← Chapters

ကြောက်လန့်ကုန်ကြခြင်း

Vol. 12 Ch. 1111

ကြောက်လန့်ကုန်ကြခြင်း

Vol. 12 Ch. 1111

“တောင်တန်း အင်ပါယာလို ဂိုဏ်းကြီးတောင် ရှင်းလင်းခံလိုက်ရတာလား... ကြည့်ရတာ ထျန်းဟောင်ဂြိုဟ်မှာ အုပ်စိုးသူ အသစ် တစ်ယောက်တောင် ပေါ်လာခဲ့ပြီပဲ... သူက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးမှာတောင် အစွမ်း အထက်ဆုံး ဖြစ်လိမ့်မယ်... နောက်နှစ်ပေါင်း အနည်းငယ် အတွင်း ငါတို့ နတ်ဘုရားအရှင် ကြိုဆိုပွဲ အခမ်းအနား တစ်ခု တက်ရတော့မယ် ထင်တယ်”

အန်ပိုမှာ အနည်းငယ်ပင် အံ့အား မသင့်ချေ။ သူသည် မုတ်ဆိတ်ရှည်ကြီးများကို ဆွဲရင်း တဟားဟားပင် ရယ်မော နေခဲ့လေသည်။ ထို့နောက် သူက သူ၏ စတုတ္ထ တပည့်များ သဘောကျစွာ ကြည့်ရင်း မေးလိုက်လေ၏။

“အဲဒီ ကျင့်ကြံသူက ဘယ်သူလဲ... သူက အရှေ့ဂြိုဟ်ကို လာမှာလား... နောက်ပြီး သူ့နာမည်က‌ရော”

ထျန်းဟောင်ဂြိုဟ်၏ ဧကရာဇ် အသစ်သည် တောင်တန်း အင်ပါယာကိုပင် အနိုင်ယူနိုင်ခဲ့သည်။ သူသည် ကျိန်းသေ သူတို့ထက် ပို၍ အစွမ်းထက်ပေလိမ့်မည်။ အကယ်၍ ထိုကဲ့သို့ ကျင့်ကြံသူ တစ်ယောက်သာ ရောက်ရှိ လာပါက သူတို့ ကျိန်းသေ ဝမ်းသာရပေလိမ့်မည်။

ချီဟောင်က သူ့ဆရာအား ဦးညွှတ်ရင်း ပြန်ဖြေလိုက်၏။

“သူ့နာမည်က ချန်းပေ့ရွှမ်းတဲ့... ကျွန်တော် ကြားသလောက်ဆို သူက အရမ်းကို အစွမ်းထက်တာတဲ့... သူက ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကို ရင်ဆိုင်ပြီး တစ်ယောက်တည်းနဲ့ အခြေတည် ဝိညာဥ် အဆင့် တစ်ရာလောက်ကို သတ်ဖြတ်ပစ်ခဲ့တာ... နောက်ပြီး သူက ထျန်းဟောင်ဂြိုဟ်ပေါ်မှာ မြောက်ပိုင်းချုံး ဆိုတဲ့ ဂိုဏ်းတစ်ခု တည်ထောင်ထားတယ်... အခုဆိုရင် ထျန်းဟောင်ဂြိုဟ် တစ်ဝက်လောက်က မြောက်ပိုင်းချုံးရဲ့ လက်အောက်ကို ရောက်နေခဲ့ပြီ”

ချီဟောင်၏ စကားဆုံးသည်နှင့် ကျောက်တုံး နန်းတော် တစ်ခုလုံးမှာ တိတ်ဆိတ်သွား၏။ လူတိုင်းသည် သံသယ မျက်လုံးများဖြင့် သူ့အား ကြည့်နေကြလေသည်။ တည်ငြိမ်ပါသည် ဆိုသော သူ၏ ဆရာ ပင်လျှင် အေးခဲ ဆွံ့အ နေခဲ့သည်။

ရှင်းဟူမှာ သူ နားကြားလွဲသည်ဟု ထင်နေမိသည်။ ထို့ကြောင့် သူက သေချာစေရန် နောက်တစ်ကြိမ် ထပ်မေးလိုက်၏။

“မင်း ခုနက ဘာပြောလိုက်တယ်... နောက်ပြီး သူ့နာမည်က ဘာ...”

“ချန်းပေ့ရွှမ်းလေ... ဪ ဟုတ်သား... သူက ဒီအရှေ့ဂြိုဟ်သားပဲ... နောက်ပြီး သူက ကျွန်တော့်ထက် အရင် အရှေ့ဂြိုဟ်ကို ပြန်သွားခဲ့တာ... စီနီယာ အကိုတို့ သူ့နာမည်ကို ကြားဖူးချင် ကြားဖူးမှာပေါ့”

ချီဟောင်၏ စကားကို နားထောင်ရင်း ကျောက်တုံး နန်းတော် အတွင်းရှိ လူများ၏ မျက်နှာများမှာ ပို၍ ပို၍ မှောင်မဲ လာခဲ့သည်။ သူတို့သည် ထိုနာမည်အား ကြားဖူးရုံမျှ မကချေ။

“ချန်းပေ့ရွှမ်းက ထျန်းဟောင်ဂြိုဟ်ရဲ့ ဧကရာဇ် အသစ် ဖြစ်လာတာလား”

ကျောက်တုံး နန်းတော် အတွင်းရှိ သတင်းမှာ ထိုနေရာတွင်ပင် ရပ်တန့်နေခြင်း မရှိချေ။ ကမ္ဘာတစ်ဝှမ်းသို့ လေအလျင်နှင့် အတူ ပျံ့လွင့်သွားခဲ့လေသည်။  ကမ္ဘာတစ်ခုလုံးသည် ထိုသတင်းကို ကြားပြီးနောက် အံ့အားသင့် သွားကြတော့သည်။

“တကယ်ကြီးလား... ကောင်းကင်အရှင်ချန်းက ထျန်းဟောင်ဂြိုဟ်ကိုတောင် လွှမ်းမိုးခဲ့တာလား... အဲဒါက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးရဲ့ အစွမ်း အထက်ဆုံး ဂြိုဟ် မဟုတ်ဘူးလား”

“ဟုတ်တယ်... ငါကြားသလောက် ဆိုရင် သာမန် ဂြိုဟ်တစ်လုံးမှာ အခြေတည် ဝိညာဥ် အဆင့် ငါးယောက်လောက် ရှိနေရင်ကို  အံ့အားသင့်စရာ ကောင်းနေပြီတဲ့... ဒါပေမဲ့ ထျန်းဟောင်ဂြိုဟ်မှာက ရာချီတဲ့ အထိကို ရှိနေတာတဲ့... နောက်ပြီး တောင်တန်း အင်ပါယာ ဆိုတာကလည်း နတ်ဘုရား ဗိုလ်ချုပ်တွေ၊ အကြီးအကဲတွေ အများကြီးကို ပိုင်ဆိုင်ထားတာတဲ့... သူတို့ရဲ့ နတ်ဘုရားအရှင် ဆိုရင် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေရဲ့ အစွမ်း အထက်ဆုံး လို့တောင် ကျော်ကြားတယ်တဲ့... အဲဒီလို ကြောက်ဖို့ကောင်းလွန်းတဲ့ ထျန်းဟောင်ဂြိုဟ်ကို ကောင်းကင်အရှင်ချန်းက ဘယ်လို အနိုင်ယူလိုက်တာများလဲ”

“ကောင်းကင်အရှင်ချန်းက တကယ် ကြောက်ဖို့ကောင်းတာပဲ”

မြောက်ပိုင်းချုံး၏ မရေမတွက်နိုင်သော တပည့်များမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေး နေကြသည်။ ခွန်ရှု နယ်မြေ၏ နတ်ဘုရားများမှာမူ ဖြူရော်နေကြ၏။ ချန်းပေ့ရွှမ်းက ကောင်းကင် လမ်းကြောင်းကို ဖြတ်သန်းပြီးနောက် ထိုကဲ့သို့ အောင်မြင်မှုများကို ရရှိခဲ့သည်လား။ ထိုအရာမှာ ကြောက်မက်ဖွယ် ကောင်းလွန်း၏။

“ဆရာက တကယ့်ကို ပြိုင်ဘက်ကင်းပဲ”

ချီရှို့အာ၊ လုယန်ရွယ်နှင့် အားရှို့တို့မှာ စိတ်လှုပ်ရှား မှုကြောင့် မျက်နှာများ နီမြန်း နေကြသည်။

တစ်ချိန်တည်း၌ အင်တာနက်ထက်ရှိ လူများ အကြားတွင် ငြင်းခုန်မှု များစွာ ဖြစ်နေခဲ့၏။ သူတို့ထဲမှ အများစုမှာ ထိုအရာကို မယုံကြည်နိုင်ကြချေ။ သူတို့သည် အန်ပို၏ စတုတ္ထ တပည့် ပရမ်းပတာ လျှောက်ပြောနေသည်ဟုသာ ထင်နေကြသည်။ ထျန်းဟောင်ဂြိုဟ်သည် အလွန် ကြီးမားကာ ရာချီသော အခြေတည် ဝိညာဥ်အဆင့်များကိုပင် ပိုင်ဆိုင်ထားသည်။ နှစ်နှစ်ဆယ်ပင် မကျင့်ကြံရသေးသော လူငယ်လေး တစ်ယောက်က ထိုအင်အားစုကို မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။

“ရထားတဲ့ သတင်း‌တွေ အရဆို ချန်းပေ့ရွှမ်း ထျန်းဟောင်ဂြိုဟ်ကို ထွက်သွားခဲ့တယ် ဆိုတာတော့ အမှန်ပဲ... ဒါပေမဲ့ အဲဒီတုန်းက သူက ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်တောင် ဖြစ်မလာသေးဘူး... ကောင်းကင်အရှင် ချီဟောင်က နားကြားမှားတာလား... ဒါမှမဟုတ် သတင်း အမှား တစ်ခုခုကိုများ ကြားလာတာများလား”

အခြေတည် ဝိညာဥ် အဆင့်များက ဝိုင်းဝန်း မေးမြန်းကြသည်။

“ဟမ့်... အဲဒါကို ထျန်းဟောင်းဂြိုဟ်မှာ ကျုပ်ကိုယ်တိုင် မြင်တွေ့ခဲ့ရတာ... ခင်ဗျားတို့ ကျုပ်ကို မယုံရင် ကိုယ့်ဘာသာ သွားကြည့်ကြ”

ချီဟောင်မှာ အနည်းငယ် စိတ်ဆိုးသွား၏။

“ချီဟောင်... ငါတို့ မယုံနိုင်တာကို အပြစ်ပြောနဲ့... အဲဒီ ချန်းပေ့ရွှမ်းက အခုထိ ရွှေအမြုတေ အဆင့်မှာပဲ ရှိသေးတာ... နောက်ပြီး သူက လွန်ခဲ့တဲ့ နှစ်ဆယ်ဂဏန်းလောက်ကမှ စပြီး ကျင့်ကြံဖူးတာ... သူက ဘယ်လို လုပ်ပြီး ဂြိုဟ်တစ်ခုလုံးကို အနိုင်ယူနိုင်မှာလဲ... နောက်ပြီး အခြေတည် ဝိညာဥ် အဆင့် ရာချီကို ထားလိုက်ဦး... တောင်တန်း အင်ပါယာမှာက နတ်ဘုရား အစီအရင် တစ်ခုနဲ့ နတ်ဘုရား ရတနာ တစ်ခု ရှိသေးတယ်လေ”

ရှင်းဟူက ညီဖြစ်သူအား ရှင်းပြလိုက်သည်။

ခန်းမ အလယ်၌ အန်ပိုနှင့် အတူ ထိုင်နေသည့် ကျင့်ကြံသူကလည်း ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်ခုနစ်သောင်းတုန်းက ငါတို့ဂြိုဟ်မှာ အရမ်းကို အစွမ်းထက်တဲ့ သွေးဘိုးဘေး တစ်ယောက် ရှိခဲ့ဖူးတယ်... သူက ဝိညာဥ် ဖြစ်တည်ခြင်း တစ်ပိုင်း အဆင့်ကို ရောက်ပြီးတဲ့နောက် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပြီလို့ ယူဆခဲ့တယ်... ဒါကြောင့်ပဲ သူက ထျန်းဟောင်ဂြိုဟ်ကို သွားပြီး စိန်ခေါ်ခဲ့တယ်လေ... ဒါပေမဲ့ နောက်ဆုံးမှာတော့ တောင်တန်း အင်ပါယာရဲ့ နတ်ဘုရား အစီအရင်ကြောင့် သူ ဒဏ်ရာရပြီး ငါတို့ဂြိုဟ်ဆီ ပြန်ရောက် လာခဲ့တယ်... နောက်တော့ ရာစုနှစ် တစ်ခု အတွင်းမှာပဲ သူသေသွားခဲ့တယ်လေ”

ထိုကျင့်ကြံသူသည် အနက်ရောင် မြူများ၏ ဝန်းရံမှု အလယ်၌ ရှိနေကာ ဖြူရော်သော အရေပြားနှင့် ချင်းချင်းနီသော မျက်လုံးတို့ကို ပိုင်ဆိုင်ထားသည်။ သူ၏ အသံသည် အက်ကွဲ ခြောက်သွေ့နေကာ နားထောင်သူအား ကြက်သီးထစေသည်။ သူကား သွေးမျိုးဆက်၏ ပထမ သွေးဘိုးဘေး ဖြစ်သည်။ ချန်းဖန် သတ်လိုက်သည့် သွေးဘိုးဘေးမှာ သူ၏ ပဥ္စမညီပင် ဖြစ်လေသည်။

“ကျွန်တော်ကြားတာတော့ နတ်ဘုရား မင်းသား မင်ယန်က နတ်ဘုရား ရတနာနဲ့ နတ်ဘုရား အစီအရင် နှစ်မျိုး စလုံးကို ယူသွားတယ်တဲ့... ဒါကြောင့်ပဲ ချန်းပေ့ရွှမ်းက တောင်တန်း အင်ပါယာကို လွယ်လွယ်ကူကူ ဖျက်ဆီး ပစ်နိုင်ခဲ့တာ”

ကျန်းချီဟောင်က ပထမ သွေးဘိုးဘေးအား ရိုရိုသေသေပင် ပြန်ပြော လိုက်သည်။

နောက်ဆုံး၌ လူတိုင်းကား နားလည် သွားခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် ထိုအရာက သူတို့အတွက် လက်ခံရန် ခက်ခဲနေဆဲ ဖြစ်သည်။

ထိုရတနာ နှစ်ခု မရှိလျှင်ပင် ထျန်းဟောင်ဂြိုဟ်သည် များစွာသော အခြေတည် ဝိညာဥ် အဆင့်များကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ သူတို့၏ နတ်ဘုရား ဗိုလ်ချုပ်များမှာလည်း ထိပ်တန်း ကျင့်ကြံသူများ ဖြစ်ကြကာ ကောင်းကင်အရှင် အန်ပိုနှင့် ပထမ သွေးဘိုးဘေးတို့နှင့်ပင် နှိုင်းယှဥ်နိုင်ကြသည်။

“တစ်ခုခုတော့ လွဲနေတယ်လို့ ငါထင်တယ်... ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို မရောက်သေးတဲ့ ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုလုပ်ပြီး အခြေတည် ဝိညာဥ် အဆင့် တစ်ရာကို အနိုင်ယူနိုင်မှာလဲ... အဲဒါသာ အမှန်ဆိုရင် သူက ဒီဂြိုဟ်ကို ရောက်နေတဲ့ အခြေတည် ဝိညာဥ် အဆင့် အကုန်လုံးကိုပါ အနိုင်ယူနိုင်တယ် ဆိုတဲ့ သဘောပေါ့... ငါတော့ မဘုံဘူးကွာ”

အမှောင် ဝံပုလွေ မျိုးနွယ်၏ ဘိုးဘေးက ဆိုလိုက်သည်။

“အမှန်ပဲ... ငါလည်း မယုံဘူး...”

ရွှေရောင်ကလန် ဘိုးဘေးကလည်း ခေါင်းခါ လိုက်သည်။ မိစ္ဆာမျိုးနွယ်၊ ရေနေ လူသား မျိုးနွယ်နှင့် နဂါးမိစ္ဆာ မျိုးနွယ်တို့မှာ အကြီးအကဲများကလည်း တစ်ယောက်တစ်ပေါက် ထရပ်ကာ လက်ခံရန် ငြင်းဆိုကြလေ၏။

ကောင်းကင်အရှင် အန်ပိုပင်လျှင် မျက်မှောင်ကြုတ် နေခဲ့၏၊ ကျန်းချီဟိုမှာ သူ အယုံကြည်ရဆုံး တပည့် ဖြစ်သည်။ သူသည် သူ့ အပေါ်တွင် သံသယ မရှိပါချေ။ သို့သော်လည်း အမှန်တရားမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ကောင်းကင်အရှင် အန်ပိုသည် သာမန် အခြေတည် ဝိညာဥ် အဆင့် ရှစ်ယောက်လောက်ကို ကိုင်တွယ်ရန် ယုံကြည်ချက် ရှိသည်။ သို့သော်လည်း ထိုထက် အရေအတွက် ပိုများ လျှင်မူ သူ့တွင် နောက်ဆုတ်ရန်သာ ရွေးချယ်စရာ ရှိသည်။ အကယ်၍ ချန်းပေ့ရွှမ်းကသာ အမှန်တကယ် အခြေတည် ဝိညာဥ် အဆင့် တစ်ရာလောက်ကို အနိုင်ယူနိုင်သည် ဟု ဆိုပါက သူတို့ကိုပါ လက်တစ်ဖက်တည်းဖြင့်ပင် သတ်ဖြတ်နိုင်ပေလိမ့်မည်။

“ခင်ဗျားတို့...”

ကျန်းချီဟောင်ကား အမှန်တကယ် ဒေါသထွက် နေခဲ့ပြီ ဖြစ်လေသည်။ ထို အခြေတည် ဝိညာဥ် အဆင့်များကား သူ့အား တစ်ယောက်မျှပင် ယုံကြည်ပုံ မပေါ်ချေ။ ကြည့်ရသည်က ထိုအဘိုးကြီးများကား ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေဟန် ရသည်။

ကျောက်တုံးနန်းတော် အတွင်းရှိ လူများသာ မက အပြင်ဘက်ရှိ လူများမှာလည်း အမြင်များ အမျိုးမျိုး ကွဲပြား နေကြ၏။ မြောက်ပိုင်းချုံးဂိုဏ်းသားများနှင့် ချန်းဖန်အား ထောက်ခံသူများသာလျှင် ထိုအရာကို ယုံကြည်ကြသည်။ ဂိုဏ်းချုပ်ချန်းသည် အခြားဂြိုဟ် တစ်ခုသို့ သွားကာ ထိုဂြိုဟ်၏ ဧကရာဇ် ဖြစ်လာခဲ့သည်။ ထိုအရာက မည်မျှ ခမ်းနားလိုက်သနည်း။

ချန်းချူရန်၊ ကောင်ပိုင်းရှင်း၊ စုမိသားစု၊ လုမိသားစု၊ ကူမိသားစု အပါအဝင် ချန်းဖန်နှင့် နီးစပ်သည့် လူများမှာ အောင်ပွဲများပင် ခံနေကြပြီ ဖြစ်သည်။

သို့သော်လည်း အခြား တစ်ဖက်၌...

ဂျပန်၊ မြန်မာ၊ ကိုရီးယားနှင့် အမေရိကန် နိုင်ငံများရှိ ကျင့်ကြံခြင်း လောကမှ လူများမှာမူ ထိုအရာကို လက်ခံရန် ဆန္ဒ မရှိကြချေ။

စီအိုင်အေ မြေအောက်ဖိုရမ်၌...

အထွတ်အမြတ် မျက်လုံးသည် ပြန်ပေါ်လာကာ ဤကဲ့သို့ ရေး၏။

“ကောင်းကင်အရှင်ချန်းက အစွမ်းထက်တယ် ဆိုတာတော့ မှန်ပါတယ်... ဒါပေမဲ့ ရွှေအမြုတေ အဆင့် ဖြစ်တဲ့ အနူးဘစ် နတ်ဘုရားနဲ့ တိုက်ခိုက်တုန်းကတောင် သူရုန်းကန်ခဲ့ရတာ ငါတို့ မျက်မြင် ကိုယ်တွေ့ပဲလေ... အခြေတည် ဝိညာဥ် အဆင့် တစ်ရာကို အနိုင်ယူနိုင်တယ် ဆိုတာက ဘယ်လိုဖြစ်နိုင်မှာလဲ... ငါတော့ သတင်းမှားကြီးပဲ ထင်တယ်”

ထိုကဲ့သို့ တစ်ကမ္ဘာလုံး ငြင်းခုန်နေကြချိန်မှာပင် ဒုတိယမြောက် ကြယ်ပျံတစ်စင်းမှာ ကောင်းကင်ကို ဖြတ်သန်းကာ ကမ္ဘာသို့ ရောက်ရှိလာခဲ့တော့သည်။

All Chapters