← Chapters

အခန်း (၃၉၆)

Vol. 29 Ch. 396

အခန်း (၃၉၆)

Vol. 29 Ch. 396

ဟုန်ချန်ယဲ့ဆိုလျှင် နတ်ဆိုးဂိုဏ်းချုပ် တစ်ဦး၊ ပိုမိုအသေးစိတ်ရလျှင် အလယ်ပိုင်းဒေသတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ဖူးသော တစ်ချိန်က ဂိုဏ်းချုပ်‌ဟောင်း။

ဤနောက်ခံအချက်အလက်သည် အခြားသူများအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နိုင်သော်ငြား သူ့အမြင်တွင်မူ အတိတ်သည် အတိတ်သာဖြစ်၏။ လွင့်ပြယ်သွားသော တိမ်တိုက်များသည် နဂိုပုံစံပြန်မဖြစ်နိုင်တော့။

ဟုန်ချန်ယဲ့ အလွန်အံ့ဩသွားသည်။ ဒါဆို ဆရာသခင် က သိပြီးသားပေါ့?

ထို့နောက်မှ သူ့ဆရာ၏ နောက်ခံအစစ်အမှန်သည်လည်း မသေမျိုးဧကရာဇ် ဖြစ်ကြောင်း အမှတ်ရပြီး ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။

"ဒီ ဒီလူက မင်းရဲ့ ဆရာသခင် လား?!" အကြီးအကဲဝေ့ မယုံနိုင်စွာ အာမေဍိတ်သံပြုလိုက်မိသည်။

ဤ ဆံပင်ဖြူနှင့်လူငယ်သည် ရွှယ်ထျန်းဂိုဏ်း၏ မြူခိုးတောင်ထိပ်သခင်၊ အရှေ့ပိုင်းဒေသမှ ကျင့်ကြံသူများ နှုတ်မှမချသော ထိုအကြီးအကဲယဲ့ ဖြစ်နိုင်ပါသလား?

မောက်မာမာန်ဝင့်ရာတွင် နာမည်ဆိုးနှင့် ကျော်ကြားသော ရက်စက်ကြမ်းကြုတ်သည့် မီးလျှံနတ်ဆိုးဂိုဏ်းချုပ်ပင် ဆရာသခင်အဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံတင်မြှောက်ထားသော ပုဂ္ဂိုလ်တစ်ဦးသည် မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။

ရုတ်တရက်။

ထိတ်လန့်တကြားနိုင်လှသော အကြည့်ရာပေါင်းများစွာသည် ယဲ့ကျွင်းလင်အပေါ်တွင် စုဝေးလာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရင်လေးစွာ သက်ပြင်းရှိုက်လိုက်သော အသံရာပေါင်းများစွာဖြင့် ပြည့်နှက်သွားခဲ့၏။

ယဲ့ကျွင်းလင်သည် ထိုအသံများကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာပြီး "ဟေ့၊ ဟေ့၊ ဟေ့၊ တော်လောက်ပြီ" ဟု ဝင်တားလိုက်ရသည်။

နေရာတစ်ခုလုံး ချက်ချင်း ပြန်လည်တိတ်ဆိတ်သွားသည်။

အကြီးအကဲဝေ့တို့တစ်ဖွဲ့လုံးမှာ အသံထွက်မိမည်ကို ကြောက်လွန်း၍ ပါးစပ်များကိုပင် တင်းတင်းဖိပိတ်ထားရ၏။ ဤပုဂ္ဂိုလ်သည် နှယ်နှယ်ရရဟုတ်မနေ။ သွေးနီနတ်ဆိုးပင် နာခံရသော ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

"မင်းတို့ ငါဒီမှာရှိနေတာ မသိခဲ့ဘူးနဲ့တူတယ်။ မင်းတို့ ဒီကိုလာရတဲ့အကြောင်းရင်းက မသေမျိုးတောင် တစ်သောင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စကြောင့်မဟုတ်လား" ဟုန်ချန်ယဲ့က မေးလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ခင်ဗျားတို့ ဒီကို ပြဿနာရှာဖို့လာတာမဟုတ်လား!" လီဝူကျယ် ဓားကြီးတရမ်းရမ်းဖြင့် ဒေါသတကြီး ဝင်ပြောလိုက်သည်။

သူ့ကို ဒေါသအထွက်စေဆုံးအရာမှာ မသေမျိုးငါးရာ၏ လက်စားချေခြင်းမဟုတ်ပါဘဲ အဓိကဇာတ်လိုက်နေရာ အခိုးခံလိုက်ရသောကြောင့်ပင်။ မင်းတို့လာရတဲ့ အဓိကအကြောင်းရင်းက ငါပါနော်။

အကြီးအကဲဝေ့တို့အဖွဲ့မှာ မျက်နှာများ ဖြူဖျော့သွားပြီး စိတ်ဓာတ်ဒုန်းဒုန်းကျကာ အားလျော့ကုန်ကြတော့၏။ လက်ရှိဝိုင်းရံထားကြသည်မှာ သူတို့ဘက်ကဖြစ်သော်ငြား သူတို့က အဝိုင်းရံခံထားရသလို ခံစားနေရသည်။

ဒီနေ့ ကံမကောင်းပါလား။

ဒီဂိုဏ်းမှာ ဒီလိုအကောင်ကြီးကြီးတွေရှိနေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ?

"အကယ်၍၊ အကယ်၍ ကျွန်တော်တို့က လက်စားချေဖို့ မဟုတ်ဘဲ အကြီးအကဲယဲ့ကို လေးစားလွန်းလို့ တာအိုအကြောင်း အတူဆွေးနွေးဖို့ လာတာဆိုရင် ခင်ဗျားတို့ ယုံကြမှာလား" အကြီးအကဲဝေ့က ရုပ်တည်ဖြင့် အလေးအနက်ပြောလိုက်သည်။

"ကျွန်တော်တို့ကို ခေါ်လာတဲ့ ဟိုဖက်တီးက သက်သေခံနိုင်တယ်!"

အဝေးတစ်နေရာတွင်။

ဟတ်ချိုး

ဖုကျန်းတောင်ထိပ်သခင် ရုတ်တရက် နှာချေမိလိုက်သည်။ မျက်နှာဖောင်းဖောင်းကြီးမှာ အတော်လေးအံ့သြသွားရဟန်ရှိပြီး ခဏအကြာတွင် အလွန်စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ရှိ၏။

ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက အကြောင်းမဲ့ ဘာလို့နှာချေရမှာလဲ။

ဖုကျန်းတောင်ထိပ်သခင် တစ်ခုခုကို စဉ်းစားမိသွားပြီး တိမ်ဖုံးနေသော မြူခိုးတောင်ထိပ်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ဗိုက်ကြီးကို အားရပါးရပုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

"အခုချိန်ဆို သူတို့အားလုံး အရမ်းရင်းနှီးနေကြလောက်ရောပေါ့"

မြူခိုးတောင်ထိပ်။

ဟုန်ချန်ယဲ့က ဟက်ခနဲတစ်ချက်ရယ်သည်။ "မင်းတို့ပြောတာကို ယုံလိမ့်မယ်လို့ တကယ်ထင်နေတာလား"

အကြီးအကဲဝေ့သည် ကူကယ်ရာမဲ့မှုကြောင့် မျက်ရည်ကျလုနီးပါးဖြစ်နေပြီး ခါးသီးစွာ တောင်းပန်တိုးလျှိုးလာသည်။ "ကျေးဇူးပြုပြီး နတ်ဆိုးဂိုဏ်းချုပ်ဟုန်၊ ကျွန်တော် နောက်တစ်ခါ ဘယ်တော့မှ ထပ်မလာတော့ဘူးလို့ ကျိန်ဆိုပါတယ်! ကျွန်တော် အခုချက်ချင်းပြန်သွားပြီး ဘာမှမတွေ့ခဲ့ရဘူးလို့ပဲ ပြန်ပြောလိုက်ပါ့မယ်!"

ဟုန်ချန်ယဲ့သည် အေးဆေးတည်ငြိမ်နေဆဲဖြစ်သော ယဲ့ကျွင်းလင်ကို လှမ်းကြည့်လိုက်ပြီး သူ့ဆရာ၏အလိုကို ချက်ချင်းပင် သဘောပေါက်သွားသည်။

ဝှစ်

ဟုန်ချန်ယဲ့၏ပုံရိပ်သည် ဖြည်းညှင်းစွာ မြင့်တက်လာပြီး ထိုမသေမျိုးအဖွဲ့ကို ကစားစရာလေးများကဲ့သို့ အပေါ်မှစီးကြည့်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ မင်းတို့ကို မြန်မြန်အပြီးသတ်ပေးမှာပါ"

ထို ခြိမ်းခြောက်စကားကိုကြားသောအခါ။

အကြီးအကဲဝေ့ မာန်တင်းလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အလွန်အကျွံမာန်တက်မနေနဲ့! မင်းကိုယ်မင်း အရင်က နတ်ဆိုးဂိုဏ်းချုပ်ကြီးလို့ ထင်နေတုန်းပဲလား? ငါမင်းကို ပြောမယ်၊ အချိန်တွေ အရမ်းကြာခဲ့ပြီ။ ငါအခုဆို စစ်မှန်သော မသေမျိုး နဝမအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပြီ! တကယ်လို့ တိုက်ခိုက်မယ်ဆိုရင်တောင် ငါတို့ဘက်မှာ အင်အားများတယ်၊ မင်းတို့ဆရာသခင်နှစ်ယောက်ပေါင်းပြီး အနိုင်ယူလို့ရမယ်များ ထင်နေလား!"

"ဟုတ်တယ်!"

အခြားတပည့်များလည်း ‌ဒေါသထွက်လာကြပြီး သေသည်အထိ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။ အတွင်းစိတ်တွင် ကြောက်ရွံ့နေသော်လည်း သေခြင်းတရားကို ထိုင်စောင့်နေသည်ထက်စာလျှင် အားကုန်တိုက်ခိုက်လိုက်ခြင်းက ပိုကောင်းမည်။

"ဒီလိုလား" ဟုန်ချန်ယဲ့ အဓိပ္ပာယ်ပါပါ တစ်ချက်ပြုံးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံရေးအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး စစ်မှန်သော မသေမျိုးငါးရာကို အလွန်လွယ်ကူစွာ လွှမ်းခြုံလိုက်သည်။

"သေပြီဟေ့!!!" အကြီးအကဲဝေ့၏ ဦးခေါင်းတစ်ခုလုံး ဆူညံသွားပြီး အထက်မှပုံရိပ်ကို မယုံကြည်နိုင်စွာ မော့ကြည့်နေသည်။

ဒါနောက်စရာမဟုတ်ဘူးနော်။ ဒီအဆင့်က ဉာဏ်အလင်းမသေမျိုးနီးပါးတောင် ဖြစ်နေပြီမဟုတ်လား။

နှစ်ပေါင်းများစွာကြာပြီးနောက်တွင်လည်း နှစ်ဖက်စလုံး၏ အဆင့်အတန်းများက မပြောင်းမလဲ ကွာဟနေခဲ့ကြောင်း သူသိလိုက်ရသည်။

သူတို့ကတော့ စဥ်းတီတုံးပေါ်လည်စင်းထားရတဲ့ ငါးတွေဖြစ်ပြီး တစ်ဖက်လူက ငါးခုတ်မယ့်ဓားပဲ ဖြစ်နေဆဲပါပဲ။

All Chapters