ချန်းဖန်၏ နာမည်
Vol. 12 Ch. 1112
အမှောင်မြူနှင်းဂြိုဟ်မှ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကား စစ်သင်္ဘောကို စီးနင်းကာ ကမ္ဘာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အမှောင်မြူနှင်းဂြိုဟ်သည် ထျန်းဟောင်ဂြိုဟ်နှင့် ဝေးကွာခြင်း မရှိချေ။ ချန်းဖန် ပင်လျှင် ကမ္ဘာသို့ မပြန်ခင် ထိုဂြိုဟ်ကို အလည်အပတ် ခရီး သွားရောက်ခဲ့သေးသည်။
ကမ္ဘာမြေသို့ ရောက်နှင့်နေသော အခြေတည် ဝိညာဥ် အဆင့်များသည် ကောင်းကင်အရှင် အမှောင်မြူနှင်းကို ကြိုဆိုကာ ဧည့်ခံကြ၏။ ထို့နောက် သူတို့က သူ့အား ထျန်းဟောင်ဂြိုဟ် အကြောင်းကို မေးမြန်းကြတော့သည်။
“ထျန်းဟောင်ဂြိုဟ်မှာ အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်ပေါ်နေတယ်... တောင်တန်း အင်ပါယာက ကျဆုံး သွားပြီ... အခု မြောက်ပိုင်းချုံး ဆိုတဲ့ ဂိုဏ်းအသစ် တစ်ခု ပေါ်နေတယ်... တောင်တန်း အင်ပါယာကို အနိုင်ယူခဲ့တဲ့ တစ်ယောက်ရဲ့ နာမည်က ချန်းပေ့ရွှမ်းတဲ့”
ဝမ်ရှင်း တန်ခိုးရှင် အမှောင်မြူနှင်းက ရှင်းပြလိုက်သည်။
“တကယ်ပဲ ချန်းပေ့ရွှမ်းလား...”
အခြေတည် ဝိညာဥ် အဆင့်များမှာ မျက်လုံးများ ပြူးကျယ် သွားကြလေသည်။ သို့သော်လည်း သူတို့သည် ထိုအရာကို မယုံကြကြသေးချေ။
ထို့နောက်...
တတိယမြောက်နှင့် စတုတ္ထမြောက် ကြယ်ပျံများမှာ ကမ္ဘာသို့ နောက်တစ်ဖန် ဆင်းသက် လာကြပြန်လေ၏။ သူတို့ကား ကျဲ့ယွမ်ဂြိုဟ်နှင့် လုံယာဂြိုဟ်တို့မှ ကျင့်ကြံသူများပင် ဖြစ်သည်။ ထိုဂြိုဟ်များသည် ထျန်းဟောင်ဂြိုဟ်၏ အိမ်နီးနားချင်း ဂြိုဟ်များ ဖြစ်သည်။ သူတို့ အားလုံးသည် ကောင်းကင်အရှင် အမှောင်မြူနှင်း ပြောဆိုသော စကားများကို ထပ်မံ အတည်ပြုကြ၏။
လူများ ယုံသင့်၊ မယုံသင့် ဝေခွဲမရ ဖြစ်နေကြချိန်မှာပင် ကောင်းကင် ဂျူပီတာဂြိုဟ်မှ အခြေတည် ဝိညာဥ် အဆင့်များသည် အာကာသကို ဖြတ်သန်း ရွက်လွှင့်ကာ ပေတစ်ထောင်ခန့် ကြီးမားသော စစ်သင်္ဘောကြီးဖြင့် ကမ္ဘာသို့ ရောက်ရှိ လာခဲ့တော့သည်။
ဝိညာဥ် ကျင့်ကြံခြင်းဂိုဏ်း၊ မိုးကြိုးကျောင်းတော်နှင့် ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေ ဟူသော ဂိုဏ်းကြီး သုံးခုသည် ယာယီအားဖြင့် မဟာမိတ် ဖွဲ့ထားကြသည်။ ကျန်းမိသားစု ဘိုးဘေး၊ ကောင်းကင်အရှင် ချင်ထျန်းနှင့် အခြား မွန်းစတား နှစ်ပါး ဖြစ်သည့် ဖူဟိုင်နှင့် ထူရှန်းတို့သည် အဖွဲ့ကို ဦးဆောင်ကြ၏။ သူတို့သည် ကျန်းချီဟောင်ထံမှ ဖိတ်ခေါ်မှုကို ရရှိသဖြင့် ကမ္ဘာသို့ လာရောက်ကာ မဟာ အခမ်းအနားကို တက်ရောက်ကြခြင်း ဖြစ်သည်။
သို့သော်လည်း လူတိုင်းက ချန်းဖန် အကြောင်း စီးကြိုမေးကြသော အခါ၌ ကောင်းကင်အရှင် ချင်ထျန်းတို့မှာ မျက်လုံးများ ပြူးကုန်ကြတော့သည်။
“အမှန်ပါပဲ... ကောင်းကင်အရှင်ချန်းက ထျန်းဟောင်ဂြိုဟ်ကို လွှမ်းမိုးပြီး တောင်တန်း အင်ပါယာရဲ့ အခြေတည် ဝိညာဥ် အဆင့်တွေကို သတ်ဖြတ်ပစ်ခဲ့တယ်လေ... အရှင် တထျန်းရဲ့ နောက်လိုက်ဖြစ်တဲ့ နတ်ဘုရား ဗိုလ်ချုပ် မင်ယာတောင် သူ့လက်အောက်မှာ ကျဆုံးခဲ့ရတယ်... ကောင်းကင်အရှင်ချန်းကတော့ ကျုပ်တို့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ ပြိုင်ဘက်ကင်းပါပဲ... ကျုပ်ကြားသလောက် ဆိုရင် ဂိုဏ်းတွေက စုပေါင်းပြီး ကောင်းကင် အရှင်ချန်း အတွက် နတ်ဘုရားအရှင် ကြိုဆိုပွဲ အခမ်းအနား တစ်ခုတောင် လုပ်ကြတော့မလို့တဲ့”
နတ်ဘုရား အရှင် ကြိုဆိုပွဲ အခမ်းအနား...
ထိုအရာကား စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ၏ အကြီးအကျယ်ဆုံး အခမ်းအနား တစ်ခု ဖြစ်ပေသည်။ ကျင့်ကြံသူများသည် ရှေးဟောင်းခေတ် အင်ပါယာများ ကဲ့သို့ အစွမ်းထက်ကြသူများကိုသာ နတ်ဘုရားအရှင် ဘွဲ့ကို ပေးအပ်လေ့ ရှိကြသည်။
ပုံမှန်အခြေအနေများတွင် ဆိုပါက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူများ သို့မဟုတ် ထိုအဆင့်နှင့် အလွန်တရာ နီးကပ်နေသူများကိုသာ ထိုဘွဲ့ထူးကို ပေးအပ်လေ့ ရှိသည်။ နတ်ဘုရား အရှင် တစ်ယောက်၏ သြဇာအာဏာသည် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးကိုပင် လွှမ်းခြုံနိုင်စွမ်း ရှိပေသည်။ ယခု ချန်းပေ့ရွှမ်းသည် နတ်ဘုရားအရှင် ဘွဲ့ကိုပင် လက်ခံ ရရှိတော့မည် ဖြစ်လေရာ သူ၏ စွမ်းအားမှာ အမှန်တကယ် ထိုက်တန်၍ ဖြစ်နိုင်ပေသည်။
“ဪ... ဒါနဲ့ ကောင်းကင်အရှင်ချန်းက အရှေ့ဂြိုဟ်ကို ငါတို့ထက် အရင် ပြန်သွားခဲ့တာ... မင်းတို့ သူ့ကို တွေ့လိုက်ရသေးလား”
ကောင်းကင်အရှင် ချင်ထျန်းက မေးလိုက်၏။
သို့သော်လည်း ကျောက်တုံး နန်းတော် တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေသည်။ မည်သူမျှ ထိုမေခွန်းကို ပြန်မဖြေကြချေ။ ရှင်းဟူ၊ ပထမ သွေးဘိုးဘေးနှင့် ကောင်းကင်အရှင် အန်ပိုတို့ပင် ကြက်ကြီး လည်လိမ်ထား သလို ငေးငိုင် နေကြလေသည်။
နောက်ရက်ပိုင်း အတွင်းမှာပင် အလွန်တရာ မောက်မာပါသည် ဆိုသော ရွှေရောင် ကလန်သားများနှင့် ရေနေ လူသားမျိုးနွယ်တို့သည် မြောက်ပိုင်းချုံးနှင့် ငြိမ်းချမ်းရေး တစ်ခု တည်ဆောက်ရန် စတင် ကြိုးပမ်း လာကြသည်။ ကောင်းကင်အရှင် အန်ပိုသည် သူ့တပည့် နှစ်ယောက် အသတ်ခံလိုက်ရခြင်း အကြောင်းအား နောက်တစ်ကြိမ် ထပ်မံ မပြောတော့ချေ။ သူက သူနှင့် မြောက်ပိုင်းချုံးတို့ အကြား ဖြစ်ပျက်ခဲ့ သမျှမှာ နားလည်မှုလွဲခြင်း သာလျှင် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် မြောက်ပိုင်းချုံး၏ အစီအရင်ကို မြောက်ပိုင်း ကမ်းပါးငှက် ဓားအစီအရင်ဟု ပြောဆိုခဲ့ခြင်းမှာလည်း အမှားတစ်ခု ဖြစ်သည် ဟု ဆိုသည်။
ကျန်းချီဟိုနှင့် ကောင်းကင် ဂျူပီတာဂြိုဟ်တို့ ယူဆောင်လာသော သတင်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ချန်းပေ့ရွှမ်းသည် ထာဝရဂိုဏ်းကြီး ခြောက်ဂိုဏ်းကို တိုက်ခိုက်ကာ တောင်တန်း အင်ပါယာကို ဖျက်ဆီးခဲ့သည်။ ကမ္ဘာပေါ်၌ အခြေတည် ဝိညာဥ်အဆင့် တစ်ရာခန့် ရောက်ရှိနေသည့်တိုင် ထိုအရာက ချန်းပေ့ရွှမ်း အတွက် လက်တစ်ချက်တောက်စာသာ ရှိသည်။ ကောင်းကင်အရှင် အန်ပိုနှင့် ပထမ သွေးဘိုးဘေးတို့သည် အလွန် အစွမ်းထက်ကြသည် ဆိုသော်လည်း တောင်တန်း အင်ပါယာ၏ နတ်ဘုရား ဗိုလ်ချုပ် မင်ယာနှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း မရှိပါချေ။ထိုကဲ့သို့သော အခြေအနေ၌ သူတို့သည် ချန်းဖန်နှင့် မြောက်ပိုင်းချုံးတို့ကို မည်ကဲ့သို့ တိုက်ခိုက်ရဲပါမည်နည်း။
ပထမ သွေးဘိုးဘေး ပင်လျှင် သူ၏ ကောင်းမွန်သော သဘောထားကို ထုတ်ဖော် ပြသသည်။ သူက ကမ္ဘာသို့ လာခြင်းမှာ မဟာမိတ် ပြုရန်သာ ဖြစ်ကြောင်း၊ မြောက်ပိုင်းချုံးကို ခက်ခဲသော အခြေအနေသို့ မရောက်စေလိုကြောင်း ပြောသည်။
“ကျုပ်တို့ ကမ္ဘာကို လာခဲ့တာ ကျင့်ကြံခြင်း အတွေ့အကြုံတွေ ဝေမျှဖို့နဲ့ ဂြိုဟ်နှစ်ခုကြားမှာ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ဖို့ သက်သက်ပဲ”
အမှောင် ဝံပုလွေ ကလန်၊ ရွှေရောင်ကလန်နှင့် မိစ္ဆာမျိုးနွယ်တို့မှာ တစ်ယောက်ပြီး တစ်ယောက် ဖော်ရွေသော အပြုံးများဖြင့် ဆိုလာကြသည်။ သူတို့သည် မြို့များအား ဖျက်ဆီးခဲ့ခြင်းကို မေ့လျော့ကာ အဘွားအို တစ်ယောက် လမ်းဖြတ်ကူးလျှင်ပင် ကူညီနေကြပြီ ဖြစ်သည်။
“အားလုံးက ကောင်းကင်အရှင်ချန်းကြောင့်ပဲ...”
အခြားတစ်ဖက်၌ ကမ္ဘာသားတို့မှာ ပျော်ရွှင်နေကြ၏။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခု အတွင်း ကမ္ဘာသည် ယခုလောက် တစ်ခါမှ မငြိမ်းချမ်းဖူးချေ။ သူတို့ကား အလွန်ရှုပ်ထွေးသော အခြေအနေများ၌ နေ့တိုင်း ရင်တထိတ်ထိတ်ဖြင့် ရုန်းကန် နေထိုင်ခဲ့ရသည်။ သို့သော်လည်း ယခုတွင်မူ ချန်းဖန်၏ မြင့်တက်လာခြင်းနှင့် အတူ အရာ အားလုံးမှာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်တော့သည်။
“ကောင်းကင်အရှင်ချန်းက ကျုပ်တို့ကို ကယ်တင်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပဲ... သူက ကျုပ်တို့ လူသားမျိုးနွယ် တစ်ခုလုံးရဲ့ ကျောရိုးဆိုလည်း ဟုတ်တယ်”
အဇူရာ နဂါးက ဆို၏။
“အမှန်ပဲ... ကျုပ်တို့ ကမ္ဘာမှာ ကောင်းကင်အရှင်ကျန်းနောက်ပိုင်း အစွမ်းထက်တဲ့ တန်ခိုးရှင် တစ်ပါး မပေါ်ခဲ့တာ ကြာပြီ... နှစ်တစ်သိန်း ကြာပြီးတဲ့နောက်မှာ ကောင်းကင်အရှင်ချန်း ထပ်မံ ပေါ်ထွက်လာမယ်လို့ ဘယ်သူက ထင်မိမှာလဲ”
ခွန်ရှုနယ်မြေမှ နတ်ဘုရားများကလည်း ပြောဆိုကြသည်။
ကမ္ဘာပေါ်ရှိ လူများမှာ သိပ်နားမလည်ကြချေ။ သူတို့ သိသလောက်က ထျန်းဟောင်ဂြိုဟ်မှာ အစွမ်းထက်သည် ဟူ၍ပင်။
သို့သော်လည်း ခွန်ရှုနယ်မြေသားတို့မှာ ခြားနားလှပေသည်။ သူတို့သည် နန်းတော် ဝိညာဥ်ထံမှ တစ်ဆင့် ကောင်းကင်အရှင် ညီမျှခြင်း၏ စကြဝဠာတစ်ခွင် ခရီးသွားခြင်း မှတ်တမ်း စာအုပ်များကို ရရှိခဲ့ပြီး ဖြစ်သည်။ ထိုစာအုပ်ထဲ၌ ထျန်းဟောင်ဂြိုဟ်ကို စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံး၏ အစွမ်း အထက်ဆုံးဂြိုဟ်ဟု မှတ်တမ်း တင်ထားသည်။
ချန်းဖန်သည် ထိုကဲ့သို့သော ဂြိုဟ်ကြီးကိုမှ တစ်ယောက်တည်း အနိုင်ယူ ပစ်ခဲ့သည်။ အကယ်၍ ကောင်းကင် ဂျူပီတာဂြိုဟ်၊ အမှောင်မြူနှင်းဂြိုဟ်နှင့် လုံယာဂြိုဟ်တို့ထံမှ ကြားရခြင်း မဟုတ်ပါက သူတို့သည် ထိုအကြောင်းအရာကို ယုံကြည်လိမ့်မည် မဟုတ်ချေ။
“နတ်ဘုရား အရှင်ကျန်းဟာ နတ်ဘုရား ဗိုလ်ချုပ် မင်ယာရဲ့ လက်အောက်မှာ ကျဆုံးခဲ့ရတယ်... ဒါပေမဲ့ ကောင်းကင်အရှင်ချန်းက နတ်ဘုရား ဗိုလ်ချုပ် မင်ယာကို သတ်ဖြတ်နိုင်ခဲ့တယ်... နှိုင်းယှဥ်ကြည့်ရရင် ကောင်းကင်အရှင်ချန်းက နတ်ဘုရား အရှင်ကျန်းထက်တောင် ပိုပြီး အစွမ်းထက်နေပြီ... ငါတို့တွေ ကောင်းကင် ဂျူပီတာဂြိုဟ်က ဘိုးဘေးတွေရဲ့ စကားကို နားထောင်ပြီး နတ်ဘုရား အရှင် ကြိုဆိုပွဲ အခမ်းအနား တစ်ခု လုပ်ကြရင် မကောင်းဘူးလား”
မီးဝိညာဥ် ဘုရင်က အကြံပေးလိုက်၏။
“ဟုတ်တယ်... ငါတို့ သူ့ကို နတ်ဘုရားအရှင်ချန်းလို့ ခေါ်သင့်တယ်” ၏
အခြားလူများက ခေါင်းညိတ်လိုက်ကြသည်။
နတ်ဘုရားအရှင်...
စွန့်ပစ်ခံဂြိုဟ်နယ်မြေ၏ သမိုင်း တစ်လျှောက်လုံး၌ ထိုဘွဲ့ထူးကို ပိုင်ဆိုင်ခဲ့သည့် အရေအတွက်မှာ တစ်ဆယ်ပင် မပြည့်ခဲ့ချေ။ ထို့အပြင် ထိုဘွဲ့ထူးကို ပိုင်ဆိုင်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက်ချင်းစီမှာလည်း အလွန် အစွမ်းထက်ကာ ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြသူချည်း ဖြစ်သည်။
မကြာခင်မှာပင် အင်တာနက် တစ်ခုလုံးပေါ်ရှိ လူများကား ချန်းဖန်ကို နတ်ဘုရားအရှင်ချန်းဟု စတင် ခေါ်ဆို နေကြပြီ ဖြစ်သည်။ အခြားဂြိုဟ်မှ ကျင့်ကြံသူများ ပင်လျှင် ချန်းဖန် အကြောင်း ပြောသော အခါ၌ မလေးမစာ မလုပ်ရဲကြချေ။ သူတို့သည် အလွန်တရာ ကြီးမြတ်လှသည့် တစ်စုံတစ်ယောက်၏ အကြောင်းကို ပြောသည့်အလား အသံများကို နှိမ့်ထားကြ၏။
“ငါတို့ ဘိုးဘေးတွေဟာ အရှေ့ဂြိုဟ် ကျဆင်းတာကို နှစ်ပေါင်း တစ်သိန်းလောက် ကြည့်နေခဲ့ကြရတယ်... ဒါပေမဲ့ အခုတော့ အရှေ့ဂြိုဟ်ကို ကူညီဖို့ နတ်ဘုရားအရှင်ချန်း ပေါ်လာခဲ့ပြီ”
မိန်ချင်း ဂိုဏ်းချုပ်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
မြောက်ပိုင်းချုံးသည် ချန်းဖန်၏ ကျေးဇူးဖြင့် နောက်တစ်ဖန် ပြန်လည် ကျယ်ပြန့် လာခဲ့၏။ သူတို့သည် ဖျက်ဆီး ခံခဲ့ရသော သူတို့၏ ဂိုဏ်းခွဲများကို ပြန်လည် တည်ထောင်သည်။ ထို့နောက် သူတို့သည် မြောက်ပိုင်းချုံးကို တိုက်ခိုက်ခဲသူများနှင့် စာရင်းရှင်းကြတော့၏။
ကျန်းချုရန်သည် ကြေးဓားကို ကိုင်ဆောင်ကာ အားရှို့က ဓားအစီအရင်အား ထိန်းချုပ်သည်။ မူရှောင်နှင့် ဝိညာဥ်စားမျောက်တို့သည် သူတို့၏ နောက်သို့ လိုက်၏။ ကောင်းကင် ဂျူပီတာဂြိုဟ်၊ အမှောင် မြူနှင်းဂြိုဟ်၊ လုံယာဂြိုဟ်နှင့် ကျဲ့ယွမ်ဂြိုဟ်များမှ ကျင့်ကြံသူများမှာလည်း မြောက်ပိုင်းချုံးနှင့် စိတ်လိုလက်ရ ပူးပေါင်း ဆောင်ရွက်ကြသည်။
မကြာခင်မှာပင် မြောက်ပိုင်းချုံးအား တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူ အားလုံးမှာ သတ်ဖြတ် ခံလိုက်ရလေသည်။ ထိုအထဲမှ အများစုမှာ အမှောင် မျိုးနွယ်များနှင့် လူသား မဟုတ်သည့် ကျင့်ကြံသူများသာ ဖြစ်သည်။ သူတို့ကား အလွန်အမင်း ရက်စက် ကြမ်းကြုတ်ကာ အနည်းဆုံး မြို့လုံးကျွတ် ဖျက်ဆီးဖူးကြသူများ ဖြစ်ပေသည်။
***