← Chapters

သတ်ဖြတ်ခြင်း

Vol. 12 Ch. 1119

သတ်ဖြတ်ခြင်း

Vol. 12 Ch. 1119

ထိုနတ်ဘုရား လှံပုဆိန်သည် ချန်းဖန် ဝိညာဉ် စွမ်းအင်ဖြင့် နှစ်ပေါင်း အနည်းငယ် ကြာအောင် သန့်စင်ထားသော လက်နက် ဖြစ်ပေသည်။ ထိုအရာသည် ထိပ်တန်း ကောင်းကင် ရတနာများနှင့် ကွာခြားခြင်း မရှိတော့ချေ။ ပုဆိန်၏ အသွားမှာ အလွန်အမင်း ထက်ရှလှ၏။ ချန်းဖန် ကိုင်ဆွဲသော အခါ၌ ထိုအရာကို ခုခံ နိုင်မည့်သူ ရှားပါးလိမ့်မည် ဖြစ်သည်။

“မင်းတို့က ငါ့ကို တားရဲတယ်ပေါ့…"

ချန်းဖန်၏ ခုတ်ချက်များမှာ တစ်ချက်ပြီး တစ်ချက် အရှိန်အဟုန် ပြင်းစွာဖြင့် အခြေတည် ဝိညာဉ်များထံ အဆက်မပြတ် ကျဆင်းနေ၏။

"ဘုန်း…"

ကောင်းကင်အရှင် ရှားရုန်သည် သူ၏ ခရမ်းရောင် တူကို ထုတ်ယူကာ ခုခံရန် ကြိုးစားသည်။ သို့သော်လည်း ချန်းဖန် သူ့အား ထိုတူနှင့် အတူ ထက်ပိုင်းပိုင်း ပစ်လိုက်သည်။

ဘိုးဘေး ဟိုဆန်သည် မီးများကို ဝန်းရံကာ အဆုံးမဲ့ လောင်မြိုက်ခြင်းကို ထုတ်ဖော်နေ၏။ သို့သော်လည်း လှံပုဆိန် ကျဆင်းသည်နှင့် သူ၏ ဦးခေါင်းမှာ ထက်ပိုင်းပြတ် သွားရတော့သည်။

ကျန်းမိသားစု ဘိုးဘေးနှင့် အခြား ကောင်းကင် အရှင်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆက်လက် တိုက်ခိုက်ရဲခြင်း မရှိကြတော့ချေ။ သူတို့သည် ကြောက်လန့်တကြားဖြင့် ချန်းဖန်အား စတင် တောင်းပန် ကြတော့၏။

သို့သော်လည်း ချန်းဖန်မှာ သူတို့အား ခွင့်လွှတ်ခြင်း မရှိချေ။ သူက လှံပုဆိန်အား ဝှေ့ယမ်းလျှက် သူတို့၏ ခန္ဓာကိုယ်များနှင့် အခြေတည် ဝိညာဉ်တို့ကို ဖျက်ဆီး ပစ်လိုက်လေတော့သည်။

"ရပ်စမ်း…"

ယင်ဟိုင်က အေးစက်သော မျက်လုံးများဖြင့် အော်ငေါက်လိုက်သည်။

"မင်းအလှည့် လာပြီ"

ချန်းဖန်က လှံအား လှုပ်ရှားကာ ရွှေရောင် အလင်း အသွင် ပြောင်းလဲ လိုက်သည်။ ထို့နောက် သူသည် များစွာသော အခြေတည် ဝိညာဉ် အဆင့်များကို ကျော်လွန်ကာ ယင်ဟိုင်ထံ တိုးဝင် သွားတော့သည်။

"ကလန့်…"

ယင်ဟိုင်သည် မည်မျှပင် ကြိုးစား စေကာမူ ထိုအရာကို မတားဆီး နိုင်ခဲ့ချေ။ သူသည် သူ၏ ခန္ဓာကိုယ်နှင့် အတူ နှစ်ပေါင်းများစွာတိုင် သန့်စင်ထားသည့် ကြယ်တစ်ထောင်ဓားကိုပင် ထုတ်ယူ လိုက်၏။ ထိုဓားသည် မဟာ ကောင်းကင် ရတနာဟု ကျော်ကြားသည့်တိုင် လှံပုဆိန်၏ တိုက်ခိုက်မှုတွင် နှစ်ပိုင်းပြတ် သွားလေတော့၏။

"အဲဒါက ဘယ်လို နတ်ဘုရား လက်နက်မျိုးလဲ…"

ယင်ဟိုင်မှာ စိုးထိတ် သွားခဲ့၏။ ထို့နောက် သူ နောက်ဆုတ်ရန် အချိန် မရမှီမှာပင် ချန်းဖန်၏ ပုဆိန် ခုတ်ချက်များမှာ သူ့အပေါ်သို့ တစ်ချက်ပြီး တစ်ချက် ပြုတ်ကျ လာခဲ့တော့သည်။

ယင်ဟိုင်သည် သူ၏ အမြင့်ဆုံး စွမ်းအားကို ထုတ်ဖော်ထား၏။ ငွေရောင် ကြယ်ပွင့်များသည် သူ့အား ဝန်းရံထားကာ ကြောက်မက်ဖွယ် ဓမ္မ နယ်မြေမှာ ပေတစ်ထောင် ဧရိယာကို ဖုံးအုပ်ထားသည်။ ချန်းဖန်၏ လှံပုဆိန် ခုတ်ချက်တိုင်း၌ ထိုဓမ္မနယ်မြေသည် ကျိုးပျက် နေသည့်တိုင် ယင်ဟိုင်သည် အကြိမ်ကြိမ် ပြန်လည် ဖွဲ့စည်း နေခဲ့လေသည်။

သို့သော်လည်း ချန်းဖန်သည် အဆက်မပြတ် တိုက်ခိုက်နေ၏။ နတ်ဘုရား နယ်မြေ ပြန်လည် ပေါ်လာတိုင်း၌ သူသည် ထိုအရာကို ပြန်လည် ဖျက်ဆီး ပစ်နေခဲ့သည်။

ယင်ဟိုင်ကား ချွေးစေးများ ထွက်သည် အထိ အဆိုးဆုံး အခြေအနေသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။

"ချန်းပေ့ရွမ်း… မင်းက ဘယ်သူလဲ… မင်းလို ပါရမီရှင်က အရှေ့ဂြိုဟ်လို နေရာမျိုးမှာ မရှိနိုင်ဘူး"

"ဟမ့်… ရှိလိုပဲ မင်းတွေ့နေရတာပေါ့"

ချန်းဖန်က နှာခေါင်းရှုံ့ကာ လှံပုဆိန်အား မြှောက်လျှက် ခုတ်ထစ်လိုက်သည်။

"ဘုန်း…"

ပေါက်ကွဲသံနှင့် အတူ ပေတစ်ထောင် ကြီးမားသော ဓမ္မ နယ်မြေသည် ထက်ပိုင်းပြတ် သွားခဲ့၏။ ယင်ဟိုင်၏ မျက်နှာမှာလည်း သွေးဆုတ် ဖြူရော်သွားကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျ လာခဲ့သည်။

"ချန်းပေ့ရွှမ်း… ဝူကျိဂိုဏ်းက မင်းနောက်ကို လိုက်မှာ မကြောက်ဘူးလား… နောက်ပြီး အရှင် မင်းသားကလည်း မင်းတို့ ဂြိုဟ်မှာ သူ့ရဲ့ စစ်တပ်နဲ့ အတူ ရောက်နေပြီ… သူ ဆင်းလာတာနဲ့ မင်းရဲ့ မြောက်ပိုင်းချုံးဂိုဏ်းက ဆယ်ဂိုဏ်း ရှိရင်တောင် ဖျက်ဆီး ခံရလိမ့်မယ်"

"အရှင် မင်းသား ဟုတ်လား… ဝူကျိဂိုဏ်းရဲ့ တတိယ နတ်ဘုရား မင်းသားလား… ဟဟ… ငါ မင်းတို့ဂိုဏ်းရဲ့ နတ်ဘုရား မင်းသား တစ်ယောက်ကိုတောင် သတ်ပြီးပြီ… ကြည့်ရတာ အခု နောက်တစ်ယောက်ကိုပါ ထပ်ပြီး သတ်ရတော့မယ် ထင်တယ်"

ချန်းဖန်က ဆိုလိုက်၏။

"မင်း စတုတ္ထ အရှင်မင်းသားကို သတ်လိုက်တယ် ဟုတ်လား…"

ယင်ဟိုင်သည် မျက်လုံးများကို ပြူးရင်း ချန်းဖန်အား ကြည့်လိုက်သည်။ သူသည် နားကြားမှားသည်ဟု ထင်နေမိသည်။

တစ်ချိန်တည်း၌ မြောက်ပိုင်းချုံး ဂိုဏ်းဝင်များ အပါအဝင် ကမ္ဘာပေါ်ရှိ များစွာသော လူများမှာလည်း ချန်းဖန်၏ စကားကို ကြားကာ ဆွံ့အ နေခဲ့ကြလေသည်။

နတ်ဘုရား မင်းသား...

ထိုအရာကား နတ်ဘုရား ဗိုလ်ချုပ်ထက်ပင် ပိုမို မြင့်မားသော အဆင့်အတန်း တစ်ခု၌ ရှိသော အရာ ဖြစ်ပေသည်။ သို့တိုင်အောင် ချန်းပေ့ရွှမ်းသည် ဝူကျိဂိုဏ်း၏ နတ်ဘုရား မင်းသားကို သတ်ဖြတ် ပစ်ခဲ့သည်။ ထိုအရာကား ကမ္ဘာတုန်လောက်သော သတင်းတစ်ခု ဖြစ်လေ၏။

“ဝူကျိဂိုဏ်းရဲ့ နတ်ဘုရား မင်းသားတင် မကဘူး... အပိုလိုဂိုဏ်း နတ်ဘုရား မင်းသားနဲ့ တိုင်ချူ နတ်ဘုရား နယ်မြေရဲ့ နတ်ဘုရား မင်းသားတို့ အပါအဝင် စုစုပေါင်း နတ်ဘုရား မင်းသား ခြောက်ယောက်လုံးက နတ်ဘုရား အရှင်ချန်းရဲ့ သတ်ဖြတ်တာကို ခံလိုက်ရပြီ”

လင်းယွင်က ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်သည်။

“ဘာကြီး...”

နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်မှာ ချန်းဖန်အား အရူးတစ်ယောက် အလား ကြည့်လိုက်မိသည်။ နတ်ဘုရား မင်းသား ခြောက်ပါး မဆိုထားနှင့် နတ်ဘုရားမင်းသား တစ်ပါးကိုပင် မည်သူမျှ မသတ်ရဲချေ။ ထိုအရာမှာ ထာဝရ ဂိုဏ်းကြီး ခြောက်ခုကို စိန်ခေါ်လိုက်ခြင်းနှင့် အတူတူပင်။

“ဟဟ... ချန်းပေ့ရွှမ်း... မင်းသေပြီပဲ... မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက်... မင်းနောက်ခံက ဘာပဲ ဖြစ်ဖြစ်... စကြဝဠာထဲက ဘယ်သူကမှ မင်းကို မကယ်နိုင်တော့ဘူး... မင်း ကျိန်းသေကို သေရ‌တော့မယ်”

ယင်ဟိုင်က အော်ဟစ် ရယ်မောလိုက်သည်။

“ဟုတ်လား... အဲဒါဆိုလည်း ငါမသေခင် မင်းအရင် သေလိုက်တော့”

ချန်းဖန်က ရှေ့သို့ တစ်လှမ်းတိုးကာ ယင်ဟိုင်အား တက်နင်းလိုက်သည်။

“ဘုန်း...”

ယင်ဟိုင်မှာ သူ့ကျောပေါ်သို့ တောင်တစ်လုံး ပိကျလာသလို ခံစားလိုက်ရ၏။ သူ၏ မျက်နှာမှာ ရှုံ့မဲ့သွားကာ ခရမ်းရောင်သို့ ပြောင်းလဲ သွားသည်။ သူ၏ ခန္ဓာကိုယ်နှင့် နတ်ဘုရား စိတ်ဝိညာဥ် နှစ်ခုစလုံးမှာ အချိန်မရွေး ကျိုးပျက်တော့ မတတ် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

“နတ်ဘုရား မင်းသား... ကယ်ပါဦး...”

နောက်ဆုံး၌ ယင်ဟိုင်မှာ ငိုယိုကာ သူ့သခင်ထံ အကူအညီ လှမ်းတောင်း ရတော့၏။

သို့သော်လည်း နတ်ဘုရား မင်းသား ရီချင် မည်သို့မှ မလှုပ်ရှားရသေးခင်မှာပင် ချန်းဖန်သည် သူ၏ ဖနှောင့်အား အသားကုန် နင်းချလိုက်တော့သည်။

“ဘုန်း...”

ပေါက်ကွဲသံနှင့် အတူ လတ်ဆတ်သော အသွေးအသား အပိုင်းအစများ၊ ကလီစာများမှာ ပြန့်ကြဲ သွားလေ၏။  ယခု တစ်ကြိမ်၌ နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်ကား အပြီးတိုင် သေဆုံးသွားခဲ့ရပြီ ဖြစ်လေသည်။

“မင်းက ငါရဲ့ ဗိုလ်ချုပ် တစ်ယောက်ကို သတ်ရဲတယ်ပေါ့...”

နတ်ဘုရား မင်းသား ရီချင်က အာကာသထဲမှ နေ၍ ချန်းဖန်အား ငုံ့ကြည့်လိုက်၏။

“ချန်းပေ့ရွှမ်း... မင်းက ထာဝရဂိုဏ်း ‌ခြောက်ခုရဲ့ နတ်ဘုရား မင်းသား ခြောက်ပါးကို သတ်ဖြတ်ခဲ့တယ်... မင်းလောက် သတ္တိရှိတဲ့သူ တောင်ပိုင်း ဒေသငယ်မှာတောင် ရှိမယ်လို့ ငါမထင်ဘူး... ဒါပေမဲ့ ငါနဲ့ စတုတ္ထ ညီလေးက အရမ်း ရင်းနှီးတယ်... သူ့အတွက် လက်စားချေဖို့ ငါမင်းကို သတ်မယ်”

ရီချင်သည် ကီလိုမီတာပေါင်း များစွာ ကွာဝေးသော နေရာတစ်ခု၌ ရပ်နေသည့်တိုင် သူ၏ အသံမှာမူ ချန်းဖန်၏ နားစည်နား ကပ်ပြောနေသယောင် ထင်ရသည်။

ချန်းဖန်သာလျှင် မကချေ။ မြောက်ပိုင်းချုံး ပတ်လည် မိုင်တစ်ရာ အတွင်းရှိ လူများမှာလည်း သူ၏ အသံကို ကြားကြရ၏။ ထိုအရာကား ထိပ်တန်း နတ်ဘုရားတစ်ပါး မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ဖော်ပြနေသည်။ နတ်ဘုရား မင်းသားသည် အာကာသထဲတွင်သာ ရှိသည့်တိုင် သူ၏ အသံမှာမူ ကမ္ဘာ၏ မျက်နှာပြင်သို့ ရောက်ရှိ နေခဲ့ပြီး ဖြစ်သည်။

“ငါက ယင်ဟိုင်ကိုပဲ သတ်ဖို့ စီစဥ်ထားတာ မဟုတ်ဘူး... မင်းကိုပါ သတ်မှာ”

ချန်းဖန်က တုန့်ပြန်လိုက်၏။ ထို့နောက် သူ၏ လှံပုဆိန်သည် တုန်ခါလာကာ သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲ သွားသည်။ မျက်တစ်တစ်ခပ်စာ အတွင်းမှာပင် ထိုရွှေရောင် အလင်းသည် လေထုကို ထိုးဖောက်ကာ အာကာသ အတွင်း ‌‌ရောက်ရှိသွားလေ၏။

ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်သည် ဝူကျိ ကြယ်သင်္ဘောအား လက်ထဲရှိ လှံပုဆိန်ဖြင့် ထိုးနှက်လိုက်တော့သည်။

“ဘုန်း...”

ပေါက်ကွဲခြင်းနှင့် အတူ ဝူကျိ ကြယ်သင်္ဘော၏ ကိုယ်ထည်တွင် အလွန်တရာ ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။ သင်္ဘောထက်ရှိ ရွှေအမြုတေ အဆင့် တစ်ရာနှင့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ရာကျော်မှာ ချန်းဖန်၏ တိုက်ခိုက်မှုတွင် သေဆုံး သွားကြလေသည်။

“ခုခံခြင်း အစီအရင်ကို ဖွင့်လိုက်... နောက်ပြီး ဂလက်စီ အစီအရင် ကိုးဆယ့် ကိုးခုကို အသက်သွင်း... သူ့ကို သတ်...”

အကြီးအကဲ တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သို့သော်လည်း ချန်းဖန်သည် လှံပုဆိန်၏ နောက်သို့ လိုက်ကာ ရွှေ‌ရောင် အလင်း အဖြစ် ယိမ်းနွဲ့နေ၏။ ထိုအရာကား ခန္ဓာ၏ ကန့်သတ်ခြင်းတို့ မရှိသော အခြေတည် ဝိညာဥ် သက်သက်သာလျှင် ဖြစ်ပေသည်။ ထို့ကြောင့်ပင် ချန်းဖန်၏ လှုပ်ရှားမှုများမှာ အလွန်တရာ မြန်ဆန် နေခဲ့ပေသည်။

ဂလက်စီ အစီအရင်များမှာ ချန်းဖန်အား လုံးဝ တားဆီးနိုင်စွမ်း မရှိပါချေ။ သူ့အား ဝူကျိ ကြယ်သင်္ဘော အတွင်းကိုပင် ဝင်ခွင့် ပြုလိုက်ရလေ၏။ ရွှေရောင်အလင်း တစ်ချက် လှုပ်ရှား သွားတိုင်း၌ အခြေတည် ဝိညာဥ် အဆင့် အနည်းငယ်၏ အသက်များမှာ နှုတ်ယူခံနေရ၏။ အဆုံး၌ နတ်ဘုရား မင်းသား ရီချင်မှာ ရပ်ကြည့် မနေနိုင်တော့ရာ ကိုယ်တိုင် ဝင်ပါရန် ဆုံးဖြတ်လိုက်တော့သည်။

“ဘုန်း...”

သူ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုတွင် ဂလက်စီ အစီအရင်သည် တုန်ခါ သွား၏။ မ‌ရေမတွက်နိုင်သော ကြယ်လှိုင်းများသည် အရပ်မျက်နှာ အနှံ့ လွင့်ပျံလာသည်။ ရီချင်သည် ဝူကျိ ကြယ်သင်္ဘောထက်၌ ပြိုင်ဘက်ကင်း နတ်ဘုရား တစ်ပါးအလား ရပ်တန့်နေ၏။ သူသည် မည်သည့် အရာကိုမှ ကန့်သတ် မထားပဲ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်ထားသည်။ ထိုအခိုက်၌ သူကား ကမ္ဘာ၏ ဗဟို၌ ရပ်တန့်နေသည့် နတ်ဘုရား တစ်ပါးအလား အရာရာကို ထိန်းချုပ်ထားလေသည်။

ရီချင်ကား ပြိုင်ဘက်ကင်း ကောင်းကင် အရှင် တစ်ပါးမှာ မည်ကဲ့သို့ ဖြစ်ကြောင်း ပြသနေခဲ့ပြီ ဖြစ်လေသည်။ သူသည် ကမ္ဘာအား နတ်ဘုရား တစ်ပါး၏ အစွမ်းကို ပြောပြနေဟန် ရ၏။ ကမ္ဘာမြေ မျက်နှာပြင် ပေါ်ရှိ လူများသည် မိုင်‌‌ပေါင်းများစွာ အကွာအဝေးကပင်လျှင် ကြောက်မက်ဖွယ် စွမ်းအား တစ်ခုကို ခံစား နေခဲ့ရလေသည်။

“သေစမ်း...”

သို့သော်လည်း ချန်းဖန်က ရိုးရှင်းစွာပင် လှံပုဆိန်ကို ဝှေ့ယမ်းကာ ခုတ်ထစ် လိုက်၏။ ထိုတိုက်ခိုက်မှုသည် ကောင်းကင်ကို ဖြတ်သန်း သွားခဲ့လေသည်။

***

All Chapters