← Chapters

ထျန်းဟောင်ဂြိုဟ်မှ သတင်း

Vol. 12 Ch. 1110

ထျန်းဟောင်ဂြိုဟ်မှ သတင်း

Vol. 12 Ch. 1110

ထျန်းဟောင်ဂြိုဟ်...

ထျန်းဟောင်ဂြိုဟ်ကား စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးတွင်ပင် အစွမ်း အထက်ဆုံးဂြိုဟ် ဖြစ်သည်။ သူတို့သည် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များကိုပင် ပိုင်ဆိုင်ခဲ့ကာ တောင်တန်း အင်ပါယာမှာ ဂြိုဟ်တစ်ခုလုံးအား အုပ်စိုးထားသည်။ ကြယ်ပင်လယ်မှ ဂိုဏ်းများ ပင်လျှင် သူတို့အား အတတ်နိုင်ဆုံး မထိပါးမိအောင် ဆင်ခြင်ရသည်။

“ကောင်းတယ်ဟေ့... ထျန်းဟောင်ဂြိုဟ်က ထာဝရဂိုဏ်းတွေ ရောက်လာရင် ချန်းပေ့ရွှမ်းနဲ့ မြောက်ပိုင်းချုံး ဘယ်လို လွတ်မြောက်နိုင်မလဲ ကြည့်ရသေးတာပေါ့... ဟားဟား...”

ရွှေရောင်ကလန် ဘိုးဘေးက ရယ်မောလိုက်သည်။

ထို့နောက် ကမ္ဘာသည် နောက်တစ်ဖန် ပြန်လည် ငြိမ်းချမ်း သွားပြန်သည်။

ငါးရက် အကြာ၌....

အမှောင် ဝံပုလွေ ဘိုးဘေး လေးယောက်သည် ကောင်းကင်လမ်းကြောင်းကို ဖြတ်သန်းကာ ကမ္ဘာသို့ ရောက်ရှိ လာခဲ့သည်။

ဆယ်ရက် အကြာ၌...

ရေနေ လူသား မျိုးနွယ်ဝင် ဘိုးဘေး ငါးယောက်သည် တစ်ဒါဇင်သော စစ်သင်္ဘောများကို ခုတ်မောင်းကာ ကမ္ဘာသို့ ရောက်ရှိ လာခဲ့လေသည်။

နှစ်ပတ် အကြာ၌...

အလင်းမျိုးနွယ်ဝင် အရှင်သခင်များသည် ရောက်ရှိ လာခဲ့၏။

ဤသို့ဖြင့် သုံးလ အတွင်းမှာပင် အာကာသထဲမှ အင်အားစု နှစ်ဆယ့် သုံးခုမှာ ကမ္ဘာသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ထိုအထဲမှ တစ်စုမှာ ပထမ သွေးဘိုးဘေး ဦးဆောင်လာသည့် သွေးမျိုးဆက် အုပ်စု ဖြစ်၏။ သူတို့၏ မျက်လုံးများသည် သွေးရောင် အလင်းဖြင့် တဖျပ်ဖျပ် တောက်ပနေကာ သူတို့၏ ခန္ဓာကိုယ်များမှာမူ ခရမ်းရောင် မိစ္ဆာ သင်္ကေတများဖြင့် ပြည့်နှက်နေခဲ့လေသည်။ သူ၏ စွမ်းအင်မှာ မခန့်မှန်းနိုင်သော အဆင့် တစ်ခု၌ ရှိနေကာ ကောင်းကင်အရှင် အန်ပိုနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။ ပထမ သွေးဘိုးဘေးသည် ကမ္ဘာသို့ ရောက်ရှိသည့် ပထမဆုံး နေ့တွင်ပင် အ‌ရှေ့ ဥရောပရှိ မြို့တစ်ခုကို သိမ်းပိုက်ကာ သန်းနှင့်ချီသော လူများ၏ သွေးများကို စုပ်ယူ ပစ်ခဲ့လေသည်။

ကမ္ဘာသို့ ရောက်ရှိလာသော အခြေတည် ဝိညာဥ် အဆင့် အရေအတွက်ကား တစ်ရာပင် ပြည့်တော့မည် ဖြစ်သည်။ များစွာသော နိုင်ငံခေါင်းဆောင်များသည် စတင်ကာ ကြောက်ရွံ့ လာကြ၏။ ကောလဟာလများ အရဆိုလျှင် ထိုအခြေတည် ဝိညာဥ် အဆင့်များသည် မဟာ အခွင့်အရေး ဆိုသော အရာကြောင့် ကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီတစ်ခါ ကပ်ဘေးက အ‌တော်လေးကို ကြီးတာပဲ...”

ကျန်းချူရန်မှာ စိုးရိမ် နေခဲ့၏။ သူမသည် သူမ ကိုင်ဆောင်ထားသော ကြေးဓားနှင့် မူရှောင်တို့ကို အပြည့်အဝ ယုံကြည်သည့်တိုင် သူတို့၏ အခြေတည် ဝိညာဥ် အဆင့်မှာမူ ဆယ်ယောက်ပင်လျှင် မပြည့်ချေ။ သို့သော်လည်း အခြား တစ်ဖက်၌ ရန်သူ၏ အင်အားမှာမူ အခြေတည် ဝိညာဥ် အဆင့် တစ်ရာခန့် ရှိလေသည်။ ထို့အပြင် သူတို့ဘက်၌ အလွန် အစွမ်းထက်သော ပထမ သွေးဘိုးဘေးနှင့် ကောင်းကင်အရှင် အန်ပိုတို့လည်း ကျန်ရှိပေသေးသည်။

“ဆရာက ဘယ်‌တော့မှ ပြန်လာမှာလဲ”

အားရှို့မှာ ချန်းဖန်ကို သတိရ နေမိ၏။

“ဝှစ်... ဝှစ်...”

ပိုမို များပြားသော အခြေတည် ဝိညာဥ် အဆင့်များသည် ကမ္ဘာသို့ နေ့စဥ် နေ့တိုင်း ရောက်ရှိ လာနေကြသည်။ အဆုံး၌ အရေအတွက်ကား တစ်ရာပင် ကျော်လွန်လာခဲ့၏။ သို့သော်လည်း သူတို့သည် အလျင်စလို လှုပ်ရှားခြင်း မပြုကြသေးပဲ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေခဲ့လေသည်။

သူတို့ မည်သည်ကို စောင့်ဆိုင်းနေကြသနည်း။ အဖြေကား ရှင်းလင်းပေသည်။ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ၏ အစွမ်း အထက်ဆုံး ထျန်းဟောင်ဂြိုဟ်ကိုပင် ဖြစ်လေသည်။

“ဟမ့်... ချန်းပေ့ရွှမ်း ဘယ်လောက်ပဲ အစွမ်းထက်ထက် တောင်တန်း အင်ပါယာကို ဘယ်လို ခုခံပြီး တိုက်ခိုက်နိုင်မှာလဲ... နောက်ပြီး ထျန်းဟောင်ဂြိုဟ်မှာ တောင်တန်း အင်ပါယာ အပြင် အခြား ထာဝရဂိုဏ်းတွေလည်း ရှိသေးတယ်... ထျန်းဟောင်ဂြိုဟ်က မြောက်ပိုင်းချုံးကို ဂိုဏ်းမျိုးလေးကို လက်တစ်ဖက်တည်းနဲ့တင် ဖျက်ဆီးပစ်လို့ ရတယ်”

တစ်ယောက်က ဆိုလိုက်၏။ ထိုစကားကား မောက်မာသည်ဟု ထင်ရသည့်တိုင် ငြင်းပယ်၍ မရသည့် အမှန်တရားပင် ဖြစ်ပေသည်။ ထျန်းဟောင်ဂြိုဟ်၏ ခွန်အား ကြီးမှုကို စွန့်ပစ်ခံ ဂြိုဟ်နယ်မြေရှိ မည်သူမျှ မေးခွန်း မထုတ်ရဲချေ။ သူတို့ကား မရေအတွက်နိုင်သည့် အခြေတည် ဝိညာဥ် အဆင့်များ အပြင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ငါးယောက်ကိုပင် ပိုင်ဆိုင်ဖူးသည့် တစ်ခုတည်းသောဂြိုဟ် ဖြစ်ပေသည်။

လေးလ အကြာ၌...

မြောက်အမေရိက၊ အာခက်တောင်တန်း...

အာခက်တောင်တန်းသည် ပစိဖိတ် သမုဒ္ဒရာကို မျက်နှာချင်းဆိုင်ကာ ကမ်းရိုးတန်း တစ်လျှောက် သွယ်တန်းနေသည်။ ၎င်းသည် ပင်လယ် ဝိညာဥ်ကြော၊ ကမ္ဘာဒြပ်စင် ဝိညာဥ်ကြောနှင့် ရေ ဝိညာဥ်ကြောတို့ ပေါင်းစုံရာ နေရာလည်း ဖြစ်၏။ သို့သော်လည်း ကောင်းကင်အရှင် အန်ပို ထိုနေရာကို အခြေစိုက် စခန်း အဖြစ် ရွေးချယ်ရခြင်းမှာ ထိုအရာများကြောင့် မဟုတ်ချေ။ နတ်ဘုရား ကုန်းမြေနှင့် တိုက်ရိုက် ချိတ်ဆက်နေသည့် ငရဲ တံခါးဝကြောင့်ပင် ဖြစ်လေသည်။

အထက်စီးမှ ကြည့်ပါက အာခက် တောင်တန်းပေါ်တွင် အလွန် ကြီးကျယ်သော ကျောက်တုံး နန်းတော်ကြီး တစ်ခုကို တွေ့မြင်ရသည်။ ကောင်းကင်အရှင် အန်ပိုနှင့် များစွာ‌သော အခြေတည် ဝိညာဥ် အဆင့်များသည် ထိုနန်းတော် အတွင်း၌ တင်ပျဥ်ချိတ်ကာ ထိုင်နေကြသည်။ သူတို့ထဲမှာ အချို့သည် မျက်လုံးများ မှိတ်၍ ကျင့်ကြံ နေကြကာ အချို့မှာမူ စကားပြောရင်း အရက်သောက် နေခဲ့ကြသည်။

“ထျန်းဟောင်ဂြိုဟ်က သတင်းက မကြာခင် ရောက်လာတော့မှာပါ...”

ကောင်းကင်အရှင် ရှင်းဟူက အပြုံးဖြင့် ပြောလိုက်သည်။ သူသည် သူ၏ စီနီယာ အကို နှစ်ယောက် သေဆုံးပြီး ကတည်းက အမြဲလိုလို မှိုင်တွေ နေခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင်မှ သူသည် ပထမဦးဆုံး အကြိမ် အဖြစ် ပြန်လည် ပြုံးခဲ့ခြင်း ဖြစ်၏။

“ကျုပ်ရဲ့ ဂျူနီယာ ညီငယ်လေးဟာ အရှေ့ဂြိုဟ်ကို တိုက်ရိုက် လိုက်မလာပဲ ထျန်းဟောင်ဂြိုဟ်ဆီ သွားပြီး တောင်တန်း အင်ပါယာကို ဖိတ်ခေါ်နေခဲ့တာပါ... တည်နေရာ အချက်ပြ အရဆို သူက အရှေ့ဂြိုဟ် အနားကိုတောင် ရောက်နေခဲ့ပါပြီ... သူရောက်လာတာနဲ့ ကျုပ်တို့တွေ အတွက် သတင်းကောင်း တစ်ခု ပါလာမှာပါ”

“ကောင်းတယ်... တောင်တန်း အင်ပါယာ ရောက်လာတာနဲ့ မြောက်ပိုင်းချုံး တစ်ခုလုံးကို အမြစ်ဖြတ် သုတ်သင် ပစ်ရမယ်”

အခြေတည် ဝိညာဥ် အဆင့်များမှာ ခေါင်းညိတ် လိုက်ကြသည်။

“ရောက်လာပြီ...”

ထိုအချိန်တွင်ပင် ကောင်းကင်အရှင် အန်ပို၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့၏။ သူက ညင်သာစွာ ပြုံးရင်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

ထိုအခိုက်၌ အာခက်တောင်တန်းပေါ်ရှိ လူများသာ မက မြောက်ပိုင်းချုံးဂိုဏ်း၊ ခရစ်ယာန် ဘုရားကျောင်း၊ သွေးပင်လယ်ရှိ ကျင့်ကြံသူများပါ ကမ္ဘာသို့ အလင်းတန်း တစ်ခု ချည်းကပ်လာသည်ကို တွေ့မြင်ရလေသည်။

“ချီဟောင် ရောက်လာပြီ... သူ့ကို သွားကြိုကြမယ်... တောင်တန်း အင်ပါယာနဲ့ ထျန်းဟောင်ဂြိုဟ်က အင်အားစုတွေတောင် သူ့နောက်မှာ ပါချင် ပါလာမှာ”

ကောင်းကင်အရှင် ရှင်းဟူက ကောင်းကင်သို့ ပျံတက်ရင်း ပြောလိုက်၏။

ကောင်းကင်အရှင် အန်ပိုမှာမူ သူ၏ မုတ်ဆိတ်ဖြူများကို ပွတ်သပ်ရင် သဘောကျစွာ ပြုံးနေခဲ့လေသည်။ ချီဟောင်ကား သူ၏ စတုတ္ထမြောက်နှင့် ပင်ကိုယ် ပါရမီ အမြင့်မားဆုံး တပည့် ဖြစ်သည်။ သူ၏ တပည့်သည် သူ့အား မည်သည့် အခါကမျှ စိတ်မပျက်စေခဲ့ချေ။

“ဟူး... ဟူး...”

မကြာခင်မှာပင် ကောင်းကင်အရှင် ရှင်းဟူနှင့် အခြားလူများမှာ ချီဟောင်အား ကျောက်တုံး နန်းတော် အတွင်းသို့ ဖိတ်ခေါ်လာခဲ့ကြသည်။

“ချီဟောင်... တောင်တန်း အင်ပါယာက ဂိုဏ်းချုပ်တွေ ဘယ်‌တော့ ရောက်လာမှာလဲ... ထာဝရဂိုဏ်းကြီး ခြောက်ဂိုဏ်းရော လာမှာမလား... နောက်ပြီး တောင်တန်း အင်ပါယာက သူတို့ရဲ့ နတ်ဘုရား ရတနာကိုရော ယူလာမှာလား”

ရှင်းဟူက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် မေးလိုက်သည်။ အခြား အခြေတည် ဝိညာဥ် အဆင့်များမှာလည်း သိလိုစိတ်ဖြင့် အနားတွင် ဝိုင်းအုံ နေကြ၏။ တောင်တန်း အင်ပါယာနှင့် ထာဝရဂိုဏ်းကြီး ခြောက်ဂိုဏ်းသာ သူတို့၏ နတ်ဘုရား ရတနာများနှင့် အတူ ရောက်ရှိလာပါက ချန်း‌ပေ့ရွှမ်းနှင့် မြောက်ပိုင်းချုံးတို့မှာ လက်ခုပ်ထဲမှရေ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ချီဟောင်မှာ ခန့်ညား ချောမောသည့် လူငယ် တစ်ယောက် ဖြစ်ကာ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ပြောရမည်ကို အနည်းငယ် စိုးရွံ့နေဟန်ရ၏။

“အမ်း... ထျန်းဟောင်ဂြိုဟ်က ကောင်းကင်အရှင်တွေတော့ မကြာခင် ရောက်လာကြမှာပါ... ဒါပေမဲ့ အရေအတွက်တော့ သိပ်မများလောက်ဘူး”

ချီဟောင်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ဖြေလိုက်သည်။

“မများလောက်ဘူးပေါ့... အင်း... တစ်ရာလောက် မလာရင်လည်း ကိစ္စ မရှိပါဘူး... ခြောက်ဆယ် လောက် လာရင်လည်း အဆင်ပြေပါတယ်”

ကောင်းကင်အရှင် ရှင်းဟူက ပြုံးရင်း ခေါင်းညိတ်လိုက်၏။

“အဲဒီထက် နည်းမယ် ထင်တယ်”

ချီဟောင်က ပြောလိုက်သည်။

“ဟဟ... ကိစ္စမရှိပါဘူး... တောင်တန်း အင်ပါယာနဲ့ ထာဝရဂိုဏ်းတွေက ကိုယ်စားလှယ် တစ်ယောက်စီပဲ ပေါ်လာရင်ပဲ လုံလောက်ပါပြီ... နောက်ပြီး ငါတို့မှာလည်း အခြေတည် ဝိညာဥ် အဆင့် တစ်ရာလောက် ရှိနေတာပဲလေ... အခု ငါတို့လိုနေတာက တောင်တန်း အင်ပါယာလိုမျိုး ခေါင်းဆောင်မှု ပေးနိုင်မယ့် တစ်စုံတစ်ယောက် ပါပဲ”

ရှင်းဟူက ဆိုလိုက်သည်။

“ဟုတ်တယ်... ဟုတ်တယ်...”

အခြား အခြေတည် ဝိညာဥ် အဆင့်များကလည်း ခေါင်းများ ညိတ်လိုက်ကြသည်။

“မဟုတ်ဘူး... နည်းနည်း နားလည်မှု လွဲနေပြီ... တောင်တန်း အင်ပါယာနဲ့ ထာဝရဂိုဏ်းတွေ လာတော့မှာ မဟုတ်ဘူး”

ချီဟောင်က ခေါင်းခါလိုက်သည်။

“အဲဒါက ဘာအဓိပ္ပာယ်လဲ... တောင်တန်း အင်ပါယာက အရှေ့ဂြိုဟ်က မဟာ အခွင့်အရေးကို လက်လွှတ်တော့မှာလား... မဖြစ်နိုင်တာ... ကြယ်ပင်လယ်က နတ်ဘုရား မင်းသားတွေတောင် အဲဒါကို လိုချင်လို့ ရူးမတတ် ဖြစ်နေကြတာ”

ရှင်းဟူမှာ မျက်မှောင်ကြုတ် သွားခဲ့၏။

“မဟာ အခွင့်အရေးကို မလိုချင်လို့ မဟုတ်ဘူးဗျ... တောင်တန်း အင်ပါယာနဲ့ ထာဝရဂိုဏ်းတွေက ဖျက်ဆီး ခံလိုက်ရတာ... ထျန်းဟောင်ဂြိုဟ်က အခုဆိုရင် ကျင့်ကြံသူ တစ်ယောက်ရဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ထိန်းချုပ်မှု‌အောက်ကို ရောက်နေပြီ... သူတို့ မလာနိုင်တော့တဲ့ အကြောင်းရင်းက အဲဒါကြောင့်ပဲ”

ချီဟောင်က သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်၏။

“ဘယ်လို... တောင်တန်း အင်ပါယာ ရှင်းလင်းခံလိုက်ရတယ် ဟုတ်လား...”

ရုတ်တရက် အားလုံးမှာ ဆွံ့အ သွားခဲ့ကြတော့သည်။

***

All Chapters