← Chapters

ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်၏ စွမ်းအား

Vol. 12 Ch. 1121

ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်၏ စွမ်းအား

Vol. 12 Ch. 1121

“ဆရာ...” “ရှောင်ဖန်...”

အားရှို့၊ ကျန်းချူရန်၊ အန်တီထန်နှင့် စုရန်ဟိုတို့သည် ကောင်းကင်ကို စိုးရိမ်တကြီးဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့သည် လင်းယွင်၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ချန်းဖန် အန္တရာယ် အတွင်း ကျရောက်နေပြီ ဖြစ်ကြောင်း သိရှိနေကြပြီ ဖြစ်သည်။ များစွာသော မြောက်ပိုင်းချုံးဂိုဏ်းသားများမှာ လက်သီးကို တင်းတင်း ဆုပ်လိုက်မိကြလေ၏။

“ဟူး... ဟူး...”

အဖြူနှင့် အနက် ထိုက်ကျိ စက်ဝိုင်းသည် ပေတစ်ရာမှ နေ၍ ငါးပေ အထိ တဖြည်းဖြည်း ကျုံ့ လာခဲ့၏။ လူတိုင်းသည် အပြင်မှ ကြည့်လျှက်ပင် အတွင်းရှိ ဖိအားကို ခန့်မှန်း ပုံဖော်နိုင်ကြသည်။ ကောင်းကင်ဓား တစ်စင်း ပင်လျှင် ထိုအတွင်း၌ ရှိပါက ချက်ချင်း အမှုန်အဖြစ် ပြောင်းလဲ သွားပေလိမ့်မည် ဖြစ်သည်။

ထိုအရာကား ရီချင် သို့မဟုတ် ဝူကျိဂိုဏ်း တတိယ နတ်ဘုရား မင်းသား၏ စွမ်းအားပင် ဖြစ်လေသည်။

လင်းယွင်က ခေါင်းအား ခါယမ်းရင်း မျှော်လင့်ချက် ကုန်ဆုံးသော လေသံဖြင့် ရေရွတ်လိုက်၏။

“နတ်ဘုရား အရှင်ချန်း ဒီနေရာကို လူကိုယ်တိုင်လာမှပဲ ရီချင်နဲ့ သူတင်ကိုယ်တင် တိုက်ခိုက် နိုင်လိမ့်မယ်... နတ်ဘုရား စိတ်ဝိညာဥ် ကိုယ်ပွားတစ်ခုက ဘာမှ အသုံးမဝင်ဘူး”

တစ်ချိန်တည်း၌ ဝူကျိပတ်လမ်းသည် ပို၍ ပို၍ သေးငယ် လာနေခဲ့သည်။ ထိုအရာသည် ချန်းဖန်၏ ကိုယ်ပွားကို အပြီးတိုင် အမှုန့်ချေတော့မည့်ဟန် ရလေသည်။ နတ်ဘုရား မင်းသား ရီချင်က အရာရာ ပြီးဆုံးသွားသည့်ဟန် သက်ပြင်းတစ်ချက် ချလိုက်၏။

ဝူကျိ ကြယ်သင်္ဘောပေါ်ရှိ အခြေတည် ဝိညာဥ် အဆင့် အကြီးအကဲများ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြစဥ်မှာပင် ရုတ်တရက် တောက်ပသော ရွှေအလင်း တစ်ခုမှာ ဝူကျိပတ်လမ်းကို ထိုးဖောက်ကာ ပေါ်ထွက် လာခဲ့လေသည်။ ထိုရွှေရောင် အလင်းသည် အလွန်အမင်း ထက်ရှပြီး တောက်ပလှလေရာ ဂြိုဟ်တစ်ခုကိုပင် ဖျက်ဆီးနိုင်သည့် အဖြူအနက် စက်ဝန်း ပင်လျှင် ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ချေ။

“တစ်...”

“နှစ်...”

“သုံး...”

လူတိုင်းသည် ကောင်းကင်သို့ မော့ကြည့်ကြရာ မရေမတွက်နိုင်သော ရွှေရောင် အလင်းများမှာ အဆုံးမဲ့စွာ ထွက်ပေါ်လာသည်ကို တွေ့မြင် ကြရသည်။ ၎င်းတို့သည် အဖြူနှင့် အနက် ဝူကျိ ပတ်လမ်းကို တဖြည်းဖြည်းချင်း ယိုယွင်း လာစေသည်။ ထို့နောက် ကမ္ဘာပေါ်ရှိ ဘီလျံချီသည့် လူများသည် ဝူကျိ ပတ်လမ်း၏ ဗဟိုတွင် ကလေးငယ် တစ်ယောက် မျက်လုံးအား မှိတ်ကာ ထိုင်နေသည်ကို တွေ့လိုက်ကြရလေသည်။

ထိုကလေးငယ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရွှေအဆင်းဖြင့် ပြီးကာ ရှစ်လက်မခန့်သာ ရှိ၏။ သို့သော်လည်း ၎င်း၌ ဒွါရပေါက် ကိုးခုရှိကာ နဖူးထက်၌ မျက်လုံးတစ်လုံး အပိုပါလေသည်။ ၎င်းကား ကောင်းကင်မှ ဆင်းသက် လာသည့် နတ်ဘုရား ကလေးငယ် တစ်ပါးနှင့်ပင် တူနေခဲ့လေသည်။

နတ်ဘုရား က‌လေးငယ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

“ဝှစ်...”

ရုတ်ချည်းပင် အလင်းရောင်စဥ် ကိုးခုမှာ သူ၏ နား၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးနှင့် နဖူးထက်ရှိ တတိယ မျက်လုံးတို့မှ ထွက်ပေါ်လာသည်။ ထိုအလင်းတို့သည် အလွန်အမင်း ထက်ရှလှကာ လျှပ်စီး ချိန်းကြိုးများ အသွင်ဖြင့် အဖြူအနက် ထိုက်ကျိစက်ဝိုင်းကို ရှစ်ပိုင်း ပိုင်းပစ်လိုက်၏။

“ဖွဲ့စည်းစမ်း...”

နတ်ဘုရား မင်းသား ရီချင်က လက်တစ်ဖက်ကို မြှောက်ကာ အစီအရင် တစ်ခုအား ဖန်တီး၍ ချန်းဖန်အား တိုက်ခိုက်လိုက်၏။

“ပျက်စီးစမ်း...”

တစ်ချိန်တည်း၌ နတ်ဘုရား ကလေးငယ်က ပြောလိုက်သည်။ သူ၏ အသံသည် ကြိုးကြာငှက်များ သီချင်းဆိုသံ ကဲ့သို့ အလွန် သာယာ နာပျော်ဖွယ် ကောင်း၏။ သို့သော်လည်း ထိုအရာသည် ကြောက်မက်ဖွယ် နတ်ဘုရား စိတ်အာရုံ အသွင် ပြောင်းလဲကာ အရပ်မျက်နှာ အဘက်ဘက်ကို ပျံ့နှံ့ သွားသည်။

ဝူကျိ ပတ်လမ်းသည် သေခြင်း၊ ရှင်ခြင်း နတ်ဘုရား ဥပဒေသများဖြင့် ဖွဲ့စည်းထားသည့်တိုင် ထိုအရာမှာ ပုံပန်း သဏ္ဌာန်ရှိသည့် တစ်စုံတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ သို့သော်လည်း နတ်ဘုရား စိတ်အာရုံမှာမူ အသွင်သဏ္ဌာန် ကင်းမဲ့လေ၏။

ကျင့်ကြံသူများသည် များသောအားဖြင့် အခြေတည် ဝိညာဥ် အဆင့်သို့ ရောက်ရှိပြီးနောက် နတ်ဘုရား စိတ်အာရုံဖြင့် တိုက်ခိုက်ခြင်းကို ရှောင်ကြဥ် ကြသည်။ နတ်ဘုရား စိတ်အာရုံဖြင့် ခွန်အား အပြည့် တိုက်ခိုက်မှုသည်ပင် ရန်သူအား အနည်းငယ်သော တုန်လှုပ်မှုကိုသာ ပေးစွမ်းနိုင်သည်။ ထိုသို့ဖြစ်ရာ မည်သူက တကူးတက သုံးတော့မည်နည်း။

သို့သော်လည်း ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံမှာမူ လုံးဝ ခြားနား၏။ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်သည် နတ်ဘုရား စိတ်အာရုံဖြင့် ဖွဲ့စည်းထားသည့် တားမြစ်ခံ နတ်ဘုရား ဆေးတစ်ခု ဖြစ်သည်။ ချန်းဖန်သည် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ထိုအရာကို တစိုက်မတ်မတ် သန့်စင်ခဲ့ကာ နောက်ဆုံး၌ အဆုံးသတ် ပန်းပွင့်ကိုပင် ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော်လည်း ချန်းဖန်သည် ထိုမျှနှင့် ကျေနပ်ခြင်း မရှိပဲ မူလ နတ်ဘုရား နန်းတော် အတွင်း၌ အစွမ်းထက် နတ်ဘုရားချီနှင့်ပါ ထပ်မံ သန့်စင်ခဲ့သည်။ ယခုဆိုလျှင် ထိုအရာသည် နတ်ဘုရား ဝိညာဥ် ဖြစ်ရန်ပင် ခြေတစ်လှမ်း အလိုသို့ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။

နတ်ဘုရား ကလေးငယ်သည် ပိုမို သန့်စင်ခံရသည်နှင့် အမျှ ၎င်း၏ နတ်ဘုရား စိတ်အာရုံမှာ ပိုမို၍ သန့်စင်ကာ အစွမ်းထက် လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အသန့်စင်ဆုံး ရွှေအတိဖြင့် ပြီးကာ အလွန်အမင်း ခွန်အားကြီး၏။ ထိုအရာကား အခြေတည် ဝိညာဥ် ဆယ်ခု ပေါင်းစပ်ထားသည်နှင့်ပင် ညီမျှလှပေသည်။

“ဘုန်း...”

မမြင်နိုင်သော နတ်ဘုရား စိတ်အာရုံသည် ပေတစ်သိန်း ဧရိယာကို ဟာရီကိန်း တစ်ခုအလား ဖြန့်ကျက် သွားလေ၏။ ကမ္ဘာ၏ အပြင်ဘက် လေဟာနယ်သည် အက်ကွဲကာ များစွာသော အနက်ရောင် အပေါက်များ ဖြစ်ပေါ်လာ၏။ ကြောက်မက်ဖွယ် လှိုင်းတစ်ခုသည် ရီချင်၏ အကာအကွယ် အစစ်အမှန် အမတေကို တူတစ်စင်း အလား ပြင်းထန်စွာ ရိုက်ခတ်သည်။ ရီချင်သည် နောက်သို့ ပေပေါင်းများစွာ လွင့်စဥ်ကာ ပြုတ်ကျ သွားရလေ၏။

ဝူကျိ ကြယ်သင်္ဘောပေါ်၌ လိုက်ပါလာသော တပည့်များ၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားသေးသည်။ သူတို့သည် ရီချင် ကျိန်းသေ နိုင်လိမ့်မည် ဟု တွေးတောထားရာ မည်သည့် ဓမ္မ အကာအကွယ် အစီအရင်ကိုမှ ဖွင့်လှစ်ထားခြင်း မရှိချေ။  အခြေတည် ဝိညာဥ် အဆင့်များမှာ အဆင်ပြေသေးသည်။ သူတို့၏ နတ်ဘုရား စိတ်အာရုံနှင့် စွမ်းအားတို့မှာ အတော်အသင့် သန်မာသည့် အပြင် သူတို့သည် အမျိုးမျိုးသော ဓမ္မ ရတနာများကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သို့သော်လည်း ရွှေအမြုတေ အဆင့်များမှာမူ ထိုမျှလောက် ကံကောင်းခြင်း မရှိချေ။ သူတို့သည် နတ်ဘုရား စိတ်အာရုံလှိုင်း၏ ရိုက်ခတ်ခြင်းကို ခံရလေရာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ စီးကျလာခဲ့လေသည်။ အချို့ အားနည်းသော ‌ရွှေအမြုတေ အဆင့်များ ဆိုလျှင် သွေးမြူများ အဖြစ်ပင် ပေါက်ကွဲ သွားကြပြီ ဖြစ်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ချန်းဖန်ကား ရွှေအမြုတေ အဆင့် ရာပေါင်းများစွာကို နတ်ဘုရား စိတ်အာရုံ တစ်ခုတည်းဖြင့် သတ်ဖြတ် ပစ်လိုက်ပြီ ဖြစ်လေသည်။

“ကောင်စုတ်လေး... မင်းက တယ်လည်း အတင့်ရဲနေပါလား”

ရီချင်၏ မျက်လုံးများက အေးစက်ခြင်းများဖြင့် ပြည့်နှက် သွားသည်။ သူ၏ ဆံပင်သည် ပြေလျော့ကာ အနည်းငယ် ရှုပ်ထွေးနေ၏။ သူသည် ချန်းဖန် နတ်ဘုရား စိတ်အာရုံ သက်သက်ဖြင့် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုး ပြုလုပ်နိုင်လိမ့်မည် ဟု တွေးထားခဲ့ခြင်း မရှိချေ။

“သတ်...”

ရီချင်က အစီအရင် တစ်ခုကို ခင်းကျင်းလိုက်လေရာ သူ၏ နံဘေးရှိ အဖြူနှင့် အနက်ရောင် စွမ်းအင်များမှာ နဂါး နှစ်ကောင် အသွင် ပြောင်းလဲသွားသည်။ ၎င်းတို့သည် ပိုမို ကြီးမားသော ဝူကျိ ပတ်လမ်းကို ဖွဲ့စည်းကာ ချန်းဖန်အား လွှမ်းခြုံလာလေ၏။

သို့သော်လည်း ရီချင်သည် ထိုအရာက အစမျှသာ ဖြစ်ကြောင်းကို မသိခဲ့ချေ။ နောက်တစ်စက္ကန့် အကြာမှ ဖြစ်ပေါ်လာသော အရာသာလျှင် ချန်းဖန်၏ အစစ်အမှန် တိုက်ခိုက်ခြင်း ဖြစ်ပေသည်။

နတ်ဘုရား က‌လေးငယ်သည် လေဟာနယ်တွင် လက်နှစ်ဖက်အား ပူးကပ်လျှက် တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့၏။ သူသည် လက်ငါးချောင်းအား အသုံးပြုကာ အစီအရင် တစ်ခုအား ရေးဆွဲနေသည်။ ထို့နောက် သူက စကားလုံး တစ်လုံးကို ရေရွတ်လိုက်လေရာ သူ၏ ဒွါရပေါက် ကိုးခုမှာ ပြင်းထန်စွာ တုန်ရီ သွားလေ၏။

“ဘုန်း...”

ထို့နောက် မရေမတွက်နိုင်သော လူများ၏ အံ့အားသင့်နေသော အကြည့်များ ရှေ့မှောက်တွင်ပင် နတ်ဘုရား ကလေးငယ်သည် ရွှေအတိပြီးသော မှော်ဆေးအိုး  တစ်ခု အသွင် ပြောင်းလဲသွား၏။ ထိုမှော်ဆေးအိုး သည် ရှစ်လက်မမျှ ရှိပြီး ခြေထောက် သုံးခုနှင့်  လက်ကိုင်နှစ်ခု ပါရှိသည်။ များစွာသော တောင်တန်း သင်္ကေတများသည် မှော်ဆေးအိုး ၏ ကိုယ်ထည်ထက်၌ နေရာယူနေကာ နေ၊ လနှင့် စကြဝဠာတို့မှာ လှုပ်ရှားနေကြ၏။

“မကောင်းတော့ဘူး... အဲဒါက...”

ရီချင်သည် မှော်ဆေးအိုး ကို မြင်ကာ မျက်လုံးများ ပေါက်ထွက်မတတ် ပြူးကျယ် သွားလေသည်။ တစ်စုံတစ်ရာက သူ၏ ခေါင်းအတွင်း ပြင်းထန်စွာ သတိပေး နေခဲ့ပြီ ဖြစ်လေသည်။

ထိုအချိန်တွင်ပင် ရွှေရောင် မှော်ဆေးအိုး သည် စတင် လှုပ်ခါလာကာ ခေါင်းလောင်း ကဲ့သို့ အသံ တစ်မျိုးကို ထုတ်လွှတ်လေ၏။ ထိုအသံသည် ကြောက်မက်ဖွယ် နတ်ဘုရား စိတ်အာရုံလှိုင်း အဖြစ် ပြောင်းလဲ သွားသည်။ ကောင်းကင်ထက်တွင် မျက်စိဖြင့် မြင်နိုင်သော ရွှေရောင် လှိုင်းများ ဖြစ်ပေါ်လာကာ အရပ်မျက်နှာ ရှစ်ခုကို အလွန်အမင်း မြန်ဆန်သော နှုန်းဖြင့် ပျံ့နှံ့သွားသည်။

“ဘုန်း...”

ရီချင်ကား ပထမဆုံး ထိမှန်ခံရသူ ဖြစ်၏။ သူ၏ ခြေထောက်အောက်ရှိ ကြယ်များဖြင့် ဖွဲ့စည်းထားသော အလင်း ရောင်စဥ်သည် ချက်ချင်းပင် ကျိုးပျက်သွားသည်။

“ခရက်... ခရက်...”

အက်ကွဲနေသော အသံများသည် ရီချင်နှင့် ပိုမို၍ နီးကပ်လာ၏။ ရီချင်၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် အကာအကွယ် အစစ်အမှန် အမတေနှင့် ဓမ္မ အစီအရင်တို့သည် တစ်ခုပြီး တစ်ခု ကျိုးပျက်နေကြသည်။ နောက်ဆုံး၌ အဖြူ၊ အနက် စွမ်းအားများ ပင်လျှင် ထက်ပိုင်းပြတ်သွား၏။

ရီချင်သည် နောက်သို့ ဆက်ကာ ဆုတ်ခွာ နေခဲ့ရသည်။ နောက်ဆုံး၌ သူ၏ လည်ပင်းရှိ ကျောက်စိမ်းပြားသည် လင်လက်လာကာ အဇူရာ အော်ရာ တစ်ခုကို ဖွဲ့စည်းလေ၏။ ထိုအော်ရာသည် သူ့အား ဖုံးအုပ်ကာ အသံ၏ တိုက်ခိုက်မှုမှ ကာကွယ်လေသည်။

တစ်ချိန်တည်း၌ အလွန်တရာ ကြောက်မက်ဖယ် ကောင်းသော အရာတစ်ခုမှာ ဝူကျိ သင်္ဘောထက်၌ ဖြစ်ပွား နေခဲ့လေသည်။  ရွှေရောင် စွမ်းအင်လှိုင်းများသည် ပေတစ်ထောင် ရှည်သော စစ်သင်္ဘောအိုကြီးကို လှိုင်းများ အလား ဖုံးအုပ်နေသည်။ များစွာသော တပည့်များသည် ခြင်များကဲ့သို့ အသတ်ခံ နေရ၏။ သူတို့ကား နတ်ဘုရား စွမ်းအားမျိုးစုံကို ကျင့်ကြံထားသည့် ထာဝရဂိုဏ်းကြီး တစ်ခု၏ တပည့်များ ဖြစ်သည့်တိုင် ရွှေအမြုတေ အဆင့်သာလျှင် ဖြစ်ပေသည်။ သို့ဖြစ်ရာ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်၏ စွမ်းအားကို မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။

ထို့အပြင် ချန်းဖန်၏ မှော်ဆေးအိုး မှာ စကြဝဠာ အတွင်းရှိ အစွမ်းထက် ထိပ်တန်း အထွတ်အမြတ် ရတနာ တစ်ခု ဖြစ်သည့် “‌တောင်တန်းမြစ်ပြင် မှော်ဆေးအိုး ” ကို အခြေခံကာ ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအရာသည် နတ်ဘုရား ကလေးငယ်ကို အမြုတေ အဖြစ် သုံး၍ နတ်ဘုရား လက်နက်တစ်‌သောင်း ကျင့်စဥ်ဖြင့် သန့်စင်ထားသည့် အလွန် အစွမ်းထက်သော ရတနာ တစ်ခု ဖြစ်ပေသည်။ ထိုအရာကား နတ်ဘုရား တစ်ပိုင်း လက်နက်များကိုပင် နှိုင်းယှဥ်နိုင်ပေ၏။

***

All Chapters