← Chapters

ကျင့်ကြံခြင်း

Vol. 12 Ch. 1103

ကျင့်ကြံခြင်း

Vol. 12 Ch. 1103

ချန်းဖန်သည် အလွန်တရာ ကြီးမားသော မိစ္ဆာဖုတ်ကောင်ကြီးကို ကြည့်လိုက်၏။

“ဒီကောင်ကြီးက နှစ်ပေါင်း ဘီလျံချီအောင် တည်ရှိခဲ့တယ် ဆိုပေမဲ့ ကောင်းကင်ကို စစ်ခင်းခဲ့တဲ့ မူလ မိစ္ဆာ နတ်ဘုရားတွေနဲ့ ယှဥ်ရင်တော့ မဆိုသလောက်လေး အားနည်းသေးတယ်... ငါထင်တာ မမှားရင် သူက နတ်ဘုရားတွေလိုမျိုး အစွမ်းထက်တဲ့ မျိုးဆက် မိစ္ဆာ နတ်ဘုရာ တစ်ကောင်ပဲ ဖြစ်ရမယ်”

“မျိုးဆက် မိစ္ဆာ နတ်ဘုရား...”

မူရှောင်နှင့် အခြား နတ်ဆိုးများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

“ဒီကိစ္စတွေကို မင်း ဘယ်လို သိတာလဲ...”

အပိုလို နတ်ဘုရား မင်းသားက သံသယ ဖြစ်ဟန်ဖြင့် ချန်းဖန်ကို မေးလိုက်သည်။ သူသည် သူ၏ ဘဝ တစ်လျှောက်လုံး၌ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များကိုသာ တွေ့ခဲ့ဖူးသည်။ ထိုထက် ပိုမြင့်သည့် သူတော်စင်များ၊ ဝမ်ရှင်း တန်ခိုးရှင်ကြီးများကိုမူ တစ်ခါမှ မတွေ့ဖူးချေ။

သို့သော်လည်း ယခုတွင်မူ ချန်းဖန်က သူတို့ အ‌ရှေ့၌ ရှိနေသည့် ဖုတ်ကောင်ကြီးမှာ ဒဏ္ဍာရီလာ နတ်ဘုရားများ ကဲ့သို့ အစွမ်းထက်သည့် မျိုးဆက် မိစ္ဆာ နတ်ဘုရား တစ်ကောင်ဟု ပြောလာသည်။ သို့ဖြစ်ရာ အပိုလို နတ်ဘုရား အနေဖြင့် မည်ကဲ့သို့ ချက်ချင်း ယုံကြည်နိုင်စွမ်း ရှိမည်နည်း။

အမှန်အတိုင်း ဆိုရပါက နတ်ဘုရား ဆိုသော အဆင့်ကိုပင် သူ သေသေချာချာ မကြားဖူးချေ။ ထိုအဆင့်မှာ သူ့အတွက် မြင့်မားလွန်းလှသည်။ သူ မဆိုထားနှင့် အပိုလို နန်းတော်၏ နတ်ဘုရား အင်ပါယာ ပင်လျှင် သူ၏ ဘဝ တစ်လျှောက်လုံး၌ နတ်ဘုရား တစ်ပါးကိုမှ မတွေ့ခဲ့ဖူးချေ။

“ဟဟ...”

ချန်းဖန်မှာ အပိုလို နတ်ဘုရား မင်းသားနှင့် ပြိုင်၍ ငြင်းရန် စိတ်မဝင်စားပါချေ။ အခြားလူများ အနေဖြင့် ထိုအကြောင်းအရာများကို မသိကောင်း မသိနိုင်သော်လည်း သူကမူ ကောင်းစွာ သိသည်။

ချန်းဖန်သည် အတိတ်ဘဝ၌ နတ်ဘုရားများနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သူသည် အဆုံးမဲ့ ပျက်စီးခြင်းမှ မွေးဖွားလာသည့် မိစ္ဆာ နတ်ဘုရားများကိုပင် တစ်ယောက်ထက် မက သတ်ဖြတ်ခဲ့ဖူးသည်။ သို့ဖြစ်ရာ သူသည် မူလ မိစ္ဆာနတ်ဘုရားနှင့် မျိုးဆက် မိစ္ဆာနတ်ဘုရား တို့ကို အကြည့်ဖြင့်ပင် ခွဲခြားနိုင်စွမ်း ရှိပေသည်။

“အတိတ်ဘဝတုန်းက အဆင့်ကို ပြန်ရောက်ဖို့ ရာစုနှစ် အနည်းငယ်လောက် အချိန်ယူရလိမ့်မယ် လို့ တွေးထားခဲ့တာ... ဒီမိစ္ဆာဖုတ်ကောင်ကြီးရဲ့ အကူအညီနဲ့ ဆိုရင်တော့ ငါ့အနေနဲ့ အချိန်ကို အနည်းနဲ့ အများ လျှော့ချ နိုင်လိမ့်မယ်”

ချန်းဖန်၏ မျက်လုံးများမှာ မြေပြင်ပေါ်၌ လဲပြိုနေသည့် ဧရာမက သတ္တဝါကြီးကို ကြည့်ကာ ပို၍ ပို၍ တောက်ပ လာခဲ့လေသည်။

“ဝှစ်...”

ချန်းဖန်သည် မိစ္ဆာ ဖုတ်ကောင်ကြီး၏ ရှေ့တွင် တင်ပျဥ်ချိတ်ကာ ထိုင်ချလိုက်၏။

ထိုအခွင့်အရေးကား အလွန်အမင်း အဖိုး ထိုက်တန်လွန်းသည်။ ဤမိစ္ဆာ ဖုတ်ကောင်ကြီးကား ရှေးဟောင်းခေတ် ကတည်းက ကျန်ရစ်သည့် တည်ရှိမှု တစ်ခု ဖြစ်ပေသည်။ ထိုကဲ့သို့ သတ္တဝါကြီးထံမှ တိုက်ရိုက် ထွက်ပေါ်လာသည့် မိစ္ဆာချီမှာ သာမန် မိစ္ဆာလောကများရှိ ချီထက် အဆပေါင်း တစ်သောင်း ပိုမို သန့်စင် သိပ်သည်းပေသည်။

“ရား... ရား...”

မိစ္ဆာ ဘိုးဘေး ခြောက်ကောင်မှာလည်း ချန်းဖန်၏ နောက်တွင် စီရီကာ ထိုင်ချ လိုက်ကြ၏။ သူတို့ထဲမှ အချို့မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို ပိုင်ဆိုင်ကာ အချို့မှာမူ ခေါင်းကိုးလုံးနှင့် မျက်နှာ ဆယ့်နှစ်မျိုးကို ပိုင်ဆိုင် ထားကြသည်။ မိစ္ဆာချီများကို စုပ်ယူပြီးနောက် သူတို့၏ ခန္ဓာကိုယ်များမှာ ပို၍ ကြီးမား လာနေခဲ့ပြီ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်နှင့် ခရမ်းရောင် သင်္ကေတများမှာ ပို၍ ထင်ရှား လာနေခဲ့၏။ ထိုအရာက သူတို့အား ပိုမို ဆန်းကြယ်သော အသွင်အပြင်ကို ပေးသည်။

“ဒီမိစ္ဆာ ဘိုးဘေးတွေက မိစ္ဆာ မျိုးဆက် သန့်စင်မှုအပိုင်းမှာ ‌ရှေးဟောင်းခေတ်က မိစ္ဆာ နတ်ဘုရားတွေနဲ့ နှိုင်းယှဥ်နိုင်ကြတယ်... ဒါပေမဲ့ အစစ်အမှန် မိစ္ဆာဘိုးဘေးတွေလို အစွမ်းထက်လာဖို့ကတော့ အလှမ်း ကွာဝေးသေးပါတယ်လေ”

ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

တစ်ချိန်တည်းတွင်ပင် သူ၏ အောက်ရှိ အနက်ရောင် ကမ္ဘာသည် ဖြည်းညင်းစွာ ကျယ်ပြန့် လာနေခဲ့၏။ ထိုအရာကား  မိစ္ဆာခြောက်ပါး အထွတ်အမြတ် ကမ္ဘာပင် ဖြစ်ပေသည်။

ကျင့်ကြံသူ တစ်ယောက်သည် အခြေတည် ဝိညာဥ် အဆင့်သို့ ရောက်သည်နှင့် တည်ငြိမ်သော လေဟာနယ် တစ်ခုကို ရှာဖွေ လာနိုင်ကြသည်။ သို့သော်လည်း ကမ္ဘာတစ်ခုကို ကိုယ်ပိုင် စွမ်းအားဖြင့် တည်ဆောက်ရန်မှာမူ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်သို့ ရောက်မှသာ ဖြစ်နိုင်ကြသည်။ သူတို့သည် ကမ္ဘာများကို ဖန်တီးကာ သူတို့ မျိုးဆက်များကို ထိုအထဲ ပစ်ထည့် ထားတတ်ကြသည်။

“ဘာပဲဖြစ်ဖြစ် အဲဒါတွေက ငါနဲ့ မဆိုင်သေးပါဘူးလေ”

ချန်းဖန်က ခေါင်းခါကာ ကျင့်ကြံခြင်းအား ပြန်လည် အာရုံစိုက်လိုက်သည်။ သူ၏ ခြေထောက်‌အောက်ရှိ မိစ္ဆာ ခြောက်ပါး အထွတ်အမြတ် ကမ္ဘာသည် မိစ္ဆာဖုတ်ကောင်ထံမှ စွမ်းအားများကို စုပ်ယူကာ ပိုမို ကြီးမား လာနေခဲ့၏။ ထိုအရာသည် ဆယ်ပေမှ နေ၍ ပေနှစ်ဆယ်၊ ပေသုံးဆယ်၊ ပေလေးဆယ်... စသည်ဖြင့် ကျယ်ပြန့် လာနေခဲ့သည်။ အကယ်၍ ထိုအတိုင်းသာ ဆက်လက် ကြီးထွားသွားပါက တစ်နေ့တွင် အစစ်အမှန် ကမ္ဘာ တစ်ခု အဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။

“ဂျီ...”

နေ့တစ်ဝက်မျှ ကျင့်ကြံပြီးနောက် မူလ ရေတွင်းသည် တုန်ခါသော အသံ တစ်ခုကို ထုတ်လွှတ်လာသည်။ တောက်ပသော အလင်းတန်းများမှာ ထွက်ပေါ်လာကာ ချန်းဖန်တို့အား နှင်ထုတ်ပစ်ရန် ကြိုးစား၏။ ကြည့်ရသည်က ရေတွင်းမှ ထုတ်လွှတ်နိုင်သော စွမ်းအားမှာ ကုန်ဆုံးသွားဟန် ရသည်။ ထိုအရာက သူတို့ အတွက် ဆက်လက် ကျင့်ကြံရန် မလုံလောက်တော့ချေ။

“သွားကြစို့...”

ချန်းဖန်က ထိုင်ရာမှ ထရပ်ကာ မိစ္ဆာဖုတ်ကောင်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်၏။

“ခုအချိန်မှာ ငါ့စွမ်းအားက ဒီကောင်ကြီးရဲ့ လက်ချောင်း တစ်ချောင်းကိုတောင် လှုပ်ရှားအောင် မလုပ်နိုင်သေးဘူး... ဒီထက်ပိုဆိုးတာက ဒီကောင်ကြီးရဲ့ အနားကို ကပ်ဖို့တောင် ငါ့အတွက် မဖြစ်နိုင်ဘူး... ဒီကောင်ကြီးကို ကျင့်ကြံခြင်းမှာ အသုံးချချင်တယ် ဆိုရင် ငါ့အနေနဲ့ အရင်ဆုံး အခြေတည် ဝိညာဥ် အဆင့်၊ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေကို ရောက်နေဖို့ လိုတယ်”

မိစ္ဆာ ဖုတ်ကောင်ကြီးကား အမှန်တကယ်ပင် အဖိုးထိုက်တန်လှသော ရတနာ ဖြစ်သည်။ ထိုအရာသည် ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် နှိုင်းယှဥ်နိုင်သည့် ရှေးဟောင်း ပျက်စီးခြင်း မိစ္ဆာ နတ်ဘုရားကြီး ဖြစ်သည်။ နှစ်ပေါင်း ဘီလျံချီအောင် ကြာမြင့် ပြီးသည့်တိုင် ၎င်း၏ အကြေးခွံများမှာ ထိပ်တန်း ဝိညာဥ်ဆေးများနှင့် နှိုင်းယှဥ်နိုင်နေဆဲ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန် နိမ့်ကျလွန်းလှသည်။ သူသည် မိစ္ဆာ ဖုတ်ကောင်ကြီး၏ ဆံပင်တစ်ပင်ကိုပင် နှုတ်ယူနိုင်လောက်အောင် အစွမ်း မထက်သေးချေ။ အကယ်၍ သူသာ အခြေတည် ဝိညာဥ် အဆင့်လောက်ကို ဝင်ရောက်ပြီးပါက ထိုမိစ္ဆာဖုတ်ကောင်ကို ကျင့်ကြံခြင်းတွင် အနည်းနှင့် အများ အသုံးချလာနိုင်လိမ့်မည် ဖြစ်သည်။

“ခုလောလောဆယ်တော့ မူလ နတ်ဘုရား နန်းတော်ဆီကို အရင် ပြန်ရသေးတာပေါ့”

ချန်းဖန်က တွေးလိုက်၏။

“ဝှစ်...”

အလင်းတန်း တစ်ခုမှာ ယှက်ဖြာသွားသည်။ သူတို့၏ နတ်ဘုရား စိတ်ဝိညာဥ်များသည် ခန်းမ အတွင်း ပြန်လည် ပို့ဆောင်ခံလိုက်ရ၏။

အပိုလို နတ်ဘုရား မင်းသားသည် အပြင်သို့ ရောက်သည်နှင့် ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားတော့သည်။ ချန်းဖန်သည် တိုက်ခိုက်ရန် စိတ်မဝင်စားပါချေ။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ နတ်ဆိုး ခြောက်ကောင်ကိုသာ အချက်ပြလိုက်၏။

“ဟီး... ဟီး...”

နတ်ဆိုး ခြောက်ကောင်က ရယ်မောရင်း အပိုလို နတ်ဘုရား မင်းသား၏ နောက်သို့ လိုက်သွားကြသည်။ မကြာခင်မှာပင် သူတို့သည် အပိုလို နတ်ဘုရား မင်းသားအား ဖမ်းဆီးလျှက် ပြန်လည် ရောက်ရှိလာကာ မိစ္ဆာခြောက်ပါး အထွတ်အမြတ် နယ်မြေ အတွင်းသို့ အရှင်လတ်လတ် ဆွဲသွင်း သွားကြတော့သည်။

ထိုအခိုက်၌ ချန်းဖန်၏ မိစ္ဆာခြောက်ပါး အထွတ်အမြတ် ကမ္ဘာသည် ပေတစ်ရာခန့် ကျယ်ဝန်းနေခဲ့ပြီ ဖြစ်သည်။ ထိုအရာသည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် ရှစ်ယောက်လောက်ကိုပင် အလွယ်တကူ ပိတ်ပင် ထားနိုင်စွမ်း ရှိလေရာ အပိုလို နတ်ဘုရား မင်းသား တစ်ယောက်လောက်ကို ကိုင်တွယ်ရန်မှာ ခက်ခဲခြင်း မရှိလှချေ။

“ဝှစ်...”

ချန်းဖန်သည် မူလရေတွင်း၏ အရှေ့၌ တင်ပျဥ်ချိတ်ကာ ထိုင်ချလိုက်၏။ ထို့နောက် သူက လက်များကို ဖြည်းညင်းစွာ မြှောက်ကာ ဝိညာဥ်ရေတွင်းအား ညင်သာစွာ ထိတွေ့လိုက်သည်။

ဝိညာဥ် ရေတွင်းသည် တဖြည်းဖြည်း စတင် လင်းလက်လာကာ သေးငယ်သော အစီအရင်များမှာ ပေါ်လာခဲ့၏။ မရေမတွက်နိုင်သော သင်္ကေတများမှာ ရေတွင်း နံရံများထက်တွင် ပေါ်လာကာ တစ်ပြိုင်နက်တည်း စတင် တောက်ပလာကြသည်။ ဝိညာဥ်ရေတွင်းအား ချန်းဖန်၏ ထိန်းချုပ်မှုအောက်တွင် တဖြည်းဖြည်း နိုးထ လာနေခဲ့ပြီ ဖြစ်သည်။

“ဘုန်း...”

အဆို့ရှင် တစ်ခု ဖွင့်လိုက်သည့် အလား ဝိညာဥ်ရေတွင်းမှာ အနက်ရောင် မြူခိုးများဖြင့် ပြည့်နှက် သွားသည်။ ထိုအရာများကား မိစ္ဆာဖုတ်ကောင်ထံမှ တိုက်ရိုက် ရောက်ရှိလာသည့် သိပ်သည်းသော မိစ္ဆာချီများပင် ဖြစ်လေသည်။ အစီအရင် အလွှာများ၏ အထပ်ထပ် ဖိနှိပ်ခံရပြီး နောက်ဆုံး၌ မိစ္ဆာချီများမှာ အနက်ရောင် ရေကန် တစ်ခု အဖြစ် ပြောင်လဲသွားခဲ့တော့၏။

“ဒီရေကန်မှာ ပါတဲ့ မိစ္ဆာချီတွေက မိစ္ဆာ ဗိုလ်ချုပ်တစ်ယောက် နှစ်တစ်ထောင် ကျင့်ကြံထားတဲ့ ပမာဏထက်တောင် ပိုများနေတာပဲ”

ချန်းဖန်က စိတ်ထဲမှ တွေးလိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ထိုအချိန်မှာပင် ဝိညာဥ်ရေတွင်း၏ သန့်စင်ခြင်း ကဏ္ဍမှာ နိုးထလာ၏။ ရွှေရောင် အလင်းတန်းများသည် ‌ရေတွင်း နံရံများတွင် ထွက်ပေါ်လာသည်။ များစွာသော အစီအရင်များမှာ ချန်းဖန်၏ ထိန်းချုပ်မှုအောက်တွင် တစ်ခုပြီး တစ်ခု နိုးထ လာကြလေသည်။

“ဝိညာဥ် စုစည်းခြင်း အစီအရင်...”

“မိစ္ဆာ သန့်စင်ခြင်း အစီအရင်...”

“အမတေ သိုလှောင်ခြင်း အစီအရင်...”

“ ... “

တစ်သောင်းသော အစီအရင်များသည် တစ်ခုနှင့် တစ်ခု လိုက်ဖက်ညီစွာ ချိတ်ဆက်ကြလေ၏။ မူလ ရေတွင်း အတွင်းရှိ မိစ္ဆာချီရေကန်သည် စတင် လှုပ်ရှားလာကာ တဖြည်းဖြည်း စတင် သန့်စင်လေသည်။ ထိုဖြစ်စဥ်သည် တစ်လမျှ ကြာမြင့်ခဲ့လေ၏။

***

All Chapters