← Chapters

စန်းမင်တာအိုဂိုဏ်း၏ စစ်ချီခန်း

Vol. 29 Ch. 393

စန်းမင်တာအိုဂိုဏ်း၏ စစ်ချီခန်း

Vol. 29 Ch. 393

အင်အားကြီးမားသော ပုဂ္ဂိုလ်ငါးရာသည် ကောင်းကင်ထက်တွင်ပျံဝဲနေပြီး နေမင်းကိုပင် ကျော်လွန်သွားနိုင်သော တောက်ပသည့် မသေမျိုးအလင်းများအား ပေပေါင်းသန်းရာချီသည်အထိ သက်ရောက်အောင် ထုတ်လွှတ်နေခဲ့ကြသည်။

သူတို့သည် ကျင့်ကြံဆင့်အရှိန်အဝါကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသထားကြပြီး ပင်လယ်ကဲ့သို့ ကျယ်ပြောသော စွမ်းအားအဟုန်က သက်ရှိသက်မဲ့အလုံးစုံကို လွှမ်းမိုးထားသဖြင့် အရှေ့ပိုင်းဒေသရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို သံသယနှင့် ထိတ်လန့်မှုများ ပြည့်နှက်စေခဲ့သည်။

ဒီလူတွေအားလုံးက မသေမျိုးတွေလား?

အရှေ့ပိုင်းနယ်မြေမှာ ဘယ်အချိန်က ဒီလောက်များတဲ့ မသေမျိုးတွေ ထွက်လာကြတာလဲ?

ကောင်းကင်တွင် စစ်မှန်သော မသေမျိုးအဆင့်မှ စွမ်းအားရှင်ငါးရာသည် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ကာ အသာပြုံးလိုက်ကြ၏။ သူတို့စိတ်ထဲတွင် အတော်လေးအားရကျေနပ်နေလေပြီ။

ဤတစ်ကြိမ်တွင် စန်းမင်တာအိုဂိုဏ်းသည် မသေမျိုးတောင် တစ်သောင်းကို သိမ်းပိုက်ရန်နှင့် အရှေ့ပိုင်းဒေသတစ်ခွင်လုံးရှိ အခွင့်အလမ်းများကိုပါ ရယူသိမ်းပိုက်ရန်အတွက် မသေမျိုးများကိုသာ သီးသန့်စေလွှတ်လိုက်ခြင်း ဖြစ်ပေသည်။ ခွန်အားပြခြင်းဆိုလည်း မှန်၏။

မသေမျိုးအဆင့် အဖွဲ့တစ်ဖွဲ့ဆိုသည်မှာ အလယ်ပိုင်းဒေသ၏ တာအိုပြည်နယ် အများစုတွင် ကြီးကျယ်ခမ်းနားသော တပ်ဖွဲ့အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

ဤမျှ ရိုးစင်းအားနည်းလှသော အရှေ့ပိုင်းဒေသမှာဆိုလျှင် ဆိုဖွယ်ရာမရှိတော့။

နေရာတိုင်းတွင် မောက်မာချင်သလို မောက်မာလို့ရသည့် အခြေအနေရှိသည်။

ယဲ့ဝူရှန်းသည် မိမိ၏လက်ရွေးစင်တပ်ဖွဲ့အပေါ် အလွန်ယုံကြည်မှုရှိပြီး အကြီးအကဲများ အားလုံးကလည်း စစ်မှန်သော မသေမျိုးငါးရာ၏ ပူးပေါင်းဖိအားဖြင့် အရှေ့ပိုင်းနယ်မြေ တစ်ခုလုံးကို စန်းမင်တာအိုဂိုဏ်း၏ ပိုက်နက်နယ်မြေအဖြစ်သို့ ပြောင်းလဲနိုင်မည်ဟု ယုံကြည်ထားကြသည်။

ဤအခြေအနေတွင် လမ်းကြောင်းသစ်ကို အဆောတလျင်ရှာဖွေထားတာ သင့်တော်ပေမည်။

မသေမျိုးငါးရာသည် အရှေ့ပိုင်းနယ်မြေ၏ ကောင်းကင်ယံထက်တွင် ပျံသန်းနေကြပြီး သူတို့၏နှုတ်ခမ်းထက်မှ အပြုံးများမှာ အကြံအစည်အပြည့်ဖြင့် မာန်မာနတို့ စွန်းထင်းလျက်ရှိကြသည်။ မြေပြင်ထက်မှ အရာအားလုံးမှာ သူတို့အတွက်တော့ ပုရွက်ဆိတ်အုပ်များနှင့်မခြား။

“အားလုံးပဲ၊ ငါတို့ချီတက်လာပုံက တကယ်ကို မခမ်းနားလှပေဘူးလား!”

“ဟုတ်တယ်၊ အလယ်ပိုင်းနယ်မြေမှာသာဆိုရင် ငါတို့ ဘယ်လိုလုပ် ဒီလိုပေါ်ပေါ်တင်တင် သွားလာရဲမလဲ။ မကြာသေးခင်ကမှ ဝူကျီဂိုဏ်းဆီက အနိုင်ကျင့်ခံလိုက်ရသေးတယ်လေ!”

“ဟူး၊ နိမိတ်မရှိ နမာမရှိတွေ မပြောပါနဲ့တော့။ ဒီဟွမ်ကျိုးပြည်နယ်ကို ရောက်လာကတည်းက ငါတို့အသာစီးရဖို့ သေချာနေပါပြီ! စိတ်ထင်တိုင်းကျဲရုံပဲ၊ ဘယ်သူမှကြားဖြတ်တားဆီးရဲမှာမဟုတ်ဘူး!”

“ဟုတ်တယ်၊ ဒီအထိလာရတဲ့ လမ်းခရီးက ရှည်လျားပေမဲ့ အားရပါးရ အင်အားပြရတာတော့ တန်ပါတယ်။ နောက်တစ်ခါ အားရင် ထပ်လာဦးမယ်!”

“ဒီ မသေမျိုးအရှင်လည်း ဒီလိုပဲ ခံစားရတယ်!”

မသေမျိုးငါးရာသည် အေးအေးဆေးဆေး စကားစမြည်ဆိုလျက်ရှိကြ၏။ ယေဘုယျအားဖြင့် ဤကဲ့သို့ အစွမ်းပြရသည့်ခံစားချက်ကို မနှစ်သက်သူ ရှိပါမည်လော။ ဂိုဏ်း၏ အခြေအမြစ်တည်ထောင်ရာက အလယ်ပိုင်းဒေသ ဖြစ်နေသောကြောင့်သာပင်။ သို့မဟုတ်ပါက မည်သူကမှ ထိုနေရာတွင် အနှိမ်ခံ အနိုင်ကျင့်ခံပြီး ဆက်နေဦးမည်မဟုတ်။

သို့သော် ယခုမူ ပိုင်နက်ပင်လယ်ထဲသို့ ဝင်ရောက်လာသော နဂါးဘုရင်အလား ခံစားနေရပြီး အားလုံး စိတ်လှုပ်ရှားကြလျက်ရှိလေသည်။

ကောင်းလိုက်တဲ့ ခံစားချက်။

"အားလုံးပဲ၊ ငါတို့ဒီကိုလာရတဲ့ အဓိကတာဝန်ကို မမေ့ကြပါနဲ့" ဦးဆောင်သူ အကြီးအကဲဝေ့က လေးနက်သောလေသံဖြင့် သတိပေးလိုက်သည်။

"ကျွန်တော် မှတ်မိပါတယ်။ ရွှယ်ထျန်းဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ပစ်ဖို့ပဲ မဟုတ်လား?" နောက်လိုက်တပည့်တစ်ဦးက အေးစက်စက်လေသံဖြင့် တုံ့ပြန်လိုက်ပြီး အကြည့်များလည်း ရေခဲတမျှ အေးစက်သွားခဲ့သည်။

အခြားတပည့်များကလည်း ပေါ့ပေါ့ပါးပါးဖြင့် လှောင်ပြောင်ရယ်မောလိုက်ကြပြီး ရွှယ်ထျန်းဂိုဏ်းကို ဖျက်ဆီးရမည့်တာဝန်အား ပို၍နက်နက်ရှိုင်းရှိုင်း စွဲမှတ်ထားလိုက်ကြသည်။

မသေမျိုးငါးရာအထိ စေလွှတ်လိုက်ခြင်းကပင် မေးခွန်းထုတ်စရာ ဖြစ်နေပြီမဟုတ်လော။ အရှေ့ပိုင်းဒေသတွင် မည်သူက ဤတပ်ဖွဲ့နှင့် ပုခုံးချင်းယှဥ်နိုင်ပါအံ့နည်း။ ဤနိမ့်ကျသော ဒေသခံ ကျင့်ကြံသူများ သူတို့၏တစ်သက်တာတွင် ဤမျှများပြားသော မသေမျိုးများကို မြင်ဖူးလိမ့်မည်ပင်မဟုတ်။

"ဒါနဲ့ ရွှယ်ထျန်းဂိုဏ်းက ဘယ်ဘက်မှာလဲဆိုတာ မေးဖို့ တစ်ယောက်ယောက်ကို အရင်ရှာရဦးမယ်" အကြီးအကဲဝေ့၏မျက်လုံးများ စူးခနဲတစ်ချက်လက်သွားပြီး နတ်ဘုရားအာရုံခံနိုင်စွမ်းကို အသက်သွင်းလိုက်သည်။

ရွှမ်ကျီးဓားဂိုဏ်း။

ဘိုးဘေးအိုကြီး များစွာ ဆတ်ခနဲ သတိကပ်သွားကြရသည်။

သူတို့အားလုံးသည် မသေမျိုးများ ဖြစ်ကြပြီး ယခင်က ယွီဟွားဂိုဏ်းကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့ကြသည့်အတွက် ယွီဟွားဂိုဏ်း၏ ဘိုးဘေးအိုကြီး ငါးဦး ရမ်းကားစွာမပြုမူရဲခဲ့ကြခြင်းပင်။ နောက်ပိုင်းတွင် ယွီဟွားဂိုဏ်း ဖျက်ဆီးခံရပြီးနောက် သူတို့အားလုံး စိတ်အေးလက်အေးဖြင့် ဆက်လက်ကျင့်ကြံနိုင်ခဲ့ကြသည်။

ယခုမူ သတိကပ်စရာတစ်စုံတစ်ခု ထွက်ပေါ်လာလေပြီ။

"သူတို့ ဒီဘက်ကို ဦးတည်လာနေကြတယ်!" ဘိုးဘေးအိုကြီး တစ်ဦးက အာရုံခံလိုက်မိပြီး မျက်နှာထားက လေးနက်သွားသည်။

"အားလုံးပဲ၊ မထိတ်လန့်ကြပါနဲ့၊ ကျွန်တော်သူတို့နဲ့ သွားညှိနှိုင်းလိုက်မယ်" အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော မျက်နှာတည်တံ့သည့်အမျိုးသားတစ်ဦးက ဓားတစ်ချောင်းဆွဲကိုင်ကာ ထွက်လာခဲ့သည်။

ဝှစ်။

ရွှယ်ဝူဟန်သည် ရွှမ်းကျီဓားဂိုဏ်း၏ ကောင်းကင်ထက်တွင် ပေါ်လာပြီး လေးနက်သောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။ "ရောင်းရင်းတို့၊ ဘာကိစ္စရှိလို့ ဒီကို လာခဲ့ကြတာလဲ"

မသေမျိုးတောင် တစ်သောင်း ပေါ်ပေါက်လာချိန်တွင် သူသည် သီးသန့်ကျင့်ကြံရေးဝင်နေခဲ့သောကြောင့် စန်းမင်တာအိုဂိုဏ်း၏ ကိုယ်စားပြုနှင့် ရွှယ်ထျန်းဂိုဏ်းမှ လီဝူကျယ်တို့ ပဋိပက္ခဖြစ်ပွားခဲ့သည်ကို သူ မသိခဲ့ပေ။

မသေမျိုးငါးရာ စုပေါင်းဆင်းသက်လာပြီး ရွှယ်ဝူဟန်ကို စပ်စုစွာ အကဲခတ်နေကြသည်။

"ဟော၊ ဒါက ဓားမသေမျိုးပါလား!"

"မယုံနိုင်စရာပဲ၊ ဒီ အရှေ့ပိုင်းဒေသမှာ လျှို့ဝှက်စွမ်းအားရှင်တွေ ရှိနေတယ်‌ပေါ့!"

"ဘာကိုကြောက်ရမှာလဲ။ ဒီနေရာကို မြေလှန်ပစ်လိုက်ရင်တောင် ငါတို့နဲ့ ယှဉ်နိုင်တဲ့ အဖွဲ့အစည်းကို တွေ့ရမှာမဟုတ်ဘူး!"

ဤစကားများကိုကြားလိုက်ရချိန်၌ ရွှယ်ဝူဟန်သည် ဒေါသထွက်ဟန်မပေါ်ဘဲ မျက်လုံးများတွင် သနားမိသလိုလို အရိပ်အယောင်ပင် ထပ်ဟပ်နေသေး၏။

ကြည့်ပါဦး၊ အဝီစိတွင်းထဲက ဖားတစ်အုပ်ကို။

အကြီးအကဲဝေ့သည် တစ်ဖက်လူ၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကို သတိမပြုမိဘဲ မောက်မာစွာဖြင့် ပြန်မေးလိုက်သည်။ "မင်းက ဒီဒေသမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဖြစ်မယ်၊ ဟုတ်တယ်မလား"

ရွှယ်ဝူဟန်သည် စစ်မှန်သော ဓားမသေမျိုးတစ်ပါးဖြစ်ပြီး အလယ်ပိုင်းဒေသတွင်ပင် ရှားပါးသောစွမ်းအားရှင်တစ်ပါး ဖြစ်၏။ ဤ စစ်မှန်သော မသေမျိုးငါးရာဖြင့် တစ်ဦးချင်းစိန်ခေါ်စီးချင်းထိုးလျှင် သူတို့ဘက်မှနိုင်လိမ့်မည်ဟု အာမမခံနိုင်။ ထို့ကြောင့် ဤပုဂ္ဂိုလ်သည် အရှေ့ပိုင်းဒေသ၏ ကျင့်ကြံရေးမျက်နှာဖုံးသာ ဖြစ်ရမည်။

သို့သော် ရွှယ်ဝူဟန်သည် ထိုဂုဏ်ပုဒ်နှင့် မထိုက်တန်ဟု ခံစားရသကဲ့သို့ ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး ငြင်းဆိုသည်။ "ကံမကောင်းစွာနဲ့ပဲ၊ ကျွန်တော်က အစွမ်းအထက်ဆုံး မဟုတ်ပါဘူး"

"‌ဟေ"

အကြီးအကဲဝေ့သာမက အခြားတပည့်များလည်း အံ့ဩသွားခဲ့သည်။

"ဒါဆို မေးပါရစေ၊ ဘယ်သူက အစွမ်းအထက်ဆုံးလဲ" အကြီးအကဲဝေ့က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"အကြီးအကဲယဲ့ ပါ!"

ဤပုဂ္ဂိုလ်၏ နာမည်ကို နှုတ်မှထွက်ဆိုချိန်တွင် ရွှယ်ဝူဟန်၏မျက်လုံးများတွင် နက်ရှိုင်းသော ချီးမွမ်းမှုများ ပြည့်နှက်နေခဲ့သည်။ မိမိ လေးစားအားကျစံထားရသူ ပုဂ္ဂိုလ်တစ်ဦး၏အကြောင်းအား ပြောဆိုနေသကဲ့သို့။

"အကြီးအကဲယဲ့လား"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အကြီးအကဲဝေ့ စိတ်ဝင်စားသွားပြီး ထပ် မေးလိုက်သည်။ "အဲ့ပုဂ္ဂိုလ်က ဘယ်ကလဲ"

"ရွှယ်ထျန်းဂိုဏ်းကပါ!" ရွှယ်ဝူဟန် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

ဘုန်း!

ထိုဂိုဏ်းနာမည်ကို ကြားလိုက်သည်နှင့် မသေမျိုးငါးရာ၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး သူတို့အားလုံး၏ ဒေါသကို ဆွလိုက်မိသကဲ့သို့ ရှိ၏။

ကောင်းကင်နှင့်မြေကြီးသည်ပင် သက်ရောက်မှုကြောင့် အရောင်ပြောင်းသွားရပြီး လျှပ်စီးတို့လက် မိုးခြိမ်းသံတို့ပေးကာ လေပြင်းမုန်တိုင်းများ ကျရောက်လာခဲ့သည်။ မိုင်ပေါင်းတစ်သန်းအတွင်းရှိ ရာသီဥတုများ ကျွမ်းထိုးမှောက်ခုန် ပျက်ပြားသွားခဲ့သည်ပင်။

ရွှယ်ဝူဟန် မျက်ခုံးပင့်လိုက်သည်။

အကြီးအကဲယဲ့ကိုတွေ့ဖို့ ဒီလောက်တောင်စိတ်လှုပ်ရှားနေကြတယ်ပေါ့လေ။

"ဟမ့်၊ ရွှယ်ထျန်းဂိုဏ်း!"

အကြီးအကဲဝေ့၏ မျက်လုံးများက မှုန်မှိုင်းနေပြီး လှောင်ပြောင်သံဖြင့် ပြောလိုက်သည်။ "ပြောစမ်း၊ ရွှယ်ထျန်းဂိုဏ်းက ဘယ်မှာလဲ။ ငါတစ်ခု သတိပေးမယ်၊ ဉာဏ်နီဉာဏ်နက်သုံးဖို့တော့ မစဥ်းစားလေနဲ့၊ မဟုတ်ရင် ငါက..."

သူ့စကားမဆုံးမီ ရွှယ်ဝူဟန်သည် တစ်နေရာသို့ လက်ညှိုးဖြင့်တည့်တည့်ညွှန်ပြကာ ရိုးရိုးရှင်းရှင်းပင် ဆိုသည်။ "တောင်ဘက်စူးစူးကို လီပေါင်းရှစ်ဆယ်သန်းလောက်သွားရင် ဒုတ်ဒုတ်ထိရောက်လိမ့်မယ်။ ရွှယ်ထျန်းဂိုဏ်းက အဲ့ဒီမှာပဲ"

အကြီးအကဲဝေ့ ဆွံ့အသွားရသည်။

ပုံစံက မတုန်မလှုပ်နဲ့မလို့ နည်းနည်းလောက်တော့ အကျပ်ကိုင်ရဦးမယ် ထင်ခဲ့တာလေ။ နောက်ဆုံးမှာတော့ ဒီလောက်ပဲလား။

အနောက်မှ တပည့်များက ခပ်မဲ့မဲ့ပြုံးရယ်နေကြသည်။

ဒီကောင်လေး ပြဿနာကြား ဝင်မပါကောင်းမှန်းတော့ သိသားပဲ။

အကြီးအကဲဝေ့မှာတော့ သူတို့အင်အားကို ရှိန်သွားပြီအထင်နှင့် မာန်ပိုတက်သွားခဲ့သည်။ ကြည့်ပါ့လား၊ သူတို့ဘက်ကလူရဲ့ တည်နေရာမေးတာတောင် တစ်ချက်မှဝေ့ပတ်နေဖို့ သတ္တိမရှိဘူးလေ။

တကယ်တမ်း စဉ်းစားကြည့်ပါက ၎င်းသည် နားလည်နိုင်စရာပင်။ မသေမျိုးငါးရာ တစ်ဖွဲ့လိုက်ကြီးကို မြင်ရသူတိုင်း ရွှယ်ထျန်းဂိုဏ်း မှုန့်မှုန့်ညက်ညက်ကျေအောင် ဖျက်ဆီးခံရတော့မည့်အနာဂတ်အား ကြိုမြင်နိုင်ကြပေမည်။ အခြေအနေကို ကောင်းစွာဝေဖန်သုံးသပ်တတ်မှ ဆက်လက်ရှင်သန်နိုင်ပေမည်။

"မင်းတော်တယ် ကောင်လေး။ ငါတို့ ရွှယ်ထျန်းဂိုဏ်းကို ဖျက်ဆီးပြီးရင် မင်းက ငါ့တို့စန်းမင်တာအိုဂိုဏ်းရဲ့ အရှေ့ပိုင်းဒေသကိုယ်စားလှယ် ဖြစ်လာလိမ့်မယ်" အကြီးအကဲဝေ့က ကျေနပ်စွာ ပြန်ပြောလိုက်သည်။

ရွှယ်ဝူဟန်သည် အကြီးအကဲဝေ့၏ ကျေနပ်အားရနေသော မျက်လုံးများကို ကြည့်လိုက်ပြီး ကြောင်အသွားသည်။

အရူးတစ်ယောက်ကို ကြည့်နေသည့်အလား။

ရွှယ်ထျန်းဂိုဏ်းကို ဖျက်ဆီးမယ်?

မင်းတို့ကပေါ့လေ?

"အကြီးအကဲဝေ့၊ သူ့ကိုအရမ်း မျှော်လင့်ချက်မပေးပါနဲ့။ အခုတောင် ဘယ်လောက် စိတ်လှုပ်ရှားနေလဲ ကြည့်ပါဦး" တပည့်တစ်ဦးက ခပ်လှောင်လှောင် ဝင်ပြောလာသည်။

ရွှယ်ဝူဟန်: "..."

မဟုတ်ဘူး၊ မင်းရဲ့ဘယ်မျက်လုံးက ငါ့ကို စိတ်လှုပ်ရှားနေတယ်လို့ မြင်သွားတာလဲ?

မျက်စိလေးဘာလေး သွားစစ်ကြည့်ပါဦးလား။

"အရေးကြီးတာက တာဝန်ကို မြန်မြန်စ မြန်မြန်အဆုံးသတ်ဖို့ပဲ၊ သွားကြစို့!"

အကြီးအကဲဝေ့သည် ဝတ်ရုံလက်စကို ဖျတ်ခနဲခါကာ လီပေါင်းသောင်းကျော် ရှည်လျားသော တောင်တန်းများနှင့် မြစ်ချောင်းများအား တရှိန်ထိုးကျော်ဖြတ်လျက် ဟွမ်ကျိုးပြည်နယ်ဘက်သို့ ဦးတည်သွားခဲ့သည်။

မသေမျိုးငါးရာသည်လည်း ထပ်ကြပ်မကွာ ရွှယ်ထျန်းဂိုဏ်းဘက်သို့ တန်းတန်းမတ်မတ် ဦးတည်နေကြသည်။ နီးကပ်လာသည်နှင့်အမျှ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာလျက်။

ရွှယ်ဝူဟန် အနောက်မှလိုက်ကြည့်ရင်း ကိုယ်ချင်းစာစိတ်ပင် ဝင်လာမိသည်။

အင်း၊ ဘယ်လောက်တောင် ကြေကွဲစရာကောင်းလိုက်တဲ့ မြင်ကွင်းလေးလဲ။

ဒီလိုတိုးတက်နေတဲ့ ခေတ်အခါမှာတောင် သေဖို့အရေး အပြေးအလွှားသွားနေရတဲ့သူတွေ ရှိနေသေးပါလား။

အကြီးအကဲဝေ့နှင့် အဖွဲ့သည် တစ်ယောက်မကျန် စစ်မှန်သောမသေမျိုးများ ဖြစ်သောကြောင့် အလွန်လျင်မြန်စွာ ပျံသန်းနိုင်ကြပြီး တစ်ခဏချင်းပင် ဟွမ်ကျိုးပြည်နယ်နှင့် ပိုမိုနီးကပ်လာခဲ့ကြသည်။

မကြာမီ ရွှယ်ထျန်းဂိုဏ်းသို့ ရောက်ရှိတော့မည်။ ကြောက်လန့်နေသောမျက်နှာများနှင့် သနားခံငိုကြွေးသံများကို မြင်ရကြားရတော့မည်ဟု တွေးလိုက်သည်နှင့် သူတို့၏ တိုက်ပွဲစိတ်ဓာတ်များ လှုပ်ရှားတက်ကြွလာကြတော့၏။

စကားမစပ်၊ သူတို့ဒီလို အုပ်လိုက်ကြီးပြေးဝင်သွားရင် အဲ့ အကြီးအကဲယဲ့ဆိုလား ဘာဆိုလား၊ ဒင်း တစ်ခါတည်း ကြောက်သေးပါသွားမှာ မဟုတ်ဘူးလား?

မသေမျိုး ငါးရာတောင်လေ!

ငါးရာတောင်နော်!

All Chapters