ချန်းပေ့ရွှမ်း ထွက်လာမလား သေမလား
Vol. 12 Ch. 1107
မြောက်ပိုင်းချုံးနှင့် ချန်းဖန်၏ အမာခံ ပရိသတ်များမှာ ထိုဆုံးဖြတ်ချက် အတွက် စိတ်ပျက် လက်ပျက် ဖြစ်နေကြသည်။
“မြောက်ပိုင်းချုံးက ဘာတွေ လုပ်နေတာလဲ... သူတို့က အခြား ဂြိုဟ်က လာတဲ့ လူတွေကို ဒီအတိုင်း ရိုင်းစိုင်းခွင့် ပြုထားတော့မှာလား”
“ကောင်းကင်အရှင်ချန်းက ကမ္ဘာရဲ့ ဗဟိုမှာ ပိတ်မိနေတယ် ဆိုတဲ့ ကောလဟာလတွေက မှန်နေတာများလား... ဒါမှမဟုတ် သူက တကယ်ပဲ ကောင်းကင်အရှင် အန်ပိုကို တွေ့ဖို့ ကြောက်နေတာလား”
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့... ကောင်းကင်အရှင်ချန်းက အခုမှ ရွှေအမြုတေ အဆင့်မှာပဲ ရှိနေသေးတာလေ... ကောင်းကင်အရှင် အန်ပိုကတော့ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်ကိုတောင် ရောက်နေပြီ... ကောင်းကင်အရှင်ချန်း ကြောက်တယ် ဆိုရင်တောင် ဒါက ပုံမှန် အဖြစ်အပျက်ပဲလေ”
ဆွေးနွေး ငြင်းခုန်မှုများသည် အင်တာနက်နှင့် စီအိုင်အေ မြေအောက် ဖိုရမ်တို့၌ ပြည့်နှက် နေ၏။ ပုံမှန်အားဖြင့် ပေါ်လာလေ့ မရှိသော လူများသည် မြောက်ပိုင်းချုံးကို ထိုးနှက်နေကြကာ ချန်းဖန်၏ ပရိတ်သတ်များမှာလည်း ခုခံရေး ကီးဘုတ် စစ်ပွဲများ ဆင်နွှဲနေကြသည်။
“ဟမ့်... ကောင်းကင်အရှင်ချန်းက သူဘယ်သွားမယ် ဆိုတာ ဘာလို့ မင်းတို့လို သစ္စာဖောက်တွေကို ပြောပြရမှာလဲ”
“ကောင်းကင်အရှင်ချန်းက သူ့ဘဝ တစ်လျှောက်လုံး ပြိုင်ဘက်ကင်းခဲ့တာ... မာယာ စစ်သင်္ဘောနဲ့ သွေးဘိုးဘေးတို့ကို ရင်ဆိုင်တုန်းကတောင် သူက နောက်ဆုတ်ခဲ့တာ မဟုတ်ဘူး... သူက အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို ဘာကိစ္စ ကြောက်နေရမှာလဲ”
“ငါထင်တာ မမှားရင် ကောင်းကင်အရှင်ချန်းက တံခါးပိတ်ပြီး အခြေတည် ဝိညာဥ် အဆင့်ကို ချိုးဖျက် နေတာပဲ ဖြစ်ရမယ်”
ကျူးရှောင်ချီ ဟူသည့် ID ပိုင်ရှင်သည် ကီးဘုတ် တိုက်ပွဲကို ရှေ့တန်းမှ ဦးဆောင်နေသည်။ သူမသည် လျှို့ဝှက်ချက် အမြောက်အများကို သိထားဟန်ရ၏။ သူမ၏ ထိရောက် ပြတ်သားသည့် ထိုးနှက်ချက် တစ်ခုစီတိုင်းမှာ hater များကို နောက်တွန့် သွားစေရန် လုံလောက်နေခဲ့လေသည်။
အားလုံး မျှော်လင့်ထားသည့် အတိုင်းပင် ရက်အနည်းငယ် အကြာ၌ ကောင်းကင်အရှင် အန်ပိုသည် မြောက်ပိုင်းချုံးကို ပထမဆုံး အကြိမ် ဆက်သွယ်လာ၏။
“ကောင်းကင်အရှင်ချန်းက အရှေ့ဂြိုဟ်မှာ ပြိုင်ဘက်ကင်း ပါရမီရှင်လို့ ကျုပ်ကြားဖူးတယ်... သူက ရွှေအမြုတေ အဆင့်နဲ့တောင် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို သတ်နိုင်ခဲ့တယ် တဲ့... ဒီတော့ ကျုပ်အနေနဲ့ ကောင်းကင်အရှင်ချန်းကို တွေ့ချင်စိတ် ထိန်းမရအောင် ဖြစ်ပေါ်လာတယ်လေ”
ထျန်းလန်ဂြိုဟ်ကို ကိုယ်စားပြုသည့် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် တစ်ယောက် အနေဖြင့် ကောင်းကင်အရှင် အန်ပို၏ စကားလုံးတိုင်းမှာ အလွန် အရေးကြီးလှသည်။ မြောက်ပိုင်းချုံး ပင်လျှင် သူ၏ စကားကို မလျစ်လျူရဲချေ။
“ဆရာက တစ်နေရာရာကို ကျင့်ကြံဖို့ ထွက်သွားပါတယ်... ခုချိန်မှာ သူ့ကို တွေ့ဖို့ မဖြစ်နိုင်သေးပါဘူး”
အားရှို့က ပြောသည်။
“သူ ဘယ်ကို သွားတာပါလဲ”
ကောင်းကင်အရှင် အန်ပိုက မေးလိုက်၏။
“ကျွန်မလည်း သေချာမသိဘူး”
အားရှို့က ဖြေသည်။
“သူ ဘယ်တော့ ပြန်လာမှာလဲ”
ကောင်းကင်အရှင် အန်ပိုက ထပ်မေးသည်။
“အဲဒါလည်း ကျွန်မ မသိဘူး”
အားရှို့က ခေါင်းခါလိုက်သည်။
ကောင်းကင်အရှင် အန်ပိုမှာ ဖော်ရွေကာ စိတ်ရှည်သလောက် သူ၏ တပည့်များမှာမူ ဒေါသထွက် နေကြပြီ ဖြစ်လေသည်။
“နင်က ဘာမှလည်း မသိပါဘူး... ဟမ့်... ချန်းပေ့ရွှမ်းက လူကြောက် တစ်ယောက်ပဲ နေမယ်... ငါက ငါ့ဆရာကို ကြောက်လို့ ပုန်းနေတာ... ဒီအရှေ့ဂြိုဟ်မှ ပြန်ပြီး အသက်ဝင်လာတယ်သာ ဆိုတယ်... ရှိသမျှ လူတိုင်းက အကုန် ပုရွက်ဆိတ်တွေချည်းပဲ”
သူ၏ စကားက မြောက်ပိုင်းချုံး တစ်ခုလုံးကို ဒေါသထွက် သွားစေ၏။ အားရှို့ ပင်လျှင် မျက်လုံးများ ကျဥ်းမြောင်း သွားခဲ့သည်။
“ပါးစပ်ပိတ်ထား ရှင်းဟူ... မရိုင်းစမ်းနဲ့”
ကောင်းကင်အရှင် အန်ပိုက သူ၏ တပည့်အား တာဆီးလိုက်၏။ ထို့နောက် သူက တည်ငြိမ်စွာပင် ဆက်ပြော လိုက်သည်။
“ကောင်းကင်အရှင်ချန်း လတ်တလော မရှိဘူး ဆိုရင်လည်း ကျုပ်က စောင့်ဖို့ စိတ်မရှိပါဘူး”
ကောင်းကင်အရှင် အန်ပို၏ ယဥ်ကျေးသော အပြုအမူကြောင့် မြောက်ပိုင်းချုံးမှာလည်း ထိုကိစ္စကို ဘာမှ ထပ်မပြောတော့ချေ။ သို့သော်လည်း ထိုပြေလည်မှုကား အပေါ်ယံမျှသာ ဖြစ်ပေသည်။ အဖွဲ့အစည်း နှစ်ခု အကြားတွင် တင်းမာမှု တစ်ခုမှာ တရိပ်ရိပ်ဖြင့် မြင့်တက်လာနေခဲ့လေသည်။
နောက်ရက်ပိုင်း အတွင်းမှာပင် ကမ္ဘာသို့ အခြား ကျင့်ကြံသူ အုပ်စု တစ်ခု ရောက်ရှိ လာခဲ့ပြန်၏။ သူတို့သည် ကမ္ဘာနှင့် နီးကပ်သည့် လေ့လာရေးဂြိုဟ်ဟု ခေါ်သော ဂြိုဟ်တစ်ခုမှ ဖြစ်လေသည်။ သူတို့၏ ခေါင်းဆောင်သည် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်ကာ ရှားရုန် ဟု အမည်ရသည်။
ကောင်းကင်အရှင် ရှားရုန်၏ ရောက်ရှိလာမှုမှာ အစမျှသာ ဖြစ်ပေသည်။
တစ်လ အတွင်းမှာပင် ပိုမို များပြားသော ကျင့်ကြံသူ အုပ်စုများမှာ အာကာသထဲမှ နေ၍ ကမ္ဘာသို့ ရောက်ရှိ လာခဲ့ကြပြန်သည်။ ထိုကျင့်ကြံသူ အုပ်စုများမှာ ဟိုဆန်ဂြိုဟ်၊ ရန်ကူးဂြိုဟ်နှင့် ဂြိုဟ်ပြာတို့ အပါအဝင် ကမ္ဘာနှင့် နီးကပ်သည့် ဂြိုဟ်များမှ ဖြစ်ပေသည်။ သူတို့သည် အရှေ့ ဥရောပ၊ အရှေ့ အလယ်ပိုင်း၊ တောင်အမေရိက၊ အရှေ့တောင် အာရှ စသည်ဖြင့် ကမ္ဘာအနှံ့ ဖြန့်ကျက်ကာ နေရာ ယူကြ၏။
အထူးသဖြင့် ရွှေရောင်ကလန် ရောက်ရှိလာသော အခါ၌ ကမ္ဘာ တစ်ခုလုံးမှာ အံ့အားသင့် သွားကြလေသည်။
“ရွှေရောင်ကလန် ဟုတ်လား... အဲဒါက ချန်းပေ့ရွှမ်း ရှင်းပစ်လိုက်တဲ့ အမှောင်မျိုးနွယ် ရှစ်ခုထဲက တစ်ခုမလား...”
“အမှန်ပဲ... ခုတစ်ခါ ရောက်လာတဲ့ အုပ်စုမှာက အခြေတည် ဝိညာဥ် အဆင့် သုံးယောက်တောင် ပါတယ် တဲ့”
“မြောက်ပိုင်းချုံးတော့ ဒုက္ခရောက်ပြီ ထင်တယ်”
မရေမတွက်နိုင်သော လူများမှာ အင်တာနက်ပေါ်တွင် ဆွေးနွေး နေကြသည်။
အခြားဂြိုဟ်များမှ ကျင့်ကြံသူများမှာ ကိစ္စ သိပ်မရှိသော်လည်း ရွှေရောင် ကလန်မှာမူ ခြားနားလေသည်။ ချန်းပေ့ရွှမ်းနှင့် ရွှေရောင်ကလန် အကြားရှိ ပြဿနာမှာ ပေါ့သေးသေး မဟုတ်လှချေ။ ချန်းပေ့ရွှမ်းကား တောင်အမေရိက အခြေစိုက် ရွှေရောင်ကလန် တစ်ခုလုံးကို အမြစ်ပင် မကျန်အောင် ဖျက်ဆီး ပစ်ခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့် အတိုင်းပင် ရွှေရောင် ကလန် ဘိုးဘေးသည် ရောက်ရှိပြီး နောက်တစ်နေ့၌ ဤကဲ့သို့ ကြေညာလေ၏။
“ချန်းပေ့ရွှမ်း... ထွက်လာမလား... သေမလား”
***
“ရွှေရောင်ကလန် ဘိုးဘေးက တကယ်ပဲ အဲဒီလို ပြောတာလား”
“ဟုတ်တယ်... တောင်အမေရိက အခြေစိုက် မြောက်ပိုင်းချုံးရဲ့ ဂိုဏ်းခွဲတွေတောင် ရွှေရောင် ကလန်ရဲ့ လက်စာ မိသွားပြီ... ငါကြားတာတော့ ရွှေရောင်ကလန် ဘိုးဘေးက ယွင်ဝူတောင်ကို သွားပြီး မြောက်ပိုင်းချုံးနဲ့ စာရင်းရှင်းမယ်တဲ့”
“မြောက်ပိုင်းချုံးတော့ သွားပြီ ထင်တယ်”
လူအချို့မှာ မြောက်ပိုင်းချုံး အတွက် စိတ်မကောင်း ဖြစ်နေကြသည်။ အချို့မှာလည်း ကျေနပ် ဝမ်းသာ နေကြ၏။ အချို့ကမူ ထိုအရာကို ဒရမ်မာ ဇာတ်လမ်း တစ်ပုဒ်အလား အရသာခံကာ ကြည့်နေခဲ့ကြလေသည်။
ဟိုဆန်ဂြိုဟ်၊ ရန်ကူးဂြိုဟ်နှင့် ဂြိုဟ်ပြာတို့မှ ကျင့်ကြံသူများသည် ရောက်လျှင် ရောက်ချင်းပင် ကောင်းကင်အရှင် အန်ပိုထံသို့ သွားရောက်ကာ ဂါရဝပြုကြသည်။ သူတို့သည် သူတို့ကိုယ် သူတို့ ဂျူနီယာလေးများ ဟု သမုတ်ကာ ကောင်းကင်အရှင် အန်ပိုကို လေးစားသမှု ပြုကြသည်။ အလွန်တရာ မောက်မာလှသော ရွှေရောင် ကလန် ဘိုးဘေး ပင်လျှင် ကောင်းကင်အရှင် အန်ပို၏ ရှေ့မှောက်၌ မရိုင်းစိုင်းရဲချေ။
ထိုအချင်းအရာကို ကြည့်၍ ကောင်းကင်အရှင် အန်ပိုမှာ အာကာသထဲတွင်ပင် ထင်ရှား ကျော်ကြားသော လူတစ်ယောက်ဟု လူအများမှာ လက်ခံ လာကြသည်။ အချို့က ဆိုလျှင် ကောင်းကင်အရှင်မှာ ဝိညာဥ် ဖြစ်တည်ခြင်း တစ်ပိုင်း ဟုပင် ပြောဆိုကြလေသည်။
အန်ပို၏ တပည့် တစ်ယောက်က နှာခေါင်းရှုံ့၏။
“ဟမ့်... ငါ့ဆရာက အရမ်း အစွမ်းထက်တယ်လို့ ငါ အစောတည်းက ပြောသားပဲ... ဒါပေမဲ့ ချန်းပေ့ရွှမ်း ဆိုတဲ့ ရွှေအမြုတေ အဆင့်ကတော့ ငါ့ဆရာဆီကို လာရောက် ဂါရဝပြုဖို့ ငြင်းဆိုခဲ့တယ်လေ”
အခြားဂြိုဟ်များမှ ကျင့်ကြံသူများမှာ ထိုအကြောင်းအရာကို ကြားကြရာ ဒေါသများ ထွက်ကုန်ကြသည်။ ရွှေရောင် ကလန် ဆိုလျှင် မြောက်ပိုင်းချုံး ဂိုဏ်းကို စစ်ပင် ကြေညာနေခဲ့ပြီ ဖြစ်လေသည်။
တစ်ည၌...
“ဘုန်း...”
တစ်ဧကခန့် ကြီးမားသည့် ရွှေရောင် လက်ကြီး တစ်ခုသည် ချူကျိုးမြို့ထက်၌ ပေါ်လာကာ ယွင်ဝူတောင်ထိပ်သို့ ဆင်းသက်လာလေသည်။ ထိုလက်ကြီးသည် မြေပြင်နှင့် မီတာတစ်သောင်းခန့် ဝေးကွာနေဆဲ ဖြစ်သည့်တိုင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားမှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။ ရန်ကွေ့ ရေကန်ထဲရှိ ရေများသည် ကြီးမားသော ဖိအားအောက်၌ ဘောင်ဘတ်ခတ်နေ၏။ များစွာသော သာမန်လူများနှင့် အဆင့်နိမ့် ကျင့်ကြံသူများ ဆိုလျှင် မြေပြင်ထက်၌ ဒူးပင် ထောက်နေခဲ့ရပြီ ဖြစ်လေသည်။
“အဲဒါက အခြေတည် ဝိညာဥ် အဆင့်ပဲ... ရွှေရောင်ကလန် ဘိုးဘေးက စပြီး တိုက်ခိုက်နေပြီဟေ့”
ချူကျိုးမြို့ထဲရှိ လူများကား ဒူးများ တဆတ်ဆတ် တုန်သည် အထိ ကြောက်လန့် နေကြပြီ ဖြစ်သည်။
“ကလန့်...”
ယွင်ဝူတောင်ထိပ်၌ အားရှို့သည် ဓားကျိုး တစ်ချောင်းကို ကိုင်ကာ ရပ်နေခဲ့၏။ သူမသည် ကောင်းကင်သို့ အေးစက်စွာ မော့ကြည့်ရင်း လက်ထဲရှိ ဓားအား ခုတ်ထစ်လိုက်သည်။ အလင်း တစ်ခုမှာ စူးရှစွာ တောက်ပလာကာ ထက်ရှသော ဓားအော်ရာ တစ်ခုမှာ ဖြာထွက်သွား၏။
“အား...”
အသည်းခိုက်အောင် နာကျင်သော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော သွေးစက်များမှာ မိုးများသဖွယ် ကောင်းကင်တွင် ရွာသွန်းလာသည်။
“မြောက်ပိုင်းချုံးဂိုဏ်း... ငါမင်းတို့ကို ရအောင် ဖျက်ဆီးမယ်ကွ”
အားရှို့မှာ မည်သို့မျှ ပြန်ပြောခြင်း မပြုချေ။ သူမက လက်ထဲရှိ ဓားကျိုးကိုသာ လွှဲယမ်းကာ နောက်တစ်ကြိမ် ခုတ်ထစ်လိုက်သည်။
“ကလန့်...”
ငွေရောင် ဓားချီသည် ကောင်းကင်တွင် လင်းလက်သွား၏။ ၎င်းသည် မိုင်ပေါင်း ဒါဇင်ချီ အတွင်းရှိ အရာ အားလုံးကို ထက်ပိုင်းပိုင်းဖြတ် သွားသည်။
“အား...”
ဒုတိယ အကြိမ် အော်ဟစ်သံနှင့် အတူ ပေပေါင်းများစွာ ကြီးမားသော ရွှေရောင် လက်ပြတ်ကြီး တစ်ခုမှာ ကောင်းကင်မှ ပြုတ်ကျလာသည်။ ထိုလက်ပြတ်ကြီးသည် မြေပြင်သို့ ကျလေရာ ချောက်နက်ကြီး တစ်ခုပင် ဖြစ်ပေါ်လာ၏။
ယခုတစ်ကြိမ်တွင်မူ ရွှေရောင်ကလန် ဘိုးဘေးမှာ ဆက်လက် တိုက်ခိုက်ရဲခြင်း မရှိတော့ချေ။ သူက အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ အရှေ့ အရပ်သို့ ထွက်ပြေးသွားလေတော့သည်။
***