← Chapters

အခြားကမ္ဘာမှ ကျင့်ကြံသူ

Vol. 12 Ch. 1106

အခြားကမ္ဘာမှ ကျင့်ကြံသူ

Vol. 12 Ch. 1106

မြောက်ပိုင်းချုံးသည် တရားဝင် ပြန်လည် ဖွင့်လှစ်ပြီးသည့်နောက် အလျှင်အမြန်ပင် ကမ္ဘာတစ်ခုလုံးသို့ စတင်ကာ နယ်ချဲ့လေသည်။ ‌ခြောက်လ အတွင်းမှာပင် သူတို့သည် ကမ္ဘာဂြိုဟ်၏ ကျင့်ကြံခြင်း လောက တစ်ဝက်လောက်ကို ထိန်းချုပ် လာနိုင်ခဲ့သည်။

မြောက်ပိုင်းချုံးသည် ချန်းဖန် ထားရစ်ခဲ့သော ကျင့်စဥ်များနှင့် ခွန်ရှုနယ်မြေမှ ကျင့်စဥ်များစွာကို ပိုင်ဆိုင်ထားသည်။ ထိုအရာများသည် အခြားဂိုဏ်းများကို အလွန်အမင်း ဆွဲဆောင်နေ၏။ ပထမ၌ ဂိုဏ်းငယ်လေးများ သာလျှင် ထိုဆွဲဆောင်မှု အောက်၌ ကျဆုံးခဲ့ကြသည်။ သို့သော်လည်း မကြာခင်မှာပင် ထိုက်ကျိဂိုဏ်း၊ ပါးကျီဂိုဏ်း စသည့် ဂိုဏ်းကြီးများပါ မြောက်ပိုင်းချုံး အတွင်း ဝင်‌ရောက်လာကြသည်။

မြောက်ပိုင်းချုံးသည် တစ်နေ့တခြား ပို၍ ကြီးမားလာနေခဲ့သည်။ သူတို့၏ အရှိန်အဝါသည် ဝူကျိဂိုဏ်းနှင့် တိုင်ချူ ဘုရားကျောင်းတို့ ထွန်းတောက်စဥ် အခါကထက်ပင် ပိုမို ပြင်းထန်လာနေခဲ့ပြီ ဖြစ်လေသည်။

“မေမေ... မြောက်ပိုင်းချုံးရဲ့  ဂျူနီယာ တပည့် ရွေးချယ်ပွဲကို သမီး ဝင်ပြိုင်ချင်တယ်”

မိန်းမငယ်လေး တစ်ယောက်က တီဗီ၌ လာနေသည့် မြောက်ပိုင်းချုံးဂိုဏ်း အခမ်းအနားကို ကြည့်ရင်း ပြောလိုက်သည်။

“‌ကောင်းတာပေါ့ သမီးရဲ့... သူတို့ရဲ့ တပည့်သာ ဖြစ်လာရင် အနာဂတ်မှာ သမီးက ဘီလျံနာကြီးတွေထက်တောင် ပိုပြီး အောင်မြင်မှာ သေချာတယ်”

ငယ်ရွယ်ချောမောသည့် မေမေက အပြုံးဖြင့် ဆိုလိုက်သည်။

အချိန်သည် စီးဆင်းနေ၏။ ချန်းဖန် မရှိတော့သည့်တိုင်‌ မြောက်ပိုင်းချုံးသည် ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။ အားရှို့နှင့် လုယန်ရွယ်တို့သည် မြောက်ပိုင်းချုံး၏ စည်းမျဥ်းများကို သေချာစွာ ချမှတ်ကြသည်။ ဂိုဏ်းအတွင်း၌ အဖွဲ့ဝင်များကို အဓိက အကြီးအကဲများ၊ အပြင်စည်းဂိုဏ်း အကြီးအကဲများ၊ အဓိက တပည့်များ၊ အပြင်စည်း တပည့်များနှင့် အလုပ်သင်များ ဟူ၍ ခွဲခြားထားသည်။

မြောက်ပိုင်းချုံး၏ အင်အားသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့သည် ယွင်ဝူတောင်ထိပ်၌ ဧရာမ မွန်းစတားကြီး အသွင် ရပ်တည်နေ၏။ ချူကျိုးမြို့မှာလည်း ကမ္ဘာတစ်ခုလုံး၏ အာရုံစိုက်ရာ ကျင့်ကြံခြင်း အထွတ်အမြတ်မြေ သဖွယ် ဖြစ်လာနေခဲ့လေသည်။

သို့သော်လည်း တစ်နေ့၌...

ဂြိုဟ်တု တစ်ခုသည် မြောက်အမေရိကသို့ ကျဆင်းသွားသည့် ကြယ်ပျံတစ်ဆင်း၏ ပုံရိပ်ကို ဖမ်းယူ ရရှိခဲ့၏။ မကြာခင်မှာပင် ထိုကြယ်ပျံမှာ ထျန်းလန်ဂြိုဟ်မှ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်သည် ဆိုသော ကောလဟာလများမှာ ပျံ့နှံ့ လာခဲ့သည်။ သူသည် တပည့်များနှင့် အတူ ကျယ်ပြန့်သော အာကာသကို ဖြတ်သန်း၍ ကမ္ဘာသို့ ခရီးနှင် လာခဲ့ခြင်း ဖြစ်သည်။

အန်ပို ဟု ခေါ်သော ထိုအခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူသည် အတော်အတန် ယဥ်ကျေးကာ ဖော်ရွေ၏။

“တစ်ချိန်တုန်းက အရှေ့ဂြိုဟ်ဟာ စွန့်ပစ်ခံဂြိုဟ်နယ်မြေ တစ်ခုလုံးမှာ ထျန်းဟောင်ဂြိုဟ်ရဲ့နောက် ဒုတိယမြောက် အင်အား အကြီးဆုံးဂြိုဟ် ဖြစ်ခဲ့တယ်... ဒီနေရာမှာ ခမ်းနားခြင်းတို့က ကိန်းဝပ်နေတယ်... ဒါကြောင့်ပဲ ကျုပ်က တပည့်တွေနဲ့ အတူ ဒီကို လေ့လာရေး ခရီးတစ်ခု ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပဲ”

မြောက်ပိုင်းချုံး၏ ကျင့်ကြံသူများသည် ကောင်းကင်အရှင် အန်ပို ရောက်ရှိလာခြင်းကို သတိထားစရာ အနေအထား တစ်ခု အဖြစ် ရှုမြင်ကြသည်။ ထိုအဘိုးကြီး၌ ရည်ရွယ်ချက်ကောင်း ရှိမရှိ မည်သူမျှ မသိကြချေ။ မြောက်ပိုင်းချုံး၏ အကြီးအကဲ အချို့ကမူ ကောင်းကင် ဂလက်စီ အစီအရင်ကို သုံး၍ ကောင်းကင်အရှင် အန်ပိုကို သတ်ဖြတ်ပစ်ရန် အကြုံပြုကြသည်။

သို့သော်လည်း အနောက်တိုင်း အင်အားစုများကမူ ‌ကောင်းကင်အရှင် အန်ပို ရောက်ရှိလာခြင်းကို ဝမ်းပမ်းတသာ ကြိုဆိုကြသည်။ လွန်ခဲ့သည့် ခြောက်လ အတွင်း၌ မြောက်ပိုင်းချုံး၏ လုပ်ဆောင်ချက်များမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ မဟာ အင်အားကြီး ငါးနိုင်ငံ ပင်လျှင် ထိုအတွက် အသက်ရှူ ကြပ်ကြရသည်။

အမေရိကန်၏ သမ္မတသည် ချက်ချင်းပင် ကောင်းကင်အရှင် အန်ပိုကို သွားရောက် တွေ့ဆုံ၏။ မကြာခင်မှာပင် များစွာသော လုပ်ငန်းစုများ၊ မိသားစုများ၊ ဂိုဏ်းများမှာလည်း တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်အရှင် အန်ပိုထံ သွားရောက်ကြသည်။ သူတို့ထဲမှ အချို့ဆိုလျှင် ကောင်းကင်အရှင် အန်ပို၏ တပည့်များပင် ဖြစ်လာကြသည်။

“ဒီကောင်းကင်အရှင်က ကမ္ဘာဂြိုဟ်နဲ့ ထျန်းလန်ဂြိုဟ် နှစ်ခုကြားမှာ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်ရှိလာခဲ့တာပဲ... သွေးဘိုးတို့လို ဂြိုဟ်သားတွေကြောင့် သူ့ရဲ့ ကြင်နာမှုကို ငါတို့ မငြင်းပယ်သင့်ဘူး... ငါတို့တွေက ကောင်းကင်အရှင်ချန်းကိုတောင် လက်ခံခဲ့သေးတာပဲ... ဘာလို့ ကောင်းကင်အရှင် အန်ပိုကို လက်မခံရမှာလဲ”

အနောက်တိုင်း မီဒီယာများ၏ အလေးပေး ဖော်ပြမှုများ အောက်၌ ကောင်းကင်အရှင် အန်ပိုသည် သဘောကောင်းသည့် ဂြိုဟ်သား ကျင့်ကြံသူ တစ်ယောက်အဖြစ် ကမ္ဘာတစ်ဝှမ်း ကျော်ကြားလာခဲ့သည်။ အန်ပိုသည် အလွန် ကြင်နာ၏။ သူသည် အခြား အခြေတည် ဝိညာဥ် အဆင့်များ ကဲ့သို့ မောက်မာခြင်း မရှိချေ။ သူသည် မြောက်အမေရိက၏ နိုင်ငံ အကြီးအကဲများနှင့် ပူးပေါင်းကာ တပည့်များကို စတင် လက်ခံသည်။ သူသည် ထျန်းလန်ဂြိုဟ်မှ ကျင့်စဥ်များကို သင်ကြား ပို့ချပေးရန် အတွက် ဂိုဏ်းတစ်ခု တည်ထောင်တော့မည် ဖြစ်ကြောင်းပင် ကြေညာသည်။

ထို့အပြင် ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့နေသည့် ကောလဟာလများလည်း ရှိပေသေးသည်။ ကောင်းကင်အရှင် အန်ပိုသည် သာမန် အခြေတည် ဝိညာဥ် အစောပိုင်း တစ်ယောက် မဟုတ်ချေ။ သူသည် ထိပ်ဆုံးအဆင့် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ဖြစ်ပေသည်။ ထို့အပြင် သူ၏ အကြီးဆုံး တပည့် သုံးယောက်မှာလည်း အခြေတည် ဝိညာဥ် အဆင့်များ ဖြစ်ကြပေသည်။

ထိုကောလဟာလများ ကြောင့်ပင် မရေမတွက်နိုင်သော လူများသည် ကောင်းကင်အရှင် အန်ပို၏ တပည့် ဖြစ်လိုသော ရည်ရွယ်ချက်ဖြင့် မြောက်အမေရိကသို့ တဖွဲဖွဲ ရောက်ရှိ လာခဲ့လေသည်။ ကောင်းကင်အရှင် အန်ပို၏ ဂုဏ်သတင်းသည် ချန်းဖန်ကိုပင် ကျော်လွန်လာ၏။ ကြီးမားသော ဂိုဏ်းကြီးတစ်ခုမှလည်း မြောက်အမေရိက၌ ပေါ်ပေါက်လာကာ မြောက်ပိုင်းချုံးအား ပခုံးချင်း ယှဥ်လာခဲ့လေသည်။

‌ကောင်းကင်အရှင် အန်ပို၏ တပည့် တစ်ယောက်က အင်တာဗျူးတွင် ဤကဲ့သို့ ပြော၏။

“ချန်းပေ့ရွှမ်း... ဟုတ်လား... တစ်ခါမှ မကြားဖူးဘူး... နောက်ပြီး သွေးဘိုးဘေး ဆိုတဲ့ကောင်ကလည်း သူတို့ ဂြိုဟ်မှာ အောက်ခြေ အဆင့်ပဲ ရှိတာလေ... သူ့ကို သတ်နိုင်တာက ကိစ္စကြီး တစ်ခု မဟုတ်ပါဘူး... ငါ့ဆရာ ဆိုရင် သွေးမျိုးဆက်ရဲ့ ထိပ်ဆုံး ဘိုးဘေး သုံးယောက်နဲ့တောင် ယှဥ်နိုင်စွမ်း ရှိတယ်”

ထိုစကားက ကမ္ဘာတစ်ခုလုံးကို ဂယက်ထ သွားစေ၏။ ကောင်းကင်အရှင် အန်ပိုကမူ သူ့တပည့်၏ စကားကို မည်သို့မျှ တုန့်ပြန်ခြင်း မပြုချေ။ သူသည် အပြုံးမပျက်ပင် ဆိတ်ငြိမ်နေဆဲ ဖြစ်သည်။

သူ၏ တတိယ တပည့် ကောင်းကင်အရှင် ရှင်းဟူက...

“ချန်းပေ့ရွှမ်းသာ ဒီမှာ ရှိနေရင် ဂျူနီယာ တစ်ယောက် အနေနဲ့ ဆရာ့ဆီ လာရောက်ပြီး ဂါရဝ ပြုသင့်တယ်... ဆရာက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးမှာတောင် ကျော်ကြားနေတဲ့သူ... ချန်းပေ့ရွှမ်းလို ဂျူနီယာ တစ်ယောက်က ဒီလောက် မရိုင်းစိုင်းသင့်ဘူး”

ဒုတိယ တပည့် ကောင်းကင်အရှင် ရွှမ်လုံကလည်...

“ဟုတ်တယ်... ငါတို့ ဘယ်ဂြိုဟ်ကို သွားသွား အဲဒီဂြိုဟ်တွေမှာ ရှိတဲ့ အခြေတည် ဝိညာဥ် အဆင့် အားလုံးက ဆရာ့ကို လာရောက်ပြီး တွေ့ဆုံကြတယ်... စီနီယာကို လေးစားရမှာက အစဥ်အလာပဲ... ချန်းပေ့ရွှမ်း အနေနဲ့ အဲဒီ အစဥ်အလားကို မချိုးဖောက်သင့်ဘူး”

ကောင်းကင်အရှင် အန်ပိုသည် တာအို ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည်။ သူသည် အဖြူရောင် ဆံပင်ရှည်များနှင့် မုတ်ဆိတ်ရှည်များကို ပိုင်ဆိုင်ထားသည်။ သူ၏ ပုံစံသည် သာမန် ကျင့်ကြံသူ တစ်ယောက် အစား သူတော်စင် တစ်ပါးနှင့်ပင် အလား သဏ္ဌာန်တူ၏။ သူသည် အမြဲ ဆိတ်ငြိမ်ကာ မုတ်ဆိတ်ရှည်များကိုသာ သပ်နေတတ်ပေသည်။ သို့သော်လည်း သူ၏ တပည့်များမှာမူ ချန်းဖန်နှင့် မြောက်ပိုင်းချုံးတို့ကို မကျေမနပ် ဖြစ်နေကြလေသည်။

များစွာသော လူများမှာ ထိုပေါက်ကွဲမှုကို နားလည်ကြပေသည်။ ကောင်းကင်အရှင် အန်ပိုသည် အလွန် အစွမ်းထက်သည်။ သို့တိုင်အောင် သူသည် ရိုင်းစိုင်းခြင်း မရှိပဲ ကမ္ဘာနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်သာ လိုလားသည်။ သူကား သွေးဘိုးဘေးများနှင့် လားလားမျှ မတူချေ။ သို့တိုင်အောင် ချန်းပေ့ရွှမ်း၏ လုပ်ရပ်မှာမူ အကျည်းတန်လွန်းလှသည်။

“ကောင်းကင်အရှင် အန်ပိုက ကမ္ဘာကို ရောက်ဖို့ ခရီးရှည် တစ်ခုနှင်ပြီးခဲ့ရတာ... ကမ္ဘာကို ကိုယ်စားပြုတဲ့ အုပ်ချုပ်သူ တစ်ယောက် အနေနဲ့ ချန်းပေ့ရွှမ်းဟာ ကောင်းကင်အရှင် အန်ပိုကို ဧည့်ဝတ် ကျေပြွန်သင့်တယ်... မဟုတ်ရင် အဲဒါက ရိုင်းစိုင်းရာ ကျသွားပြီ”

“ဟုတ်တယ်... ကောင်းကင်အရှင်ချန်း ထွက်လာသင့်နေပြီ”

“မြောက်ပိုင်းချုံးဂိုဏ်း... ကောင်းကင်အရှင်ချန်းကို ထွက်လာခိုင်းလိုက်...”

မြောက်ပိုင်းချုံးကား ချက်ချင်းပင် တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှု အောက်သို့ ကျရောက် သွားခဲ့ပြီ ဖြစ်လေသည်။ များစွာသော လူများမှာ တူညီသော အတွေးများကို ပိုင်ဆိုင် ထားကြ၏။ တရုတ်၏ နိုင်ငံ၏ အကြီးအကဲများ ပင်လျှင် မြောက်ပိုင်းချုံး၏ လုပ်ရပ်အတွက် စိတ်ပျက်နေကြလေသည်။

ထိုအချိန် ယွင်ဝူတောင်ထိပ်၌...

“ငါတို့ ကောင်းကင် ဂလက်စီ ဓားအစီအရင်ကို ဖွင့်ပြီး အဲဒီ အန်ပိုကို သတ်ပစ်လိုက်သင့်လား... ငါတော့ သူ့မှာ ရည်ရွယ်ချက်ကောင်း ရှိမယ်လို့ မထင်ဘူး”

“ဆရာက နတ်ဘုရား ကုန်းမြေကို မဝင်ခင် ကောင်းကင် ဂလက်စီ အစီအရင်ကို လက်လွတ်စပယ် မသုံးဖို့ မှာထားခဲ့တယ်... အဲဒါက မြောက်ပိုင်းချုံးရဲ့ အုတ်မြစ်ပဲ မဟုတ်ဘူးလား... နောက်ပြီး ငါတို့ အဲဒါကို မြောက်အမေရိကဆီ ယူသွားပြီး ကောင်းကင်အရှင် အန်ပိုကို သတ်မယ် ထားဦးတော့... ချူကျိုးမှာ ရှိတဲ့ ငါတို့ရဲ့ ခံစစ်က အားနည်း သွားလိမ့်မယ်... တကယ်လို့ အဲဒီ အချိန် တစ်ယောက်ယောက်က မြောက်ပိုင်းချုံးကို တိုက်ခိုက်လာရင် ဘယ်လိုလုပ်မှာလဲ”

အကြီးအကဲများမှာ ဆွေးနွေးနေကြသည်။ အန်တီထန်သည် မြောက်ပိုင်းချုံး အစည်းအဝေး ခန်းမ အတွင်း၌ အဖွဲ့နှစ်ဖွဲ့ ကွဲနေကြောင်း တွေ့မြင်နေရ၏။ တစ်ဖွဲ့မှာ အားရှို့ ခေါင်းဆောင်သည့် မြောက်ပိုင်းချုံး မူလ အဖွဲ့ဝင်များ ဖြစ်ကာ အခြား တစ်ဖွဲ့မှာမူ လုယန်ရွယ် ခေါင်းဆောင်သည့် ခွန်ရှုနယ်မြေသားများ ဖြစ်လေသည်။

သံသယရှိစရာ မလိုအောင်ပင် လုယန်ရွယ်၏ အဖွဲ့မှာ ပိုမို အင်အား ကောင်းလှသည်။ ထိုအထဲ၌ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ပါဝင်နေသည့် အပြင် ချန်းဖန် ကိုယ်တိုင် သင်ပြပေးထားသည့် ချီရှို့အာ ကဲ့သို့သော တပည့်များပါ ပါဝင်နေသည်။

သို့သော်လည်း အားရှို့မှာ ကောင်းကင် ဂလက်စီ အစီအရင်ကို ထိန်းချုပ်ထားသူ ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူမမှာလည် သိပ်အားမနည်းလှချေ။

ထိုအဖွဲ့ နှစ်ခုသည် အချင်းချင်း ပြိုင်ဆိုင်လေ့ ရှိသော်လည်း အချိန် အများစုဝင်မူ အတူတကွ ပူးပေါင်း ဆောင်ရွက်လေ့ ရှိသည်။ အထူးသဖြင့် ယခုကဲ့သို့ မြောက်ပိုင်းချုံး၏ တည်ရှိမှုကို ခြိမ်းခြောက်ခံရသည့် အချိန်မျိုး၌ သူတို့သည် တစ်သွေးတစ်သားထဲ အဖြစ် စည်းလုံးကြပေသည်။

“ကောင်းကင် ဂလက်စီ အစီအရင်က အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်ကို သတ်နိုင်တယ်လို့ ဆရာက ပြောဖူးတယ်... ဒီတော့ ကောင်းကင်အရှင် အန်ပိုကိုလည်း ကျိန်းသေ သတ်နိုင်မှာပဲ... ဒါပေမဲ့ သူ့ကို သွားသတ် နေရင် ယွင်ဝူတောင်ရဲ့ ခံစစ်က အားနည်း သွားလိမ့်မယ်... အဲဒီ အခါ အခွင့်ကောင်းကို စောင့်နေတဲ့ ငါတို့ရဲ့ ရန်သူတွေ အခွင့်အရေး ရသွားလိမ့်မယ်”

အားရှို့က ပြောသည်။

“ဟုတ်တယ်... နောက်ပြီး ကောင်းကင်အရှင် အန်ပိုက လိမ္မာ ပါးနပ်တဲ့ မြေခွေးအို တစ်ယောက်ပဲ... ကောင်းကင်အရှင်ချန်း ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မသိရ မချင်း ယွင်ဝူတောင်ကို လာရဲမယ် မထင်ဘူး... သူ ချူကျိုးကို မလာမချင်း ငါတို့ သူ့ကို လွှတ်ထားပေးကြတာပေါ့”

လုယန်ရွယ်ကလည်း ခေါင်းညိတ် လိုက်၏။ ဤသို့ဖြင့် နောက်ဆုံး၌ မြောက်ပိုင်းချုံးသည် လက်လျှော့ကာ ဆိတ်ဆိတ် နေရန်သာ ရွေးချယ်လိုက်တော့သည်။

***

All Chapters