ဂိုဏ်းတွင်းသူလျှို
Vol. 29 Ch. 394
အကြီးအကဲဝေ့တို့အဖွဲ့ ဟွမ်ကျိုးပြည်နယ်ထဲသို့ ဝင်ရောက်လာသည်နှင့် အလွန်ပြင်းထန်သော အရှိန်အဝါ လှိုင်းလုံးများ ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။
ဘုန်း~
သူတို့ဖြတ်သန်းသွားရာ နေရာတိုင်းတွင် စိမ်းစိမ်းစိုစို သစ်ပင်ပန်းပင်အားလုံး ခြောက်သွေ့သွားခဲ့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ မျက်လုံးအပြူးသားဖြင့်သာ ငေးကြည့်နိုင်ခဲ့ကြ၏။
တောက်ပသော မသေမျိုးအလင်းဖြင့် ဖုံးအုပ်ခြုံလွှမ်းထားသည့် ပုဂ္ဂိုလ်ငါးရာသည် ဥက္ကာခဲမိုးရွာချသည့်အလား သိပ်သည်းလှစွာဖြင့် ကောင်းကင်ကိုဖြတ်သန်းနေခဲ့ကြသည်။ ထိုမြင်ကွင်းအား ငေးကြည့်နေရင်း သူတို့၏ ရင်ထဲတွင် ကြီးစွာတုန်လှုပ်နေကြပြီး အပြင်ကမ္ဘာသည် ဤမျှအထိ တိုးတက်နေပြီလားဟုလည်း အတွေးဝင်မိကြ၏။
ဦးတည်ချက်ကို ကြည့်ခြင်းအားဖြင့် ရွှယ်ထျန်းဂိုဏ်းသို့ ခရီးဆက်နေခြင်းဖြစ်ရမည်။
အရှေ့ပိုင်းဒေသတွင် ယွီဟွားဂိုဏ်း ဖျက်ဆီးခံရပြီးကတည်းက မသေမျိုးဂိုဏ်းကြီးဆယ်ဂိုဏ်း၏ ဦးဆောင်ရာထူးသည် ရွှယ်ထျန်းဂိုဏ်းဆီသို့ ကျရောက်သွားခဲ့သည်။ ၎င်းနောက်တွင် ရွှမ်ကျီးဓားဂိုဏ်း နှင့် ဓားဆင့်ခေါ်ဂိုဏ်းတို့ အသီးသီးလိုက်သည်။
ထို့ကြောင့် မသေမျိုးငါးရာတပ်ဖွဲ့ ရုတ်တရက်ပေါ်လာပြီး ရွှယ်ထျန်းဂိုဏ်းဘက်သို့ အလျင်အမြန်ပြေးသွားကြသည်အား မြင်သောအခါ လူတိုင်းက အကြီးအကဲယဲ့ လက်ခံတွေ့ဆုံမည့် ဧည့်သည်တော်များသာဖြစ်ရမည်ဟု အတွေးဝင်မိကြ၏။
ပြဿနာရှာဖို့တော့ မဟုတ်လောက်ပါဘူးနော်။ ဘယ်သူက ဒီလောက်တုံးအပါ့မလဲ?
"အကြီးအကဲဝေ့၊ ကျွန်တော်တို့ ရွှယ်ထျန်းဂိုဏ်းကို မြင်နေရပြီ!" တပည့်တစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဟဲဟဲ၊ မင်းတို့အားလုံး သူတို့ကို သေချာစောင့်ကြည့်ထားရမယ်၊ အဲဒီ ယဲ့မျိုးရိုးနဲ့ ဟို သူ့တပည့်ကောင်ကို လွတ်မသွားစေနဲ့!"
"ဟုတ်ကဲ့!"
မသေမျိုးငါးရာသည် လွှမ်းမိုးဖိနှိပ်နိုင်စွမ်းပြင်းသော အရှိန်အဝါဖြင့် ရွှယ်ထျန်းဂိုဏ်း နယ်နိမိတ်ဆီသို့ အလျင်အမြန် ချဉ်းကပ်လာခဲ့ကြသည်။ တောင်တံခါးဝကို စောင့်ကြပ်နေသော တပည့်နှစ်ဦးသည် သက်ရောက်လာသော ဖိအားကြောင့် ကြက်သီးဖြန်းဖြန်းထကာ ဦးရေပြားများ ယားယံလာပြီး မျက်နှာအမူအရာများလည်း မတည်ငြိမ်တော့။
"သိပ်မလန့်ကြပါနဲ့၊ သူတို့က တောင်ထိပ်သခင်ယဲ့ကို တွေ့ဖို့လာတာဖြစ်ရမယ်!" အရပ်ရှည်ရှည်နှင့်တစ်ယောက်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"အဲဒါဖြစ်နိုင်တယ်!" အရပ်ပုပုတစ်ယောက်ကလည်း ထောက်ခံလာ၏။
အပြင်လောကမှ ကျင့်ကြံသူတိုင်း တောင်ထိပ်သခင်ယဲ့တစ်ယောက် နယ်မြေပြင်ပမှ မသေမျိုး သန်းတစ်ရာကို တစ်ဦးတည်းသတ်ဖြတ်ခဲ့ပြီး လျှပ်စီးဘေးဒုက္ခကိုပင် ကြောက်လန့်ထွက်ပြေးစေခဲ့ကြောင်း ကြားသိထားကြသည်။ ဤကဲ့သို့သော ထူးခြားသည့် သမိုင်းဝင်စွမ်းအားရှင်အား မည်သူကများ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြဿနာလာရှာရဲမည်နည်း။
ဤမသေမျိုး ငါးရာသည် တောင်ထိပ်သခင်ယဲ့ထံ လာရောက်ဦးညွှတ်ကြရင်း အကြံဉာဏ်တောင်းခံဖို့ပင် ဖြစ်ရမည်။
နားလည်နိုင်တဲ့သူ နားလည်လောက်မဲ့ အကြံဉာဏ်မျိုးပေါ့။
"မရပ်နဲ့၊ ရုတ်တရက် ဝင်သွားပြီး သူတို့ကို ခြောက်လှန့်လိုက်ကြရအောင်!" အကြီးအကဲဝေ့၏နှုတ်ခမ်းများက သရော်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ အခြားတပည့်များလည်း ဆိုလိုရင်းကို ချက်ချင်းနားလည်သွားကြပြီး တစ်ဖက်ဂိုဏ်း၏ တုံ့ပြန်မှုအား အမျှော်လင့်ကြီး မျှော်လင့်နေခဲ့ကြ၏။
ဝှစ်!
မသေမျိုးငါးရာ ရွှယ်ထျန်းဂိုဏ်း သို့ ဝင်ရောက်တော့မည့်အချိန်တွင် ရွှေရောင်အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာပြီး သူတို့အားလုံးကို ပိတ်ဆို့ထားလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ?!"
အကြီးအကဲဝေ့၏ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ ဤအလင်းမျက်နှာပြင်သည် မသေမျိုးများ၏ တိုက်ခိုက်မှုများကို တွန်းလှန်နိုင်သော ရှုပ်ထွေးလှသည့် ကာကွယ်ရေးအစီအရင်တစ်ခုမှ ဖန်တီးထားခြင်းဖြစ်ကြောင်း သူခံစားမိလိုက်၏။
သူတို့ဘက်မှ ပေါ့ဆမိခြင်းဟု ဆိုရမည်ပင်။ မမျှော်လင့်ဘဲ ရွှယ်ထျန်းဂိုဏ်းတွင် ဤမျှအစွမ်းထက်သော အစီအရင်ဆရာသခင်တစ်ဦး ရှိနေခဲ့သည်။
ထို အကြီးအကဲယဲ့ဆိုသူ ဖန်တီးထားခြင်း ဖြစ်နိုင်ပါသလား။
အကယ်၍ တစ်ဖက်လူသာ အန္တရာယ်ကိုသိ၍ ရွှယ်ထျန်းဂိုဏ်း အတွင်းမှ လုံးလုံးထွက်မလာခဲ့ပါမူ သူတို့လူဘယ်လောက်များများ ခေါ်လာပါစေ အသုံးဝင်တော့မည်မဟုတ်။ အကြီးအကဲဝေ့ စဥ်းစားရင်း အကျပ်ရိုက်လာရသည်။
"မသေမျိုးအရှင်များကို ဂါရဝပြုပါတယ်။ ခင်ဗျားတို့ ဒီကိုကြွရောက်လာတာ ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ရဲ့ ညီငယ်ယဲ့ကို လာရောက်တွေ့ဆုံတာများလားခင်ဗျာ"
ရုတ်တရက် ဖုကျန်းတောင်ထိပ်သခင် ထွက်လာခဲ့သည်။ သူ၏ဝဖြိုးသော မျက်နှာတွင် အပြုံးကြီးကြီးတစ်ခုရှိနေပြီး မျက်လုံးမှေးမှေး ရူပကာရှိ၏။
ဦးညွှတ်အရိုအသေပြုရင်း နှုတ်ဆက်လာသောလေသံမှာတော့ ချိုသာရွှင်မြူးလျက်။ သူ၏အမြင်တွင် ဤမျှများပြားသော မသေမျိုးများ အလည်အပတ်လာရောက်ခြင်းသည် ရွှယ်ထျန်းဂိုဏ်းအတွက် အလွန်ဂုဏ်ယူစရာဖြစ်သည်။
ထိုစကားကိုကြားသောအခါ စန်းမင်တာအိုဂိုဏ်းမှ မသေမျိုးအယောက်ငါးရာလုံး ကြောင်တောင်တောင်ဖြစ်သွားရသည်။
ငါတို့က ဒီလောက်လမ်းခရီးအရှည်ကြီးလာပြီး ယဲ့မျိုးရိုးကို သက်သက်ကြီးလာတွေ့လိမ့်မယ်လို့ မင်းတကယ်ထင်တယ်ပေါ့?
ဒီဖက်တီးက အတော် မျက်နှာပြောင်လှချည်ကလား။
အကြီးအကဲများ ဒေါသထွက်တော့မည့်အချိန်တွင် ဦးဆောင်သူ အကြီးအကဲဝေ့က မျက်လုံးဖြင့် တစ်ချက်သတိပေးကာ စိတ်လိုက်မာန်ပါမပြုမူရန် သတိပေးလိုက်သည်။
ထို့နောက် အကြီးအကဲဝေ့၏ မျက်လုံးများတွင် ကောက်ကျစ်ကွေ့ပတ်သော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
သူသည် ဖုကျန်းတောင်ထိပ်သခင်ဘက်သို့ ဦးညွှတ်ပြီး အပြုံးနှင့်အတူ ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်တော်တို့ အကြီးအကဲယဲ့နဲ့ အကြောင်းအရာတချို့ကို ဆွေးနွေးဖို့ ရောက်လာတာပါ။ ကျွန်တော်တို့ကို အထဲဝင်ဖို့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"
မသေမျိုးအဆင့်သို့ မရောက်သေးသော ပုရွက်ဆိတ်တစ်ကောင်ကို ဤသို့ ရိုရိုသေသေ ပြောဆိုရခြင်းမှာ ရှက်စရာကောင်းလှသော်လည်း ရွှယ်ထျန်းဂိုဏ်းထဲသို့ အသာတကြည် ဝင်ခွင့်ရမည်ဆိုလျှင် ထိုက်တန်သည်ပင်။ မည်သို့ပင်ဆိုစေ သူတို့အတွင်းသို့ ရောက်သွားသည်နှင့် လူသတ်ပွဲကို ချက်ချင်းစတင်နိုင်မည်ဖြစ်၏။
"နားလည်ပါပြီ" ဖုကျန်းတောင်ထိပ်သခင် ခေါင်းညိတ်လိုက်ပြီး သူ၏အပြုံးက ရိုးသားဖြောင့်မတ်နေသည်။
သူသည် အကြီးအကဲဝေ့၏စကားကို လုံးလုံးလျားလျားပင် သံသယမဝင်ခဲ့ပေ။ အဓိကအချက်မှာ သူတို့အားလုံး၏ စိတ်ထဲတွင် တောင်ထိပ်သခင်ယဲ့ကို အလကားသက်သက်ရန်လာစရလောက်အောင် မည်သူမျှဦးနှောက်မမဲ့လောက်ဟု စွဲထင်ထားသောကြောင့်ပင်။
ဒင်းတို့ အသက်ရှင်ရတာ အရမ်းပျင်းမနေရင်ပေါ့။
အကြီးအကဲဝေ့က ကြင်နာစွာ ပြန်ပြုံးပြလိုက်ပြီး"မင်း ဘာမှနားမလည်သေးပါဘူး!" ဟု တိတ်တဆိတ်တွေးလိုက်သည်။
ဖုကျန်းတောင်ထိပ်သခင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ရွှေရောင်ကာကွယ်ရေးဒိုင်းကို ဖယ်ရှားလိုက်သည်။
အကြီးအကဲဝေ့ အူကြောင်ကြောင်ဖြစ်သွားရ၏။ ငါ့စကားကို တကယ်ကြီးယုံသွားတာပေါ့လေ
"မသေမျိုးအရှင်များ၊ ညီငယ်ယဲ့က မြူခိုးတောင်ထိပ်မှာနေပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးပါ့မယ်" ဖုကျန်းတောင်ထိပ်သခင်က ဖော်ရွေစွာ ပြောလိုက်သည်။ မသေမျိုး ငါးရာကို လမ်းပြပေးရခြင်းသည်ကား အလွန်ဂုဏ်ယူစရာကောင်းလှမည်ပင်။
အကြီးအကဲဝေ့တို့ အဖွဲ့ကတော့ အကြီးအကဲယဲ့ဆိုသူမှာ မြူခိုးတောင်ထိပ်၏ တောင်ထိပ်သခင်ဖြစ်မှန်း ယခုမှသာ သိလိုက်ရခြင်းပင်။
"အကြီးအကဲဝေ့၊ ကျွန်တော်တို့..."
"စိတ်ထိန်းပါ။ ယဲ့မျိုးရိုးက မသေမျိုးတစ်ပါးဖြစ်ပြီး အစီအရင်တွေမှာလည်း ကျွမ်းကျင်တယ်။ စိတ်ချရအောင် သူ့ကိုအရင်ဦးဆုံးရှင်းပြီးမှ ကျန်တာတွေဆက်လုပ်ကြတာပေါ့!"
"အကြီးအကဲဝေ့က တကယ်ပဲ စဥ်းစားဉာဏ်ပြည့်ဝတယ်။"
အချင်းချင်း လျှို့ဝှက်အသံပို့ ဆွေးနွေးကြရင်း သူတို့၏ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ဖုကျန်းတောင်ထိပ်သခင်က မသေမျိုးငါးရာကို ခေါ်ဆောင်ကာ ဂိုဏ်းထဲသို့ ခေါင်းမော့ရင်ကော့လျက် ဝင်ရောက်လိုက်သည်။ လမ်းတစ်လျှောက်တွင် သူ့မျက်နှာဖောင်းဖောင်းကြီးမှာ ကျေနပ်မှုဖြင့် တောက်ပနေပြီး ဂိုဏ်း၏ အဆောက်အအုံများနှင့် လေ့ကျင့်ရေးကျောင်းအမျိုးမျိုးကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေသည်။ သူ၏လေသံတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေတော့၏။
"မသေမျိုးအရှင်များ၊ ဒါက ကျွန်တော်တို့ ရွှယ်ထျန်းဂိုဏ်းရဲ့ ပြိုင်ပွဲကွင်း၊ ဟိုဘက်က လေ့ကျင့်ရေးခန်းမ၊ ပြီးတော့ ကျမ်းစာခန်းမကတော့ ဘယ်ဘက်က တောင်ပေါ်မှာပါ..."
အကြီးအကဲဝေ့တို့အဖွဲ့မှာ ရွှယ်ထျန်းဂိုဏ်းထဲသို့ ဝင်ရောက်ပြီးလျှင်ပြီးချင်း ခံစားလိုက်ရသော ကျင့်ကြံခြင်းပတ်ဝန်းကျင်ကြောင့် အံ့ဩတုန်လှုပ်မဆုံးနိုင်သေး။
"မသေမျိုးချီ! ဘယ်လောက်တောင် ထူထပ်လိုက်တဲ့ မသေမျိုးချီလဲ!"
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီက မသေမျိုးချီ ပမာဏနဲ့ အရည်အသွေးက ငါတို့ စန်းမင်တာအိုဂိုဏ်းထက်တောင် ပိုမြင့်နေတယ်!"
"ဒီလို ဂိုဏ်းစုတ်ဂိုဏ်းငယ်တစ်ခုက ဘာကြောင့်ဒီလောင် အခြေအနေကောင်းနေရတာလဲ?"
"ချီးတဲ့မှ၊ ငါ သူတို့နဲ့တောင် ပူးပေါင်းချင်လာပြီ!"
မကြုံစဖူးသော မသေမျိုးချီအရည်အသွေးကို ခံစားလိုက်ရသောအခါ ကိုယ့်ကိုကိုယ် အလွန်အမြင်ကျယ်လှပြီဟု သတ်မှတ်ထားကြသော အလယ်ပိုင်းဒေသခံ မသေမျိုးအဖွဲ့မှာ လွန်စွာတုန်လှုပ်သွားကြရ၏။
အကြီးအကဲဝေ့၏မျက်လုံးများ ရဲရဲတောက်နေပြီး တံတွေးကို အသာမျိုချလိုက်သည်။ စန်းမင်တာအိုဂိုဏ်းသည် မကြာသေးခင်က မသေမျိုးသွေးကြော တစ်ရာကို ခက်ခက်ခဲခဲစုဆောင်းခဲ့ပြီး ၎င်းသည် အလယ်ပိုင်းဒေသတွင် အတော်လေးအဆင့်မြင့်သော အရေအတွက်ဟု ဆိုနိုင်ပေမည်။
သို့သော် ရွှယ်ထျန်းဂိုဏ်းနှင့် နှိုင်းယှဉ်ပါက နတ်ဆိုးကြီးတစ်ပါးနှင့် တွေ့ဆုံရသည့် စုန်းမငယ်လေးတစ်ကောင်ကဲ့သို့ပင်။
ဤမျှထူထပ်သော မသေမျိုးချီခံစားချက်အရ ဤနေရာတစ်ဝိုက် မသေမျိုးသွေးကြော ရှစ်ရာ၊ ကိုးရာလောက်အထိ ရှိနေလောက်မည်မဟုတ်လား။
အတွေးများ တစ်ခုပြီးတစ်ခု ဝင်ရောက်လာရင်း အကြီးအကဲဝေ့၏ မျက်လုံးများမှာ သွေးရောင်တောက်တောက်နီမြန်းလာကာ မနာလိုစိတ်ဖြင့် ရူးသွပ်သွားတော့မလို ခံစားနေရ၏။
ဘာကြောင့် ဒီလိုနိမ့်ကျတဲ့ ပုရွက်ဆိတ်တွေက ဒီလိုကောင်းမွန်တဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်ကို ခံစားခွင့်ရနေတာလဲ။ သတ်ရမယ်၊ သူတို့ကို အကုန်သတ်ပစ်ရမယ်!
"အားလုံးပဲ၊ မင်းတို့ရဲ့ခံစားချက်ကို ငါနားလည်ပါတယ်။ ဒီကလူတွေကို ရှင်းလင်းပြီးတာနဲ့ ဒီနေရာဟာ ငါတို့စန်းမင်တာအိုဂိုဏ်းရဲ့ အပိုင်ဖြစ်လာလိမ့်မယ်!"
"နည်းနည်းလေးပဲ ဆက်သည်းခံလိုက်ပါ!"
အကြီးအကဲဝေ့က သူတို့ကို ဖျောင်းဖျနှစ်သိမ့်လိုက်သည်။
လူတိုင်း နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့၏မျက်လုံးများတွင် လောဘဇောများ အထင်အရှားရှိနေခဲ့၏။
ပတ်ဝန်းကျင်မှ တပည့်များနှင့် အကြီးအကဲများမှာ ဖုကျန်းတောင်ထိပ်သခင်ကိုယ်တိုင် မသေမျိုးတစ်ဖွဲ့လိုက်ကြီးကို ဦးဆောင်ခေါ်သွင်းလာသည်အား မြင်သောအခါ ဂုဏ်ယူဝင့်ကြွားသွားကြရသည်။
မြင်ရဲ့လား?
သူတို့အားလုံး ငါတို့ရွှယ်ထျန်းဂိုဏ်းကို အလည်လာကြတာလေ။
"မသေမျိုးအရှင်များ၊ ဒါကတော့ မြူခိုးတောင်ထိပ်ပါ။ ညီငယ်ယဲ့က အဲဒီမှာနေပါတယ်။ ခင်ဗျားတို့ အမြန်တက်သွားပြီး တွေ့ဆုံလိုက်ကြပါတော့" ဖုကျန်းတောင်ထိပ်သခင်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"ကဲ၊ သွားကြ!"
အကြီးအကဲဝေ့က အားမာန်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။ ကြွေးကြော်သံသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အဖျားပင်ခတ်လျက်။
ဝှစ်၊ ဝှစ်၊ ဝှစ်~
မသေမျိုးအလင်းတန်းများဖြင့် ဖုံးအုပ်ထားသော အင်အားကြီး ပုဂ္ဂိုလ်ငါးရာသည် ပြင်းပြသောတိုက်ပွဲစိတ်ဓာတ်ဖြင့် မြူခိုးတောင်ထိပ်ထဲသို့ အတင်းအကြပ် ဝင်ရောက်သွားကြတော့၏။
ဖုကျန်းတောင်ထိပ်သခင် ကြောင်ရပ်သွားကာ သူ၏မျက်နှာထားက ထူးဆန်းနေသည်။
"ဒီလောက် အလျင်စလိုနိုင်ရသလား။ မသိရင် ဘဝသစ်ကိုပြန်ဝင်စားဖို့ သွားနေသလိုပဲ"
မြူခိုးတောင်ထိပ်။
ယဲ့ကျွင်းလင်တို့ ဆရာတပည့်များ အရသာရှိသော စားသောက်ပွဲကြီးကို အပြီးသတ်ပြီးခါစအချိန်တွင် မသေမျိုးရာပေါင်းများစွာ၏ အရှိန်အဝါ စုဝေးနီးကပ်လာသည်ကို ခံစားမိလိုက်ရ၏။
"ဟင်?" ယဲ့ကျွင်းလင်က မျက်ခုံးပင့်လိုက်သည်။ ဂိုဏ်းထဲမှာ ဘယ်တုန်းက ဒီလောက်များပြားတဲ့ မသေမျိုးတွေ ရုတ်တရက်ပေါ်လာတာလဲ။
"ဆရာသခင်၊ သူတို့က ကျွန်တော်တို့ဂိုဏ်းကလူတွေ မဟုတ်ဘူးနဲ့တူတယ်!" မသေမျိုးများ၏ ခရမ်းဖျော့ရောင် ဝတ်ရုံများကို မြင်သောအခါ လီဝူကျယ် တအံ့တသြ မှတ်ချက်ချလိုက်သည်။
"ခဏလေး၊ နည်းနည်းတော့ မြင်ဖူးနေသလိုပဲ..."
လီဝူကျယ်သည် မကြာသေးခင်မှ သူသတ်ခဲ့သော ချန်ကျိဇီသည်လည်း တစ်ပုံစံတည်းတူသော ဝတ်ရုံမျိုးကို ဝတ်ဆင်ခဲ့ကြောင်း အမှတ်ရလိုက်သည်။ သူ၏မျက်လုံးများက အံ့ဩတကြီး ပြူးကျယ်သွားပြီး ရေရွတ်မိလိုက်၏။ "သေရော! ဒါ စန်းမင်တာအိုဂိုဏ်းကလူတွေပဲ!"
ယဲ့ကျွင်းလင်: "?"
စကားမစပ်၊ သူတို့က ငါတည်ဆောက်ထားတဲ့ အစီအရင်တွေကို ဘယ်လိုများကျော်ဖြတ်ပြီး ငါ့အိမ်ထဲအထိ ဘယ်လိုတိတ်တိတ်လေး ဝင်လာကြတာလဲ။
မဟုတ်မှလွဲရော...
ဂိုဏ်းတွင်းသူလျှို ရှိနေတာလား?