← Chapters

ပျက်စီးခြင်း မိစ္ဆာ နတ်ဘုရား

Vol. 12 Ch. 1102

ပျက်စီးခြင်း မိစ္ဆာ နတ်ဘုရား

Vol. 12 Ch. 1102

“ရား...”

မိစ္ဆာ ဘိုးဘေး ခြောက်ပါးသည် ချန်းဖန်၏ နောက်တွင် ပေါ်ထွက် လာခဲ့ကြသည်။ ၎င်းတို့သည် ကျယ်လောင်စွာ ဟိန်းဟောင်ရင်း မိစ္ဆာ ဖုတ်ကောင်၏ ကြောက်မက်ဖွယ်ချီများကို စတင် စုပ်ယူကြလေ၏။ နတ်ဘုရား ကုန်းမြေပေါ်ရှိ မိစ္ဆာချီများ သန့်စင်သည်ကား မှန်သည်။ သို့သော်လည်း ထိုအရာများမှာ မိစ္ဆာ ဖုတ်ကောင်ထံမှ တိုက်ရိုက်လာသည့် ချီများနှင့် မည်ကဲ့သို နှိုင်းယှဥ်နိုင်ပါမည်နည်း။

“ဟူး... ဟူး...”

မိစ္ဆာချီများကို စုပ်ယူသည်နှင့် အမျှ မိစ္ဆာ ဘိုးဘေးများမှာ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကြီးထွား လာကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် မိစ္ဆာချီကို တစ်ချက် ရှိုက်သွင်းတိုင်း၌ ပို၍ သိပ်သည်း လာနေကြလေ၏။ တစ်ချိန်တည်း၌ ရှေးဟောင်း စွမ်းအားများ စီးဆင်းနေသည့် မိစ္ဆာ သင်္ကေတများမှာ သူတို့၏ ပတ်လည်၌ ပေါ်လာခဲ့ကြသည်။

မိစ္ဆာ သင်္ကေတများ ပေါ်လာခြင်းနှင့် အတူ ချန်းဖန်သည် သူ၏ မိစ္ဆာ ဘိုးဘေး ကျင့်စဥ် စတင် တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ စွမ်းအားသည် မမျှော်မှန်းနိုင်သည့် အဆင့် တစ်ခုကို ချိုးဖျက်တော့မည့်ပုံ ရလေသည်။

“မိစ္ဆာဘိုးဘေး ခြောက်ပါး ကျင့်စဥ်က အရင်ဦးဆုံး အဆင့်တက်ဖို့ အခွင့်အ‌‌ရေး ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

မိစ္ဆာဘိုးဘေး ခြောက်ပါး အထွတ်အမြတ် ကျင့်စဥ်သည် မိစ္ဆာလောက၏ ထိပ်ဆုံး ကျင့်စဥ် သုံးခု အနက် တစ်ခု ဖြစ်သည်။ ထိုအရာသည် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကြီး၏ အစစ်အမှန် သိုင်းနတ်ဘုရား ကျင့်စဥ်နှင့်ပင် နှိုင်းယှဥ်နိုင်၏။ ထို့အပြင် ၎င်းကို ချန်းဖန် ကျင့်ကြံနေသည့် ကျင့်စဥ်များ အနက် အခက်ခဲဆုံးဟုပင် ဆိုနိုင်သည်။ မည်သို့ပင် ဆိုစေ ဤစကြစဠာကား လူသား ကျင့်ကြံသူတို့ ကြီးစိုးရာ နေရာ ဖြစ်ပေသည်။ ဂလက်စီပေါင်း သိန်းသန်းချီတွင်ပင် မိစ္ဆာချီကို ရှာဖွေ တွေ့ရှိနိုင်သည့် နေရာဟူ၍ များများစားစား မရှိလှချေ။

“ဟူး... ဟူး...”

မိစ္ဆာ ဘိုးဘေး ခြောက်ကောင်၏ စွမ်းအားမှာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တိုးတက်နေ၏။ ချန်းဖန်သည် မူလ ကတည်းကပင် ရွှေအမြုတေ၏ ထိပ်ဆုံး အဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သို့တိုင်အောင် ယခုတွင်မူ ထိုအဆင့်တွင်ပင် ဆက်လက် တိုးတက်နေသည့် လက္ခဏာများ ဖော်ပြနေသည်။

“အတိတ်ဘဝတုန်းက ငါဟာ ရွှေအမြုတေ အဆင့်ရဲ့ အထွတ်အထိပ်ကို မရောက်ခဲ့ဘူး... ဒါပေမဲ့ အခြေတည် ဝိညာဥ် အဆင့်ကို ရောက်တဲ့ အခါမှာတော့ ဓမ္မ စွမ်းအား ပန်းပွင့်ကို ဖွဲ့စည်းနိုင်ခဲ့တယ်”

ချန်းဖန်မှာ တွေးနေမိ၏။ အတိတ်ဘဝ၏ အစောပိုင်း ကာလများ၌ သူ၏ ကျင့်ကြံခြင်း ခရီးလမ်းမှာ သာမန် ဆန်လွန်းလှသည်။ သို့သော်လည်း နောက်ပိုင်းတွင်မူ သူသည် အခြေခံကို ပြန်လည် တည်ဆောက်ရန် အခွင့်အရေး ရရှိခဲ့သည်။ ထိုသို့ဖြင့် ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားလာသည်နှင့် အမျှ သူ၏ စွမ်းအားနှင့် ကျင့်ကြံခြင်း အမြန်နှုန်းမှာလည်း ပိုမို တိုးတက်လာခဲ့လေသည်။

အထူးသဖြင့် အတိဒုက္ခ အဆင့်သို့ ဝင်ပြီးချိန်၌ ဖြစ်သည်။ သူသည် ထိုအဆင့်၌ အနက်ရှိုင်းဆုံး အလွှာများကို လျှင်မြန်စွာပင် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ သူသည် ထိုအဆင့်၌ တိုးတက်မှုကို မိမိဘာသာ ရှာဖွေခဲ့သည်။ မည်သူမျှ မလျှောက်ဖူးသည့် လမ်းတစ်ခုကို ထွင်ကာ လျှောက်လှမ်းခဲ့သည်။ ထို့ကြောင့်ပင် သူသည် စကြဝဠာကို လွှမ်းမိုးလာနိုင်ခဲ့ကာ မြောက်ပိုင်း ကောင်းကင်အရှင်သခင် ဟူသည့် ဘွဲ့အား ခံယူနိုင်ခဲ့ပေသည်။

“အတိတ်ဘဝမှာတုန်းက ငါဟာ အတိဒုက္ခ အဆင့်နဲ့တင် နတ်ဘုရားတွေကို သတ်ဖြတ်နိုင်ခဲ့တယ်... နတ်ဘုရားတွေရဲ့ ဘယ်တော့မှ မရှုံးဘူး ဆိုတဲ့ ဒဏ္ဍာရီတွေကိုပါ ဖျက်ဆီးပစ်ခဲ့တယ်... ဒီဘဝမှာ ငါ့အနေနဲ့ ဘာလို့ မဟာ ရွှေအမြုတေ အဆင့်ကို မဝင်ရောက်နိုင်ရမှာလဲ”

ချန်းဖန်၏ မျက်လုံးများမှာ တိုး၍ တောက်ပလာနေ၏။ သူသည် ပထမ၌ အဆုံးသတ် ပန်းသုံးပွင့်တွင်ပင် ရပ်တန့်ရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ အရင်းအမြစ် ရှားပါးလွန်းလှသည်။ ဤနေရာ၌ နေ၍ မဟာ ရွှေအမြုတေ အဆင့်ကို တက်လှမ်းရန်မှာ အခွင့်အရေး နည်းပါး လွန်းလှသည်။

သို့သော်လည်း ယခုတွင်မူ သူ၏ အရှေ့၌ မိစ္ဆာ ဖုတ်ကောင်ကြီး ရှိနေခဲ့ပြီ ဖြစ်သည်။ မိစ္ဆာ ဘိုးဘေး ခြောက်ကောင် ပင်လျှင် မိစ္ဆာချီများကို စုပ်ယူကာ တိုးတက်လာနေခဲ့လေပြီ ဖြစ်လေသည်။

ထိုအချိန်တွင်ပင် အံ့အားသင့်နေသော အသံ တစ်ခုမှာ ချန်းဖန်၏ နောက်မှ ထွက်ပေါ်လာလေ၏။

“ဟမ်... အဲဒါက ဘာကြီးလဲ”

ချန်းဖန်က လှည့်ကြည့်လိုက်ရာ အပိုလို နတ်ဘုရား မင်းသား၏ နတ်ဘုရား စိတ်ဝိညာဥ်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်က သူသည်လည်း မူလ ‌ရေတွင်း၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရဟန် တူလေသည်။

နတ်ဘုရားဆေးမြစ်၏ အပိုင်းအစကြောင့် ထင်၏။ အပိုလို နတ်ဘုရား မင်းသား၏ အခြေတည် စိတ်ဝိညာဥ်မှာ ပြန်လည် ကောင်းမွန် လာနေခဲ့ပြီ ဖြစ်သည်။ သူ ဒဏ်ရာ ရခဲ့ကြောင်း ပြသနေသည့် အရာ ဟူ၍ သူ၏ ရင်ဘတ်ထက်ရှိ အပေါက်များသာလျှင် ရှိပေသည်။

“ဒါက နတ်ဘုရား ကုန်းမြေမှာ အကျဥ်းချခံထားတယ် ဆိုတဲ့ မိစ္ဆာကြီးလား... ဘာလို့ ဒီလောက်တောင် ကြီးတာလဲ... ငါကြားဖူးသလောက်ဆို ရှေးဟောင်း မိစ္ဆာ မျိုးနွယ်ရဲ့ မိစ္ဆာ ဘုရင်တောင် ပေတစ်သိန်းလောက်ပဲ ကြီးတာပါ... ဒါပေမဲ့ ဒီဟာကြီးက မိုင်သန်းချီလောက်တောင် ရှိလိမ့်မယ် ထင်တယ်”

ချန်းဖန်နှင့် အပိုလို နတ်ဘုရား မင်းသားတို့သည် မိစ္ဆာဖုတ်ကောင်နှင့် အလွန် အလှမ်းကွာသော နေရာ၌ ရပ်နေသည့်တိုင် အသက်ရှူ ကြပ်ခြင်းကို ခံစားနေကြရလေသည်။ နတ်ဘုရား ကုန်းမြေ၏ ပိတ်ဆို့ထားခြင်းကြောင့်သာ မဟုတ်ပါက သူတို့၏ နတ်ဘုရား စိတ်ဝိညာဥ်များသည် အငွေ့ပျံကာ ပျက်စီး၍ပင် သွားလောက်ပြီ ဖြစ်သည်။

“ဟိုကိုကြည့်... သူ့ရဲ့ ရင်ဘတ်က လှုပ်နေတုန်းပဲ... သူ... သူက အသက်ရှင်နေသေးတာလား”

အပိုလို နတ်ဘုရား မင်းသားက လက်ညိုးထိုးရင်း ထိတ်လန့်တကြား ဆိုလိုက်သည်။

“ဟမ့်... သူသာ အသက်ရှင်နေသေးရင် မင်းဒီအထိ ရောက်လာနိုင်မယ် ထင်နေလား...”

ချန်းဖန်က နှာခေါင်းရှုံ့ လိုက်သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

ထိုအချိန်တွင်ပင် မိစ္ဆာခြောက်ပါး အထွတ်အမြတ် ကမ္ဘာ၌ ပုန်းအောင်းနေသည့် နတ်ဆိုး ခြောက်ကောင်မှာ အပြင်သို့ ထွက်ပေါ်လာကြသည်။ သူတို့သည် ချန်းဖန်၏ လမ်းညွှန်မှုတွင် ပျင်းရိစွာပင် မိစ္ဆာချီများကို စတင် စုပ်ယူ ကြလေသည်။

အနက်‌ရောင် စွမ်းအားများ ဝန်းရံနေသည့် မူရှောင်က လှိုင်းထနေသော အသံဖြင့် ချန်းဖန်အား မေးလိုက်၏။

“သခင်... ဒီကောင်ကြီးက ဘာကြီးလဲ... သူက ဘယ်လို လုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ”

မူရှောင်သည် တောင်တန်း အင်ပါယာ အကျဥ်းထောင် အတွင်းမှ ချန်းဖန် ခေါ်ယူလာသည့် နတ်ဆိုး ခြောက်ကောင် အနက် တစ်ကောင် ဖြစ်သည်။ သူသည် ပထမ၌ အခြေတည် ဝိညာဥ် အလယ်ဆင့်တွင်သာ ရှိခဲ့လေသည်။ သို့သော်လည်း ချန်းဖန်သည် သူအား မိစ္ဆာချီ ကျင့်စဥ်များ ပေးအပ်ကာ ကျင့်ကြံခြင်းတွင် လမ်းညွှန်ပေးခဲ့သည်။ ယခုဆိုလျှင် မူရှောင်သည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်ကိုပင် ချိုးဖျက် နိုင်တော့မည် ဖြစ်သည်။

ချန်းဖန်မှာ မူရှောင်၏ မေးခွန်းကို ပြန်မဖြေသေးပဲ တိတ်ဆိတ်နေသည်။ သူသည် တစ်စုံတစ်ခုကို အလေးအနက် စဥ်းစားနေဟန် ရလေသည်။

ထိုအချိန်တွင်ပင် အပိုလို နတ်ဘုရား မင်းသားက ချန်းဖန်ဘက်သို့ လှည့်လိုက်၏။

“ချန်းပေ့ရွှမ်း... မင်းမှာ လျှို့ဝှက်တဲ့ နောက်ခံ ရှိတယ်ဆိုတာ ငါရိပ်မိပါတယ်... မင်းက နတ်ဘုရား ဂိုဏ်းကြီး ကိုးဂိုဏ်းက လူမဟုတ်ရင်တောင် တစ်နည်းနည်းနဲ့တော့ ဆက်စပ်နေမှာပဲ... ဒါပေမဲ့ ဒီမိစ္ဆာဖုတ်ကောင်ကြီး ဘယ်က ရောက်လာတာလဲ ဆိုတာကိုတော့ မင်းသိမှာ မဟုတ်ဘူးလို့ ငါယုံတယ်... ဒီ‌ကောင်ကြီးက အနည်းဆုံး နှစ်ဘီလျံချီ နေလောက်ပြီ”

“မင်းပြောတာ အမှန်ပဲ... ဒီကောင်ကြီး ဘယ်နေရာကနေ ဘယ်လို ဒီနေရာကို ရောက်လာတယ် ဆိုတာ ငါတကယ် မသိဘူး”

ချန်းဖန်က တည်ငြိမ်စွာပင် ဝန်ခံလိုက်၏။ တစ်ခဏတာ တိတ်ဆိတ်ပြီးနောက် သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဒီကောင်ကြီးက ဘာလဲ ဆိုတာတော့ ငါသိတယ်”

“ရှေးဟောင်းခေတ် အဆုံးသတ်ချိန်က စလို့ နတ်ဘုရားတွေနဲ့ မိစ္ဆာ နတ်ဘုရားတွေဟာ လူသား ကမ္ဘာကို လွယ်လွယ်ကူကူ မဝင်နိုင်ကြတော့ဘူး... ဒီကောင်ကြီးက ဒီနေရာမှာ နှစ်ပေါင်း ဘီလျံချီအောင် ဖမ်းဆီးခံထားရတာ ဒါမှမဟုတ် ရှေးဟောင်တွေတည်းက သေနေတာ ဖြစ်နိုင်တယ်... ကောင်းကင် စစ်သည် နန်းတော်နဲ့ နတ်ဘုရား ကုန်းမြေမှာ ရှိတဲ့ အစီအရင်တွေ၊ သင်္ကေတတွေဟာလည်း အဲဒီ အချက်ကို သက်သေပြနေတယ်”

ချန်းဖန်က ခဏမျှ ရပ်တန့်လိုက်သည်။ သူ၏ မျက်လုံးများတွင်မူ မယုံကြည်နိုင်ခြင်း အချို့မှာ ဖြတ်ပြေးနေလေ၏။

“ကမ္ဘာက ငါတို့ မြင်ရသလို မရိုးရှင်းဘူး... အဲဒါက တာအို ပေါင်းစည်းခြင်း အဆင့်ထက် ပိုပြီး အစွမ်းထက်တဲ့ ပျက်စီးခြင်း မိစ္ဆာ နတ်ဘုရား တစ်ကောင်ကိုတောင် ချုပ်နှောင်ထားနိုင်တယ် ဆိုတော့ ဖြစ်နိုင်တာက... ‌အဲဒါက ရှေးဟောင်းခေတ်တည်းက တည်ရှိခဲ့တဲ့ လက်ကျန်ဂြိုဟ်တစ်လုံးများ ဖြစ်နေတာလား”

“ရှေးဟောင်းခေတ်က လက်ကျန်ဂြိုဟ်...”

မူရှောင်၊ အပိုလို နတ်ဘုရား မင်းသားနှင့် အခြား နတ်ဆိုးများမှာ အံ့အားသင့် သွားကြသည်။

ချန်းဖန်၏ စကားထဲမှ “ရှေးဟောင်းခေတ်” ဆိုသည်မှာ ကမ္ဘာသားများနှင့် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေသားတို့ ပြောဆိုနေကြသည့် ခေတ်ကို ဆိုလိုခြင်း မဟုတ်ချေ။ စကြဝဠာကြီး မဖွဲ့စည်းရသေးသည့် ပျက်စီးခြင်း မူလခေတ်ကိုသာ ဆိုလိုခြင်း ဖြစ်သည်။ ထိုခေတ်ကာလသည် မိစ္ဆာ နတ်ဘုရားများနှင့် နတ်ဘုရားများ စစ်ပွဲများ ဆင်နွှဲခဲ့ကြသည့် အစစ်အမှန် ရှေးဟောင်းခေတ်ပင် ဖြစ်ပေသည်။ ထိုခေတ်ကာလ၌ ဂြိုဟ်များသည် ဂလက်စီများနှင့် နှိုင်းယှဥ်နိုင်သည်အထိ ကြီးမားခဲ့ပေသည်။

‌‌”မဟုတ်မှ လွဲရော ဒါကြီးက ဒဏ္ဍာရီတွေထဲမှာပဲ ရှိတဲ့ ပျက်စီးခြင်း မိစ္ဆာ နတ်ဘုရားကြီးလား”

အပိုလို နတ်ဘုရား မင်းသား၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီသွားလေ၏။

ပျက်စီးခြင်း မိစ္ဆာ နတ်ဘုရားများကား စကြဝဠာ ဖြစ်ပေါ်မလာမှီ ကာလ ကတည်းက တည်ရှိခဲ့သည့် ဒဏ္ဍာရီလာ မျိုးနွယ်ကြီးများ ဖြစ်သည်။ အစစ်အမှန် နဂါး၊ ကောင်းကင် ဖီးနစ်၊ ရွှမ်ဝူ၊ ခွန်ပန်နှင့် နတ်ဘုရား လူဝံများ ပင်လျှင် ထိုပျက်စီးခြင်း မိစ္ဆာ နတ်ဘုရားများ၏ မျိုးဆက်များ ဖြစ်ကြသည်။ ထိုနတ်ဘုရား သားရဲများပင် တာအို ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများကို နှိုင်းယှဥ်နိုင်လေရာ သူတို့၏ ဘိုးဘေးများမှာ မည်မျှ အစွမ်းထက်မည်ကို မှန်းဆနိုင်ပေသည်။

“အဲဒါက တကယ်ပဲ ပျက်စီးခြင်း မိစ္ဆာ နတ်ဘုရားလား...”

မူရှောင်မှာ ဆွံ့အနေ၏။

“ဟုတ်လည်း ဟုတ်တယ်... မဟုတ်လည်း မဟုတ်ဘူး”

ချန်းဖန်က ဆိုလိုက်၏။

“သခင်... ဘာအဓိပ္ပာယ်လဲ”

ဝိညာဥ်စားမျောက်က ချန်းဖန်အား စိတ်ဝင်စားစွာ ကြည့်ရင်း မေးလိုက်သည်။

“အဆုံးမဲ့ ပျက်စီးခြင်းကနေ မွေးဖွားလာတဲ့ ပျက်စီးခြင်း မိစ္ဆာ နတ်ဘုရားတွေကို မူလ မိစ္ဆာ နတ်ဘုရားနဲ့ မျိုးဆက် မိစ္ဆာ နတ်ဘုရားလို့ နှစ်မျိုး ခွဲခြားထားတယ်”

ချန်းဖန်က တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။

“မူလ မိစ္ဆာ နတ်ဘုရားတွေက လောကကြီး မွေးဖွားလာမှုနဲ့ အတူ ဖြစ်ပေါ်လာတဲ့ သက်ရှိတွေပဲ... သူတို့ အကုန်လုံးက အရမ်း အစွမ်းထက်ကြပြီး ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ နှိုင်းယှဥ်နိုင်ကြတယ်... မျိုးဆက် မိစ္ဆာ နတ်ဘုရားတွေကတော့ လောကကြီး မွေးဖွားလာပြီးတဲ့နောက်မှ ဖြစ်ပေါ်လာတဲ့ သက်ရှိတွေပဲ... မျိုးဆက် မိစ္ဆာ နတ်ဘုရားတွေက မူလ မိစ္ဆာ နတ်ဘုရားတွေလိုတော့ အကုန်လုံး အစွမ်း မထက်ကြဘူး... သူတို့ထဲက အစွမ်း အထက်ဆုံး ကောင်တွေဟာ နတ်ဘုရားတွေနဲ့ ယှဥ်ပြီး တိုက်ခိုက်နိုင်ကြပေမဲ့ အားနည်းတဲ့ ကောင်တွေကတော့ အာကာသ အဆင့်၊ တာအို ပေါင်းစည်းခြင်း အဆင့်တွေနဲ့ပဲ နှိုင်းယှဥ်နိုင်ကြတယ်”

“သွေးမျိုးဆက်ပေါင်း များစွာ ပြောင်းလဲခဲ့ပြီးတဲ့နောက် မျိုးဆက် မိစ္ဆာ နတ်ဘုရားတွေထဲက အားအနည်းဆုံးဟာ အခြေတည် ဝိညာဥ် အဆင့်၊ ရွှေအမြုတေ အဆင့် နောက်ဆုံး မူလ အဆင့် အထိတောင် ကျဆင်း လာခဲ့တယ်... သူတို့ဟာ မိစ္ဆာ နတ်ဘုရား ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ခံဖို့ မထိုက်တန်တော့ဘူး... သာမန် မိစ္ဆာ မျိုးနွယ် တစ်ခု အဖြစ်ပဲ ကျန်ရှိတော့တယ်”

***

All Chapters