ထျန်းဟောင်ဂြိုဟ်မှ
Vol. 12 Ch. 1109
မြောက်ပိုင်းချုံး တောင်ထိပ်၌...
မရေမတွက်နိုင်သော လူများသည် ကောင်းကင်၌ ရပ်နေသည့် ကျန်းချူရန်တို့ အုပ်စုကို ကြည့်ကာ ဆွံ့အ နေခဲ့ကြလေသည်။
အခြေတည် ဝိညာဥ် အဆင့် ရှစ်ယောက်...
ထိုအင်အားကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထိုအထဲ၌ သာမန် ကောင်းကင်အရှင်များ အပြင် မူရှောင်နှင့် ဝိညာဥ်စားမျောက် ကဲ့သို့သော အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်များပင် ပါဝင်နေသည်။ သူတို့သည် ရဲရဲနီသော မျက်လုံးများဖြင့် ထျန်းလန်ဂြိုဟ်မှ ကျင့်ကြံသူများကို ငေးကြည့်နေ၏။ ရှင်းဟူနှင့် ရွှမ်လုံတို့ ကဲ့သို့သော အခြေတည် ဝိညာဥ် အဆင့်များ ပင်လျှင် သူတို့၏ အကြည့်ကြောင့် ကြက်သီးများ ထလာခဲ့ကြသည်။
“နင်က ဘယ်သူလဲ... ချန်းပေ့ရွှမ်းရော ဘယ်မှာလဲ”
အန်ပိုက မျက်ခုံးများကို ပင့်ရင်း လှပသော မိန်းကလေးအား ငေးကြည့်လိုက်သည်။ အထူးသဖြင့် သူမ၏ လက်ထဲရှိ ငွေရောင် စွမ်းအားများ ဝန်းရံနေသော ကြေးဓားကို တွေ့သော အချိန်၌ အန်ပို၏ မျက်လုံးများမှာ တဖျပ်ဖျပ်လက် သွားခဲ့လေ၏။ ထိုဓားကား သူ၏ အင်္ကျီ လက်တစ်ဖက်ကိုပင် ဖြတ်နိုင်လေရာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“ကောင်းကင်အရှင်ချန်းက နင့်လို လူတစ်ယောက် အတွက် ထွက်လာရအောင် မအားဘူး... တကယ်လို့ နင်တိုက်ခိုက်ချင်ရင် သူ့ကိုယ်စား ငါကပဲ နင်နဲ့ အဖော်ပြုပြီး တိုက်ခိုက်ပေးမယ်”
ကျန်းချူရန်က ဖြည်းညင်းစွာပင် ရှေ့သို့ လျှောက်လာခဲ့သည်။ သူမ၏ ခြေတစ်လှမ်းချင်းစီတိုင်းသည် ရွှေရောင် ကြာပွင့်တစ်ခုကို ဖန်တီးနေ၏။ သူမကား အခြေတည် ဝိညာဥ် အဆင့်များ၏ ဝန်းရံမှု အလယ်၌ ကောင်းကင်မှ ဆင်းသက်လာသည့် နတ်သမီးလေး တစ်ပါးနှင့်ပင် တူနေခဲ့လေသည်။
“အဲဒါ ရန်ရန်ပဲ...”
အန်တီထန်မှာ ကောင်းကင်သို့ ကြည့်ရင်း မျက်ရည်များပင် ဝဲလာခဲ့လေသည်။
“အဲဒါ နတ်မိမယ်ကျန်းမလား... သူက တိုင်ချူ ဘုရားကျောင်း ဖျက်ဆီးခံရတဲ့ အချိန်တည်းက ပျောက်နေခဲ့တာ... အခု ဘယ်လိုလုပ်ပြီး ပြန်ပေါ်လာတာလဲ... နောက်ပြီး သူက ကောင်းကင်အရှင်ချန်း ကိုယ်စား တိုက်ခိုက်မယ်လို့ ပြောနေသေးတယ်”
များစွာသော လူများမှာ အံ့အားသင့် နေကြလေသည်။
ကျန်းချူရန်သည် အရှေ့ပင်လယ်မှ နဂါး တစ်ကောင်ကို သတ်ဖြတ်ပြီးနောက် တိုင်ချူ ဘုရားကျောင်း ဂိုဏ်းချုပ်၏ တပည့် ဖြစ်လာခဲ့သည်။ သူမသည် ကျော်ကြားသော ကျင့်ကြံသူ တစ်ယောက် ဖြစ်ရာ များစွာသော လူများမှာ သူမကို မှတ်မိကြလေသည်။
သို့သော်လည်း ယခု အခိုက်အတန့်၌ သူမက ရွှေအမြုတေ အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။ သူမ အနေဖြင့် ကောင်းကင်အရှင် အန်ပို ကဲ့သို့သော ကျင့်ကြံသူကို မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။
“အမကျန်း...”
အားရှို့နှင့် အခြားလူများမှာမူ အံ့အားသင့် နေကြဟန် ရသည်။
“မိန်းကလေးက ကောင်းကင်အရှင်ချန်းရဲ့ တပည့် တစ်ယောက်ကိုး... ကျုပ်ရဲ့ အပြုအမူ ရိုင်းစိုင်းသွားရင် ခွင့်လွှတ်ပါဗျာ... ဖြစ်ချင်တော့ ဒီကောင်းကင် ဂလက်စီ အစီအရင်က ကျုပ်မိတ်ဆွေ တစ်ယောက်ရဲ့ မြောက်ကမ်းပါး ဓားအစီအရင်နဲ့ တူနေပါတယ်... အဲဒါကြောင့် ကျုပ်က မိတ်ဆွေ ဝတ္တရား အတိုင်း လာရောက်ပြီး စစ်ဆေးရတာပါ”
ကောင်းကင်အရှင် အန်ပို၏ အမူအရာက နောက်တစ်ကြိမ် ပြန်လည် တည်ငြိမ်လာသည်။ ဖော်ရွေသည့် အပြုံး တစ်ခုသည် သူ၏ နှုတ်ခမ်းထက်၌ ပေါ်လွင်နေ၏။
“မြောက်ပိုင်းချုံးက နင့်ကို မကြိုဆိုဘူး ထွက်သွားစမ်း...”
ကျန်းချူရန်က ပြတ်သားစွာပင် ပြောလိုက်၏။
“ခွေးမ ရိုင်းစိုင်းလှချည်လား”
အန်ပို၏ တပည့်များမှာ ဒေါသထွက် သွားကြသည်။
“ကောင်းကင်အရှင်ချန်း ဘယ်မှာရှိတယ် ဆိုတာသာ ပြောပါ... ကျုပ် သူ့ကို ကိုယ်တိုင်ပဲ သွားတွေ့လိုက်ပါမယ်”
အန်ပိုမှာ စိတ်သဘောထား မြင့်မြတ်သည့် သူတော်စင် တစ်ယောက်အလား ပြုမူနေဆဲ ဖြစ်သည်။ သူ၏ အင်္ကျီလက်များသည် လေနှင့်အတူ တဖျပ်ဖျပ် လွင့်နေခဲ့၏။
“ဟမ့်...”
ကျန်းချူရန်က နှာခေါင်းရှုံ့ကာ ကြေးဓားကို လေထဲတွင် စက်ဝိုင်း သဏ္ဌာန် တစ်ချက် ဝှေ့ယမ်း လိုက်သည်။ ထို့နောက် သူမက နတ်ဘုရား ပျံသန်းခြင်း ဓားချက်ကို သုံး၍ ကောင်းကင်အရှင် အန်ပိုကို ခုတ်ထစ်လိုက်တော့၏။
“ဘုန်း...”
ဓားချီသည် လောကတွင် လင်းဖြာသွားသည်။ ငွေရောင် ဓားအော်ရာသည် ရေတံခွန် တစ်ခုအလား စီးဆင်းကာ နတ်ဘုရား တစ်ပါးအလား ကျဆင်းလာ၏။
ထိုအခိုက်၌ ကျန်းချူရန်၏ ခန္ဓာကိုယ်သည် နဂါးတစ်ကောင်အလား ထည်ဝါနေသည်။ မြေပြင်မှ ကြည့်နေကြသူများမှာ သူမအား လနန်းတော်မှ နတ်မိမယ် တစ်ပါးနှင့်ပင် ထင်မှတ်မှား ရ၏။
“ခရက်...”
နတ်ဘုရား ပျံသန်းခြင်း ဓားချက်ကား အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ကျန်းချူရန်၏ တိုက်ခိုက်မှုသည် ချန်းဖန်လောက် အစွမ်း မထက်သည့်တိုင် အဆုံးမဲ့ စွမ်းအားကို သယ်ဆောင်ထား၏။ ငွေရောင် ဓားအလင်းသည် လျှင်မြန်စွာပင် ကောင်းကင်ကို ဖုံးအုပ်သွားသည်။ ရှင်းဟူနှင့် အခြားလူများသည် ထိုအတွင်း ကျဆင်းသွား၏။
“မကောင်းတော့ဘူး...”
ကောင်းကင်အရှင် အန်ပိုမှာ စိုးရိမ်သွား၏။ သူက အင်္ကျီ လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ရှင်းဟူအား ကာကွယ်လိုက်သည်။ သို့သော်လည်း ကံဆိုးစွာပင် သူ၏ ပထမ တပည့်၊ ဒုတိယ တပည့်နှင့် အခြား ရွှေအမြုတေ အဆင့် များစွာမှာမူ ဓား၏ ပိုင်းဖြတ်မှုကို ခံလိုက်ရပြီ ဖြစ်လေသည်။
“အား...”
မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှေအမြုတေ အဆင့်များစွာမှာ အပိုင်းပိုင်းပြတ်ကာ သေဆုံး သွားကြသည်။ အန်ပို၏ ပထမ တပည့်နှင့် ဒုတိယ တပည့်တို့မှာလည်း ဓား၏ ထက်ပိုင်းဖြတ်ခြင်းကို ခံလိုက်ကြရ၏။
“ဝှစ်...”
ဝိညာဥ်စားမျောက်သည် ထူးဆန်းသော အသံတစ်ချက်ကို ပြုကာ အနက်ရောင် အလင်း အသွင် ပြောင်းလဲသွားသည်။ ၎င်းသည် အန်ပို့ တပည့် နှစ်ယောက်၏ အခြေတည် ဝိညာဥ်ကို လျှင်မြန်စွာပင် ဖမ်းဆီးကာ ဝါးမျို ပစ်လိုက်လေသည်။
“အတင့်ရဲလှချည်လား...”
အန်ပို၏ ဖော်ရွေသော အသွင်အပြင်ကား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ သူသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကျန်းချုရန်အား ကြည့်နေခဲ့လေသည်။
“အန်ပို... နင်က နောက်ထပ် တစ်ချက် ထပ်ပြီး စမ်းချင်သေးတာလား... တကယ်လို့ ကောင်းကင်အရှင်ချန်း ဒီမှာ ရှိရင်တောင် သူက နင့်ကို ကြိုဆိုမှာ မဟုတ်ဘူး”
ကျန်းချူရန်က ဓားအား ကိုင်ရင်း အေးစက်စွာ ဆိုလိုက်သည်။ သူမသည် ကောင်းကင်၌ ပွင့်ဖူးနေသည့် ကြာပန်း တစ်ပွင့်အလား ထင်ရသည်။ သူမ၏ ရုပ်ရည်သည် အလွန်အမင်း လှပကာ နတ်မိမယ် တစ်ပါးအလား သန့်စင်လှပေသည်။
“ဟမ့် မိန်းကလေး... မင်းရဲ့ လက်ထဲက ဓားက ကောင်းကင် ဓားတစ်လက်ပါပဲ... မင်း ခုနကလို ခုတ်ချက်မျိုး ဘယ်နှစ်ခါ ခုတ်ထစ်နိုင်မှာ မလို့လဲ”
အန်ပိုက နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။
“အဲဒါဆိုလည်း ကြိုးစားကြည့်ပေါ့”
ကျန်းချူရန်က ဓားအား မြောက်ကာ နောက်တစ်ကြိမ် ခုတ်ထစ်ရန် ပြင်လိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ကာ အန်ပိုမှာ တစ်ချက် တုန်ရီသွား၏။
“ထားလိုက်တော့... ဒီကိစ္စကို ခဏတော့ လွှတ်ပေးထားလိုက်မယ်... ဒါပေမဲ့ ငါ တစ်နေ့ ပြန်လာပြီး လက်စားချေမယ် ဆိုတာ မမေ့နဲ့”
ထို့နောက် အန်ပိုမှာ ရှင်းဟူကို ခေါ်ဆောင်ကာ ထွက်ခွာ သွားတော့သည်။
“ဝှစ်... ဝှစ်...”
အန်ပို ထွက်ခွာသွားပြီးနောက် အားရှို့နှင့် အခြားလူများမှာ မြေပြင်ပေါ်သို့ ဆင်းသက်လာကြ၏။ အန်တီထန်မှာ ကျန်းချူရန်အား ကြည့်ကာ မျက်ရည်များ စီးကျနေ၏။ သူမသည် ကျန်းချူရန် ရုတ်တရက် ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
“အမေ... သမီး ဘာမှမဖြစ်ပါဘူး.. အဆင်ပြေတယ်... နောက်ပြီး ချန်းဖန်လည်း အဆင်ပြေပါတယ်... သူက နတ်ဘုရား ကုန်းမြေမှာ ကျင့်ကြံဖို့ ကျန်ခဲ့တာလေ... သူ မကြာခင် ပြန်လာမှာပါ”
ကျန်းချူရန်က တည်ငြိမ်စွာပင် မိခင် ဖြစ်သူအား နှစ်သိမ့်လိုက်သည်။ အားရှို့နှင့် အခြားလူများမှာ ကျန်းချူရန်၏ စကားကြောင့် စိုးရိမ်စိတ်များ လျော့ကျ သွားကြသည်။
“ရှောင်ဖန်က တကယ့်ကို လူကောင်းလေးပဲ... သူ သမီးကို ပြန်ခေါ်လာမယ်လို့ ကတိပေးသွားတည်းက သမီး ပြန်ရောက်လာမယ် ဆိုတာ အမေ သိပါတယ်”
အန်တီထန်က ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
မြောက်ပိုင်းချုံး တောင်ထိပ်ပေါ်ရှိ တိုက်ပွဲကား အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူသား မျိုးနွယ် တစ်ခုလုံးမှာ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြ၏။ အခြား တစ်ဖက်၌ ဂြိုဟ်သား ကျင့်ကြံသူများမှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြလေသည်။
“ချန်းပေ့ရွှမ်းက ဘယ်လောက်တောင် အစွမ်းထက် နေရတာလဲ... သူ့ရဲ့ နောက်လိုက် မိန်းကလေး တစ်ယောက်ကတောင် ကောင်းကင်အရှင် အန်ပိုကို ယှဥ်ပြီး တိုက်ခိုက်နိုင်တယ်... လူတွေ ပြောသလို သူက ရွှေအမြုတေ အဆင့် ကျင့်ကြံသူတောင် ဟုတ်ရဲ့လား... အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူ တစ်ယောက်များ ဖြစ်နေတာလား”
အထူးသဖြင့် ရွှေရောင် ကလန်မှ ကျင့်ကြံသူများ၏ မျက်နှာမှာ ပို၍ မည်းမှောင် နေခဲ့၏။ သူတို့သည် ညီအကိုများ အတွက် မြောက်ပိုင်းချုံးကို ဖျက်ဆီး၍ လက်စားချေရန် ဆုံးဖြတ်ထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း မထင်မှတ် ထားလောက်အောင်ပင် ချန်းဖန်မှာ အစွမ်းထက်လွန်း နေခဲ့သည်။
“အဲဒီ ကောင်မလေးက ကောင်ကင်ဓား အပေါ်မှာပဲ မှီခိုနေရတာ... သူက အစွမ်းထက်တဲ့ တိုက်ခိုက်မှု အများကြီး မလုပ်နိုင်လောက်ဘူး... ဒါပေမဲ့ သူ့နောက်က ဝိညာဥ်စားမျောက်နဲ့ သစ်ပင် မွန်းစတားတို့ကတော့ ငါတို့ကို ခြိမ်းခြောက်နိုင်တယ်... သူတို့က ငါ့လောက် အထိကို အစွမ်းထက်ကြတယ်”
ကောင်းကင်အရှင် အန်ပိုက ပြောလိုက်သည်။
“ဒါဆို ငါတို့ ဘာလုပ်ကြမှာလဲ...”
များစွာသော ကျင့်ကြံသူများမှာ မျက်မှောင်များ ကြုတ်သွားကြသည်။ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်များမှာ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးတွင်ပင် ရှားပါးသော ဖြစ်တည်မှုများ ဖြစ်ကြသည်။ သို့သော်လည်း မြောက်ပိုင်းချုံးသည် နှစ်ယောက်ကိုပင် ပိုင်ဆိုင်ထားသည်။ ထိုအရာက သူတို့အား ရင်ဆိုင်ရန် စဥ်းစားရ ကြပ်စေ၏။
“စိတ်အေးအေးထားကြ... ငါ မိတ်ဆွေဟောင်းတွေနဲ့ ဆက်သွယ်ပြီးပြီ... သူတို့က ဒီအရှေ့ဂြိုဟ်ကို အနှေးနဲ့ အမြန် ဆိုသလို ရောက်လာကြတော့မှာ... ငါက စတုတ္ထ တပည့်ကို လွှတ်ပြီး ထျန်းဟောင်ဂြိုဟ်ရဲ့ တောင်တန်း အင်ပါယာကိုတောင် ဖိတ်ခေါ်ထားတယ်... အရှေ့ဂြိုဟ်မှာ ပေါ်လာမယ့် မဟာ အခွင့်အရေးကို ဘယ်သူက လွဲချော် ချင်မှာလဲ”
ကောင်းကင်အရှင် အန်ပိုက အဓိပ္ပာယ် ရှိစွာ ပြုံးလိုက်သည်။
“ထျန်းဟောင်ဂြိုဟ်...”
ထိုစကားလုံးက အားလုံးကို စိတ်လှုပ်ရှား သွားစေခဲ့လေသည်။