နတ်ဘုရားချီ
Vol. 12 Ch. 1104
ထိုအတောအတွင်း၌ ချန်းဖန်သည် ကျန်းချူရန်ကို ကမ္ဘာသို့ ပြန်ရန် မူရှောင်မှ တစ်ဆင့် စေခိုင်းလိုက်သည်။ သူသည် သူမ၏ လုံခြုံရေး အတွက် နတ်ဆိုး သုံးကောင်ကိုပါ ထည့်ပေးလိုက်သည်။ ထိုနတ်ဆိုးများသည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်ကာ ကြယ်ပင်လယ်မှ အဆင့်တူ ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဥ်နိုင်ကြသည်။
ကျန်းချူရန်တို့ ထွက်ခွာသွားပြီးနောက် ချန်းဖန်သည် မူလ နတ်ဘုရား နန်းတော်ထဲတွင်ပင် ဆက်လက် နေထိုင်ကာ စောင့်ဆိုင်းနေခဲ့လေသည်။
ငါးရက်...
ဆယ်ရက်...
ဆယ့်ငါးရက်...
နောက်ဆုံး၌ တစ်လ ဟူသော အချိန်ကာလကား ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဝိညာဥ် ရေတွင်းသည် တုန်ရီကာ မရေမတွက်နိုင်သော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့လေသည်။
“နောက်ဆုံးတော့ နတ်ဘုရားချီ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ...”
ချန်းဖန်က မူလရေတွင်း အတွင်းသို့ ကြည့်လိုက်ရာ အနက်ရောင် မိစ္ဆာချီ ရေကန်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုနေရာ၌ ရွှေရောင် အလင်းများ သာလျှင် ပေါလော မြောပါနေလေ၏။ ထိုအရာများကား နတ်ဘုရားချီများပင် ဖြစ်ပေသည်။
နတ်ဘုရားချီသည် ရွှေရောင် အဆင်းရှိကာ ၎င်း၏ ပုံသဏ္ဌာန်မှာ အစဥ်အမြဲ ပြောင်းလဲနေသည်။ သို့သော်လည်း အတွင်းပိုင်းတွင်မူ ရောင်စုံ အလင်းများက ယှက်ဖြာနေသည်။ ရာသီဥတုမှာ ပြောင်းလဲနေကာ နေနှင့် လတို့မှာ ထွန်းလင်း နေကြသည်။ အမျိုးမျိုးသော သက်ရှိများသည် ရှင်သန်ရုန်းကန် နေကြလေ၏။
ထိုအရာကို ကြည့်ကာ ချန်းဖန်၏ မျက်နှာတွင် အပြုံးများ ဖြစ်ပေါ်လာခဲ့သည်။
“ဒါက တကယ့်ကို နတ်ဘုရားချီပဲ... အရမ်းကြီး မသန့်စင်ဘူး ဆိုပေမဲ့ ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးမှာတောင် မြင်တွေ့ရဖို့ အရမ်းခက်တယ်... ဆရာ ထန်ချင်တို့တွေက ဒီဟာကို ရဖို့ အတွက် အားစိုက်ထုတ်ခဲ့ရမှာ သေချာတယ်”
ထိုအရာကား ကောင်းကင်ဘုံမှ နတ်ဘုရားချီ ဖြစ်ပေသည်။ ၎င်းသည် ကောင်းကင်၏ အခြေခံ အုတ်မြစ်ဖြစ်ကာ ချီအမျိုးအစား အများစုထက် ပိုမို အစွမ်းထက်ပေသည်။ ပျံ့နှံ့နေသော ဒဏ္ဍာရီများ အရဆိုလျှင် သာမန်လူသား တစ်ယောက်သည် နတ်ဘုရားချီကို တစ်ချက် ရှူရုံမျှဖြင့် အသက်တစ်သောင်း အထိ ရှင်သန်နိုင်သည် ဟု ဆိုကြသည်။
ချန်းဖန်သည် အတိတ်ဘဝ၌ နတ်ဘုရားချီနှင့် နှိုင်းယှဥ်နိုင်သည့်၊ နတ်ဘုရားချီထက်ပင် ပိုမို အစွမ်းထက်နိုင်သည့် စွမ်းအင်များစွာကို တွေ့ရှိခဲ့ဖူးသည်။ ဥပမာ ပေးရလျှင် ဟုန်မိန် ခရမ်းချီ၊ တိုင်ရှု ရွှမ်ဟောင်စွမ်းအား၊ မူလ ပျက်စီးခြင်းချီ စသည်တို့ ဖြစ်ပေသည်။
သို့သော်လည်း ယခုဘဝတွင်မူ သူသည် သာမန် အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်သာလျှင် ဖြစ်သည်။ ရွှေအမြုတေ အဆင့်ဖြင့် နတ်ဘုရားချီအား ထိတွေ့နိုင်ခြင်းမှာ အလွန် ဖြစ်တောင့်ဖြစ်ခဲ အခွင့်အရေးကြီး တစ်ခု ဖြစ်ပေသည်။
“မူလရေတွင်း တစ်ခုက တစ်လကြာပြီးတာနဲ့ နတ်ဘုရားချီ တစ်သုတ်ကို ထုတ်လုပ်ပေးနိုင်တယ်... တကယ်လို့ မူလ ရေတွင်း ကိုးဆယ့်ကိုးခု ပေါင်းလိုက်ရင် ထုတ်လုပ်နိုင်တဲ့ ပမာဏက ဒီထက် အဆတစ်ရာလောက် ပိုများ သွားလိမ့်မယ်... အရေအတွက် ပိုများလေ ထုတ်လုပ်နိုင်တဲ့ ပမာဏက တိုးတက်လာလိမ့်မယ်”
ချန်းဖန်သည် ခန့်မှန်းနေမိ၏။ နတ်ဘုရားချီ တစ်သုတ်သည် သူ့အတွက် အလွန်ဆုံး တစ်ပတ် ကျင့်ကြံရန်သာ လုံလောက်ပေသည်။
တစ်ပတ်ကြာပြီးသည်နှင့် ထိုနတ်ဘုရားချီမှာလည်း ကုန်ခမ်း သွားလိမ့်မည် ဖြစ်သည်။ ချန်းဖန်သည် စိတ်မရှည်နိုင်အောင် ဖြစ်နေခဲ့၏။ အကယ်၍ သူသာ မူလရေတွင်း ငါးခုလောက်ကို ထိန်းချုပ်နိုင်ပါက ထိုပြဿနာမှာ ပြေလည်သွားပေလိမ့်မည်။ မူလရေတွင်း အရေအတွက် များများကို ပိုမို ထိန်းချုပ်နိုင်လေလေ၊ သူ၏ ကျင့်ကြံခြင်းသည်လည်း ပိုမို တိုးတက်လာလေလေ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အတွက် အခြေတည် ဝိညာဥ် အဆင့်၊ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များကို ချိုးဖျက်ရန် ခက်ခဲတော့မည် မဟုတ်ပါချေ။
“မူလရေတွင်း တစ်ခု ရှိတာနဲ့တင် ငါတော်တော်လေး ကံကောင်းနေပါပြီ... ဘာပဲဖြစ်ဖြစ် ဒါက နတ်ဘုရားချီတွေပဲလေ... ဝိညာဥ်ဖြစ်တည်ခြင်း အဆင့်တွေတောင် ဒီအကြောင်းကြားတာနဲ့ သတ်ပွဲတွေ ဖြစ်ကုန်မှာ သေချာတယ်”
ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်၏။
အတိတ်ဘဝ၌ ဆရာထန်ချင်သည် သူ့အား အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ ကျင့်ကြံခြင်း အထွတ်အမြတ်မြေသို့ ဝင်ရောက်ရန် ခွင့်ပြုခဲ့သည်။ ထိုအချိန်သည် သူ တာအို ပေါင်းစည်းခြင်း အဆင့်သို့ ဝင်ရောက်ရန် ကြိုးစားနေသော အချိန်လည်း ဖြစ်၏။
အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ ကျင့်ကြံခြင်း အထွတ်အမြေသည် နတ်ဘုရား နယ်မြေနှင့် တစ်စွန်းတစ်စ ဆက်စပ်နေလေရာ နတ်ဘုရားချီများ ပြည့်လျှံနေခဲ့လေသည်။ ထိုနေရာသည် အစစ်မှန် သိုင်းနတ်ဘုရားဂိုဏ်း၏ အဖိုးအတန်ဆုံး နေရာ ဖြစ်သည်။ ခေတ်အဆက်ဆက် ဂိုဏ်းချုပ်များသာလျှင် ထိုနေရာသို့ ဝင်ရောက်ခွင့် ရှိပေသည်။
“နတ်ဘုရားချီက ဘာလို့ အရမ်း အဖိုးတန် နေရတာလဲ ဆိုတော့ စကြဝဠာထဲမှာ ရှိသမျှ နတ်ဘုရား စွမ်းအားနှင့် ကျင့်စဥ်တွေ အကုန်လုံးက နတ်ဘုရား နယ်မြေမှ ဆင်းသက်လာတာ မလို့ပဲ... နတ်ဘုရားချီ မရှိပဲနဲ့ အဲဒီ ကျင့်စဥ်တွေကို အစွမ်း အထက်ဆုံး အဆင့်အထိ ကျင့်ကြံလို့ မရဘူး... ဒါကြောင့်ပဲ လူသားလောကက ကျင့်ကြံသူတွေဟာ ကောင်းကင်ဘုံက အဆင့်တူ တန်ခိုးရှင်တွေနဲ့ ယှဥ်ရင်တောင် အားနည်းကြတာပဲ”
ချန်းဖန်က လက်အား ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားချီမှာ ရွှေရောင်အလင်းများ အသွင်ဖြင့် သူ၏ အရှေ့သို့ လွင့်မြောလာသည်။
ဗဟို ဂလက်စီ၌ ရွှေအမြုတေများကို အလွှာ ကိုးခု ခွဲခြားထားခြင်း မရှိချေ။ အဆင့် ၇၊ အဆင့် ၈ နှင့် အဆင့် ၉ ဟူ၍ သုံးခုသာလျှင် ခွဲခြားထားသည်။ အဆင့် ခုနစ်ထက် ပို၍ နိမ့်သော ကျင့်ကြံသူ ဟူ၍ ဗဟို ဂလက်စီတွင် မရှိသလောက် ဖြစ်သည်။
ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းကား ဗဟို ဂလက်စီရှိ ဝိညာဥ်ချီမှာ အခြား နေရာများထက် အဆပေါင်း များစွာ ပိုမို သန့်စင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့၏ ကျင့်စဥ်များ၊ ဆေးဝါးများ၊ အစီအရင်များမှာလည်း ပိုမို ကောင်းမွန်လှသည်။ ထို့ကြောင့်ပင် ဗဟို ဂလက်စီရှိ ကျင့်ကြံသူများမှာ အနည်းဆုံး အဆင့် ခုနစ် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ကြခြင်း ဖြစ်သည်။
အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း ကဲ့သို့သော အထွတ်အမြတ်မြေများ ဆိုလျှင် ကောင်းကင် ရွှေအမြုတေ ပိုင်ရှင်ကိုသာ တပည့် အဖြစ် လက်ခံကြသည်။ အပိုလို နတ်ဘုရား မင်းသား ကဲ့သို့သော ပုဂ္ဂိုလ်များမှာ တောင်ပိုင်း ဒေသငယ် ကောင်းကင်နယ်မြေတွင် ရှားပါးသည့် ပါရမီရှင်များ ဖြစ်သော်လည်း နတ်ဘုရား ဂိုဏ်းကြီးများတွင်မူ သာမန် တပည့် နေရာတွင်သာ နေကြရသည်။ အထွတ်အမြတ် ရွှေအမြုတေကို ပိုင်ဆိုင်မှသာလျှင် ဂိုဏ်း၏ အဓိက တပည့် ဟူသော ဂုဏ်ပုဒ်ကို ခံယူနိုင်ကြသည်။
ချန်းဖန်သည် အတိတ်ဘဝ၌ အဆင့် ၇ ရွှေအမြုတေကိုသာ ဖွဲ့စည်းနိုင်ခဲ့၏။ ထို့ကြောင့်ပင် သူသည် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းတွင် အမှိုက်တစ်စ ဖြစ်ခဲ့ရသည်။
သို့သော်လည်း အခြေခံ အုတ်မြစ်ကို ပြန်လည် တည်ဆောက်ပြီး နောက်ပိုင်းတွင်မူ သူသည် ကြောက်မက်ဖွယ် ကောင်းအောင် ခုန်ပေါက် တိုးတက်လာခဲ့သည်။ ဂိုဏ်း၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ထန်ချင်ကပင်လျှင် သူ့အား သတ္တမမြောက် တပည့် အဖြစ် လက်ခံခဲ့လေသည်။
“နတ်ဘုရားဂိုဏ်းတွေမှာ ဆိုရင် သာမန် တပည့် တစ်ယောက်တောင် ကောင်းကင် အဆင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားကြတယ်... ဒီတော့လည်း ဗဟို ဂလက်စီက စကြဝဠာ တစ်ခုလုံးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်တာ မဆန်းတော့ဘူး”
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ဗဟို ဂလက်စီနှင့် တောင်ပိုင်း ဒေသငယ်၏ ကွာခြားချက်ကား အမေရိကန်နှင့် အာဖရိကမှ နိုင်ငံငယ် တစ်ခုအလား ကြီးမားလွန်းလှပေသည်။ တစ်ခုသည် မော်ဒန် လူမှု အဖွဲ့အစည်းနှင့် ခေတ်မီ နည်းပညာများကို ပိုင်ဆိုင်ထားကာ အခြား တစ်ခုမှာမူ ငတ်မွတ်ခေါင်းပါးမှုများ၊ ဆင်းရဲ မွဲတေမှုများနှင့် ရုန်းကန် နေခဲ့ရလေသည်။
“ရှေးဟောင်းခေတ်တွေတုန်းက လူသားတွေဟာ ကောင်းကင် အဆင့် ရွှေအမြုတေ၊ နတ်ဘုရား စွမ်းအားတွေနဲ့ အတူ မွေးဖွားလာကြတယ်တဲ့... အဲဒီတုန်းက ရွှေအမြုတေ အဆင့်တွေဟာ ဒီနေ့ခေတ် အခြေတည် ဝိညာဥ် အဆင့်တွေထက်တောင် ပိုပြီး အစွမ်းထက်ကြတယ်... ပျက်စီးခြင်း မိစ္ဆာ နတ်ဘုရားတွေနဲ့ ကောင်းကင်ဘုံမှ နတ်ဘုရားတွေ ဆိုရင် ပိုပြီး အစွမ်းထက်ကြသေးတယ်... သူတို့က နတ်ဘုရား အဆင့် ရွှေအမြုတေတွေနဲ့ အတူ မွေးဖွားလာကြတာ”
ချန်းဖန်၏ မျက်လုံးများမှာ တောက်ပနေ၏။ ထိုအရာကား သူ တစ်ယောက်တည်းသာ သိရှိထားသည့် လျှို့ဝှက်ချက် ဖြစ်သည်။ အကယ်၍ စကြဝဠာ အတွင်းရှိ လူများသာ ထိုသတင်းကို ကြားပါက ရူးသွပ်၍ပင် သွားလောက်သည်။
နတ်ဘုရား အဆင့် ရွှေအမြုတေဖြင့် မွေးဖွားလာခြင်း...
ကျင့်ကြံခြင်း စကြဝဠာ၏ နှစ်သိန်းချီ သမိုင်းကြောင်း အတွင်း၌ ထိုကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးချေ။
“ရွှေအမြုတေ အဆင့်တွေတင် မကဘူး အခြေတည် ဝိညာဥ် အဆင့်တွေနဲ့ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေလည်း အတူတူပဲ... သူတို့ အားလုံးက နတ်ဘုရား သန္ဓေနဲ့ နတ်ဘုရား ဝိညာဥ်ကို ပိုင်ဆိုင် ထားပြီးတော့ ကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ကြတယ်... နတ်ဘုရား နယ်မြေမှာ ရှိတဲ့ ရွှေအမြုတေ အဆင့် တစ်ယောက်က လူသား ကမ္ဘာရဲ့ အခြေတည် ဝိညာဥ် အဆင့်နဲ့ နှိုင်းယှဥ်နိုင်ကြတယ်... အခြေတည် ဝိညာဥ် အဆင့်တွေကျတော့ လူသား ကမ္ဘာရဲ့ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေနဲ့တောင် တိုက်ခိုက်နိုင်တယ်... ဒါကြောင့်ပဲ နတ်ဘုရား နယ်မြေက အရမ်းကို ကြောက်ဖို့ကောင်းတာပေါ့... လူသား ကမ္ဘာမှာလည်း အဲ့လို ပါရမီရှင်မျိုးတွေ ပေါ်ထွက်တတ်ပေမဲ့ ပုလဲတွေလိုမျိုး အရမ်း ရှားပါးတယ်... နတ်ဘုရား နယ်မြေကို ဘယ်လိုမှ မယှဥ်နိုင်ဘူး”
အတိတ်ဘဝ၌ ချန်းဖန်သည် ကောင်းကင် ဂိတ်တံခါးကို ဖြတ်သန်းကာ နတ်ဘုရား နယ်မြေကို အကြိမ် အနည်းငယ်ပင် တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူသည် ထိုအကြောင်းအရာများကို သိရှိထားခဲ့ခြင်း ဖြစ်ပေသည်။
“ငါက နတ်ဘုရား စက်ဝန်းရဲ့ အသွင်ပြောင်းခြင်း ကိုးခုစလုံးကို အောင်မြင်ပြီး ဓမ္မ စွမ်းအားကို အမြင့်ဆုံး အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တယ်... ဒါပေမဲ့ ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဥ်နဲ့ ခန္ဓာကိုယ်ကတော့ တစ်ခုခုကို ပျောက်ဆုံးနေတုန်းပဲ... ဒါပေမဲ့ ဒီနတ်ဘုရားချီရဲ့ အကူအညီနဲ့ ဆိုရင်တော့ ငါ့အနေနဲ့ အဆင့်တစ်ခုကို ချိုးဖျက် နိုင်လိမ့်မယ် ထင်တယ်”
ချန်းဖန်က တွေးလိုက်၏။ တန်ခိုးရှင် ကျင့်ကြံခြင်း၌ ခန္ဓာကိုယ်နှင့် ဝိညာဥ်တို့ကိုလည်း ရွှေအမြုတေများ ကဲ့သို့ပင် ကောင်းကင် အဆင့်၊ အထွတ်အမြတ် အဆင့်နှင့် နတ်ဘုရား အဆင့်တို့ ဟူ၍ ခွဲခြားထားသည်။
ချန်းဖန်၏ ခန္ဓာကိုယ်သည် ကောင်းကင် အဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ကောင်းကင် ပန်းချီ ဆယ့်နှစ်ခု ကျင့်စဥ်၏ ထပ်မံ အားဖြည့်မှုနှင့် ဆိုပါက ထိုအရာမှာအထွတ်အမြတ် ခန္ဓာများနှင့်ပင် နှိုင်းယှဥ်နိုင်နေပြီ ဖြစ်သည်။ ယခု နတ်ဘုရားချီ၏ အကူအညီဖြင့် ဆိုပါက မည်သည့် အဆင့်အထိ တက်လှမ်း နိုင်မည်နည်း။ ချန်းဖန်သည် ထိုအရာကို သိလိုနေ၏။
“စလိုက်ရအောင်...”
ချန်းဖန်က ရေရွတ်ရင်း နတ်ဘုရားချီများကို စတင် စုပ်ယူလိုက်၏။ နတ်ဘုရားချီများကို စုပ်ယူသည်နှင့် သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြည်လင်လာကာ တောက်ပသော အလင်းများကို စတင် ထုတ်လွှတ်လေသည်။ အဝေးမှ ကြည့်ပါက ၎င်းမှာ စိန်ဖြင့် ပြုလုပ်ထားသော ရုပ်တု တစ်ခု အလားပင် ထင်ရလေသည်။
အဇူရာ သက်ရှည် အဘိုးအိုသည် အဇူရာ သက်ရှည် ခန္ဓာကျင့်စဥ်ကို ဖန်တီးစဥ် အခါက ကောင်းကင်ဘုံမှ နတ်ဘုရားချီနှင့် ပျက်စီးခြင်း စွမ်းအားတို့ကို အသုံးပြုခဲ့သည်။ ထိုအရာကား အမှန်တကယ်ပင် ပျက်စီးခြင်း ကျင့်စဥ် တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ကျင့်ကြံခြင်း စကြဝဠာ၏ နတ်ဘုရားချီ ရှားပါးမှုကြောင့် သူ၏ မျိုးဆက်များသည် ထိုအရာကို သာမန် ကျင့်စဥ် တစ်ခု အနေဖြင့်သာ ကျင့်ကြံနိုင်ခဲ့ကြလေသည်။
သို့သော်လည်း ယခုတွင်မူ ချန်းဖန်သည် ထိုကျင့်စဥ်ကို ဒဏ္ဍာရီလာ နတ်ဘုရားချီအား အသုံးပြုကာ ကျင့်ကြံနေခဲ့ပြီ ဖြစ်လေသည်။
***