← Chapters

အန်ပို၏ ဝင်ရောက် စွက်ဖက်မှု

Vol. 12 Ch. 1108

အန်ပို၏ ဝင်ရောက် စွက်ဖက်မှု

Vol. 12 Ch. 1108

ယွင်ဝူတောင်ထိပ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းသည် လျှင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။ ကမ္ဘာ တစ်ခုလုံးသည် အံ့အားသင့် သွားခဲ့၏။

‌ရွှေရောင် ကလန် ဘိုးဘေးသည် မြောက်ပိုင်းချုံးကို တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသည်။ အချို့စကားများ အရ ဆိုလျှင် သူသည် ဒဏ်ရာ အကြီးအကျယ်ရကာ လက်တစ်ဖက်ပင် ဖြတ်ခံခဲ့ရလေသည်။

“မြောက်ပိုင်းချုံးရဲ့ ဓားအစီအရင်က အရမ်း အစွမ်းထက်တယ်... မိန်းမငယ်လေး တစ်ယောက် ထိန်းချုပ် ထားတာတောင် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို သတ်နိုင်နေတုန်းပဲ”

တစ်ယောက်က ထိတ်လန့်စွာ ဆို၏။

“ငါတို့ မြောက်ပိုင်းချုံးဂိုဏ်းကို အထင်သေးခဲ့မိတာပဲ... အဲဒီ ခုတ်ချက် နှစ်ခုကို ယူဆရရင် အဲဒီ အစီအရင်က ထိပ်ဆုံး အဆင့် ကောင်းကင်အစီအရင်နဲ့တောင် နှိုင်းယှဥ်နိုငနေပြီ... အဲဒါက နတ်ဘုရားတစ်ပိုင်း အစီအရင်တောင် ဖြစ်နိုင်ချေ ရှိတယ်”

လေ့လာရေးဂြိုဟ်၏ ကောင်းကင်အရှင် ရှားရုန်ကလည်း ပြောသည်။

“အဲဒါက ဓားအစီအရင် တစ်ခုပဲလေ... အစီအရင် ဆိုတာက နယ်မြေ တစ်ခုကိုပဲ ကာကွယ်ပေးနိုင်တာ... ယွင်ဝူတောင် အပြင်ဘက်မှာ ဆိုရင် ဘာမှ အသုံးကျမှာ မဟုတ်ဘူး”

အခြားလူများက နှာခေါင်းရှုံ့ လိုက်၏။

မျှော်လင့်ထားသည့် အတိုင်း မကြာခင်မှာပင် အရှေ့တောင် အာရှ အခြေစိုက် မြောက်ပိုင်းချုံး ဂိုဏ်းခွဲ တစ်ခုမှာ ရှင်းလင်း ခံလိုက်ရသည်။ မြောက်ပိုင်းချုံးသည် ကမ္ဘာတစ်ဝှမ်း၌ ရှိနေသည့် သူတို့၏ အဖွဲ့ဝင်များကို ပြန်လည် စုစည်းနေသည့်တိုင် အချိန်မှာ နည်းပါးလွန်းလှသည်။ သို့ဖြစ်ရာ ကမ္ဘာ အနှံ့အပြား၌ သူတို့၏ တပည့်များစွာမှာ ကျန်ရှိနေဆဲ ဖြစ်သည်။

“ဘုန်း...”

ရွှေအမြုတေ ထိပ်ဆုံး အဆင့် တစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုသည် နျူကလိယ လက်နက်နှင့်ပင် နှိုင်းယှဥ်နိုင်၏။ ၎င်းသည် တောင်တစ်လုံးကို ဖျက်ဆီးကာ အတွင်းရှိ မြောက်ပိုင်းချုံး၏ တပည့် ရာချီကို သတ်ဖြတ် ပစ်လိုက်သည်။

“ဟမ့်... မြောက်ပိုင်းချုံးက ဒီလောက်ပဲလားကွ... ဟားဟား... ပုရွက်ဆိတ်တွေပဲ”

အနက်ရောင်မြူများ ဝန်းရံနေသည့် ကျင့်ကြံသူ တစ်ယောက်က အော်ဟစ် ရယ်မောလိုက်သည်။

မကြာခင်မှာပင် ဂျပန်၊ မြန်မာ၊ ကိုရီးယား၊ သြစတေးလျနှင့် အရှေ့တောင် အာရှမှ မြောက်ပိုင်းချုံး ဂိုဏ်းခွဲများမှာ တစ်ခုပြီး တစ်ခု ဖျက်ဆီးခံလိုက်ရပြန်သည်။ လွန်ခဲ့သည့် ခြောက်လအတွင်း မြောက်ပိုင်းချုံးဂိုဏ်း တည်ဆောက်ထားသည့် ဂိုဏ်းခွဲ အားလုံးမှာ ရန်သူများ၏ ပစ်မှတ်ထားခြင်းကို ခံရ၏။ မရေမတွက်နိုင်သော တပည့်များ၊ အပြစ်မဲ့လူများမှာ စက္ကန့်နှင့် အမျှ သတ်ဖြတ်ခံနေရလေသည်။

တိုက်ခိုက်သူများသည် မြောက်ပိုင်းချုံးဂိုဏ်း၏ တပည့် ဟုတ်၊ မဟုတ် စိတ်ဝင်စားခြင်း မရှိချေ။ သူတို့သည် မြောက်ပိုင်းချုံး အခြေစိုက်ရာ မြို့တိုင်းကို မြို့လုံးကျွတ် ရှင်းလင်းပစ်သည်။ သူတို့၏ အမြင်၌ လူသား အားလုံးမှာ စက်ဆုပ်စရာ ကောင်းသည့် ပုရွက်ဆိတ်များသာလျှင် ဖြစ်ပေသည်။

...

အရှေ့ပင်လယ်၊ အိုကီနာဝါ...

ရွှေရောင်အလင်းများ ဝန်းရံနေသည့် ကျင့်ကြံသူ တစ်ယောက်သည် ကောင်းကင်၌ ရပ်ရင်း ပေတစ်ရာ ကြီးမားသော လက်ကြီး တစ်ခုကို ဖန်တီးလိုက်၏။ ထို့နောက် သူက ထိုလက်ကြီးကို သုံးကာ မြို့တော် အလယ်ရှိ မြောက်ပိုင်းချုံး မျှော်စင်ကို ရိုက်ချလိုက်သည်။

“ပုရွက်ဆိတ်တွေ... မင်းတို့ အပြစ်တင်ချင်ရင် ချန်းပေ့ရွှမ်းကိုပဲ တင်ကြ... သူ့အနေနဲ့ ရွှေရောင်ကလန်ကို မဆန့်ကျင်ခင် ကတည်းက ဒီလို အဖြစ်အပျက်မျိုး ဖြစ်လာမယ် ဆိုတာ သိသင့်တယ်”

ရွှေရောင်လက်ကြီ မြောက်ပိုင်းချုံး မျှော်စင်ပေါ်သို့ ကျလုဆဲဆဲမှာပင်...

“ဝှစ်...”

ရုတ်တရက် ဓားပျံ တစ်စင်းမှာ ပေါ်လာခဲ့၏။ ထိုဓားပျံသည် အလင်း၏ အရှိန်ဖြင့် လှုပ်ရှားကာ တိုက်ခိုက်သူအား နှစ်ပိုင်းပိုင်းပစ်လိုက်သည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဥ်နှင့် ရွှေအမြုတေ ပင်လျှင် တစ်ခါတည်း ပိုင်းဖြတ် ခံခဲ့ရ၏။

ထို့နောက် ရုတ်ချည်း ဆိုသလိုပင် ဓားအလင်းမှာ ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားတော့သည်။ ထိုအဖြစ်အပျက်က အိုကီနာဝါတွင်သာ ဖြစ်ပျက်သွားခြင်း မဟုတ်ချေ။

ကမ္ဘာအနှံ့ အပြားရှိ မြောက်ပိုင်းချုံးကို တိုက်ခိုက်ရန် ကြိုးစားသူတိုင်းမှာလည်း ထိုကဲ့သို့ အဖြစ်ဆိုးကို ကြုံကြရလေသည်။ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်သည် ထိုအခွင့်အရေးကို ယူကာ ဓားအားပျံအား ဖန်းဆီးရန် ကြိုးစားသည်။ သို့သော်လည်း ဓားပျံ အစင်းတစ်ရာသည် ထပ်မံ ပေါ်ထွက်လာခဲ့၏။ ကောင်းကင် ရတနာ အဆင့် ဓားပျံ၏ ဦးဆောင်မှုအောက်တွင် ထိုဓားပျံ တစ်ရာသည် အခြေတည် ဝိညာဥ် အဆင့်ကို သေအံမူးမူး အထိ တိုက်ခိုက်ခဲ့လေသည်။

ကောင်းကင် ဂလက်စီ အစီအရင်သည် ကောင်းကင် ရတနာ အဆင့် ဓားပျံ ကိုးစင်းဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုဓားပျံတစ်စင်းချင်းစီသည် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို သတ်ဖြတ်နိုင်သည်။ အားရှို့တို့သည် ထိုအထဲမှ ဓားပျံအချို့ကို ကမ္ဘာ အနှံ့အပြားသို့ ဖြန့်ကျက်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။

တစ်ကမ္ဘာလုံးရှိ လူများသည် ဓားအစီအရင်အကြောင်း သိသည်နှင့် ထိတ်လန့် တုန်လှုပ်သွားကြသည်။ ချန်းပေ့ရွှမ်း မြောက်ပိုင်းချုံးကို စိတ်ချလက်ချ ထားသွားခြင်းကား မထူးဆန်းတော့ချေ။ ‌ရွှေရောင်ကလန်သားနှင့် အခြာဂြိုဟ်များမှ လူများ မျှော်လင့်ချက် ကင်းမဲ့နေကြချိန်မှာပင် တစ်ချိန်လုံး ငြိမ်သက်နေသည့် ကောင်းကင်အရှင် အန်ပိုည် စကားဆို လာခဲ့လေ၏။

“မြောက်ပိုင်းချုံးဂိုဏ်းရဲ့ အစီအရင်က ငါ့မိတ်ဆွေရဲ့ မြောက်ပိုင်းကမ်းပါးငှက် ဓားအစီအရင်နဲ့ တူနေတယ်... ကောင်းကင်အရှင်ချန်းက အဲဒီ အစီအရင်ကို ငါ့မိတ်ဆွေဆီက ရလာတာလား... ဒါမှမဟုတ် ခိုးလာတာများလား လို့ ငါ သံသယ ရှိနေတယ်... ကျေးဇူးပြုပြီး ငါ့ရဲ့ သံသယကို ဖြေဖျောက်ပေးပါ”

“ဘယ်လို...”

တစ်ကမ္ဘာလုံးမှာ ထိုစကားကို ကြားပြီးနောက် ဆွံအ သွားကြသည်။ ကောင်းကင်အရှင် အန်ပိုက ချန်းပေ့ရွှမ်းကို သူခိုးဟု စွပ်စွဲနေသည်လား။

အားရှို့မှာ မျက်နှာတစ်ခုလုံး နီးရဲသည် အထိ ဒေါသထွက် လာခဲ့၏။

“ဒါက ငါ့ဆရာ ကိုယ်တိုင် ဖန်တီးထားတဲ့ ကောင်းကင် ဂလက်စီ ဓားအစီအရင်ပဲ... ဘယ်လိုလုပ်ပြီး နင့် မိတ်ဆွေနဲ့ မြောက်ပိုင်းကမ်းပါးငှက် ဓားအစီအရင် ဖြစ်ရမှာလဲ”

အန်ပိုမှာ သူမနှင့် ဖက်၍ ဒေါသထွက်ခြင်း မရှိချေ။ သူ၏ ပုံစံကား ကျောက်ဆောင် တစ်ခုနှယ် တည်ငြိမ်ခြင်းတို့နှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

“ကောင်းကင်အရှင်ချန်းက ပြန်မဖြေဘူး ဆိုတော့လည်း ငါက မြောက်ပိုင်းချုံးကို ကိုယ်တိုင် လာရောက်ရမှာပေါ့... အားနာပေမဲ့ ဒါက မိတ်ဆွေ ဝတ္တရား ဖြစ်နေတယ်... ငါ လုပ်မှ ရလိမ့်မယ်”

ထို့နောက် အန်ပိုသည် သူ၏ ကြေးသင်္ဘောအိုကြီးကို မောင်းနှင်ကာ မြောက်ပိုင်းချုံး ရှိရာသို့ ထွက်လာခဲ့တော့သည်။

“ဘုန်း... ဘုန်း...”

မကြာခင်မှာပင် အန်ပိုတို့ အဖွဲ့သည် ယွင်ဝူတောင်ထိပ်သို့‌‌ ရောက်ရှိ လာခဲ့၏။ သူတို့ကား အလွန်အမင်း အင်အား တောင့်တင်းလှသည်။ ရွှေအမြုတေ အဆင့်များစွာနှင့် အခြေတည် ဝိညာဥ် အဆင့် လေးယောက် အပြင် ကြေးသင်္ဘောအိုကြီးမှာလည်း တိုက်ခိုက်ရေး လက်နက်ပေါင်း များစွာကို သယ်ဆောင်ထားပေသည်။

အားရှို့ ပင်လျှင် ထိုအင်အားကို ကြည့်ကာ စိတ်များ လေးလံ လာခဲ့သည်။ သူမသည် ချန်းဖန် အပေါ် ယုံကြည်မှု ရှိသည့်တိုင်အောင် ကောင်းကင် ဂလက်စီ အစီအရင် အနေဖြင့် အန်ပိုတို့ကို ရင်ဆိုင်နိုင်ပါမည်လား စတင် သံသယ ဝင်လာခဲ့သည်။

“ကောင်းကင်အရှင်ချန်း ဒီမှာ မရှိဘူး ဆိုတော့လည်း မိန်းကလေးကပဲ ဂိုဏ်းချုပ် ကိုယ်စား အစီအရင်ကို ကျုပ်တို့ထံ လက်လွှဲပေးနိုင်မလား... အဲဒါက ကျုပ်မိတ်ဆွေရဲ့ မြောက်ပိုင်းကမ်းပါးငှက် ဓားအစီအရင် မဟုတ်ဘူး ဆိုရင် ကျုပ် ချက်ချင်း ပြန်ပေးမှာပါ”

အန်ပိုမှာ ခါတိုင်းကဲ့သို့ ဖော်ရွေကာ ယဥ်ကျေးနေဆဲ ဖြစ်သည်။ သူ၏ မုတ်ဆိတ်ဖြူများနှင့် ဆံပင်ရှည်များသည် လေနှင့်အတူ တဖျပ်ဖျပ် လွင့်ပါနေ၏။

“ဆုတောင်းလေ...”

အားရှို့က သူ့အား ဓားဖြင့်သာ တုန့်ပြန်လိုက်သည်။

သို့သော်လည်း ဓားချီသည် ကောင်းကင်အရှင် အန်ပိုနှင့် ဆယ်ပေခန့် အကွာသို့ အရောက်တွင် အလိုလို လွင့်ပြယ်သွာ၏။ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို သတ်ဖြတ်နိုင်သော ထိုဓားချီကား ယခု အခိုက်အတန့်တွင်မူ ဘာမှ အသုံးဝင်ပုံ မရတော့ချေ။

“သူက တကယ့်ကို ထိပ်တန်း ကျင့်ကြံသူ တစ်ယောက်ပဲ...”

တိုက်ရိုက် ထုတ်လွှင့်မှုများမှ တစ်ဆင့် ကြည့်ရှုနေကြသည့် လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ရင်လေး သွားကြလေသည်။

“မိန်းကလေး... ခေါင်းမာ မနေပါနဲ့”

အန်ပိုက လက်နှစ်ဖက်ကို နောက်ပစ်ရင်း ညင်သာစွာ ပြောလိုက်၏။ သူ၏ နှုတ်ခမ်းများမှာ ပြုံးယောင်သမ်း နေဆဲ ဖြစ်သည်။

“သေစမ်း...”

အားရှို့က ဓားအား ဝှေ့ယမ်းကာ အကြိမ် အနည်းငယ် ထပ်မံ ခုတ်ထစ်လိုက်၏။ ကောင်းကင်တွင် ဓားအလင်းတန်းများစွာ ပေါ်ထွက်လာကာ ကောင်းကင်အရှင် အန်ပိုထံ အဖက်ဖက်မှ တိုးဝင် သွားသည်။

သို့သော်လည်း ကောင်းကင်အရှင် အန်ပို၏ လက်တစ်ဖက် ဝှေ့ယမ်းမှုတွင်ပင် ထိုဓားအလင်း အားလုံးမှာ ကွယ်ပျောက် သွားခဲ့ရလေသည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် တည်ငြိမ်၍ အားစိုက်ထုတ်မှု ကင်းမဲ့ နေလေရာ လူတိုင်းမှာ မျှော်လင့်ချက်များ ကင်းမဲ့ လာခဲ့လေသည်။

“ဒီအဘိုးကြီးရဲ့ ဓမ္မ စွမ်းအားက ဆရာ့ထက်တောင် ပိုပြီး ကြောက်ဖို့ ကောင်းနေတာပဲ”

အားရှို့၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ သူမက အံကို တင်းတင်းကြိတ်ကာ ဓားအားဖြည့် ကျောက်မျက်အား ထုတ်ယူလိုက်သည်။ ဓားအစီအရင် ကိုးခုနှင့် ဓားပျံ ၉၉၉၉ စင်းကို တစ်ပြိုင်နက် အသုံးပြုပါက အန်ပို ခုခံနိုင်မည်လား သူမ သိချင်နေမိသည်။

ထိုအချိန်မှာပင် ရုတ်တရက်...

“ကလန့်...”

ငွေရောင် ဓားအလင်း တစ်ခုမှာ အဝေးမှ ပျံသန်းလာ၏။ အန်ပိုသည် ထိုဓားအလင်းကို မြင်သည်နှင့် ထိတ်လန့်သွားဟန် ရကာ နောက်သို့ ပေပေါင်းများစွာတိုင် ဆုတ်ခွာလိုက်သည်။ သို့သော်လည်း သူ၏ အောက်၌ ကြေးသင်္ဘောမှာမူ ထိုမျှ မမြန်ဆန်လှချေ။

“ဘုန်း...”

ပေါက်ကွဲသံနှင့် အတူ ကြေးသင်္ဘောအိုမှာ ထက်ပိုင်းပြတ် သွား၏။ လမ်းကြောင်း တစ်လျှောက်ရှိ ဒါဇင်ပေါင်း များစွာသော ရွှေအမြုတေ အဆင့်များမှာလည်း ချက်ချင်းပင် သွေးမြူများ အဖြစ် ပြောင်းလဲကာ သေဆုံး သွားကြလေသည်။

“အဲဒါက ဘယ်သူလဲ... ချန်းပေ့ရွှမ်းလား”

အန်ပိုက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ဓားအလင်း ထွက်ပေါ်လာရာ အရပ်ကို လှမ်းကြည့်လိုက်သည်။ သူ၏ အင်္ကျီလက် တစ်ဖက်ကား တိတိပပပင် ထက်ပိုင်းပြတ်နေ၏။ အကယ်၍ အချိန်မီ နောက်ဆုတ်နိုင်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူသည် ထိုဓားတိုက်ခိုက်မှုတွင်ပင် သေဆုံး နေလောက်ပြီ ဖြစ်လေသည်။

“ဟူး... ဟူး...”

အခြေတည် ဝိညာဥ်အဆင့် တပည့် သုံးယောက်သည် ကောင်းကင်သို့ ပျံတက်လာကြ၏။ သူတို့၏ မျက်နှာများကား အကြီးမားဆုံး ရန်သူ တစ်ယောက်ကို ရင်ဆိုင်နေရသည့် အလား လေးနက် နေခဲ့ကြလေသည်။

“နင်က ကောင်းကင်အရှင်ချန်း ကိုယ်တိုင် တိုက်ခိုက်ရလောက်အောင် မထိုက်တန်ဘူး”

အေးစက်စက် အသံနှင့် အတူ သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမလှလေး တစ်ယောက် ပေါ်လာခဲ့သည်။ သူမသည် လက်တစ်ဖက်ဖြင့် ကြေးဓား တစ်လက်ကို ဆွဲကိုင်ထားသည်။

သူမကား ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် သာလျှင် ဖြစ်ပေသည်။ သို့သော်လည်း အားလုံးကို အံ့အားသင့်စေသည့် အရာကား အခြေတည် ဝိညာဥ် အဆင့် ရှစ်ယောက်မှာ ရိုးကျိုးသော အမူအယာများဖြင့် သူမ၏ နောက်မှ လိုက်ပါလာခဲ့ခြင်းပင်။

***

All Chapters