မြောက်ပိုင်းချုံးတောင် တိုက်ပွဲ
Vol. 12 Ch. 1116
"ဝှစ်…"
အားရှို့၊ လုယန်ရွယ်၊ ချီရှု့အာ၊ မူရှောင်နှင့် လင်းယွမ်တို့သည် ကောင်းကင်ဓား တစ်ချောင်းစီကို ကိုင်ဆောင်ကာ ကောင်းကင်သို့ ခုန်တက် လာကြသည်။ သူတို့သည် ဓားအစီအရင် တစ်ခုလုံးကို ထိန်းချုပ်ကာ အခြေတည် ဝိညာဉ် အဆင့်များထံ နဂါး ကိုးကောင်အလား တိုးဝင် ကြ၏။
ကောင်းကင် ဂလက်စီ အစီအရင်ကား မည်သူမှ မထိန်းချုပ်လျှင်ပင် အခြေတည် ဝိညာဉ် အဆင့် ကိုးယောက်ကို တစ်ပြိုင်နက်တည်း သတ်ဖြတ်နိုင်သည်။ အကယ်၍ သတ်မှတ်ထားသော အရေ အတွက်အတိုင်း ထိန်းချုပ်ပါက ၎င်း၏ စွမ်းအားမှာ အဆပေါင်း များစွာ ပိုမို မြင့်မား လာလိမ့်မည် ဖြစ်သည်။
"ဝှစ်… ဝှစ်… ဝှစ်…"
ကောင်းကင်တွင် ဓားအလင်းများမှာ မိုးစက် မိုးပေါက်များ ကဲ့သို့ ယှက်ဖြာ နေ၏။ ငွေရောင် နဂါး ကိုးကောင်သည် ကြယ်များကို ဝန်းရံကာ အခြေတည် ဝိညာဥ် အဆင့်များ၏ ပတ်လည်တွင် ပျံသန်း နေကြသည်။ ဓားသံစဉ်များကို ကြားရ၏။ ငွေရောင် နဂါး တစ်ကြိမ် ဖြတ်သန်းသွားတိုင်း အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်မှာ သေဆုံး နေရလေ၏။
မကြာခင် အချိန်အတွင်းမှာပင် အခြေတည် ဝိညာဉ် အဆင့် ကိုးယောက်ကား သေဆုံး သွားခဲ့ပြီ ဖြစ်လေသည်။
"ဘာတွေ ဖြစ်နေတာလဲ…"
ကောင်းကင်အရှင် အန်ပိုမှာ ထိုမြင်ကွင်းကို ကြည့်ကာ အေးခဲနေသည်။ သွေးမျိုးဆက် ပထမ ဘိုးဘေးမှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။ ကောင်းကင်အရှင် ရှင်းဟူနှင့် ကျန်းမိသားစု ဘိုးဘေးတို့၏ လက်များမှာလည်း တဆတ်ဆတ် တုန်ရီနေလေသည်။
ကောင်းကင် ဂလက်စီ အစီအရင်၏ စွမ်းအားကား သူတို့၏ မျှော်လင့်ချက်များထက် ကျော်လွန်နေပေသညါ။
"စောက်သုံးမကျလိုက်တဲ့ ကောင်တွေ…"
နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် သူက ခြေသိူ့ ခြေတစ်လှမ်း တိုးကာ ငွေရောင် အလင်းတန်း တစ်ခုကို လက်ဖြင့် ရိုက်ချလိုက်သည်။
"အစစ်အမှန် နတ်ဘုရား စွမ်းအားက ဘာလဲ ဆိုတာ မင်းတို့ကို ငါပြမယ်"
"ဘုန်း…"
ရုတ်တရက် သူ၏ လက်တစ်ခုလုံးမှာ ငွေချည် ငွေသားဖြင့် ပြုလုပ်ထားသည့် အလား ငွေရောင် ထူထူ အလင်းဖြင့် ဖုံးလွှမ်း သွားလေသည်။ ဓားပျံများသည် သူ၏ လက်နှင့် ထိတွေ့ကြလေရာ သတ္တုချင်း ထိခတ် သကဲ့သို့ အသံများ ထွက်ပေါ် လာသည်။ ထို့နောက် များစွာသော ဓားပျံများမှာ နောက်သို့ ပြန်လည် လွင့်စဉ် သွားကြတော့၏။
"နတ်မိမယ် အားရှို့… ဂရုစိုက်ပါ… နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က ဝူကျိ နတ်ဘုရားဂိုဏ်းရဲ့ ကျော်ကြားတဲ့ ထိပ်တန်း နတ်ဘုရား ဗိုလ်ချုပ် တစ်ယောက်ပဲ… သူက အခြေတည် ဝိညာဉ် အဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိနေတာ… သာမန် အခြေတည် ဝိညာဉ် အဆင့်တွေနဲ့ မတူဘူး"
လင်းယွင်က အော်ဟစ်လိုက်၏။
"မင်း ငါဘယ်သူလဲ ဆိုတာ သိရင် ဘာလို့ ခုချက်ချင်း အညံ့မခံသေးတာလဲ"
နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က ညင်သာစွာ ပြောလိုက်သည်။ သူသည် ငွေရောင် အလင်းဖြင့် ဝန်းရံနေလေရာ ငွေရောင် ရုပ်တု တစ်ခု အလားပင် ထင်ရသည်။ သူလမ်းလျှောက်တိုင်း မရေမတွက်နိုင်သည့် ကြယ်များ၊ ဓမ္မ စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်တွင် စက်ဝိုင်း သဏ္ဌာန် လည်ပတ်နေသည်။ သူကား ဝူကျိဂိုဏ်း၏ နတ်ဘုရား စွမ်းအား တစ်မျိုးမျိုးကို အသုံးပြုထားဟန် ရလေသည်။
"သွားစမ်း…"
နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က လက်သီးအား ဆုပ်ကာ ထိုးနှက်လိုက်၏။
"ဘုန်း…"
အားရှို့မှာ ထိုလက်သီးချက်တွင်ပင် နောက်သို့ ဆုတ်ခွာ လိုက်ရသည်။ ခန္ဓာကိုယ် ထဲရှိ သွေးများမှာ ဆူပွက်သွားလေရာ အားရှို့မှာ သွေးအန် မတတ်ပင် ဖြစ်သွားကြသည်။
သူမကား ကောင်းကင်ဓား ကိုးချောင်းကို ထိန်းချုပ်နေသည့် ကျင့်ကြံသူ ကိုးယောက်တွင် အားအနည်းဆုံး ဖြစ်သည်။ သူမသည် သူမကိုယ် သူမ များစွာသော အကာအကွယ် အစီအရင်များဖြင့် ဝန်းရံထားသည့်တိုင် ယင်ဟိုင်၏ တိုက်ခိုက်မှုမှာ သူမကို ထိခိုက်မိနေဆဲ ဖြစ်သည်။
"ဒါက ကြယ်ပင်လယ် အခြေတည် ဝိညာဉ် ထိပ်ဆုံး အဆင့် တစ်ယောက်ရဲ့ စွမ်းအားလား… အန်ပိုတောင် သူနဲ့ ယှဉ်လိုက်ရင် ပုရွက်ဆိတ် တစ်ကောင်လောက်ကို အားနည်း သွားတာပဲ"
အားရှို့မှာ အနည်းငယ် ဆွံ့အ သွား၏။
“သတ်....”
မူရှောင်သည် သစ်သား ဒြပ်စင် ကောင်းကင်ဓားကို ကိုင်ကာ အစိမ်းရောင် အလင်းတန်း အသွင် ပြောင်းလဲ၍ ကောင်းကင်တစ်လျှောက် ဖြတ်သန်းသွားသည်။
“သစ်ပင် မွန်းစတား တစ်ကောင်ကများ...”
နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က လက်အား ဝှေ့ယမ်းလိုက်ရာ ငွေရောင် ကြာပွတ်တစ်ခု ပေါ်လာခဲ့သည်။ သူသည် ထိုကြာပွတ်ကို နဂါးကဲ့သို့ ထိန်းချုပ်ရင်း မူရှောင်အား ရိုက်ချလိုက်သည်။
မူရှောင်သည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် တစ်ယောက် ဖြစ်သည့်တိုင် ယက်ဟိုင်နှင့် ယှဥ်ပါက အားနည်း နေပေသေးသည်။ သူ၏ ခန္ဓာကိုယ်သည် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၏ တိုက်ခိုက်မှု တစ်ခုတွင်ပင် ဒဏ်ရာ ရသွားခဲ့ပြီ ဖြစ်လေသည်။
“သတ်... သတ်... သတ်...”
ဝိညာဥ်စားမျောက်နှင့် အခြား မွန်းစတားများသည် သူတို့၏ ကောင်းကင်ဓားများကို ကိုင်ဆောင်ကာ နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်အား ခုတ်ထစ်ရန် ကြိုးစားလိုက်ကြသည်။
“ကလန့်... ကလန့်....”
ယွင်ဝူတောင်ထိပ်သည် ဓားပင်လယ် အဖြစ် ပြောင်းလဲ သွားသည်။ မရေမတွက်နိုင်သော ဓားပျံများသည် ပေတစ်ထောင် ဧရိယာအား ကြယ်များ သဖွယ် ဖုံးအုပ်သွားကာ နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်အား ထိုးဖောက်ရန် ကြိုးစားကြ၏။
နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်သည် ငွေရောင် သံချပ်ကာကို ဝတ်ဆင်ထားလေရာ ကမ္ဘာသို့ ဆင်းသက်လာသော နတ်ဘုရား တစ်ပါးနှင့်ပင် အလား သဏ္ဌာန် တူနေသည်။ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီသည် မြောက်ပိုင်းချုံး၏ ကျင့်ကြံသူ တစ်ယောက်ချင်းစီကို နောက်သို့ ပြန်လည် လွင့်စဥ် သွားစေနေ၏။ ကောင်းကင် ဂလက်စီ အစီအရင်သည် သူ့အား ထိန်းချုပ်နိုင်ခြင်း အလျင်း မရှိချေ။ ထိုအစား နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင် မြောက်ပိုင်းချုံးတောင်နှင့် တဖြည်းဖြည်း နီးကပ်လာနေသည်ကိုသာ ခွင့်ပြုနေခဲ့ရလေသည်။ မြောက်ပိုင်းချုံး၏ အချို့ တပည့်များ ဆိုလျှင် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းအား ခံနေရလေပြီ ဖြစ်သည်။
“ဘုန်း... ဘုန်း...”
စတုတ္ထ အကြိမ်မြောက် ထိပ်တိုက် တိုက်ခိုက်ပြီးနောက် အားရှို့မှာ ဆက်လက် တောင့်ခံနိုင်ခြင်း မရှိတော့ချေ။ သူမကား နောက်သို့ လွင့်ပျံ သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်နှာသည် အလွန်အမင်း ဖြူရော်နေကာ သူမ၏ နှုတ်ခမ်းထောင့်များမှာ သွေးများဖြင့် လိမ်းကျံနေသည်။
“နင့်လို ပုရွက်ဆိတ်မျိုးက ငါ့ကို တားချင်တယ်ပေါ့”
ယင်ဟိုင်က အားရှို့အား ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်၏။
“ရပ်စမ်း...”
မူရှောင်က ကြားဝင်ကာ ယင်ဟိုင်အား တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ခွန်အားခြင်း မမျှလေရာ သူသာလျှင် နောက်သို့ လွင့်စဥ် သွားခဲ့ရ၏။
“သေစမ်း...”
ယင်ဟိုင်မှာ ငွေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ မူရှောင်နောက်သို့ လိုက်သွားခဲ့၏။ ထို့နောက် သူက မူရှောင်၏ ခန္ဓာကိုယ်နှင့် နတ်ဘုရား စိတ်ဝိညာဥ် နှစ်ခုစလုံးကို ဖျက်ဆီး ပစ်လိုက်လေသည်။
“ဦးလေးမူရှောင်....”
အားရှို့က နာကျင်စွာြဖင့် အော်ဟစ် လိုက်သည်။
မူရှောင်သည် သစ်ပင် မွန်းစတား တစ်ကောင် ဖြစ်သည့်တိုင် မြောက်ပိုင်းချုံးတွင် သူတို့နှင့် အတူ လပေါင်း များစွာတိုင် နေထိုင်ခဲ့သည်။ သူသည် မြောက်ပိုင်းချုံး၏ တပည့် အားလုံးနှင့် သင့်မြတ်ကာ မကြာခဏ ဆိုသလို ကျင့်ကြံခြင်းတွင် လမ်းညွှန်ပြသ ပေးတတ်သည်။ ထို့ကြောင့်ပင် မြောက်ပိုင်းချုံး၏ တပည့် အားလုံးသည် မူရှောင်၏ သေဆုံးမှုကို မြင်သည့် အခါ ဒေါသများထွက်ကုန်ကြတော့သည်။ သူတို့ကား ဖြစ်နိုင်လျှင် ကောင်းကင်သို့ ပျံတက်ကာ သူသေ၊ ကိုယ်သေ တိုက်ခိုက်ချင်နေခဲ့ပြီ ဖြစ်လေသည်။
“ဘုန်း...”
မကြာခင်မှာပင် ချန်းဖန်အား အညံ့ခံထားသည့် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်မှာ ငွေရောင် ကြာပွတ်၏ အသက်နှုတ်ယူခြင်းအား ခံလိုက်ရပြန်သည်။
ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်...
မျက်စိတစ်မှိတ် အတွင်းမှာပင် မြောက်ပိုင်းချုံးဘက်မှ အခြေတည် ဝိညာဥ် အဆင့် ငါးယောက်မှာ ထပ်မံ သေဆုံး သွားကြပြန်သည်။ နောက်ဆုံး၌ ကျန်းချူရန်၊ အားရှို့နှင့် ချီရှို့အာတို့ အပါအဝင် မြောက်ပိုင်းချုံးဂိုဏ်း၏ တပည့်များ သာလျှင် ကျန်ရစ်တော့၏။
“လုံလောက်ပြီ...”
ဓားအစီအရင် တစ်ခုလုံးကား ကျိုးပျက် သွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်သည် မြောက်ပိုင်းချုံး တောင်ထိပ် ပေါ်သို့ ဆင်းသက်ကာ မြောက်ပိုင်းချုံးတောင် တစ်ခုလုံးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဖျက်ဆီး ပစ်လိုက်သည်။ ထို့နောက် သူသည် အားရှို့အား လည်ပင်းမှ ကိုင်၍ ဖမ်းဆီးကာ အေးစက်စွာ ဆိုလိုက်လေ၏။
“ချန်းပေ့ရွှမ်းကို ခုချက်ချင်း ထွက်လာဖို့ ပြောလိုက်... မဟုတ်ရင် မြောက်ပိုင်းချုံး တစ်ခုလုံးကို ငါ ရှင်းပစ်မယ်... နားလည်လား”
“သူ့ကို လွှတ်လိုက်စမ်း...”
ကျန်းချူရန်က သူမ၏ ကြေးဓားအား အသက်သွင်းကာ ဓားအော်ရာ တစ်ခုကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်သည် ထိုဓားအော်ရာကို တစ်ဖက်တည်းဖြင့်ပင် ဖျက်ဆီး ပစ်လိုက်သည်။ သူက တစ်ဆက်တည်းပင် လက်သီးအား ထိုးလိုက်လေရာ ကျန်းချူရန်မျာ ပေထောင်ချီ အကွာအဝေး အထိ ကြယ်ပျံတစ်စင်းအလား လွင့်စဥ် သွားခဲ့ရတော့သည်။ သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ အများအပြား ပေါ်လာကာ သူမ၏ အရိုး တစ်ဝက်ခန့်မှာလည်း ကျိုးကြေသွားခဲ့ရလေပြ ဖြစ်သည်။
“အမရှို့ကို လွှတ်လိုက်စမ်း...”
မြောက်ပိုင်းချုံး၏ တပည့်များစွာမှာ တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ တက်လာကြသည်။ ခွန်ရှု နယ်မြေမှ အကြီးအကဲများမှာလည်း မျက်လုံးများ နီရဲနေကြပြီ ဖြသ်၏။
သို့သော်လည်း နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၏ လက်တစ်ဖက် အဝှေ့တွင်ပင် ထိုရွှေအမြုတေ အဆင့် ကျင့်ကြံသူ အကုန်လုံးမှာ နောက်သို့ ပြန်လည် လွင့်စဥ် သွားခဲ့ရလေသည်။ သူတို့ကား အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် တစ်ယောက်၏ ရှေ့မှောက်၌ ပုရွက်ဆိတ်များ အလား အားနည်းလွန်းလှပေသည်။ သူတို့သည် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၏ ဆံပင်တစ်ချောင်းကိုပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။
အဇူရာ နဂါးသည် တပ်ဖွဲ့ အချို့ကို ဦးဆောင်ကာ လာရောက် ကူညီသော်လည်း အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်က ပင်လျှင် သူ့တို့အား တားဆီးရန် လုံလောက်နေခဲ့ပြီ ဖြစ်လေသည်။
ဤသို့ဖြင့် ဆယ်မိနစ် အတွင်းမှာပင် မြောက်ပိုင်းချုံး တစ်ခုလုံးမှာ ရှုံးနိမ့် သွားခဲ့ရပြီ ဖြစ်လေသည်။ သူတို့သည် ဆက်လက် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။
***