်း ထိုသံကြိုးကြီးများသည် မိစ္ဆာ ဖုတ်ကောင်ကြီးနှင့် ယှဥ်လျှင်မူ ဘာမှ မဟုတ်လှချေ။
“ဒီမိစ္ဆာကြီးက ဘယ်တုန်းက သေသွားတာလဲ...”
“နှစ်တစ်သိန်းလား... နှစ်တစ်သန်းလား... ဒါမှမဟုတ် ဆယ်သန်းလား”
ချန်းဖန် ပင်လျှင် ထိုအရာကို သေချာ မသိချေ။ အကယ်၍ ထိုမိစ္ဆာကြီးသာ လွန်ခဲ့သည့် နှစ်ပေါင်း ဘီလျံချီတွင် သေဆုံးခဲ့ခြင်း ဖြစ်ပါက ထိုအရာ၏ ဖြစ်တည်မှုမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
ရွှေအမြုတေ အဆင့်များ၏ သေဆုံးပြီးနောက် ကြွင်းကျန်သော ခန္ဓာကိုယ်သည် နှစ်တစ်သောင်း သာလျှင် တည်တံ့နိုင်ပေသည်။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များ၊ နတ်ဘုရား ရတနာများမှာမူ နှစ်သန်းချီအောင် တည်မြဲ နိုင်သည်။ စကြဝဠာ ထိပ်ဆုံး၌ ရပ်တည်နေသည့် တန်ခိုးရှင်ကြီးများ၏ ခန္ဓာကိုယ်သာလျှင် နှစ်ပေါင်း ဘီလျံ ချီအောင် တည်မြဲနိုင်ပေသည်။
***