← Chapters

နတ်ဘုရား ဗိုလ်ချုပ်ကို သတ်ဖြတ်ခြင်း

Vol. 12 Ch. 1118

နတ်ဘုရား ဗိုလ်ချုပ်ကို သတ်ဖြတ်ခြင်း

Vol. 12 Ch. 1118

“ဝှစ်...”

ကောင်းကင်တွင် လှိုင်းသံ တစ်ခု ထွက်ပေါ်လာသည်။ သေဆုံးသွားသော မြောက်ပိုင်းချုံး တပည့်များ၏ ဝိညာဥ်များသည် ချန်းဖန်ထံ ပျံသန်းလာကြ၏။ ချန်းဖန်က သူတို့အား ကျောက်စိမ်း ကဲ့သို့ ကြည်လင်သော သလင်းကျောက်ပြား တစ်ခု အတွင်း ညင်သာစွာ ထည့်သွင်းလိုက်သည်။ ထိုလူများမှာ ချန်းဖန်၏ ကိုယ်ပွားများ မဟုတ်လေရာ ချန်းဖန် အနေဖြင့် သူတို့၏ ခန္ဓာကိုယ်များကို ချက်ချင်း ပြန်လည် တည်ဆောက်ပေးနိုင်ဦးမည် မဟုတ်ချေ။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူများသာလျှင် ထိုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင် ထားကြပေသည်။ သို့သော်လည်း သူတို့အား ပြန်လည် မွေးဖွားခြင်း စက်ဝန်းသို့ ပို့လွှတ်ရန်မှာမူ ချန်းဖန် အတွက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်ပေသည်။ ချန်းဖန်၏ နတ်ဘုရား စွမ်းအားသည် ပြန်လည် မွေးဖွားခြင်း စက်ဝန်း ခြောက်ခုကိုပင် ဖန်တီးနိုင်သည်။ ထိုနည်းဖြင့် ထိုဝိညာဥ်များသည် စကြဝဠာ အတွင်းသို့ ပြန့်ကြဲ မသွားတော့ပဲ ကမ္ဘာပေါ်၌ပင် ပြန်လည် ဝင်စား ကြပေလိမ့်မည် ဖြစ်သည်။

“ဝိညာဥ်ဆင့်ခေါ်ခြင်း အစီအရင်...”

ယင်ဟိုင်မှာ မျက်မှောင်ကြုတ် သွား၏။ သူသည် လက်တစ်ဖက်ဖြင့် အားရှို့၏ လည်ပင်းအား ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

“ချန်းပေ့ရွှမ်း... မင်းက ဘာလို့ သူတို့ရဲ့ ဝိညာဥ်တွေကို ပြန်စုစည်း နေရတာလဲ... ငါသာ ဆန္ဒရှိရင် သူတို့ကို အကြိမ် တစ်ရာ အကြိမ် တစ်ထောင် နောက်ဆုံး သူတို့ရဲ့ ဝိညာဥ် အမြုတေပါ ပျက်စီးသွားတဲ့ အထိ ငါထပ်ပြီး တိုက်ခိုက်လို့ ရတယ်... နောက်ပြီး မင်းရဲ့ တပည့်က ငါ့လက်ထဲမှာ ဆိုတာ မမေ့နဲ့ဦး... ငါ သူ့ရဲ့ နတ်ဘုရား စိတ်ဝိညာဥ်နဲ့ ခန္ဓာကို မင်းရဲ့ ရှေ့မှာတင် အပိုင်းပိုင်း အစစ ဖြစ်သွားအောင် ဖျက်ဆီးပစ်လို့ ရတယ်... မင်း လုပ်နိုင်တာ တစ်ခုမှ မရှိဘူး”

ယင်ဟိုင်က နတ်ဆိုးတစ်ကောင်အလား ပြုံးရင်း သူ၏ စကားကို အဆုံးသတ် လိုက်သည်။

“ဟုတ်လား...”

ချန်းဖန်မှာမူ တည်ငြိမ်စွာပင် ရှိနေသေး၏။ သူ၏ မျက်လုံးများတွင်မူ ရွှေရောင် အလင်းက တဖျပ်ဖျပ် လင်းလက် နေလေသည်။

နောက်တစ်စက္ကန့် အကြာ၌...

“ဘာလဲ...”

နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်မှာ ထိတ်လန့် တုန်လှုပ်သော ပုံစံဖြင့် နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်လေသည်။ သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။

“ဝှစ်...”

ရွှေရောင်အလင်း တစ်ခုသည် ကောင်းကင်ကို ကြယ်ပျံတစ်စင်းအလား ဖြတ်သန်းသွားသည်။ ထိုအလင်းသည် ညင်သာစွာပင် ယင်ဟိုင်၏ လက်ကို ဖြတ်ကျော်ကာ အားရှို့အား ကယ်တင်သွား၏။

“ခရက်...”

ထို့နောက် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၏ ငွေရောင် ဘယ်ဘက်လက်သည် ခန္ဓာကိုယ်မှ ကင်းကွာသွားလေသည်။ ထိုအရာမှာ အလွန် ချောမွေ့ မြန်ဆန်လွန်းလှရာ မည်သို့မည်ပုံ ဖြစ်ပျက်သွားမှန်း တစ်ယောက်မှ မသိလိုက်ကြရချေ။

“ဘယ်လို ဖြစ်သွားတာလဲ...”

လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ အာကာသထဲရှိ နတ်ဘုရား မင်းသား ရီချင် ပင်လျှင် ဆွံ့အ သွားခဲ့လေသည်။

“နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က ငါတို့ဂိုဏ်းရဲ့ ထိပ်တန်း ခန္ဓာကျင့်စဥ် သုံးခုထဲက တစ်ခု ဖြစ်တဲ့ ရွှေကြယ် ခန္ဓာကို ကျင့်ကြံထားတာ... သူ့ရဲ့ ခန္ဓာကိုယ်က ကောင်းကင် ရတနာတွေနဲ့တောင် မစိုးမရွံ့ပဲ ယှဥ်ပြီး တိုက်ခိုက်နိုင်တယ်... ချန်းပေ့ရွှမ်းက ဘယ်လို လက်နက်ကို သုံးပြီး သူ့လက် တစ်ဖက်ကို ဖြတ်လိုက်နိုင်တာလဲ”

နတ်ဘုရား မင်းသား ရီချင်၏ နောက်ရှိ အကြီးအကဲများမှာ တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်မိကြ၏။ သူတို့၏ အံ့အားသင့်မှုမှာ အဓိပ္ပာယ် ရှိပေသည်။

နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်သည် စစ်ပွဲဘုရင် ဖြစ်သည်။ သူသည် သူ၏ ခန္ဓာကိုယ် အားကိုးဖြင့် မ‌ရေမတွက် နိုင်သော တိုက်ပွဲများကို အနိုင် တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ တစ်စက္ကန့် အတွင်းမှာပင် သူ၏ လက်တစ်ဖက်မှာ အဖြတ်ခံလိုက်ရပြီ ဖြစ်သည်။

“အဲဒါက လက်နက် မဟုတ်ဘူး... နတ်ဘုရား စွမ်းအားပဲ”

နတ်ဘုရား မင်းသား ရီချင်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။

ထိုအချိန် မြောက်ပိုင်းချုံး တောင်ထိပ်၌...

နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်သည် အားရှို့အား လက်တစ်ဖက်ဖြင့် ဖက်ရင်း ရပ်နေသည့် ချန်းဖန်ကို ဒေါသတကြီး စူးစိုက် ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးထဲရှိ ငွေရောင် အလင်းသည် ကောင်းကင်ကို အနက်ရောင် တွင်းပေါက်များ အဖြစ် ထိုးဖောက်နေဟန် ရ၏။

“မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးရဲတယ်ပေါ့”

ယင်ဟိုင်က အော်ဟစ်လိုက်၏။

“ချန်းပေ့ရွှမ်း... ငါ မင်းရဲ့ တပည့် အကုန်လုံးနဲ့ မြောက်ပိုင်းချုံး တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်... နောက်ပြီး မင်းရဲ့ ဝိညာဥ် ကိုယ်ပွားကို မီးအိမ်ထဲ ထည့်ပြီး မီးစာ အဖြစ် ထာဝရ လောင်မြိုက်စေမယ်...”

စကားလုံး တစ်လုံးချင်းစီ အပြီး၌ ယင်ဟိုင်၏ ခန္ဓာကိုယ်မှ ငွေရောင် အလင်းမှာ ပို၍ ပို၍ တောက်ပ လာနေခဲ့သည်။ အဆုံး၌ ကမ္ဘာမြေပြင်ကို လွှမ်းခြုံ၍ တောက်ပသော ငွေရောင်ကွင်း တစ်ခုမှာ ပေါ်လာခဲ့သည်။ ထိုကွင်းသည် ပေတစ်ထောင် အချင်းဝက် အတွင်းအား ဖုံးလွှမ်းထား၏။ မရေမတွက်နိုင်သော ကြယ်ဓမ္မ ဥပဒေသများမှာ နေရာတိုင်း၌ ပျံ့ကြဲနေလေရာ ကောင်းကင်မှာ ငွေရောင် အလင်း ပင်လယ် သဖွယ် ပြောင်းလဲ နေခဲ့ပြီ ဖြစ်သည်။

ထိုအရာကား ဓမ္မ ပိုင်နက်ပင် ဖြစ်လေသည်။ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်သည် အဆင့်ဆုံး အဆင့်သို့‌ ရောက်သည့် အခါတွင် ဓမ္မ ဥပဒေသများကို ပိုင်နက်နယ်မြေ တစ်ခု အဖြစ်သို့ ပြောင်းလဲ လာနိုင်ကြသည်။ သူသည် ထိုပိုင်နက် အတွင်းရှိ အလုံးစုံကို အစိုးရ၏။

“နတ်ဘုရားအရှင်... သတိထားပါ”

လင်းယွင်က စိုးရိမ်စွာဖြင့် အော်ဟစ်လိုက်သည်။ သာမန် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်များသည် ထိုပိုင်နက်ကို ခုခံနိုင်ခြင်း မရှိပါချေ။ ချန်းဖန်ကား ယခုမှ ‌ရွှေအမြုတေ အဆင့် တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် ယခု ရောက်ရှိလာသည့် အရာမှာလည်း သူ၏ ကိုယ်ပွား တစ်ခုသာလျှင် ဖြစ်ပေသည်။

ချန်းဖန်က အေးဆေးစွာပင် ပြုံးလိုက်၏။ ထို့နောက် သူ၏ မျက်လုံး အတွင်းမှ ရွှေရောင်အလင်းမှာ နောက်တစ်ကြိမ် တောက်ပသွားခဲ့ပြန်သည်။

နောက်တစ်စက္ကန့် အကြာ၌...

နဂါး သင်္ကေတများ ပြည့်နှက်နေသည့် ရွှေရောင် လှံပုဆိန် တစ်ခုသည် ချန်းဖန်၏ နဖူးထက်ရှိ တတိယ မျက်လုံးမှ ထွက်ပေါ်လာ၏။ ထိုအရာသည် ပေထောင်ချီသော အကွာအဝေးကို လျစ်လျူကာ ယင်ဟိုင်၏ ရှေ့မှောက်ကို  မျက်စိတ်တစ်မှိတ် အတွင်း ရောက်ရှိသွားသည်။ ထို့နောက် ၎င်းသည် ယင်ဟိုင်၏ ခန္ဓာကိုယ်ကို အလယ်မှ နေ၍ နှစ်ပိုင်း ဖြတ်ပိုင်း ပစ်လိုက်တော့၏။

“ဘာလဲ...”

ကောင်းကင်အရှင် အန်ပိုနှင့် ကျန်းမိသားစု ဘိုးဘေးတို့မှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။ ပြိုင်ဘက်ကင်း နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က ထိုကဲ့သို့ လျှင်မြန်စွာ ထက်ပိုင်းပိုင်းခံ လိုက်ရသည်လား။

“ဘယ်လိုတွေ ဖြစ်သွားတာလဲ...”

“ငါသေချာ မမြင်လိုက်ရဘူး... ရွှေရောင် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားတာကိုပဲ ငါတွေ့လိုက်တယ်... အဲဒါက နဂါး သင်္ကေတတွေပါတဲ့ လှံပုဆိန် တစ်စင်းလို့တော့ ထင်တယ်”

“အဲဒါက ချန်းပေ့ရွှမ်းရဲ့ နတ်ဘုရား စိတ်အာရုံက‌နေ ဖြစ်တည်လာတဲ့ ကိုယ်ပွားပဲ မဟုတ်ဘူးလား...သူက ဘာလက်နက်ကိုမှ ယူလာနိုင်မှာ မဟုတ်ဘူးလေ... ဘယ်လို လုပ်ပြီး  လှံပုဆိန်က ရောက်လာတာလဲ... မဟုတ်မှလွဲရော အဲဒါက နတ်ဘုရား စိတ်အာရုံ အစီအရင် တစ်ခုခုများလား... တကယ် ကြောက်ဖို့ ကောင်းလွန်းတာပဲ... နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်တောင် မခုခံနိုင်ဘူး”

များစွာသော အခြေတည် ဝိညာဥ် အဆင့်များမှာ ထိတ်လန့် တုန်လှုပ်စွာ ပြောဆိုနေကြသည်။

ဝူကျိဂိုဏ်း၏ တပည့်များ အကြီးအကဲများမှာမူ ထိုမြင်ကွင်းကို ကြည့်ကာ ဒေါသများ ထွက်သွားကြသည်။ ရီချင် ပင်လျှင် မျက်လုံးများ ကျဥ်းမြောင်းကာ ချန်းဖန်အား အေးစက်စွာ ကြည့်လိုက်လေ၏။

“မင်း ငါ့ကို သတ်ရဲလား.. ဝူကျိဂိုဏ်းက ဒေါသထွက်ပြီး မင်းရဲ့ မြောက်ပိုင်းချုံး တစ်ခုလုံးကို ရှင်းပစ်လိုက်မှာ မကြောက်ဖူးလား”

ယင်ဟိုင်သည် သူ၏ ဓမ္မ နယ်မြေတွင် ရပ်လျှက်ရှိသည်။ သူ၏ ခန္ဓာကိုယ် နှစ်ခြမ်းသည် ငွေရောင် အလင်းများကို ထုတ်လွှတ်ကာ တောက်ပနေ၏။ ထို့နောက် ၎င်းတို့မှာ မာကျူရီ အလား အတူအကွ စတင် ပေါင်းစပ်သည်။ မကြာခင် မှာပင် သူ၏ ခန္ဓာကိုယ် နှစ်ခြမ်းသည် တစ်ခုတည်း အဖြစ် ပြန်လည် ပေါင်းစည်း သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ နဖူးနှင့် နှာခေါင်း တစ်လျှောက်၌ အနီစင်း ဒဏ်ရာတစ်ခုမှာ ကျန်ရှိနေဆဲ ဖြစ်သည်။ သူ၏ ရွှေကြယ်ခန္ဓာသည် ပြန်လည် ကောင်းမွန်သွားပုံ ပေါ်သည့်တိုင် မူလ အထွတ်အထိပ် အဆင့်ကိုမူ ပြန်လည် တက်လှမ်း နိုင်ခဲ့ခြင်း မရှိခဲ့ချေ။

ယင်ဟိုင်က ချန်းဖန်အား အံ့အားသင့်ခြင်းတို့ ရောစွက်နေသော မျက်လုံးများဖြင့် အေးစက်စွာ ကြည့်လိုက်လေ၏။

သူသည် ချန်းဖန်၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဖြစ်သည်။ အကယ်၍ သူ၏ ခန္ဓာကိုယ်သာ လုံလောက်စွာ အစွမ်း မထက်ပါက သူသည် လှံပုဆိန်၏ တိုက်ခိုက်မှုတွင်ပင် သေဆုံး သွားလောက်ပြီ ဖြစ်သည်။ သို့သော်လည်း သူ သေဆုံးရသည်နှင့် ဝူကျိဂိုဏ်းသည် ဒေါသထွက်ကာ မြောက်ပိုင်းချုံး တစ်ခုလုံးနှင့် တစ်ကမ္ဘာလုံးရှိ လူတိုင်းအား သတ်ဖြတ်ကာ လက်စားချေလိမ့်မည် ဖြစ်သည်။ ချန်းပေ့ရွှမ်း အနေဖြင့် ထိုအကျိုးဆက်ကို ရင်ဆိုင်ရန် သတ္တိရှိလိမ့်မည်ဟု သူမထင်ချေ။

ထိုအကြောင်းအရာကို စဥ်းစားမိသည့် ကမ္ဘာပေါ်ရှိ လူများမှာ ထိတ်လန့် ကြောက်ရွံ့ နေကြ၏။ အခြား ဂြိုဟ်များမှ လာသည့် ကျင့်ကြံသူများက ချန်းဖန်အား သတိပေးလိုက်ကြသည်။

“နတ်ဘုရား အရှင်ချန်း... ရပ်လိုက်ပါ... နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်ကို သတ်လို့ မဘူး”

“ဟုတ်တယ်... အမှားကြီး တစ်ခု မလုပ်မိပါစေနဲ့ နတ်ဘုရား အရှင်... နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်က ကြယ်ပင်လယ်မှာ ရှိတဲ့ ဝူကျိဂိုဏ်းရဲ့ ကျော်ကြားတဲ့ နတ်ဘုရား ဗိုလ်ချုပ် တစ်ယောက်ပဲ... သူ့ကို သတ်လိုက်ရင် မြောက်ပိုင်းချုံးရဲ့ ကမ္ဘာ တစ်ခုလုံးက လူတွေ ကပ်ဘေးကြီး တစ်ခုကို ခံစား ရလိမ့်မယ်”

“နတ်ဘုရား အရှင်... နှစ်ကြိမ် ပြန်သုံးသပ်ပါ”

ကောင်းကင်အရှင် အန်ပို၊ ကျန်းမိသားစု ဘိုးဘေးနှင့် ကောင်းကင်အရှင် ရှားရုန်တို့သည် ချန်းဖန်အား နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်ကို မသတ်ရန် တားဆီး နေကြ၏။ သူတို့ကား ချန်းဖန် အတွက် စေတနာထားကြဟန် ပြုမူ နေကြသည်။

ချန်းဖန်သည် အစွမ်းထက်သော်လည်း ထိုအရာမှာ သူ၏ နတ်ဘုရား စိတ်ဝိညာဥ် ကိုယ်ပွား တစ်ခုသာ ဖြစ်ပေသည်။ သို့သော်လည်း နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်မှာမူ ကြယ်ပင်လယ် နောက်ခံရှိသည့် ကြီးမားသော ဂိုဏ်းကြီး တစ်ခုမှ အစစ်အမှန် နတ်ဘုရား ဗိုလ်ချုပ် ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူတို့သည် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင် ဘက်၌ ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

“ဘေးဖယ်နေကြစမ်း...”

ချန်းဖန်က ထိုဘိုးဘေးများကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်၏။

“ကောင်းကင်အရှင် ကျေးဇူးပြုပြီး ကျုပ်ပြောတာ နားထောင်ပါဦး... နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင် ဒီကို လာတာက မင်းကို သူ့ရဲ့ မင်းသားနဲ့ တွေ့ဖို့ လာပြီး ဖိတ်ခေါ်တာပါ... ဘာလို့ မင်းက အဲဒီ ရည်ရွယ်ချက်ကောင်းကို ဖျက်ဆီးချင်နေတာလဲ”

အန်ပိုမှာ ရင်းနှီးဖော်ရွေသော အပြုံးကို သယ်‌ဆောင်ထား၏။ သူ၏ ရှည်လျားသော အင်္ကျီလက်များနှင့် ဆံပင်ဖြူများ၊ မုတ်ဆိတ်ဖြူများသည် လေနှင့် အတူ လွင့်ပျံနေလေရာ သူ၏ ပုံစံမှာ သူတော်စင် တစ်ပါးနှင့်ပင် အသွင် သဏ္ဌာန် တူနေသေးသည်။

သို့သော်လည်း ကျန်းချူရန်နှင့် အားရှို့မှာ အန်ပို၏ ထိုရုပ်ကို မြင်သည်နှင့် ဒေါသများ ထွက်သွားကြသည်။ သို့သော်လည်း ချန်းဖန်မှာ ထိုထောင်‌ချောက် အတွင်း သက်ဆင်းခြင်း မရှိချေ။ သူက “သတ်” ဟူသော စကားလုံးကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဝှစ်...”

သူ၏ တတိယ မျက်လုံးမှ ရွှေရောင် အော်ရာ တစ်ခု ထွက်ပေါ်လာကာ လှံပုဆိန် အသွင် ပြောင်းလဲ သွားပြန်သည်။ ချန်းဖန်သည် ထိုလှံကို လက်ဖြင့် ဆုပ်ကိုင်ကာ ကြမ်းတမ်းတာ ဝှေ့ယမ်း ပစ်လိုက်လေ၏။

“ခရက်...”

ရုတ်တရက် ချန်းဖန်၏ လမ်းကို ပိတ်ကာ ရပ်နေသည့် အခြေတည် ဝိညာဥ် အဆင့် ဘိုးဘေး လေးယောက်မှာ အလယ်မှ တိကျစွာ ထက်ပိုင်းပြတ် သွားကြတော့၏။

***

All Chapters