မြောက်ပိုင်းချုံး တောင်ထိပ်၌
Vol. 12 Ch. 1115
“နတ်ဘုရားမင်းသားကို ဆန့်ကျင်တဲ့သူ မှန်သမျှ ခုလိုပဲ အဆုံးသတ်ရမယ်...”
နတ်ဘုရား ဗိုလ်ချုပ် ရင်ဟိုင်က ဆိုလိုက်၏။
ထိုနေ့၌ အကြီးအကဲများ၊ တပည့်များ အပါအဝင် ဂြိုဟ်လေးခုမှ ကျင့်ကြံသူများသည် ရင်ဟိုင်တို့၏ သတ်ဖြတ်ခြင်းအား ခံခဲ့ရလေသည်။ ထိုအထဲ၌ အခြေတည် ဝိညာဥ် အဆင့် ဘိုးဘေး ခုနစ်ဦး ပင်လျှင် ပါဝင် ခဲ့လေ၏။
များစွာသော ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကိုကြည့်ကာ ထိတ်လန့် သွားခဲ့ကြသည်။ ကောင်းကင်အရှင် အန်ပိုနှင့် သွေးဘိုးဘေးတို့မှာ ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်ကာ နတ်ဘုရား မင်းသား၏ အမိန့်အား ခံယူကြသည်။
“ကောင်းတယ်...”
ရီချင်က သူတို့ နှစ်ယောက်အား ကြည့်ကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထိုနှစ်ယောက်ကား အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ သူတို့သည် ကြယ်ပင်လယ်မှ အခြေတည် ဝိညာဥ် အလယ်ဆင့် အကြီးအကဲများနှင့် နှိုင်းယှဥ်နိုင်ကြသည်။
သို့သော်လည် ရီချင်၏ နောက်တွင်မူ အခြေတည် ဝိညာဥ် အလယ်ဆင့် ရှစ်ယောက် ပြင် အခြေတည် ဝိညာဥ် အစောပိုင်း အဆင့် ဒါဇင်ပေါင်းများစွာ ရပ်နေခဲ့သည်။ သူတို့သည် တောင်များ၊ ပင်လယ်များ ကဲ့သို့ ကြီးကျယ် ခမ်းနားပြီး ရေအလျင် ကဲ့သို့ လိုက်လျောညီထွေရှိသည့် စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ထိုကဲ့သို့ အင်အားစု၏ ရှေ့မှောက်၌ အန်ပိုနှင့် သွေးဘိုးဘေးတို့ ဦးဆောင်သည့် အခြေတည် ဝိညာဥ် အဆင့် တစ်ရာကျော်မှာ ဒူးထောက်ရန်သာ တတ်နိုင်ခဲ့လေသည်။
“ငါ့ညီ တည်ထောင်ထားတဲ့ ဂိုဏ်းက တပည့်တွေ ဘာလို့ ငါ့ကို လာမတွေ့ကြသေးတာလဲ”
ရီချင်က ပျင်းရိသော လေသံဖြင့် မေးလိုက်သည်။
ကောင်းကင်အရှင် အန်ပိုက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ ရိုသေ လေးစားစွာ ပြန်ဖြေလိုက်သည်။
“အရှင်မင်းသား... စတုတ္တ နတ်ဘုရား မင်းသားရဲ့ ဝူကျိဂိုဏ်းက လွန်ခဲ့တဲ့ တစ်နှစ်လောက်တည်းက ချန်းပေ့ရွှမ်း လက်မှာ ပျက်စီးသွားခဲ့ပါပြီ... ဝူကျိဂိုဏ်းတင် မဟုတ်ပါဘူး တိုင်ချူ နတ်ဘုရား နယ်မြေ၊ နဲ့ကုန်းဂိုဏ်းနဲ့ အပိုလို နန်းတော်တို့ တည်ထောင်ထားတဲ့ ဂိုဏ်းတွေပါ ဖျက်ဆီးခံလိုက်ရတာပါ”
“ဟမ်...”
ရီချင်၏ တလက်လက် တောက်ပသော မျက်လုံးများမှာ အနည်းငယ် ကျဥ်းမြောင်း သွားသည်။ သူ၏ နောက်ရှိ အကြီးအကဲ တစ်ယောက်က...
“ချန်းပေ့ရွှမ်း ဆိုတာ ဘယ်သူလဲ... ဘယ်ကလဲ... ချက်ချင်း ဒီကို လာပြီး နတ်ဘုရား မင်းသားဆီမှာ အပြစ်ခံယူဖို့ ပြောလိုက်စမ်း... မဟုတ်ရင် သူ့ရဲ့ ဂိုဏ်းတစ်ခုလုံးကိုပါ ငါတို့ ရှင်းပစ်မယ်”
အန်ပိုက ခေါင်းအား ငုံ့လိုက်သည်။
“ချန်းပေ့ရွှမ်း ဆိုတာက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးမှာ အစွမ်း အထက်ဆုံး ကျင့်ကြံသူပါ... သူက ရွှေအမြုတေ အဆင့်မှာတင် တောင်တန်း အင်ပါယာကို အနိုင်ယူခဲ့ပြီး ထျန်းဟောင်ဂြိုဟ်ရဲ့ ဧကရာဇ် ဖြစ်လာခဲ့ပါတယ်... ကျွန်တော် ကြားရသလောက် ဆိုရင် မြောက်ပိုင်းချုံးဂိုဏ်းက သူ့အတွက် နတ်ဘုရားအရှင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပပေးဖို့တောင် ပြင်ဆင်နေပါပြီ”
“နတ်ဘုရား အရှင်... ဟားဟား...”
ဝူကျိ ကြယ်သင်္ဘောထက်မှ အကြီးအကဲများမှာ အော်ဟစ် ရယ်မော လိုက်ကြသည်။ နတ်ဘုရား ရီချင် ပင်လျှင် ပြုံးကာ ခေါင်းအား ခါယမ်း၏။
“တကယ့်ကို စွန့်ပစ်ခံ ဂြိုဟ်နယ်မြေပါပဲ... ရွှေအမြုတေ အဆင့် တစ်ယောက်ကတောင် နတ်ဘုရား အရှင် ဖြစ်လာမယ်တဲ့... တောင်ပိုင်း ဒေသငယ်မှာ ဆိုရင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူတွေတောင် သူတို့ကိုယ် သူတို့ နတ်ဘုရား အရှင်လို မခေါ်ဝံ့ကြဘူး”
“ဟုတ်ပါတယ်... ဟုတ်ပါတယ်...”
ကောင်းကင်အရှင် အန်ပိုနှင့် သွေးဘိုးဘေးတို့မှာ ပါးစပ်ပြဲမတတ် ပြုံးရင်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံ လိုက်ကြသည်။
“ချန်းပေ့ရွှမ်းကို ထွက်လာခိုင်းလိုက်... ငါ သူ့ကို တွေ့ချင်တယ်လို့”
နတ်ဘုရား မင်းသား ရီချင်က ဆိုလိုက်၏။
“ကျွန်တော်တို့ ကြားတာတော့ ချန်းပေ့ရွှမ်း လတ်တလောမှာ နတ်ဘုရား ကုန်းမြေထဲကို ရောက်နေတယ်တဲ့... ဒါပေမဲ့ သူ တည်ထောင်ထားတဲ့ မြောက်ပိုင်းချုံး ဆိုတဲ့ ဂိုဏ်းကတော့ ကမ္ဘာပေါ်မှာ ရှိပါတယ်... ကျွန်တော် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်ကို အဲဒီဂိုဏ်းဆီ ခေါ်သွားပေးလို့ ရပါတယ်”
အန်ပိုနှင့် သွေးဘိုးဘေးတို့မှာ တက်ကြွသော အမူအရာများဖြင့် ပြောလိုက်ကြတော့သည်။
အခြေတည် ဝိညာဉ် အဆင့်များ၏ ပျံသန်းနှုန်းကား မခန့်မှန်းနိုင်အောင် လျှင်မြန်လွန်းလှသည်။ မကြာခင်မှာပင် အန်ပို၊ ပထမ သွေးဘိုးဘေးနှင့် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်တို့ အဖွဲ့သည် မြောက်ပိုင်းချုံး တောင်ထိပ်သို့ ရောက်ရှိ လာခဲ့ကြလေ၏။
မြောက်ပိုင်းချုံး တောင် တစ်ဖြစ်လည်း ယွင်ဝူတောင်ထိပ်၌ လျှပ်စီးများသည် တဖျပ်ဖျပ် လင်းလက်နေ၏။ မိုးကြိုး ထစ်ခြိမ်းသံများက ပဲ့တင်ထပ်နေကာ တိမ်ပင်လယ်များမှာ လိမ်းထိုး နေခဲ့လေသည်။
ငွေရောင် ဆံပင်နှင့် ငွေရောင် သံချပ်ကာကို ဆင်မြန်းထားသော နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်သည် အခြေတည် ဝိညာဉ် အဆင့် ဒါဇင်ပေါင်း များစွာကို ခြံရံကာ ကောင်းကင်၌ ရပ်နေခဲ့၏။ သူတို့သည် မည်သည့် နတ်ဘုရား စွမ်းအားကိုမှ သုံးမထားသည့်တိုင် သူတို့၏ အရှိန်အဝါများမှာ မိုင်ပေါင်း တစ်ရာ အတွင်း ရှိသမျှ သက်ရှိ အကုန်လုံးကို ဖျက်ဆီးရန် ခြိမ်းခြောက် နေခဲ့လေသည်။ မြောက်ပိုင်းချုံးသည် ကောင်းကင် ဂလက်စီ အစီအရင်ကို ထုတ်လွှတ်၍ ကာကွယ် ထားသည့်တိုင် ကြောက်မက်ဖွယ် ဖိအား တစ်ခုကို ခံစားနေခဲ့ရသည်။
"ဘိုးဘေး ဟိုဆန်၊ ဘိုးဘေး ရန်ကူး၊ ဘိုးဘေး ရှားရုန်… ဒါက ဘာသလောလဲ"
ကျန်းချူရန်က နန်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၏ နောက်၌ ရပ်နေသော အခြေတည် ဝိညာဉ် အဆင့် ကျင့်ကြံသူများကို ကြည့်ကာ မေးလိုက်သည်။
ပထမ သွေးဘိုးဘေး၏ နောက်၌ ကွယ်လျှက် ရပ်နေသော ကျန်းမိသားစု ဘိုးဘေး၊ ကောင်းကင်အရှင် ချင်ထျန်းတို့ကိုပါ ထပ်မံ တွေ့ရသော အခါတွင် သူမ၏ အကြည့်များမှာ ပို၍ အေးစက် သွားခဲ့လေ၏။
"အဲဒါက…"
ဘိုးဘေး ဟိုဆန်နှင့် အခြားလူများမှာ ရှက်ရွံ့ သွားကြ၏။
ကျန်းမိသားစု ဘိုးဘေးနှင့် ကောင်းကင် အရှင် ချင်ထျန်းတို့မှာ မျက်နှာများ မထားတတ်အောင် ဖြစ်နေကြလေသည်။ ကောင်းကင် ဂျူပီတာဂြိုဟ်သည် မြောက်ပိုင်းချုံးနှင့် အမြဲ နီးကပ်စွာ ဆက်ဆံ ခဲ့သည်။ သို့သော်လည်း သူတို့သည် ချက်ချင်းပင် မြောက်ပိုင်းချူံး၏ ရန်သူ နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၏ နောက်သို့ လိုက်ခဲ့ရသည်။ ထိုအပြောင်းအလဲက လူကြီးလူကောင်းတို့၏ အပြအမူနှင့် ဆန့်ကျင်နေလေရာ သူတို့အား မျက်နှာပူစေ၏။
"နတ်မိမယ်ကျန်း… ငှက်ဆိုတဲ့ အမျိုးက သင့်တော်တဲ့ သစ်ပင်ကိုပဲ အမှီသဟဲ ပြုရပါတယ်… ကျွန်တော်တို့တွေ နတ်ဘုရား မင်းသားရဲ့ နောက်ကို လိုက်ခြင်းအားဖြင့် အနာဂတ်မှာ ကြယ်ပင်လယ် ဂိုဏ်းကြီးတွေရဲ့ နတ်ဘုရား ဗိုလ်ချုပ်တွေတောင် ဖြစ်လာနိုင်ပါတယ်… ကျုပ်တို့ရဲ့ ဆုံးဖြတ်ချက်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ကျန်းမိသားစု ဘိုးဘေးက ဆိုလိုက်သည်။
ကောင်းကင်အရှင် အန်ပိုမှာမူ သူ၏ မုတ်ဆိတ်ရှည်ကြီးများကို ပွတ်သပ်ရင်း ပြုံးသာ နေခဲ့လေ၏။ သူကား မုတ်ဆိတ်၊ ဆံပင်များ ဖြူဖွေး နေသည့်တိုင် ငယ်ရွယ် ချောမော နေဆဲ ဖြစ်သည်။ သူက ကြေးဓားပေါ်၌ ရပ်နေသည့် ကျန်းချူရန်ကို ကြည့်လိုက်ရင်း…
"ဟုတ်တယ် နတ်မိမယ်ကျန်း… ဉာဏ်ရှိတဲ့ လူက ဘယ်လို ရွေးချယ်ရမယ် ဆိုဝာာ သိတယ်… ကောင်းကင်ရဲ့ ဆန္ဒက ဆန့်ကျင်လို့ မရဘူး"
အားရှို့မှာ အန်ပိုကို ကြည့်ကာ မျက်မှောင်ကြုတ် သွား၏။
"ဟမ့်… နင်ပဲကိုး… နင်တို့လို သူများ ကျွန်ခံတဲ့ အစေခံမျိုးကို မြောက်ပိုင်းချုံးက ဘယ်တော့မှ အထင် မကြီးဘူး"
"နင်…"
အားရှို့၏ စကားက ကျန်းမိသားစု ဘိုးဘေး အပါအဝင် အခြေတည် ဝိညာဉ် အဆင့် အကုန်လုံးကို ဒေါသထွက်သွား စေခဲ့သည်။
သို့သော်လည်း အန်ပိုမှာမူ တည်ငြိမ်နေဆဲ ဖြစ်၏။ သူက ခေါင်းအား ခါရင်း သနားဟန် ရေရွတ် လိုက်သည်။
"သနားစရာ ကလေးမတွေပဲ… ကြောက်ရွံ့မှုက ဘာအဓိပ္ပာယ်လဲ ဆိုဝာာတောင် နားလည်ပုံ မရဘူး"
ထို့နောက် သူက နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်ဘက်သို့ လှည့်ကာ ဦးညွှတ် လိုက်သည်။
"နတ်ဘုရား ဗိုလ်ချုပ်… ကြည့်ရတာ သူတို့က အဆုံးထိ ဆက်ပြီး ခေါင်းမာ နေဦးမယ့် ပုံစံပဲ"
"ဟမ့်…
နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် သူက အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်လေသည်။
"ချန်းပေ့ရွှမ်းကို သုံးရက်အတွင်း အပြင်ကို ထွက်လာပြီး နတ်ဘုရား မင်းသားရှေ့မှာ ဒူးထောက်ဖို့ ပြောလိုက်… မဟုတ်ရင် မြောက်ပိုင်းချုံး တစ်ခုလုံးနဲ့ မိုင်တစ်ထောင် ဧရိယာထဲမှာ ရှိတဲ့ လူတွေ အကုန်လုံးကို ရှင်းပစ်မယ်"
"နင် လုပ်ရဲလား…"
အားရှို့၊ ကျန်းချူရန်နှင့် လုယန်ရွယ်တို့မှာ စိုးရိမ် သွားကြ၏။
"နှစ်ရက်… စောဒက ထပ်တက်ရင် အချိန် ထပ်လျှော့မယ်"
နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။
အားရှို့သည် မြောက်ပိုင်းချုံး တောင်ထိပ်တွင် ဓားအားဖြည့် ကျောက်မျက်ကို ကိုင်ရင်း ရပ်နေခဲ့၏။ သူမ၏ အကြည့်များက စူးရဲ အေးစက်ကာ ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့နှင့် ပြည့်နှက် နေသည်။
"သုံးရက်တွေ နှစ်ရက်တွေ လုပ်မနေနဲ့… မြောက်ပိုင်းချုံးမှာ အဖြေ တစ်ခုပဲ ရှိတယ် ထွက်သွားစမ်း"
"တယ်လည်း သတ္တိရှိကြပါလား"
နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၏ မျက်လုံးများမှာ ငွေရောင် အလင်းများဖြင့် တဖျပ်ဖျပ် လက်နေခဲ့၏။ သူကား ဒေါသ ထွက်နေခဲ့ပြီ ဖြစ်လေသည်။
"ဘုန်း…"
သူ၏ နောက်ရှိ အခြေတည် ဝိညာဉ် အဆင့် ဒါဇင်ပေါင်း များစွာမှာ တစ်ယောက်ပြီး တစ်ယောက် စတင် လှုပ်ရှား လာကြလေသည်။ သူတို့သည် မြောက်ပိုင်းချုံး အဖွဲ့ဝင် တစ်ယောက်ကို ဖမ်းဆီးကာ နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်ထံတွင် မျက်နှာကောင်း ရရန် ကြိုးစားကြခြင်း ဖြစ်၏။
"ဘုန်း…"
အခြေတည် ဝိညာဉ် အဆင့် စုစုပေါင်းမှာ တစ်ဝက်ခန့်သာ တိုက်ခိုက်ခဲ့ကြသည့်တိုင် ထိုအရာကပင် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်တွင် ပေတစ်သောင်း မြင့်မားသော တောင်တန်းကြီး တစ်ခုမှာ ပြိုကျလာဟန် ရ၏။ အဆုံးမဲ့ အမတေချီများနှင့် ရွှေရောင် အလင်းတန်းများသည် ကောင်းကင်တွင် ထွန်းလင်း နေကြသည်။ များစွာသော နတ်ဘုရား စွမ်းအားများနှင့် ဓမ္မ အစီအရင်များသည် ကြီးမားသော လက်ကြီး တစ်ဖက်ကို ဖန်ဆင်းကာ မြောက်ပိုင်းချုံးတောင်၏ အနီးတစ်ဝိုက် မိုင်းပေါင်း များစွာကို ရိုက်ချကြ၏။
"ကောင်းကင် ဂလက်စီ အစီအရင်…"
အားရှို့က အော်ဟစ် လိုက်၏။ ယခု တစ်ကြိမ်၌ သူမကား စွမ်းအားကို အနည်းငယ်မျှပင် ထိန်ချန် မထားခဲ့ချေ။
"ဝှစ်… ဝှစ်…"
ဓားပျံ ၉၉၉၉ စင်းသည် ကောင်းကင်သို့ ပျံတက်လာ၏။ ၎င်းတို့သည် ကြယ်များ ကဲ့သို့ တောက်ပကာ လေထုအား ထိုးဖောက်ကြသည်။
***