← Chapters

နစ်မြုပ်သွားခြင်း

Vol. 12 Ch. 1120

နစ်မြုပ်သွားခြင်း

Vol. 12 Ch. 1120

အပြာရောင် ကမ္ဘာဂြိုဟ်သည် ပတ္တမြား တစ်ခု အလား အဆုံးမဲ့ ကျယ်ပြောသော အာကာသထဲတွင် လည်ပတ်နေသည်။ ပေတစ်ထောင် ကြီးမားသော စစ်သင်္ဘောအိုကြီး တစ်စင်းသည် လေဟာနယ်ထဲ၌ လွင့်မြောနေ၏။ ထိုအရာသည် နာမည်မဲ့ ရွှေသတ္တု တစ်မျိုးဖြင့် ပြုလုပ်ထားကာ ဝူကျိဂိုဏ်း၏ နတ်ဘုရား စစ်သည် ထောင်ပေါင်းများစွာကို သယ်‌ဆောင်ထားသည်။ ဒါဇင်ပေါင်း များစွာသော အခြေတည် ဝိညာဥ် အဆင့်များ ပင်လျှင် သင်္ဘောပေါ်၌ ရပ်နေခဲ့လေသည်။

နတ်ဘုရား မင်းသား ရီချင်သည် ကောင်းကင်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေခဲ့၏။ များစွာသော ကြောက်မက်ဖွယ် စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်မှ နေ၍ အရပ်မျက်နှာ အဖက်ဖက်သို့ ဖြာထွက် နေ၏။ သူကား အဇူရာ မိုးကြိုးများကို ဝန်းရံကာ ကြယ်များ၏ ဗဟိုတွင် ရှိနေပုံ ပေါ်သည်။

သူသည် ချန်းဖန်၏ တိုက်ခိုက်မှုအား ခုခံရန် အတွက် လက်တစ်ဖက်ကိုသာ ဝှေ့ယမ်းလိုက်၏။ သူ၏ ပတ်လည်၌ ရှိနေသည့် တစ်ထောင်သော ကြယ်များသည် ကောင်းကင်တွင် တောက်ပလာကာ ထိုက်ကျိ ယင်ယန် ငါးတစ်ကောင် အဖြစ် ဖွဲ့စည်းသည်။ ထိုငါးသည် ချန်းဖန်ထံသို့ အဖြူနှင့် အနက် ရောင်စဥ် တစ်ခုအလား ယှက်ဖြာကာ တိုးဝင် သွားတော့သည်။

“ခရက်...”

အာကာသထဲ၌ အလင်းတန်းများသည် တောက်ပနေကာ စွမ်းအင်များမှာ နေရာ အနှံ့ ပြန့်ကျဲနေသည်။ လှံပုဆိန်နှင့် အဖြူအနက် အလင်း စက်ဝိုင်းသည် တစ်ခုနှင့် တစ်ခု တိုက်ရိုက် ထိတွေ့နေ၏။ ထိုအရာက တောက်ပသော စွမ်းအင်များကို ဖန်တီးကာ စကြဝဠာထဲတွင် မီးရှုးမီးပန်းများ အလာ ပေါက်ကွဲ သွားလေသည်။ ထိုအရာသည် ကမ္ဘာအပြင်ဘက်မှ တိုက်ပွဲ တစ်ခု ဖြစ်ကာ တိုက်ခိုက်သူ နှစ်ယောက် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း‌ ဖော်ပြနေခဲ့လေသည်။

ကမ္ဘာပေါ်ရှိ ဘီလျံနှင့်ချီသော လူများသည် ထိုမြင်ကွင်းကို စိုးရိမ်စွာ မော့ကြည့်နေခဲ့လေသည်။ သို့သော်လည်း သာမန် လူများမှာ ထိုတိုက်ပွဲကို မြင်နိုင်စွမ်း မရှိပါချေ။ အခြေတည် ဝိညာဥ် အဆင့်များနှင့် ရွှေအမြုတေ အဆင့် များသာလျှင် စွမ်းအင်များကို ဖြန့်ကျက်ကာ လေထုအား ကျော်လွန်၍ ကြည့်နိုင်စွမ်း ရှိပေသည်။

“အရှေ့ဂြိုဟ်က ကောင်လေး... မင်းက အတော်လေး အစွမ်းထက်တာပဲ... နတ်ဘုရား စိတ်ဝိညာဥ် နဲ့တောင် ဒီလို ထူးဆန်းတဲ့ ကိုယ်ပွားတစ်ခု ဖန်တီးနိုင်တယ်... နောက်ပြီး အထဲမှာ နတ်ဘုရား စိတ်အာရုံနဲ့ ဖွဲ့စည်းထားတဲ့ အခြေတည် ဝိညာဥ် တစ်ခုတောင် ရှိသေးတယ်”

ရီချင်က ညင်သာသော အသံဖြင့် ပြောလိုက်သည်။ သူသည် ချန်းဖန်၏ အသွင်အပြင်ကို ဖြတ်သန်းကာ အတွင်း၌ ရှိနေသည့် ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်ကိုပင် ရှာဖွေ တွေ့ရှိသွားပုံ ရလေသည်။

“ငါက ပါရမီရှင်တွေကို အမြဲ သဘောကျတယ်... ဒါကြောင့် မင်းကို ငါ မသတ်ချင်ဘူး... ကံဆိုးစွာနဲ့ပဲ မင်းက ငါ့ညီကို သတ်ခဲ့တယ်... သူ ဘယ်လောက်ပဲ အရှုပ်ထုပ်တွေ လုပ်ခဲ့လုပ်ခဲ့ သူဟာ ဝူကျိဂိုဏ်းရဲ့ နတ်ဘုရား မင်းသား ဖြစ်တယ် ဆိုတဲ့ အချက်ကတော့ ပြောင်းလဲ မသွားဘူး... ငါသာ သူ့အတွက် လက်စား ချေမပေးရင် ဝူကျိဂိုဏ်းက ဘယ်လိုလုပ်ပြီး တောင်ပိုင်း ဒေသငယ်ရဲ့ ထိပ်ဆုံး တစ်နေရာမှာ ရပ်တည်နိုင်မှာလဲ... ဒါပေမဲ့ မင်းသာ ငါတို့ဂိုဏ်းကို ဝင်ဖို့ နတ်ဘုရား ဗိုလ်ချုပ် တစ်ယောက် လုပ်ဖို့ ဆန္ဒ ရှိတယ် ဆိုရင်တော့ ငါ မင်းကို ခွင့်လွှတ်ပေးနိုင်ပါတယ်”

သူသည် ကျယ်ပြောသော စကြဝဠာထဲတွင် ပေါလော မျောပါနေသည်။ မရေမတွက်နိုင်သော ကြယ်များသည် သူ၏ ခြေထောက်အောက်၌ တံတားတစ်စင်း သဖွယ် ဖွဲ့စည်းနေ၏။ အဖြူနှင့် အနက် စွမ်းအင်သည် သူ၏ နံဘေးနားတွင် ယင်ယန် ငါးတစ်ကောင်အလား ကူးခပ်နေလေသည်။

ရချင်၏ စွမ်းအားသည် ချန်းဖန် သတ်ဖြတ်ဖူးသည့် နတ်ဘုရား မင်းသား ခြောက်ယောက်ထက် လုံးဝ ကျော်လွန် နေခဲ့သည်။ အပိုလို နတ်ဘုရား မင်းသား ပင်လျှင် သူ့ထက် အားနည်းလှသည်။ ရီချင်ကား ဓမ္မ စွမ်အား၊ နတ်ဘုရား ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဥ် သုံးခု စလုံး၌ အခြေတည် ဝိညာဥ် အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိ နေပေသည်။

“သတ်...”

ချန်းဖန်က ဆိုလိုက်သည်နှင့် တစ်လက်မခန့် ရှည်လျားသော ရွှေရောင် အလင်း တစ်ခုမှာ သူ၏ မျက်လုံးမှ ထွက်‌ပေါ် လာခဲ့သည်။ သူ၏ လက်ထဲရှိ နဂါး လှံပုဆိန်သည် တောက်ပကာ စူးရှသော အလင်းရောင်စဥ်များကို ထုတ်လွှတ်နေ၏။ မမြင်နိုင်သော စွမ်းအင်များသည် လှံပုဆိန်ထံမှ ထွက်ပေါ်လာကာ ရီချင်ထံသို့ တိုးဝင် သွာလေသည်။

“မင်းက ကိုယ့်ကြမ္မာ ကိုယ် စီရင်လိုက်တာပဲ”

ရီချင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ ချောမောသော မျက်နှာမှ ကြင်နာခြင်း အရိပ်အငွေ့မှာ ရုတ်သိမ်းသွား၏။ သူကား ကမ္ဘာလောက အထက်၌ ရပ်နေသည့် နတ်ဘုရား တစ်ပါး အလား ထင်မှတ် ရပေသည်။

“ဘုန်း...”

ရီချင်သည် ယင်ယန် ငါးတစ်ကောင် ဖြစ်သွားသည်။ ၎င်းသည် တိုက်ရိုက် တိုးဝင်ကာ ချန်းဖန်၏ နဂါး လှံပုဆိန်ကို ချိုးဖျက်လေ၏။

ယင်ယန်ငါးသည် ဝူကျိဂိုဏ်း၏ အမြင့်ဆုံး နတ်ဘုရား စွမ်းအားများထဲမှ တစ်ခု ဖြစ်ကာ “ဝူကျိပတ်လမ်း” ဟု အမည်ရသည်။ ထိုဝူကျိပတ်လမ်းသည် အမြင့်ဆုံး အဆင့်သို့ ရောက်သည်နှင့် မိုင်ထောင်ချီ ဧရိယာ အတွင်းရှိ အလုံစုံကို ဖျက်ဆီးလာနိုင်လိမ့်မည် ဖြစ်သည်။

“ခရက်... ခရက်...”

ချန်းဖန်၏ လှံပုဆိန်သည် ပြိုင်ဘက်ကင်းကာ အလွန်အမင်း ထက်ရှသည်။ ထိုအရာသည် ချန်းဖန် ဖန်တီးခဲ့သည် ပထမဆုံး နတ်ဘုရား လက်နက် ဖြစ်ပေသည်။ ချန်းဖန် လှံပုဆိန်ကို ကိုင်ဆောင်သည့် အချိန်တိုင်း၌ ကောင်းကင်သည် များစွာသော အက်ရာများကို ဖန်တီးခံနေရ၏။

သို့သော်လည်း တစ်ချိန်တည်း၌ နတ်ဘုရား မင်းသား ရီချင်၏ ယင်ယန်ငါးသည် အလွန် ပျော့ပျောင်း နူးညံ့လှ၏။ ချန်းဖန်သည် ထိုးခုတ်လိုက်သည့် အချိန်တိုင်း၌ ရေကို ဓားဖြင့် ဖြတ်နေရသလို ခံစားနေရသည်။ လှံပုဆိန်သည် အလွန်အမင်း ထက်ရှသည့်တိုင် ယင်ယန်ငါးကို ထက်ပိုင်း မဖြတ်နိုင်သေးချေ။ ထို့အစား အဖြူ၊ အနက် စွမ်းအင်များကသာ ကြိုးများ အသွက် ပြောင်းလဲကာ ချန်းဖန်နှင့် လှံပုဆိန်တို့ကို ချည်နှောင် ရစ်ပတ်ရန် ကြိုးစား ‌နေခဲ့လေသည်။

“ငါ့ရဲ့ ဝူကျိပတ်လမ်းက မရဏပြည်မှာ ရှိတဲ့ အသက်မဲ့ စွမ်းအားနဲ့ ဝမ်ဝူဂြိုဟ် အမတေကို ပူးပေါင်းပြီး ဖန်တီး ထားတာပဲ... ငါက ယင်ယန် စက်ဝိုင်းကို ရရှိဖို့ အတွက် နှစ်ပေါင်း သုံးထောင်ကြာအောင် သန့်စင် ခဲ့ရတယ်... နောက်ပြီး သေခြင်း၊ ရှင်ခြင်း နယ်မြေနဲ့ ကောင်းကင် ဥပဒေတွေကိုပါ ထပ်ပေါင်းထည့်ခဲ့တယ်... မင်းလို ရွှေအမြုတေ အဆင့် တစ်ယောက်ရဲ့ ကိုယ်ပွား မပြောနဲ့ အခြေတည် ဝိညာဥ် အထွတ်အထိပ် အဆင့်တွေတောင် မဖျက်ဆီးနိုင်ဘူး”

ရီချင်က အေးဆေးစွာပင်ပြောလိုက်သည်။ တစ်ချိန်တည်း၌ သူ၏ ဝူကျိပတ်လမ်းသည်  ထိုက်ကျိ စက်ဝိုင်း အသွင်ဖြင့် လေဟာနယ်အား ဖုံးအုပ်ကာ ချန်းဖန်အား ဝန်းရံနေလေသည်။ အဆုံး၌ ချန်းဖန်မှာ ထိုအထဲတွင် တစ်ကိုယ်လုံး စုန်းစုန်းမြုပ်ကာ ပိတ်မိသွားလေတော့၏။

“အရှင်မင်းသားရဲ့ ဝူကျိပတ်လည်းက ပြည့်စုံနေပြီ... အဲဒါက ဒုတိယ မင်းသားရဲ့ ယင်ယန် မျက်လုံးနဲ့ ပထမ နတ်ဘုရား မင်းသားရဲ့ အဇူရာ နဂါး ကြယ်သန့်စင်ခြင်း ကျင့်စဥ်ကိုတောင် ယှဥ်နိုင်မှာကိုတောင် ငါ စိုးရွံ့မိတယ်”

အဖြူရောင် ဝတ်စုံဝတ် အကြီးအကဲ တစ်ယောက်က မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ပြုံးလိုက်လေသည်။

ဝူကျိပတ်လမ်း၊ ယင်ယန် မျက်လုံး၊ အဇူရ နဂါး ကြယ်သန့်စင်ခြင်း ကျင့်စဥ်နှင့် ဝူကျိ စကြဝဠာ ပန်းချီတို့သည် ဝူကျိဂိုဏ်း၏ အစွမ်းအထက်ဆုံး နတ်ဘုရား စွမ်းအားများ ဖြစ်သည်။ ထိုအရာများသည် အခြေတည် ဝိညာဥ် အဆင့်ကို ကျော်လွန်သည့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် နတ်ဘုရား စွမ်းအားများ ဖြစ်ကြပေသည်။

“ဝှစ်... ဝှစ်...”

သွေးမျိုးဆက် ဘိုးဘေး၊ ကောင်းကင်အရှင် အန်ပိုနှင့် လင်းယွင်တို့သည် ကမ္ဘာမှ နေ၍ ထိုတိုက်ပွဲကို လှမ်းမျှော်ကြည့် နေကြသေည်။ ချန်းဖန်၏ ကိုယ်ပွား ပိတ်မိသွားသည်ကို မြင်သည့် အခါ လင်းယွင်က ဖြူရော်စွာ ပြုံးရင်း ခေါင်းခါ လိုက်၏။

“နတ်ဘုရား အရှင်က တကယ် ပေါ့ဆတာပဲ... ရီချင်က ဝူကျိဂိုဏ်းရဲ့ တတိယ နတ်ဘုရား မင်းသားပဲ... သူက အခြေတည် ဝိညာဥ် အဆင့်ကို ဝင်ရောက်ခါစ နတ်ဘုရား မင်းသား ခြောက်ပါးလိုမျိုး မဟုတ်ဘူး... အခြေတည် ဝိညာဥ် အထွတ်အထိပ် အဆင့်တွေတောင် သူ့ကို ယှဥ်ပြီး မတိုက်ခိုက်နိုင်ကြဘူး... ဒါပေမဲ့ နတ်ဘုရား အရှင်ကတော့ သူ့ရဲ့ ကိုယ်ပွားတစ်ခုကိုပဲ စေလွှတ်ခဲ့တယ်... အဲဒီလောက်နဲ့ ဘယ်လိုလုပ်ပြီး ရီချင်နဲ့ တိုက်ခိုက် နိုင်မှာလဲ”

“စီနီယာ လင်းယွင်... နတ်ဘုရား မင်းသား ရီချင်က အရမ်း အစွမ်းထက်တာလား”

အားရှို့က မေးလိုက်၏။

“အစွမ်းထက်ရုံတင် ဘယ်ကမလဲ... သူနဲ့ သာမန် အခြေတည် ဝိညာဥ် အဆင့်တွေက ကောင်းကင်နဲ့ မြေကြီးလို ခြားနားတယ်...”

လင်းယွင်က ခေါင်းခါရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“နင်က အခြေတည် ဝိညာဥ် အဆင့်ကို မရောက်သေးတော့ ဒီအကြောင်းတွေကို ဘယ်နားလည်ပါ့မလဲ... အခြေတည် ဝိညာဥ် အထွတ်အထိပ် အဆင့်တွေက အစောပိုင်း အဆင့်တွေထက် ဆယ်ဆလောက် ပိုပြီး အစွမ်းထက်ကြတယ်... ဥပမာ ပေးရရင် သာမန် အခြေတည် ဝိညာဥ် အဆင့်နဲ့ နတ်ဘုရား မင်းသားကို တိုက်ခိုက်တာက ခွေးတစ်ကောင်က ဆင်တစ်ကောင်ကို ရန်ပြုဖို့ ကြိုးစားနေတာနဲ့ အတူတူပဲ”

“အဲ့လောက်တောင်လား...”

မြောက်ပိုင်းချုံး တပည့်များမှာ ဆွံ့အ သွားကြ၏။

အခြေတည် ဝိညာဥ် အဆင့်များကို ရွှေအမြုတေ အဆင့်များ ကဲ့သို့ပင် ကိုးခု ခွဲခြားထားသည်။ အားအနည်းဆုံးမှာ ထျန်းဟောင်ဂြိုဟ်နှင့် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်လွှား၌ တွေ့မြင်နိုင်သည့် အခြေတည် ဝိညာဥ် အတုများ ဖြစ်ကြသည်။

သူတို့သည် ပြည့်စုံသော ကျင့်စဥ်များကို ကျင့်ကြံထားခြင်း မရှိလေရာ ဓမ္မ ဥပဒေများကို ထိတွေ့နိုင်ခြင်း မရှိပါချေ။ အခြေတည် ဝိညာဥ် အဆင့်၏ အစစ်အမှန် စွမ်းအားမှာ ဓမ္မ ဥပဒေသပင် ဖြစ်သည်။ ထို့ကြောင့်ပင် ထိုကျင့်ကြံသူများသည် အခြေတည် ဝိညာဥ် အဆင့်၏ အစစ်အမှန် စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိသည့် အခြေတည် ဝိညာဥ်အဆင့် အတုအယောင်များသာ ဖြစ်ပေသည်။

ဓမ္မ ပိုင်နက်မှာ အကောင်းဆုံး ရှင်းပြချက် ဖြစ်သည်။ ထိုအရာသည် အခြေတည် ဝိညာဥ် အဆင့်တိုင်း ရှိထားသင့်သည့် နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်သော်လည်း စွန်ပစ်ခံ ဂြိုဟ်နယ်မြေရှိ မည်သည့် ကျင့်ကြံသူကမှ ထိုအရာကို သိရှိကြခြင်း မရှိချေ။

ထို့နောက် အခြေတည် ဝိညာဥ်အဆင့်ကို အစောပိုင်း အဆင့်၊ အလယ်ဆင့်နှင့် ထိပ်ဆုံး အဆင့်ဟု ထပ်မံ ခွဲခြားထားသည်။ ကျင့်ကြံသူများသည် ပိုမို သန်မာသည်နှင့် အမျှ မတူ ကွဲပြားသော ဓမ္မ စွမ်းအားများကို ပိုင်ဆိုင် လာကြသည်။ အဆင့်ပိုမို မြင့်သည်နှင့် အမျှ သူတို့၏ နတ်ဘုရား စွမ်းအားများသည် ပိုမို အစွမ်းထက်ကြ၏။ အသန်မာဆုံးမှာ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် ကငျ့်ကြံသူများ ဖြစ်သည်။ နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်၊ နတ်ဘုရား ဗိုလ်ချုပ် နရန်နှင့် နတ်ဘုရား ဗိုလ်ချုပ် မင်ယာတို့သည် ထိုအဆင့်တွင် ရှိနေကြသည်။ ထိုအရာသည် သာမန် အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများ တက်လှမ်းနိုင်သည့် အမြင့်ဆုံး အဆင့် ဖြစ်ပေသည်။

သို့သော်လည်း နတ်ဘုရား မင်းသားများမှာမူ ခြားနားကြ၏။ သူတို့သည် အခြေတည် ဝိညာဥ် အဆင့်တွင် ကောင်းကင်အဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ကြလေရာ အခြေတည် ဝိညာဥ် အဆင့်သို့ ဝင်‌‌ရောက်ရောက်ချင်းပင် နတ်ဘုရား ဥပဒေသများကို ထိန်းချုပ် လာနိုင်ကြသည်။

ကောင်းကင် ဥပဒေသဆိုသည်က အဘယ်နည်း။ ထိုအရာမှာ ဓမ္မ ဥပဒေသ၏ အထက်၌ ရှိနေသည့် ဥပဒေသ တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုပါက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူများသာလျှင် ထိုကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်နိုင်ကြသည်။ ဥပမာအားဖြင့် ဆိုပါက နတ်ဘုရား မင်းသား ရီချင်သည် ကောင်းကင် ဥပဒေသနှစ်ခု ဖြစ်သည့် သေခြင်းနှင့် ရှင်ခြင်းတို့ကို ထိန်းချုပ်နိုင်သည်။ ထို့ကြောင့်ပင် ဝူကျိပတ်လမ်းသည် သာမန် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်၏ အကန့်အသတ်ကို ကျော်လွန်နေခြင်း ဖြစ်ပေသည်။

***

All Chapters