အလယ်ပိုင်းဒေသ၏ရန်သူတော် သွေးနီနတ်ဆိုး
Vol. 29 Ch. 395
မသေမျိုး အယောက်ငါးရာသည် ယဲ့ကျွင်းလင်တို့ဆရာတပည့်အဖွဲ့ကို နေရာမလပ်စေရအောင် ဝိုင်းရံထားပြီး သူတို့၏မျက်နှာများက လှောင်ပြောင်လိုဟန်ဖြင့် မဲ့ရွဲ့နေကြလျက်။
"ဟဲဟဲ၊ အခုတော့ မင်းတို့ ဘယ်ပြေးမလဲ!" အကြီးအကဲဝေ့သည် ဂုဏ်သရေရှိဧည့်သည်မျက်နှာဖုံးကို လုံးဝဖယ်ရှားလိုက်ပြီး သူ၏ ရန်လိုသော အကြည့်က ထိုလူတစ်စုထံတွင်သာ စူးစိုက်ကျရောက်နေသည်။ သူတစ်ခုခုပြောတော့မည့်အချိန်တွင် လူကြားထဲမှ အလွန်ထူးခြားစွာ ထင်ပေါ်နေသည့် အနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုကို ရုတ်တရက် သတိပြုမိသွား၏။
အကြီးအကဲဝေ့သည် သူမျက်စိမှားသည်ဟုပင် ထင်မိပြီး မျက်လုံးကို နာနာပွတ်လိုက်သည်။ ထို့နောက် မျက်လုံးပြူးပြူးဖြင့် တစ်ဖန်ပြန်ကြည့်လိုက်သည်။
ထပ်ခါတလဲလဲ အတည်ပြုပြီးနောက်မှ သူ၏မျက်စိသူငယ်အိမ်သည် အပ်ဖျားခန့်အရွယ်အစားသို့ ကြောက်လန့်တကြား ကျုံ့ဝင်သွားခဲ့၏။ ကျောရိုးတစ်လျှောက်မှ ခေါင်းထိပ်အထိ အေးစက်သွားပြီး ဦးခေါင်းခွံသည် ကွဲထွက်တော့မတတ် နောက်ကျိလာသည်။ သွေးကြောများထဲမှ သွေးစီးကြောင်းများ အရိုးထဲအထိ ခဲသက်သွားသကဲ့သို့ လှိုက်တက်လာသော အအေးဓာတ်အား ခံစားမိလိုက်သည်။
မမှားနိုင်ပါ။
သူ၊ အဲ့ဒါသူပဲ!
ထိုထူးခြားသည့် အနီရောင်ဝတ်ရုံ၊ အမျိုးသမီးများပင် မနာလိုဖြစ်ရလောက်အောင် အလွန်လှပအချိုးကျသည့် ထိုမျက်နှာနှင့် ဆီးနှင်းကဲ့သို့ အေးစက်သော၊ တစ်လောကလုံးကို မျက်လုံးထဲထည့်ဖို့မတန်သည့်နှယ် လျစ်လျူရှုထားသော အမူအရာအားလုံးသည် တစ်ခုတည်းကိုသာ ဖော်ညွှန်းနေခဲ့သည်။ ထိုသူသည် အလယ်ပိုင်းဒေသ ဂယက်ပေါင်းများစွာ ဖန်တီးခဲ့သော ထိုနတ်ဆိုးဂိုဏ်းချုပ်မှလွဲ တခြားမရှိပြီဟု။
"အကြီးအကဲဝေ့၊ ဒီလူက..." အခြားတပည့်များစွာလည်း သတိထားမိသွားကြဟန်ဖြင့် ထိတ်လန့်နေကြပြီး မရေမရာ ဝေတေဝါးတား ရေရွတ်လာကြသည်။
အကြီးအကဲဝေ့၏ နဖူးပေါ်တွင် ချွေးစေးများသီးလာပြီး မျက်နှာအရောင်က ပြာနှမ်းလာသည်။ "ဟုတ်တယ်၊ မင်းတို့မမှားဘူး၊ သူ ငါတို့ရှေ့မှာ ရောက်နေတယ်!"
"မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးဂိုဏ်းချုပ်ဟောင်း၊ သွေးနီနတ်ဆိုးဟုန်ချန်ယဲ့!!!"
ဤဘွဲ့နာမည်ကို ထပ်မံပြောဆိုလိုက်ရသည်နှင့် အကြီးအကဲဝေ့တို့ တပ်ဖွဲ့တစ်ခုလုံးမှာ မကြာသေးသော ကာလတစ်ခုကမှ အလယ်ပိုင်းဒေသတစ်ခုလုံးကို သွေးမြစ်စီးစေခဲ့သော ကြေကွဲဖွယ်ရာ မသေမျိုးစစ်ပွဲအား ပြန်လည်အမှတ်ရမိခဲ့ကြသည်။
သူတို့၏မှတ်ဉာဏ်ထဲတွင် အရှင်းသားစွဲထင်ကျန်နေသေး၏။ ထိုအနီရောင်ဝတ်ရုံဝတ်ပုဂ္ဂိုလ် စစ်မြေပြင်သို့ အမြင့်ဆုံးသောစွမ်းအားဖြင့် ဆင်းသက်လာသောအခါ ကမ္ဘာကိုဖျက်ဆီးမည့် နတ်ဆိုးမီးလျှံများသည် မြေပြင်တစ်လျှောက်လုံး ပျံ့နှံ့သွားခဲ့ပြီး သူတော်ကောင်းလမ်းစဉ် မဟာမိတ်တပ်ဖွဲ့များတွင် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကာ နေရာအနှံ့အပြားကို ပြာပုံအဖြစ် ပြောင်းလဲစေခဲ့သည်။ မသေမျိုးများ အများအပြား ဝိုင်းရံဖိနှိပ်ကျမှသာ ထိုပုဂ္ဂိုလ်ကို အနိုင်ယူနိုင်ခဲ့ခြင်းပင်။
နောက်ပိုင်းတွင် ထိုသူသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး သေသည်ရှင်သည်မကွဲပြားစွာ အစပျောက်သွားခဲ့တော့၏။
မမျှော်လင့်ဘဲ နှစ်ပေါင်းများစွာကြာပြီးချိန်မှ ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဂိုဏ်းချုပ်ကို ဤနေရာတွင် မထင်မှတ်ထားစွာ ထပ်မံမြင်တွေ့ရခဲ့ရလေပြီ။ ထိုသူသည် ထူးခြားသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်တတ်လေ့ရှိပြီး ကမ္ဘာမြေ၏ဒေါသအလား စွမ်းအားကြီးသော နတ်ဆိုးမီးလျှံများကို ထုတ်လွှတ်နိုင်သောကြောင့် ထိုအချိန်က အလယ်ပိုင်းဒေသတွင် အင်အားကြီးသူများစွာက သူ့ကို ဘွဲ့နာမည်တစ်ခု ပေးအပ်ခဲ့ကြသည်။
အနီရောင်ဝတ်ရုံဝတ် ကောင်းကင်ဘေးအန္တရာယ်။
ထိုစကားလုံးလေးလုံးသည် အလယ်ပိုင်းဒေသခံတို့၏ နှလုံးသားပေါ်တွင် ဧရာမတောင်ကြီးတစ်ခုဖြင့် ဖိနှိပ်ထားသကဲ့သို့ သက်ရောက်မှုပြင်းကာ ကြားလိုက်ရချိန်တိုင်း အသက်ရှူရကျပ်စေတတ်သည်။ ထိုနာမည်ကို တစ်နေရာရာတွင် ကြားလိုက်ရပါက ထိုနေရာတွင် လူသတ်ပွဲတစ်ခုဖြစ်ပြီးသွားပြီဟု ဆိုလို၏။
ဟုန်ချန်ယဲ့က ရွှင်မြူးကျေနပ်စွာ ရယ်သွမ်းသွေးလိုက်ပြီး သူ၏မျက်လုံးများက မသေမျိုးငါးရာကို ကလေးကစားသည့်အရုပ်လေးများနှယ် ဝေ့ဝဲစိုက်ကြည့်နေခဲ့၏။ နောက်ဆုံးတွင် ထိုအကြည့်က ဦးဆောင်သူ အကြီးအကဲဝေ့အပေါ် ရပ်တန့်သွားသည်။
"ဒီအရှင် မင်းကို မှတ်မိတယ်။ အရင်တုန်းက သူတော်ကောင်းလမ်းစဉ် မဟာမိတ်တပ်ဖွဲ့တွေ ဒီအရှင့်ကို တိုက်ခိုက်ပြီဆိုရင် မင်းက မသေမျိုးတစ်ပါးလို့မထင်ရလောက်အောင် အဝေးကပဲ လေသံပစ်နေခဲ့တာလေ။ အင်း... ရဲစွမ်းသတ္တိက ကြွက်တစ်ကောင်လောက်တောင် စောက်ဖြစ်မရှိ"
မိမိ၏ ပြန်လှန်မပြောချင်စရာ သမိုင်းကြောင်းကို တစ်ဖက်လူက ထုတ်ဖော်ပြောဆိုလိုက်သောအခါ အကြီးအကဲဝေ့မှာ ရှက်ရွံ့လွန်း၍ မြေကြီးထဲတွင်းတူးကာ ဝင်အောင်းလိုက်ချင်စိတ်ပေါက်သွားသည်။ ထို့နောက် စိမ့်ထွက်လာသော ချွေးအေးများကို သုတ်လိုက်ပြီး ကို့ရို့ကားရား ရယ်မောလိုက်၏။ "နတ်ဆိုးဂိုဏ်းချုပ်ဟုန်၊ ကျွန်တော်ကြွေးကြော်ခဲ့တယ်ဆိုပေမဲ့ ခင်ဗျားကို လက်ဖျားနဲ့တောင် မရွယ်ခဲ့ဖူးပါဘူး၊ ဟုတ်တယ်မလား?"
"မင်း မလုပ်ချင်လို့လား၊ ဒါမှမဟုတ် မလုပ်ရဲလို့လား" ဟုန်ချန်ယဲ့က အဓိပ္ပာယ်ပါပါ တစ်ခွန်းမေးလိုက်သည်။
အကြီးအကဲဝေ့၏ နှလုံးသား တုန်ယင်သွားသည်။ မျှမျှတတဆိုရလျှင် သူသည် ထိုအချိန်က မသေမျိုးအဆင့်သို့ ရောက်ရှိခါစ အခြေအနေပင်။ အသစ်တက်ရောက်လာသည့် စစ်မှန်သော မသေမျိုး တစ်ပါးအနေဖြင့် စစ်မှန်သော မသေမျိုး နဝမအဆင့်သို့ ရောက်ရှိပြီးဖြစ်သော ဟုန်ချန်ယဲ့နှင့် မယှဉ်နိုင်ပေ။ တစ်ဖက်လူကို အကြည့်ချင်းသွားဆုံလိုက်ရုံမျှပင် သူပြာကျသွားနိုင်သည်။
ဤကြောက်ရွံ့ဖွယ် စိတ်ဖိစီးမှုအောက်တွင် အကြီးအကဲဝေ့သည် နောက်ဆုံးတွင်တော့ ကွယ်ရာမှသာ ကြွေးကြော်အော်ဟစ်ဖို့ ဆုံးဖြတ်ခဲ့လိုက်တော့၏။
မကြာမီ စစ်မြေပြင်မှရောက်ရှိလာသော သတင်းများအရ သူ၏ရွေးချယ်မှု မှန်ကန်ခဲ့သည်ပင်။ စစ်ပွဲစသည်နှင့် ရှေ့တန်းသို့ အပြေးအလွှားဝင်ရောက်ခဲ့သော စစ်မှန်သောမသေမျိုး ရာနှင့်ချီ၍ အသက်ရှင်လျက် မီးရှို့ခံခဲ့ရပြီး အလောင်းပင် မကျန်ခဲ့ဟု ဆို၏။
ထိုက်ချူ ကျင့်ကြံရေးနယ်မြေ၏ အရှင်သခင်ကိုယ်တိုင် မသေမျိုးမှော်လက်နက်ကို ကိုင်စွဲကာ ဟုန်ချန်ယဲ့ကို ဖိနှိပ်ထားလိုက်နိုင်မှ စစ်ပွဲ၏အခြေအနေကို ပြောင်းလဲနိုင်ခဲ့သည်။ မဟုတ်ပါက ထိုနတ်ဆိုးဂိုဏ်းချုပ် လက်ရဲဇက်ရဲနိုင်လှပုံဖြင့် သူတို့ဘက်မှ မသေမျိုးမည်မျှဆုံးရှုံးရလိမ့်မည်မှန်း ခန့်မှန်းမရနိုင်။
ဤကာလတစ်လျှောက်လုံး အကြီးအကဲဝေ့သည် ထိုအချိန်က သူ၏လုပ်ရပ်အား ကျေနပ်လို့မဆုံးနိုင်။ နောက်ပိုင်းတွင် အလယ်ပိုင်းဒေသ သမိုင်းကြောင်း၌ မော်ကွန်းတင်ရလောက်အောင် ကျော်ကြားသော ထိုစစ်ပွဲအကြောင်း ပြန်လည်ပြောဆိုသည့်အခါ သူသည် မီးလျှံနတ်ဆိုးဂိုဏ်းချုပ်နှင့် အကြိမ်သုံးရာတိုင်တိုင် တိုက်ခိုက်ခဲ့သော်ငြား မည်သူမှ အသာမရသောကြောင့် သရေရလဒ်ဖြင့်သာ အဆုံးသတ်လိုက်ရသည်ဟု ကြွားဝါတတ်သည်။
ကိုယ့်ပါးစပ်နဲ့ကိုယ်ကြွားတာပဲ။ ဘယ်သူဘာပြောချင်သလဲ? ဥပဒေချိုးဖောက်နေတာလည်းမဟုတ်။
အရေးအကြီးဆုံးအချက်မှာ ဂိုဏ်းမှ ငယ်သားအများအပြားက သူ၏ ပေါက်ပန်းလေးဆယ်စကားများကို အတည်ပေါက်ယုံကြည်ခဲ့ကြပြီး သွေးနီနတ်ဆိုး၏ လက်ရည်တူပြိုင်ဘက်အဖြစ် ဂုဏ်သတင်း အတော်ကျော်ဇောသွားခဲ့ကာ ဂိုဏ်းအတွင်း ရာထူးတိုးမြှင့်မှုများ အလျင်အမြန်ရရှိခဲ့သည်။
ယခုတော့ ဂိုဏ်းသားငါးရာရှေ့တွင် ဟုန်ချန်ယဲ့က သူ၏သတ္တိကြောင်ပုံကို မျက်နှာချင်းဆိုင် ဖော်ထုတ်လိုက်သောအခါ အကြီးအကဲဝေ့ အလွန်ရှက်ရွံ့သွားရပြီး အနောက်မှဂိုဏ်းသားများ၏ မဲ့မဲ့ရွဲ့ရွဲ့အကြည့်များ တီးတိုးသံများကို ခံစားမိနေရ၏။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။
"အစ်ကိုကြီးဟုန်၊ ခင်ဗျားက အလယ်ပိုင်းဒေသက လာတာလား။ နောက်ပြီး နတ်ဆိုးဂိုဏ်းချုပ် တစ်ဦးတဲ့လား?!" လီဝူကျယ်သည် အမှန်တရားကို ယခုမှသိလိုက်ရခြင်းဖြစ်သဖြင့် သူ၏မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။
သူ့ဘေးတွင် အကောင်ကြီးကြီး ပုဂ္ဂိုလ်တစ်ဦး တစ်လျှောက်လုံး ပုန်းကွယ်ဇာတ်မြှုပ်နေထိုင်ခဲ့သည်ကို ယခုမှသိလိုက်ရသတဲ့လား?
မလွန်လွန်းဘူးလား? ညီအစ်ကိုအချင်းချင်းကို ဘယ်လိုလုပ် ဒီလောက်အထိဖုံးကွယ်နိုင်ရတာလဲ?
နောက်ခံဇာတ်ကြောင်းတစ်ခုလုံး ပေါ်လွင်သွားပြီးနောက် ဟုန်ချန်ယဲ့ ယဲ့ကျွင်းလင်ကို မလုံမလဲကြည့်လိုက်မိသည်။ "ဆရာသခင်၊ တကယ်တော့ ကျွန်တော်က..."
"မင်း ရှင်းပြနေဖို့မလိုဘူး။ မင်းကို တပည့်အဖြစ် လက်ခံကတည်းက မင်းရဲ့နောက်ခံကို ငါသိပြီးသား" ယဲ့ကျွင်းလင် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အဆင်ပြေကြောင်း နှစ်သိမ့်လိုက်သည်။
စနစ်၏မျက်နှာပြင်တွင် သူ့တပည့်တိုင်း၏ နောက်ခံအချက်အလက်စုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။