← Chapters

ဂိုဏ်းကြီးတစ်ခု ရောက်ရှိလာခြင်း

Vol. 12 Ch. 1113

ဂိုဏ်းကြီးတစ်ခု ရောက်ရှိလာခြင်း

Vol. 12 Ch. 1113

သမုဒ္ဒရာ မြို့တော်...

နက်ပြာရောင် အသားအရေနှင့် အစိမ်းရောင် ဆံပင် ပိုင်ရှင် ကျင့်ကြံသူ တစ်ယောက်သည် ရုတ်တရက် အော်ဟစ်လိုက်၏။

“ငါက ရေနေ လူသားမျိုးနွယ် ဘိုးဘေးရဲ့ လက်အောက်က ကောင်းကင် ဗိုလ်ချုပ်ပဲ... မင်းတို့ ငါ့ကို သတ်လို့ မရဘူး”

သို့သော်လည်း အားရှို့မှာ ဂရုစိုက်ခြင်း မရှိပါချေ။ သူမက နောက်ကျောမှ ဓားကို ဆွဲထုတ်ကာ သူ့အား ထက်ပိုင်း ပိုင်းပစ်လိုက်သည်။ ရေနေ လူသားမျိုးနွယ်၏ ဘိုးဘေး ငါးယောက်ကား အစမှ အဆုံးအထိ မျက်နှာပင် ထွက်မပြခဲ့ကြချေ။ သူတို့သည် သမုဒ္ဒရာမြို့တော် အနက်ပိုင်း၌ ပုန်းကွယ်ကာ ကောင်းကင်ဗိုလ်ချုပ် သေဆုံးခြင်းကို ကြည့်နေခဲ့ကြလေသည်။

ရေနေ လူသားမျိုးနွယ်တွင်သာ မက ‌ရွှေရောင်ကလန်၊ အမှောင်မျိုးနွယ်၊ သွေးမျိုးဆက်၊ အမှောင် ဝံပုလွေ ကလန်... စသည့် မျိုးနွယ်စုများစွာမှာလည်း ထိုကဲ့သို့ အဖြစ်မျိုး ကြုံတွေ့ကြရသည်။ ရွှေရောင်ကလန်၏ ဘိုးဘေး တစ်ယောက် ပင်လျှင် တောင်အမေရိက၊ မိုးသစ်တောထဲ၌ ကျန်းချူရန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူကား မြောက်ပိုင်းချုံးကို ကိုယ်ထိလက်ရောက် လာရောက် တိုက်ခိုက်ခဲ့သော တစ်ယောက်ပင် ဖြစ်ပေသည်။

သို့သော်လည်း မြောက်ပိုင်းချုံးသည် အားလုံးကို ရှင်းလင်းခြင်း မပြုချေ။ သူတို့သည် အမှောင်မျိုးနွယ်များ စိတ်ရိုင်းဝင်ကာ ကမ္ဘာပေါ်ရှိ လူများအား သတ်ဖြတ်မည်ကို စိုးရွံ့နေကြသည်။ ထို့ကြောင့်ပင် မြောက်ပိုင်းချုံးသည် အဓိက တာဝန်ရှိသူများကို ရှင်းလင်းပြီးနောက် သူတို့၏ လက်စားချေမှုကို ရပ်တန့်လိုက်ကြတော့သည်။

မျက်စိတစ်မှိတ် အတွင်မှာပင် အရာရာမှာပြန်လည် ငြိမ်းချမ်းသွားတော့သည်။ ကမ္ဘာသည် တစ်ခါမှ ထိုမျှလောက် စည်းလုံးညီညွှတ်ဖူးခြင်း မရှိချေ။လူသားမျိုးနွယ်များသည် အတူတကွ နေထိုင်ကာ ကမ္ဘာကြီး တိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်နေကြလေသည်။

သို့သော်လည်း ထိုအခြေအနေကား မုန်တိုင်း မတိုက်ခင် လေငြိမ်နေခြင်းသာလျှင် ဖြစ်ပေသည်။ မကြာခင်မှာပင် အစစ်အမှန် မုန်တိုင်းမှာ ရောက်ရှိလာခဲ့တော့သည်။

“ဟူး... ဟူး...”

စစ်သင်္ဘောအိုကြီး တစ်စင်းသည် စကြဝဠာကို ဖြတ်သန်းကာ တဖြည်းဖြည်း ရွက်လွှင့်လာ၏။

ထိုစစ်သင်္ဘောသည် ပေတစ်ထောင်ခန့် ရှည်လျားသည်။ ထိုအရာသည် သိပ်ကြီးမားခြင်း မရှိသည့်တိုင် ထူးဆန်းသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သင်္ဘောပေါ်တွင်မူ လူထောင်ဂဏန်းခန့် လိုက်ပါလာ၏။ သူတို့ တစ်ယောက်ချင်းစီမှာ ခိုင်မာသော အခြေခံကို ပိုင်ဆိုင်ထားသည့် ရွှေအမြုတေ အဆင့်များ ဖြစ်ကြသည်။ ထိုအထဲတွင် အခြေတည် ဝိညာဥ် အဆင့် ဒါဇင်ချီလည်း ပါဝင်နေသည်။ ထိုအကြီးအကဲများသည် ငွေရောင် တဖျပ်ဖျပ် လက်နေသော မျက်လုံများကို ပိုင်ဆိုင်ထားကြပြီး ကောင်းကင်အရှင် အန်ပိုထက် တစ်ယောက်မှ နိမ့်ကျခြင်း မရှိပါချေ။

ကြောက်မက်ဖွယ် အကောင်းဆုံးကား သင်္ဘောဦး၏ လက်နှစ်ဖက် နောက်ပစ်ကာ ရပ်နေသော လူငယ် ဖြစ်ပေသည်။ သူသည် ငွေ‌ရောင် ဆံပင်ကို ပိုင်ဆိုင်ထားကာ သူ၏ လှုပ်ရှားမှုတိုင်းမှာ ဓမ္မ ဥပ‌ဒေသများဖြင့် စီးမြောနေသည်။ နေနှင့် လသည် သူ၏ မျက်လုံးတစ်ဖက် တစ်ချက်၌ ထွန်းလင်းနေ၏။ သူကား မိုင်ပေါင်း များစွာကို ကျော်ဖြတ်ကာ ကမ္ဘာဂြိုဟ်ပေါ်ရှိ အရာအားလုံးကို ရှင်းလင်းစွာ တွေ့မြင် နေခဲ့ရလေသည်။

“နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ...”

လူငယ်က သက်ပြင်းတစ်ချက်ချရင်း ရေရွတ်လိုက်၏။

၂၀၂၇၊ သြဂုတ်လ ၁၃ ရက်...

ဝူကျိဂိုဏ်း၏ တတိယ နတ်ဘုရား မင်းသား ရီချင်သည် ရှည်လျားသော ခရီးစဥ် အပြီး၌ ကမ္ဘာသို့ ရောက်ရှိလာခဲ့‌တော့သည်။

...

၂၀၂၇၊ သြဂုတ်လ...

နွေရာသီ ဖြစ်၏။ ရာသီဥတုသည် သာယာကာ ပတ်ဝန်းကျင်မှာ စိမ်းလန်းစိုပြည်နေ၏။ တစ်ကမ္ဘာလုံးသည် ငြိမ်းချမ်းနေကာ မြောက်ပိုင်းချုံးနှင့် အမှောင် မျိုးနွယ်များ၏ တိုက်ပွဲများမှာလည်း အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်လအတွင်း၌ ကမ္ဘာပေါ်တွင် များစွာသော ကျင့်ကြံခြင်း အဖွဲ့များ၊ ဂိုဏ်းများ ပေါ်ထွက် လာခဲ့သည်။ သို့သော်လည်း မြောက်ပိုင်းချုံးမှာ ကမ္ဘာ၏ အင်အား အကြီးဆုံး ကျင့်ကြံခြင်း ဂိုဏ်းကြီး အဖြစ် ယွင်ဝူတောင်ထိပ်မှ နေ၍ တစ်ကမ္ဘာလုံးကို ငုံ့ကြည့် နေခဲ့လေသည်။

ချူကျိုးမြို့၊ ယွင်ဝူတောင်ထိပ်...

ဝိညာဥ်ကြောများ၊ များစွာသော အစီအရင်များ ဖွဲ့စည်းပြီးနောက် ယွင်ဝူတောင်သည် စက္ကန့်နှင့် အမျှ မြင့်မား လာနေခဲ့သည်။ တစ်နှစ်အတွင်းမှာပင် ၎င်းသည် ပေတစ်သောင်းမြင့်သော တောင်တစ်လုံး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဧဝရတ် တောင်ထိပ်ပင်လျှင် ၎င်းလောက် မြင့်မာခြင်း မရှိတော့ချေ။ ထိုနေရာသည် မြောက်ပိုင်းချုံးနှင့် ကမ္ဘာပေါ်ရှိ လူများ၏ ကျင့်ကြံခြင်း ဗဟို ချက်မလည်း ဖြစ်ပေသည်။

မြောက်ပိုင်းချုံး တောင်ထိပ်၌ များစွာသော လူများသည် လှုပ်ရှား သွားလာကြနေ၏။

အခြေတည် ဝိညာဥ် အဆင့်များမှ လွဲ၍ ရွှေအမြုတေ အလယ်ဆင့်သို့ ဝင်ရောက်ပြီးသူများ၊ မြောက်ပိုင်းချုံး၏ အဓိက အဖွဲ့ဝင်များ၊ ချန်းမိသားစုဝင်များနှင့် ချန်းဖန်၏ မိတ်ဆွေ၊ မိသားစုများသာလျှင် ယွင်ဝူတောင်ထိပ်၌ ကျင့်ကြံခွင့် ရှိပေသည်။

အဘိုးကြီးစွန်းရန်ဟိုသည် ပေတစ်ထောင် မြင့်မားသော တောင်တောင်း ကုန်းပြင်ပေါ်၌ နှစ်ဖက် နောက်ပစ်ကာ လမ်းလျှောက် နေခဲ့သည်။

ဝူကျိုးမြို့၊ စုမိသားစုသည် ခုနစ်နှစ် တိုင်တိုင် နိမ့်ကျခဲ့ရသည်။ သို့သော်လည်း ချန်းဖန်၏ ညွှန်ကြားမှုနှင့် အတူ လုယန်ရွယ်သည် သူတို့ထံသို့ သွားရောက်ကာ ချူကျိုးသို့ ခေါ်ဆောင်လာခဲ့သည်။ မည်သို့ပင် ဆိုစေ စုမိသားစုမှာ ဖန့်ချုံး၏ မိသားစု ဖြစ်ပေသည်။

“မင်္ဂလာပါ အဘိုးစု...”

“တွေ့ရတာ ဝမ်းသာပါတယ် အဘိုးစု...”

ရွှေအမြုတေ ထိပ်ဆုံး အဆင့် အကြီးအကဲများနှင့် ချန်းမိသားစု၏ ဂျူနီယာများသည် အဘိုးကြီးစုအား လေးစားစွာ နှုတ်ဆက်နေကြသည်။ စုရန်ဟိုသည် အားလုံးကို ပြုံးပြကာ တုန့်ပြန် နှုတ်ဆက်နေ၏။ သူကား ဝူကျိုးမြို့တွင် ရှိစဥ်ကထက် ပို၍ ငယ်ရွယ်ကာ ကျန်းမာလာဟန် ရလေသည်။

“အဖေ... ဥရောပ၊ အမေရိကန်နဲ့ ဂျပန်မှာ ရှိတဲ့ လုပ်ငန်းရှင်တွေက ကျွန်တော်တို့ စုမိသားစုနဲ့ လက်တွဲပြီး အလုပ်လုပ်ချင်နေကြတယ်... သူတို့က အရှေ့ပင်လယ်မှာ ရှိတဲ့ ဝိညာဥ် မိုင်းတွင်းတွေကို တူးဖော်ဖို့ လျာထားတယ် တဲ့... နောက်ပြီး သူတို့က ပြောတယ်... ကျွန်တော်တို့ အနေနဲ့ ဘာမှကို လုပ်ပေးစရာ မလိုဘူးတဲ့... စု မိသားစု နာမည်ကို သုံးခွင့်ပေးရုံပဲ တဲ့”

လက်ရှိ စုမိသားစု ခေါင်းဆောင် စုကျန်းဒီက အပြုံးဖြင့် ပြောလိုက်သည်။

ဝိညာဥ် ကျောက်တုံး မိုင်းတွင်း စက်ရုံများသည် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း၌ မှိုလိုပေါက်အောင် ပေါ်ထွက် လာခဲ့သည်။ ကမ္ဘာကြီး ပြောင်းလဲလာခြင်းနှင့် အတူ ဝိညာဥ် မိုင်တွင်းများသည် ကမ္ဘာ အနှံ့အပြား၌ စတင်ကာ ဖွဲ့စည်းလာခဲ့သည်။ ထိုဝိညာဥ်ကျောက်တုံးများမှာ အရေအသွေးမြင့်များ မဟုတ်သည့်တိုင် မည်သို့ပင် ဆိုစေ ကမ္ဘာ၏ ကိုယ်ပိုင် ထုတ်ကုန်များ ဖြစ်သည်။

“မင်း သဘောတူလိုက်ပြီလား...”

စုန်ရန်ဟိုက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“မတူရသေးပါဘူး... နှုတ်စကားလောက်ပဲ ရှိသေးတာပါ... အဲဒါကြောင့်ပဲ ကျွန်တော် အဖေ့ကို လာပြီး တိုင်ပင်ကြည့်တာပါ”

စုကျန်ဒီက ပြုံးရင်း ဆိုလိုက်သည်။

“ငြင်းသာ ငြင်းလိုက်... ငါတို့ စုမိသားစု အနေနဲ့ အဲဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ ဝင်မပါတာ ပိုကောင်းတယ်”

စုရန်ဟိုက ခေါင်းအား ခါရင်း ပြောလိုက်၏။

“အဖေ... ဒီပူးပေါင်း ဆောင်ရွက်မှုကနေပြီး ကျွန်တော်တို့ အကျိုးအမြတ် ယွမ်တစ်ဘီလျံလောက် ရမှာနော်... စုမိသားစု ခေတ်ကောင်းခဲ့တဲ့ အချိန်တုန်းကတောင် ကျွန်တော်တို့ အဲဒီလောက် မရှာနိုင်ခဲ့ဘူး... နောက်ပြီး...”

စုကျန်းဒီမှာ ဆက်လက် စောဒက တက်ချင်နေသော်လည်း သူ့အဖေ၏ အကြည့် စူးစူးကြောင့် ဆက်မပြောရဲတော့ချေ။

စုရန်ဟိုက သားဖြစ်သူအား ကြည့်ကာ သက်ပြင်း တစ်ချက် ချလိုက်၏။

“ကျန်းဒီ... စုမိသားစု ခုအခြေအနေ ပြန်ရောက်လာတာ နတ်ဘုရား အရှင်ချန်းရဲ့ ကြင်နာမှုကြောင့်ပဲ... ဒါကြောင့် ငါတို့ ဘာလုပ်လုပ် သူ သဘောကျလား မကျဘူးလား စဥ်းစားရမယ်... တကယ်လို့ သူသာ မကျေနပ်ရင် ငါတို့ မိသားစု တစ်ခုလုံးက တရားခံ မမိပဲ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်... နောက်ပြီး သားပြောတဲ့ လုပ်ငန်းတွေ အဖေတို့ကို ကပ်တာလည်း မြောက်ပိုင်းချုံးဂိုဏ်းကြောင့်ပဲ... သူတို့မှာ မကောင်းတဲ့ အကြံအစည် မရှိဘူး ဆိုတာ သား အာမခံနိုင်လား”

“ကျွန်တော် နားလည်ပါပြီ အဖေ...”

စုကျန်းဒီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် တိတ်တဆိတ်ပင် ထွက်ခွာသွားတော့၏။

***

All Chapters