ကစားပွဲအနေအထား
Vol. 131 Ch. 1810
“သင်က ဥပဒေသကို ချမှတ်ထားတယ်။ ဒါဆိုရင်တောင် ငါ ဝင်လာတော့ရော ဘာဖြစ်သေးသလဲ…”
ဝမ်လင်း၏နတ်ဘုရားအာရုံသည် ဖြန့်ကျက်ထားပြီး ဖြစ်ကာ ဒီဂြိုဟ်ထံမှ သဲလွန်စအချို့ကို စုဆောင်းထားပြီးပင်။
သည်နေရာရှိ ဥပဒေသက စစ်တုရင်တစ်ခုနှင့် အလားသဏ္ဌာန်တူ၏။ လူတစ်ယောက်၏ နတ်ဘုရားအာရုံ အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ကာ အောက်ဘက်ရှိ စစ်သားတစ်ယောက်ထံ ပို့လွှတ်ပြီး ထိုသေမျိုး၏ ခန္ဓာကိုယ်ကို သုံး၍ သန်းပေါင်းများစွာသော စစ်သားများကို သတ်ဖြတ်ခြင်းအား ရင်ဆိုင်ရခြင်းပင်။
သူတို့၏ကျင့်ကြံမှုကိုလည်း လုံးဝ ဖိနှိပ်ထားပြီး အသုံးပြုဖို့ မဖြစ်နိုင်ပေ။
“ကျားဖြူဗိုလ်ချုပ်ဟာ ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာပြီး ဒြပ်စင်ငါးခုဂြိုဟ်ကလူကတော့ စစ်သား ဖြစ်လာတဘ်။ ဒါ့ကြောင့် ကျားဖြူဗိုလ်ချုပ်အနေနဲ့ သူဟာ အသာစီးရထားပြီးလို့ တွေးထားတာပဲ။ ဒီအဖျက်အစီးလောကသုံးရာဟာ သွေးမျိုးဆက်ကို မချိပ်ပိတ်နိုင်ဘူး။ ဒါပေမဲ့ ဥပဒေသကို လူနှစ်ယောက် ဒါမှမဟုတ် သုံးယောက်အပေါ်ဘဲ အလေးစိုက်မယ်ဆိုရင်တော့ ဒါဟာ သူတို့ရဲ့ သွေးမျိုးဆက်ကို ဖိနှိပ်ထားနိုင်လိမ့်မယ်…”
“သွေးမျိုးဆက် ဖိနှိပ်ခံလိုက်ရရင် ကျင့်ကြံခြင်းအကြောင်း ပြောနေဖို့ကို မလိုတော့ဘူး။ ကျားဖြူဗိုလ်ချုပ်ဟာ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်ရုံမက သူ့ခန္ဓာကိုယ်ဟာလည်း အစွမ်းထက်တယ်။ သူ့ရဲ့ ကောင်းကင်ဘုံသွေးမျိုးဆက် ဖိနှိပ်ထားခံရပေမယ့် သူ့ခန္ဓာကိုယ်ဟာ သန်မာနေဆဲပဲ။ ဖိနှိပ်မှုက သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိရောင်တောင် သူဟာ ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာဖို့ လုံလောက်အောင် သန်မာဆဲပဲ…”
“ဒြပ်စင်ငါးခုဂြိုဟ်က လူကတော့ သူ့ခန္ဓာကိုယ်ကို မကျင့်ကြံထားနိုင်ဘူး။ ဒါ့ကြောင့် ဗိုလ်ချုပ်နဲ့ စစ်သားကြားမှာ ကွာဟချက်တစ်ခု ပေါ်လာခဲ့တာ…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်ထားသော်လည်း သူ၏မျက်လုံးထဲတွင် ဉာဏ်ပညာတို့ ရှိနေသည်။
“ဒီနေရာရဲ့ ဥပဒေသဟာ ကျင့်ကြံခြင်းကို ဖိနှိပ်ထားတာ။ ကျားဖြူဗိုလ်ချုပ်ကတော့ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်တယ်။ သူက ငါ လီကောင်းရဲ့လေးကို အသုံးပြုခဲ့တဲ့အချိန်က ငါ့မှာ ကောင်းကင်ဘုံသွေးမျိုးဆက် မရှိဘူးလို့ ကောက်ချက်ချနိုင်ခဲ့ပုံ ပေါ်တယ်။ ငါ လီကောင်းရဲ့လေးကို အသုံးပြုနိုင်တဲ့အကြောင်းရင်းဟာ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ရဲ့ သွေးစက်ကြောင့်ပဲ…”
“ကျင့်ကြံမှုအဆင့်ဟာ လုံးဝ ဖိနှိပ်ခံရလိမ့်မယ်။ ငါ ပိုင်းထုတ်လိုက်တဲ့နတ်ဘုရားအာရုံကတောင် သာမန်စစ်သားပဲ ဖြစ်လာမှာ။ ဒါပေမဲ့ သူတို့အတွက်ကတော့ သူတို့ရဲ့ သွေးမျိုးဆက်ကြောင့် စွမ်းအားအချို့ကို ထုတ်ဖော်နိုင်နေတုန်းပဲ…”
“ဒါဟာ ကျားဖြူဗိုလ်ချုပ်တွေးထားတဲ့ သူ့ရဲ့ အားသာချက်ပဲ။ ဒါ့အပြင် သူဟာ ငါ့မှာ ကောင်းကင်ဘုံသွေးမျိုးဆက် မပိုင်ဆိုင်ထားဘူးလို့ပဲ တွေးမိမှာ။ ဒီလို မပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ပဲ ငါဟာ သွေးမျိုးဆက်ချင်း ယှဉ်ရင် တခြားတစ်ယောက်ကို ဖိနှိပ်ပစ်နိုင်တဲ့ လောကရဲ့ အရှင်သခင်ဆိုတာကို သူ တွေးမိမှာ မဟုတ်ဘူး…”
“သူဟာ ငါ့မှာ ရှေးတောက်အမွေအနှစ် ပိုင်ဆိုင်ပြီး ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ရှိတယ်လို့ ထင်ချင်ထင်လိမ့်မယ်။ ဒါပေမဲ့ ငါဟာ ရှေးတောက်သွေးမျိုးဆက်ကို ရခဲ့တာကိုတော့ သူ လုံးဝ သိမှာ မဟုတ်ဘူး။ ငါ့သွေးမျိုးဆက်ဟာ ဖိနှိပ်ခံရရင်တောင် ငါ့ကျင့်ကြံမှုကြောင့် ကျားဖြူဗိုလ်ချုပ်ထက် အားမနည်းမဲ့အပြင် သူ့ထက်တောင် ပိုအားကောင်းနေလောက်တယ်…”
ထိုသို့တွေးကြည့်ပြီးနောက် ဝမ်လင်းသည် ရှေ့သို့ ပြတ်သားစွာ ခြေလှမ်းလိုက်၏။
ခြေတစ်လှမ်းဖြင့်ပင် သူက နယ်မြေသို့ ဝင်ရောက်လာပြီးနောက် အဖျက်အစီးလောကတခွင်၌ ကျယ်လောင်စွာ မြည်ဟိန်းထွက်သွား၏။ တစ်ချိန်တည်းမှာ ပြင်းထန်သောအားတစ်ခုက သည်လောကကို ဆုတ်ဖြဲပစ်မည့်အလား တိုးဝင်လာသည်။ ထိုအခါ ကျားဖြူဗိုလ်ချုပ် ချခင်းထားသော ဥပဒေသမှာ အားနည်းသွားတော့သည်။
ဝမ်လင်း မျှော်လင့်ထားသလိုပင် သည်လောကတစ်ခုလုံးသည် လူနှစ်ယောက်ကိုသာ ဖိနှိပ်ထား၏။ ထိုဖိနှိပ်ခြင်းက ကိုးဆယ်ရာခိုင်နှုန်း သက်ရောက်မှု ရှိနေသည်။ သို့သော် သွေးမျိုးဆက်နှင့် တတိယမြောက်သူ ဝင်လာသည့်အခါ ထိုဖိနှိပ်မှု၏ သက်ရောက်မှုက ပြန့်၍ လျော့ပါးသွားသည်။
ဝမ်လင်း သည်လောကအတွင်း ဝင်ရောက်လာသည့်အခိုက်၌ ဒြပ်စင်ငါးခုဂြိုဟ်မှာ သက်လတ်ပိုင်းလူသည် သူ့သွေးမျိုးဆက်ကို ဖိနှိပ်ထားသော စွမ်းအားက အားပျော့သွားသည်ကို ခံစားမိလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ နတ်ဘုရားအာရုံကြောင့် ဖြစ်ပေါ်လာသော အောက်ဘက်မှ စစ်သား၏မျက်လုံးသည် တောက်ပလာသည်။
ထိုစစ်သား၏ လက်ထဲရှိ လှံရှည်က ပို၍ ထက်ရှလာသည်ဟုပင် ထင်ရ၏။ ထိုအခါ သူ့နား ရောက်လာသော ရန်သူစစ်သားများသည် သူ့ကြောင့် ချက်ခြင်း အသက်ခံရ၏။
ကျားဖြူဗိုလ်ချုပ်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏မျက်လုံးထဲ၌ မယုံကြည်နိုင်ခြင်းတို့ ပြည့်လာ၏။ ဝမ်လင်း တွေးထားသလိုပင် သူက ဝမ်လင်း၌ သွေးမျိုးဆက်စွမ်းအား ပိုင်ဆိုင်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် သည်နေရာရှိ ဥပဒေသ ပြောင်းလဲမှုက သူ့စိတ်ကိုပါ တုန်ယင်သွားစေသည်။
“သူက သွေးမျိုးဆက် ပိုင်ဆိုင်ထားတာပဲ။ မဖြစ်နိုင်ဘူး။ ငါ သူ့ရှိကနေ ကောင်းကင်ဘုံသွေးကို လုံးဝ မခံစားမိဘူး။ သူ့မှာ ရှိခဲ့ရင်တောင် အဲ့သွေးဟာ လီကောင်းရဲ့လေးနဲ့ ပေါင်းစပ်ခဲ့ပြီးသား ဖြစ်လိမ့်မယ်…”
ဝမ်လင်း၏ခန္ဓာကိုယ်သည် အဖျက်အစီးလောကအတွင်းသို့ ဝင်ရောက်လာသည့်အခါ တွန့်ခေါက်ပုံပျက်ကာ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသည့်အခါ၌ သူသည် တတိယမြောက်ဂြိုဟ်၏ ကောင်းကင်ထက်တွင်ပင်။ သူက ကျားဖြူဗိုလ်ချုပ်၊ ဒြပ်စင်ငါးခုဂြိုဟ်မှ လူတို့နှင့် သုံးမြှောင့်ပုံစံ အနေထားတွင် ပေါ်လာ၏။
ဝမ်လင်း ရောက်လာသည့်အခါ သူ့နတ်ဘုရားအာရုံ အစိတ်အပိုင်းတစ်ခုသည် ပျံသန်းထွက်ကာ အောက်ဘက်သို့ ဦးတည်၏။ ၎င်းက အောက်ဘက်ရှိ ကျားဖြူဗိုလ်ချုပ်၏ ဆန့်ကျင်ဘက်ရှိ စစ်သားတစ်ယောက်နှင့် ပေါင်းစပ်သွားသည်။
ထိုစစ်သားက ဓားသွားတစ်ခုကို ကိုင်ထားကာ ရန်သူ့ကို ပိုင်းဖြတ်နေခြင်းပင်။ သို့ပေမည့် သူက မြင်းဖြူပေါ်ရှိ ကျားဖြူဗိုလ်ချုပ်က သူ့ထံ တိုးဝင်လာနေသည်ကို မသိသေးပေ။ ကျားဖြူဗိုလ်ချုပ်က မာန်သွင်းကာ ဝမ်လင်း၏နတ်ဘုရားအာရုံ ပေါင်းစပ်ထားသော ထိုစစ်သားထံသို့ သူ၏လှံကို ပစ်သွင်းလာသည်။
ဝမ်လင်း၏ နတ်ဘုရားအာရုံက သူ့ထံ ဝင်ရောက်သွားသည့််အခါ ထိုစစ်သားသည် ခဏတာ တုန့်သွားပြီးနောက် သူ၏ဆံပင်သည်ပါ အဖြူရောင်ပြောင်းသွား၏။ သူ၏မျက်နှာသည် ဝေဝါးသွားကာ ဝမ်လင်း၏မျက်နှာက သူ့မျက်နှာအစား ပေါ်လာသည်။
သူက ရုတ်တရက် လှည့်၍ ဓားသွားဖြင့် မာန်သွင်းကာ ခုတ်ပိုင်းလိုက်သည်။ ထိုဓားသွားက တိုးဝင်လာသော လှံနှင့် ထိပ်တိုက်တွေ့သည်။
ဝမ်လင်းကြောင့် ထိုလှံသည် ထက်ပိုင်းပြတ်သွားပြီး သူ့အား ကျော်၍ သူ့နောက်မှ ရန်သူစစ်သားကို ထွင်းဖောက်သွားသည်။
လှံကို ပိုင်းဖြတ်လိုက်ပြီးနောက် ဝမ်လင်း၏နတ်ဘုရားအာရုံ ပေါင်းစပ်ထားသော စစ်သားက မော့ကြည့်၏။ ထို့နောက် သူက အကွာအဝေးတစ်ခုရှိ မြင်းဖြူပေါ်မှ ကျားဖြူဗိုလ်ချုပ်ထံ စိုက်ကြည့်သည်။
သည်အခိုက်တွင် ဝမ်လင်း၏မူလခန္ဓာကိုယ်ကတော့ ကောင်းကင်ထက်တွင် ထိုင်နေပြီး ဖြစ်ကာ သူ၏မျက်နှာထက်၌ လှောင်ပြောင်သည့်အရိပ်အယောင် ရှိလို့နေသည်။
သည်နေရာရှိ ဥပဒေသက စစ်တုရင်ကစားပွဲတစ်ခုလိုပင်။ ရန်သူစစ်တပ်နှစ်ခုကြား တိုက်ခိုက်မှုက စစ်တုရင်ခုံ ဖြစ်၏။ စစ်တုရင် အပိုင်းအစများကတော့ နတ်ဘုရားအာရုံဖြင့် ဖြစ်ပေါ်ထားသော စစ်သားများ၊ သို့မဟုတ် ဗိုလ်ချုပ်များပင်။
ကျားဖြူဗိုလ်ချုပ်သည် ဝမ်လင်းကို စိုက်ကြည့်လျက် သူ၏အမူအရာမှာ သုန်မှုန်နေ၏။ သူက မျက်လုံးမှိတ်လိုက်ပြီး သူ့နတ်ဘုရားအာရုံ သိမ်းပိုက်ထားသည့် အောက်ဘက်မှ ဗိုလ်ချုပ်ထံ အာရုံနစ်လိုက်သည်။
အောက်ဘက်မှ စစ်တပ်အတွင်းရှိ ချပ်ဝတ်ဖြင့် ကျားဖြူဗိုလ်ချုပ်၏ မျက်လုံးထဲတွင် အေးစက်မှုတို့ ပြည့်နေသည်။ သူက အကွာအဝေးတစ်ခုရှိ ဝမ်လင်းထံ လက်ညွှိုးထိုးလိုက်ရာ အနက်ရောင်အခိုးအငွေ့များ ပေါ်လာချေသည်။ ယင်းတို့က ချပ်ဝတ်နက်ဖြင့် စစ်သားဆယ်ယောက်အဖြစ်သို့ ပြောင်းသွားပြီး ဝမ်လင်းထံ တရကြမ်း တိုးဝင်လာချေသည်။
ဝမ်လင်းသည် ရယ်မောလိုက်၏။ သည်တိုက်ပွဲကွင်းပြင်၌ သတ်ဖြတ်သံက ပြည့်နှက်နေ၏။ အော်သံဟစ်သံများ၊ မာန်သွင်းသံများက ရောယှက်နေကာ သည်လောက၌ ဂီတသံတစ်ခုကို ဖြစ်ပေါ်လာစေတော့သည်။
ထိုဂီတသံကြောင့် လူတစ်ယောက်၏ သွေးက ဆူပွက်လာနိုင်၏။ ဝမ်လင်းက သူ့လက်ထဲရှိ ဓားသွားကို ဆုပ်ကိုင်ကာ ရှေ့သို့ တိုးဝင်လာ၏။ သူက သာမန်စစ်သားတစ်ယောက်၏ ချပ်ဝတ်ကိုသာ ဝတ်ဆင်ထားသည်။ သို့သော် သူ ရှေ့သို့ တိုးဝင်လာသည်နှင့် သူက ရန်သူစစ်သားများကို တစ်ချက်သာ ခုတ်ပိုင်းချလိုက်သည်။
သူ လူတစ်ယောက်ကို သတ်လိုက်တိုင်း သူတို့က အခိုးအငွေ့အမျှင်တန်းအဖြစ် ပြောင်းကာ ဝမ်လင်းထံသို့ ဝင်ရောက်၏။ တဖြည်းဖြည်းဖြင့် သူ့ပတ်လည်၌ အနက်ရောင်အခိုးငွေ့များ ဝန်းရံလာပြီး သူ့အား မိစ္ဆာနတ်ဘုရားတစ်ပါးအလား ထင်ရစေသည်။
ဝမ်လင်းက ဒီနေရာရှိ စစ်သားအားလုံးသည် ကျားဖြူဗိုလ်ချုပ် ချမှတ်ထားသော ဥပဒေသကြောင့် ဖြစ်ပေါ်လာသည့် အတုအယောင်များ ဖြစ်မှန်းကို သိသည်။ ယင်းတို့က ကောင်းကင်ထက်ရှိ သူတို့သုံးယောက်ကြား စစ်တုရင်ကစားဖို့အတွက် စစ်တုရင်ခုံ၏ အစိတ်အပိုင်းများသာ။
သတ်၊သတ်၊သတ်…။ ဝမ်လင်းက ဓားကို ဆုပ်ကိုင်ကာ ရှေ့တိုးကာ သူ့ထံ တိုးဝင်လာသော စစ်သားများအား ဝေ့ယမ်းခုတ်ထစ်၏။ သူက မာန်သွင်းကာ လေထဲသို့ ခုန်တက်၏။ သူက ပြန်ကျလာသည့်အရှိန်ကို ယူကာ သူ၏ဓားသွားသည် ပထမဆုံးချပ်ဝတ်နက်ဖြင့် စစ်သားပေါ်သို့ ကျရောက်သွားတော့သည်။
ထိုချပ်ဝတ်နက်စစ်သားမှာ ကြောက်လန့်တကြား ဖြစ်ကာ အပေါ်သို့ မော့ကြည့်၏။
သူက လက်ထဲရှိ ဒိုင်းကို ခပ်မြန်မြန် မြှောက်ကာ ဝမ်လင်း၏ ကြောက်မက်ဖွယ် ဓားခုတ်ပိုင်းချက်ကို ခုခံဖို့ ကြိုးစားသည်။
သွေးအလင်းလင်းလက်ကာ နာကျင်စွာအော်ဟစ်သံ ပဲ့တင်ထပ်၏။ ဤသည်က ဘေးပတ်လည်ရှိ လူတိုင်းကို မင်သက်သွားစေကာ လှမ်းကြည့်လာစေသည်။ ဝမ်လင်း၏ ဓားသွား သက်ဆင်းလာပြီး ဒိုင်းကို ဖြတ်တောက်ကာ ပျက်စီးစေသည်။ ထို့နောက် သူ၏ဓားသွားက ချပ်ဝတ်နက်စစ်သားကို ထက်ပိုင်းပြတ်သွားစေသည်။
ချပ်ဝတ်နက်စစ်သားထံမှ အနက်ရောင်အခိုးအငွေ့ မြောက်မြားစွာ ထွက်ပေါ်လာပြီး ဝမ်လင်းကို ဝန်းရံသည်။ သာမန်စစ်သားတစ်ရာနှင့် ကျားဖြူဗိုလ်ချုပ် ဖန်တီးထားသော ချပ်ဝတ်နက်စစ်သားကို သတ်ပစ်ပြီးနောက် ဝမ်လင်းပတ်လည်ရှိ အနက်ရောင်အခိုးငွေ့များသည် ကြောက်မက်ဖွယ် ကောင်းလာတော့သည်။
ထိုအခိုက်၌ အက်သံများ မြည်ဟိန်းလာ၏။ ဝမ်လင်း၏ပတ်လည်ရှိ အခိုးအငွေ့တို့က သိပ်သည်းကာ ချပ်ဝတ်အနက်ရောင်တစ်ခုကို ဖွဲ့စည်းသည်။ ဝမ်လင်း၏ဆံပင်ဖြူ၊ သူ့ထံပေါ်လာသော ချပ်ဝတ်နက်တို့က တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို ဖြစ်စေသည်။
သူ့လက်ထဲရှိ ဓားကလည်း အနက်ရောင် ဖြစ်လာသလို ပိုရှည်လာသည်။
ဝမ်လင်းက ထိုဓားသွားကို ပင့်မြှောက်ကာ ရယ်မောသည်။ အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်လျက် ဝမ်လင်းက ရှေ့သို့ တိုးကာ ဓားသွားကို ဝေ့ယမ်းပြီး ထပ်ခါထပ်ခါ သတ်သည်။ အမွှေးတိုင်တစ်တိုင်ဝက်စာအတွင်း ချပ်ဝတ်နက်စစ်သားဆယ်ယောက်သည် ဝမ်လင်း၏ သတ်ဖြတ်ခြင်း ခံလိုက်ရလေပြီ။
ထိုဆယ်ယောက်ကို သတ်ဖြတ်ပြီးနောက် ဝမ်လင်း၏ချပ်ဝတ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံး နီးပါးကို ခြုံလွှမ်းလာကာ စစ်ခမောက်တစ်ခုသာ လိုတော့၏။ သူက သည်စစ်သားအုပ်စုများကြား အလွန်အစွမ်းထက်လာခဲ့သည်။
ဒြပ်စင်ငါးခုဂြိုဟ်မှ သက်လတ်ပိုင်းလူသည်လည်း သူ့ပတ်လည်ရှိ စစ်သားများကို သတ်ပြီးနောက် သူ့ထံမှ ရွှေရောင်လင်းလာ၏။ ထိုရွှေရောင်အလင်းက သူ့ကို ခြုံလွှမ်းကာ ရွှေရောင်ချပ်ဝတ်တစ်ခု ဖြစ်လာစေသည်။ ယင်းချပ်ဝတ်က ဝမ်လင်း၏ချပ်ဝတ်ကိုမူ လုံးဝ မယှဉ်နိုင်လေပေ။
ဤအဖြစ်က ကောင်းကင်ထက်ရှိ ကျားဖြူဗိုလ်ချုပ်ကို မျက်လုံးဖွင့်လာစေပြီး သူ့အား အလွန်သုန်မှုန်သွားစေသည်။ သူ့မျက်နှာပေါ်ရှိ သွေးကြောများမှာ ဖောင်းကြွလာ၏။ သူက အသက်ဝဝရှိုက်သွင်းကာ မျက်လုံးမှိတ်လိုက်သည်။
သူက သူ့နတ်ဘုရားအာရုံကြောင့် ဖြစ်ပေါ်သော ဗိုလ်ချုပ်ထံ အာရုံပြန်စိုက်၏။ နောက်ထပ်လှံတစ်လက် ပေါ်လာချေသည်။ သူက ဝမ်လင်းနှင့် အကွာအဝေးတစ်ခုသို့ ပြန်ဆုတ်သည်။
သို့ပေမည့် ဝမ်လင်းက သူ ဆန္ဒရှိသလို လုပ်ခွင့် မည်သို့ပေးနိုင်ပါ့မည်နည်း။ ဝမ်လင်းက သူ့အတွက် အချိန်သိပ်မရသည်ကို သိသည်။ သူက သည်တိုက်ပွဲကို တတ်နိုင်သမျှ အမြန် လက်စသပ်ရပေမည်။ချပ်ဝတ်အဖြူဖြင့် ဗိုလ်ချုပ် နောက်ဆုတ်သွားသည်ကို တွေ့သည့်အခါ ဝမ်လင်းက မာန်သွင်းလျက် သူ့ဓားဖြင့် မြေပြင်ထက်သို့ ရိုက်ချလိုက်၏။ သူက ထိုကန်အားကို အသုံးချကာ လေထဲသို့ ခုန်တက်၍ စစ်သားများ၏ ဦးခေါင်းပေါ်သို့ နင်းလျှောက်ကာ ချပ်ဝတ်ဖြူနှင့်ဗိုလ်ချုပ်နောက်သို့ လိုက်လံတော့သည်။