နတ်ဘုရားခန္ဓာ စဦးအဆင့်
Vol. 12 Ch. 1105
ချန်းဖန်သည် နတ်ဘုရားချီများကို စုပ်ယူကာ ကျင့်ကြံနေ၏။
“ဘုန်း... ဘုန်း...”
သူ၏ သွေးများသည် မာကျူရီ အလား လည်ပတ်နေကာ ရန်ကျဲ့မြစ် ကဲ့သို့ ဘောင်ဘင်ခတ်သံများ ထွက်ပေါ်နေသည်။ မူလ နတ်ဘုရား နန်းတော် တစ်ခုလုံးသည် တုန်ရီ ယိမ်းထိုးနေ၏။ မိုးကြိုးကဲ့သို့ အသံများသည် နန်းတော်၏ အပြင်ဘက် မိုင်ပေါင်းများစွာ အထိ ပျံ့နှံ့နေသည်။ ထိုအသံများသည် ရုတ်ရင်းကြမ်းတမ်းသည့် မိစ္ဆာများကိုပင် ကြောက်လန့်စေ၏။
ရွှေရောင်အလင်းများသည် ချန်းဖန်၏ ခန္ဓာကိုယ်တွင် တောက်ပစွာ ပေါ်ထွက် နေသည်။ များစွာသော ဓမ္မ ဥပဒေသများမှာမူ ဝေဟင်တွင် ကွန့်မြူးနေကြ၏။ အမိန့်ပေးခြင်း စွမ်းအားသည် ပေါ်ထွက်နေကာ ချန်းဖန်၏ ခန္ဓာကိုယ်မှာ လောက၏ ပွေ့ဖက်မှုအောက်၌ ရှိဟန်ရသည်။ အပိုလို နတ်ဘုရား မင်းသားသည် ထိုမြင်ကွင်းကို ကြည့်ကာ အလွန်အမင်း ကြောက်လန့် လာခဲ့လေသည်။
“ဘာတွေ ဖြစ်နေတာလဲ... သူက ရွှေအမြုတေ အဆင့်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား... ဘာလို့ သူ့ရဲ့ ခန္ဓာကိုယ်က ငါ့ထက်တောင် ပိုပြီး အစွမ်းထက်နေရတာလဲ... အဲဒါက စကြဝဠာရဲ့ မဟာ တာအိုကိုတောင် နီးကပ်နေပြီ... မဖြစ်နိုင်ဘူး... ငါ ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီး ဓမ္မ ဥပဒေသ ခန္ဓာကို ဖွဲ့စည်းခဲ့တုန်းကတောင် သူ့လောက် မပြည့်စုံခဲ့ဘူး... သူ့ရဲ့ ခန္ဓာကိုယ်က ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူတွေရဲ့ နတ်ဘုရား ခန္ဓာနဲ့တောင် နှိုင်းယှဥ်နိုင်နေပြီ”
ထိုအခိုက်၌ ချန်းဖန်၏ ခန္ဓာကိုယ်သည် အလွန် အရေးကြီးသည့် ပြောင်းလဲခြင်း ဖြစ်စဥ် တစ်ခုအောက်၌ ကျရောက် နေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အထွတ်အမြတ် အဆင့်မှ နတ်ဘုရား အဆင့်သို့ တိုက်ရိုက် ခုန်ကူး နေခဲ့ခြင်း ဖြစ်၏။
အကယ်၍ ထိုသတင်းသာ ပျံ့နှံ့သွားပါက စကြဝဠာ တစ်ခုလုံး အံ့အားသင့် သွားကြလိမ့်မည် ဖြစ်သည်။ ပါရမီရှင်များ စုဝေးရာ ဖြစ်သည့် ဗဟို ဂလက်စီတွင်ပင် အထွတ်အမြတ် ခန္ဓာကို ဖွဲ့စည်းနိုင်သူ များများစားစား မရှိလှချေ။ နတ်ဘုရား ခန္ဓာများကိုမူ ဒဏ္ဍာရီလာ နတ်ဘုရားများနှင့် နတ်ဘုရား ဂိုဏ်းကြီးများ၏ နံပါတ်တစ် ပါရမီရှင်များ သာလျှင် ပိုင်ဆိုင် နိုင်ကြသည်။
တစ်ရက်...
နှစ်ရက်...
သုံးရက်...
ချန်းဖန်သည် ဆက်လက် ကျင့်ကြံနေခဲ့၏။ သူသည် တစ်လပြည့်တိုင်း၌ မူလရေတွင်းထဲမှ နတ်ဘုရားချီကို ထုတ်ယူသည်။ ဤသို့ဖြင့် တစ်နှစ်ဟူသော အချိန်ကာလမှာ ကျော်လွန်သွားခဲ့ပြီ ဖြစ်လေသည်။
ထိုနေ့၌...
အစိမ်းရောင် ပန်းပွင့် တစ်ခုမှာ ချန်းဖန်၏ ဦးခေါင်းထိပ်တွင် ပေါ်လာခဲ့၏။ ထိုအရာသည် ဖန်သားကဲ့သို့ ကြည်လင်ကာ နတ်ဘုရား နယ်မြေမှ မြစိမ်း ကြာပန်း တစ်ခုအလား သန့်ရှင်းလှသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ပန်းမိုးများသည် ကောင်းကင်တွင် ရွာသွန်းလာသည်။ ရွှေရောင် ကြာပွင့်များသည် မြေပြင်တွင် ပေါက်လာခဲ့၏။ ကောင်းကင်တွင် ဓမ္မ ဥပဒေ သံစဥ်များမှာ ပျံ့လွင့်နေကာ နတ်ဘုရား သားရဲ များမှာလည်း ဝဲပျံနေကြသည်။
ထိုအဆုံးသတ် ပန်းပွင့်သည် ချန်းဖန်၏ ခန္ဓာကိုယ်မှာ နတ်ဘုရား ခန္ဓာ တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း ရည်ညွှန်းနေ၏။ သူကား နတ်ဘုရားနယ်မြေတွင်သာ တွေ့မြင်နိုင်သည့် မဟာ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ရန် ခြေတစ်လှမ်းသာ ကွာဝေးပေတော့သည်။
“အောင်မြင်သွားပြီ...”
ချန်းဖန်က သက်ပြင်းတစ်ချက် ချပြီးနောက် အပျင်းဆန့်လိုက်၏။ ရွှေရောင် နတ်ဘုရား အလင်းများသည် ကောင်းကင်မှ နတ်ဘုရား တစ်ပါး အလား သူ့အား ဝန်းရံကာ ခစားနေကြသည်။ မူလ နတ်ဘုရား နန်းတော်သည် သူ၏ လှုပ်ရှားမှု အတိုင်းလိုက်ကာ တုန်ရီနေ၏။
ထိုအခိုက်၌ ချန်းဖန်သည် ခန္ဓာကိုယ် သီးသန့်ဖြင့်ပင် အခြေတည် ဝိညာဥ် အဆင့် အားလုံးကို အနိုင်ယူရန် ယုံကြည်ချက် ရှိနေခဲ့ပြီ ဖြစ်လေသည်။ မည်မျှ အစွမ်းထက်သည့် နတ်ဘုရား မင်းသား၊ နတ်ဘုရား ဗိုလ်ချုပ် မဆို သူ၏ လက်သီးတစ်ချက်ကို ခုခံနိုင်တော့မည် မဟုတ်ချေ။
“ဒါက နတ်ဘုရား ခန္ဓာရဲ့ စွမ်းအားပဲ... ငါက အခုဆိုရင် ရွှေအမြုတေ အဆင့်ရဲ့ နတ်ဘုရား ခန္ဓာကို အကန့်အသတ် အထိ ကျင့်ကြံပြီးခဲ့ပြီ... အဲဒါက နတ်ဘုရား ဂိုဏ်းကြီး ကိုးဂိုဏ်းရဲ့ နတ်ဘုရား ခန္ဓာလမ်းစဥ်နဲ့ ယှဥ်ရင် စဦး အောင်မြင်ခြင်း အဆင့်ကို ရောက်နေပြီလို့ ဆိုနိုင်တယ်”
သူသည် ပြန်လည် မွေးဖွားပြီး မကြာမီမှာပင် စဦး အောင်မြင်ခြင်း အဆင့် နတ်ဘုရား ခန္ဓာကို ပြန်လည် ဖွဲ့စည်းနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ချေ။ ထိုအရာက နတ်ဘုရား အဆင့် ရွှေအမြုတေ ဖွဲ့စည်းနိုင်ခြင်း ပြီးနောက် သူ လုပ်ဆောင်နိုင်ခဲ့သည့် ဒုတိယမြောက် အကြီးကျယ်ဆုံး အရာ တစ်ခု ဖြစ်ပေသည်။
“မူလ နတ်ဘုရား နန်းတော်ရဲ့ စွမ်းအားကို သုံးပြီး ငါ့နတ်ဘုရား စိတ်ဝိညာဥ်ကိုလည်း သန့်စင်သင့်တယ်... အဲဒါမှ နတ်ဘုရား နယ်မြေမှ ရွှေအမြုတေ အဆင့်တွေနဲ့ ငါယှဥ်နိုင်လာမှာ”
ချန်းဖန်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ ထို့နောက် သူသည် နတ်ဘုရားချီကို ရှူသွင်းကာ ကျင့်ကြံခြင်းကို နောက်တစ်ကြိမ် စတင်လိုက်တော့သည်။
...
ချန်းဖန် မူလ နတ်ဘုရား နန်းတော် အတွင်း ကျင့်ကြံနေစဥ် ကမ္ဘာဂြိုဟ်ပေါ်မှ အခြေအနေများမှာ တဖြည်းဖြည်း ပြောင်းလဲနေခဲ့လေသည်။ မြောက်ပိုင်းချုံးသည် ယခုအထိ တံခါးပိတ် ထားဆဲ ဖြစ်သည့်တိုင် တစ်ကမ္ဘာလုံးသည် ချူကျိုးနှင့် ယွင်ဝူတောင်ကို အာရုံစိုက် နေခဲ့သည်။
ကမ္ဘာအနှံ့အပြား၌ ပြန့်ကျဲနေသော မြောက်ပိုင်းချုံး၏ တပည့်များသည် တစ်သုတ်ပြီး တစ်သုတ် ယွင်ဝူတောင်သို့ ပြန်လည် ရောက်ရှိ လာခဲ့ကြသည်။ ခွန်ရှုနယ်မြေသည် နောက်တစ်ကြိမ် ပွင့်လာကာ ရွှေအမြုတေ အဆင့် များစွာမှာ မြောက်ပိုင်းချုံးသို့ ခိုလှုံ လာကြသည်။ ထိုအင်အားစုများ၏ ပူးပေါင်းမှု အောက်၌ မြောက်ပိုင်းချုံး၏ ရွှေအမြုတေ အဆင့်မှာ တစ်ရာပင် ကျော်လာခဲ့သည်။
အမှောင်မျိုးနွယ်များ၏ လက်ကျန်တပည့်များသည် ချန်းဖန် ထွက်ခွာသွားပြီးနောက် မြောက်ပိုင်းချုံးကို ချောင်းမြောင်း တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသေးသည်။ သို့သော်လည်း အားရှို့သည် ကောင်းကင် ဂလက်စီ အစီအရင်ကို သုံးကာ ကျူးကျော်သူ အားလုံးကို သုတ်သင်ပစ်ခဲ့သည်။
ချန်းဖန် ထွက်ခွာသွားပြီး နှစ်လခန့် အကြာ၌ မြောက်ပိုင်းချုံးသည် နောက်တစ်ကြိမ် တရားဝင် ဖွင့်လှစ်ခဲ့၏။ သူတို့သည် ချန်းပေ့ရွှမ်းမှာ ဂိုဏ်းချုပ်ဖြစ်ကြောင်း ကြေငြာကာ လုယန်ရွယ်နှင့် အားရှို့တို့မှာ ဂိုဏ်းတာဝန်ခံများ ဖြစ်လာကြသည်။ ခွန်ရှုနယ်မြေမှ ခိုဝင်လာသည့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများမှာမူ အပြင်စည်းဂိုဏ်း အကြီးအကဲများ ဖြစ်လာကြသည်။ သူတို့သည် ဂိုဏ်းအား ယွင်ဝူတောင်ထိပ်၌ အခြေစိုက်ကာ တစ်ကမ္ဘာလုံးမှ တပည့်များကို စတင် လက်ခံသည်။
ဂိုဏ်းဖွင့်လှစ်ပြီး မကြာခင်မှာပင် အဆိပ် ခုနစ်ပါးဂိုဏ်း၊ ဧကရာဇ်ကောင်ဂိုဏ်း တို့ကဲ့သို့သော ဂိုဏ်းငယ်လေးများမှာ မြောက်ပိုင်းချုံး အတွင်း ခိုလှုံလာကြသည်။
“မြောက်ပိုင်းချုံးက တကယ်ပဲ စပြီး လှုပ်ရှားနေပြီ... သူတို့က မကြာခင် ကမ္ဘာရဲ့ နံပါတ်တစ်ဂိုဏ်း နေရာကို ပြန်ပြီး ယူတော့မယ် ထင်တယ်”
စီအိုင်အေ၏ မြေအောက် ဖိုရမ်၌ ဂျပန်၊ ကိုရီးယားနှင့် မြန်မာတို့မှ ကျင့်ကြံသူများမှာ တိတ်ဆိတ်နေကြသည်။ အထွတ်အမြတ် မျက်လုံး ပင်လျှင် မြောက်ပိုင်းချုံး အကြီးအကဲများ လာရောက် သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် စကားတစ်ခွန်းပင် မဆိုရဲချေ။
မြောက်ပိုင်းချုံးသည် ပြန်လည် ထူထောင်ပြီးနောက် သူတို့၏ အကိုင်းအခက်များကို တိုက်ကြီး ငါးတိုက်နှင့် သမုဒ္ဒရာကြီး လေးစင်းသို့ ဖြန့်ကျက်ခဲ့ပြီး ဖြစ်သည်။ ကမ္ဘာ၏ နေရာဒေသတိုင်းတွင် သူတို့၏ ဂိုဏ်းခွဲများ တည်ရှိကြသည်။
***
အရှေ့ ဥရောပ၌...
“ဘုန်း... ဘုန်း”
မြောက်ပိုင်းချုံး၏ တိုက်ခိုက်ရေးသမားများသည် အမှောင်မှော်ကို ကျင့်ကြံသည့် မိသားစု တစ်ခု၏ ခြံဝန်းကို ချိုးဖျက် နေကြသည်။
“ရပ်စမ်း... မင်းတို့က ဘယ်သူတွေလဲ”
အော်ငေါက်သံနှင့် အတူ အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူ တစ်ယောက်မှာ လေပေါ်သို့ ပျံတက်လာ၏။ သူကား ထိုမိသားစု၏ ခေါင်းဆောင် ဖြစ်ကာ မူလ အဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်ပေသည်။
ကိုလင်သည် တိုက်ခိုက်ရေးသမား အုပ်စုကို ဦးဆောင်ကာ ခြံဝန်း အတွင်း ရဲတင်းစွာပင် ဝင်ရောက် လာခဲ့သည်။
“နေးဟော့စတန်... မင်းက သွေးမျိုးဆက် မိစ္ဆာတွေရဲ့ နောက်ကို လိုက်ခဲ့ပြီး အပြစ်မဲ့တဲ့ လူသား ထောင်ချီကို သတ်ဖြတ်ခဲ့တယ်... နောက်ပြီး သွေးမျိုးဆက်တွေ ဖမ်းဆီးထားတဲ့ အစေခံ တစ်ဝက်ကလည်း မင်းတို့ ဟော့စတန် မိသားစုဆီကပဲ ရောက်လာတာ... ငါတို့မှာ သက်သေတွေ အကုန်လုံး စုဆောင်းမိနေပြီ... ဟော့စတန် မိသားစုက လူသား မျိုးနွယ်ကို သစ္စာဖောက်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်... အဲဒီ အပြစ်အတွက် ပြန်ပြီး ပေးဆပ်ရမယ်”
ကိုလင်က ကြေညာလိုက်သည်။ သူသည် အပြာရောင် ကိုယ်ကြပ် အင်္ကျီကို ဝတ်ဆင်ထား၏။ သူသည် မြောက်ပိုင်းချုံး၏ လက်ကျန်တပည့် တစ်ယောက် ဖြစ်ကာ ဝိညာဥ် ပင်လယ် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“အတင့်ရဲလှချည်လား... ဟော့စတန် မိသားစုက ရာစုနှစ်နဲ့ချီ တည်ရှိခဲ့တဲ့ သမိုင်းဝင် မိသားစု တစ်ခုပဲ... မင်းတို့က ချန်းပေ့ရွှမ်းကို ပိုင်ဆိုင်ထားတာနဲ့ပဲ ကမ္ဘာကြီးရဲ့ တရားစီရင်သူ လိုလို ဟန်ဆောင် မနေနဲ့”
နေးဟော့စတန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အနက်ရောင် တောင်ဝှေး တစ်ခုကို ထုတ်ယူ လိုက်သည်။ သူက ထိုကြိမ်လုံးအား မြှောက်၍ လေထုအား ထိတွေ့လိုက်ရာ မရေမတွက်နိုင်သော လင်းနို့များမှာ ထွက်ပေါ်လာခဲ့လေသည်။ ထိုလင်းနို့များမှာ ဆူညံစွာ အော်မြည်ရင်း မြောက်ပိုင်းချုံး တိုက်ခိုက်ရေး သမားများထံ တိုးဝင် သွားခဲ့၏။
“ခုခံတဲ့လူတိုင်း သေရမယ်...”
ကိုလင်က အော်ဟစ်လိုက်၏။
“ဘုန်း...”
အချိန်ကိုက်ပင် အလွန်ကြီးမားသော လက်ကြီး တစ်ဖက်မှာ ကောင်းကင်မှ ကျဆင်းလာသည်။ ထိုလက်ကြီးသည် အနက်ရောင် လင်းနို့များနှင့် အတူ နေးဟော့စတန်ကိုပါ မြေကြီးအတွင်း နှစ်မြှုပ်ပစ်လိုက်၏။
“ရွှေ... ရွှေအမြုတေ အဆင့်...”
နေးဟော့စတန်မှာ မသေခင် ထိုစကား တစ်ခွန်းကိုသာ ရေရွတ်နိုင်ခဲ့လေသည်။
“ကျေးဇူးပါ အကြီးအကဲ...”
ကိုလင်က ကောင်းကင်သို့ မော့ရင်း ပြောလိုက်သည်။
“အင်း...”
ပျင်းရိလေးတွဲသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အရာရာမှာ ပြန်လည် ဆိတ်ငြိမ် သွားတော့၏။
သူကား မြောက်ပိုင်းချုံး၏ အပြင်စည်း အကြီးအကဲ တစ်ယောက် ဖြစ်သည်။ လုယန်ရွယ်သည် သူ့အား ကိုလင်တို့ အဖွဲ့နှင့် အတူ ကမ္ဘာ၏ အပြစ်သားများကို လိုက်လံ ရှင်းလင်းရန် တာဝန်ပေးအပ်ထားခဲ့ခြင်း ဖြစ်သည်။
“သွားပြီထင်တယ်...”
ကိုလင်က နဖူးထက်ရှိ ချွေးများကို သုတ်လိုက်သည်။ ထို့နောက် သူက လက်ထဲရှိ ဓားအား မြှောက်ကာ အော်ဟစ်လိုက်တော့သည်။
“ခြံဝန်းတစ်ခုလုံးကို ရှာကြဟေ့... အပြစ်ရှိတဲ့လူတွေ တစ်ယောက်မှ မလွတ်စေနဲ့”
***