← Chapters

တစ်ယောက်တည်းတော့ အသေမခံနိုင်

Vol. 29 Ch. 397

တစ်ယောက်တည်းတော့ အသေမခံနိုင်

Vol. 29 Ch. 397

သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့က သူ၏အစွမ်းထက်သော ကျင့်ကြံသူအရှိန်အဝါကို ထုတ်လွှတ်လိုက်သောအခါ မူလက သေသည်အထိ တိုက်ခိုက်ရန် မာန်တင်းထားသော အကြီးအကဲဝေ့တို့ တစ်ဖွဲ့လိုက်ကြီးမှာ နှင်းကိုက်ခံရသော ခရမ်းသီးများနှယ် ညှိုးရော်ခြောက်သွေ့ကာ အတော်လေးစိတ်ပျက်အားငယ်သွားကြဟန်ရှိ၏။

သူတို့ ဘယ်လိုတိုက်ခိုက်နိုင်တော့မလဲ။

ဒါဆို ဒီအထိ မရပ်မနားပြေးလာခဲ့ကြရတာ သေဖို့အတွက်သက်သက်ပဲလား။

"ကောင်းပြီ၊ မင်းက ငါတို့ကို ဖျက်ဆီးချင်တာဆိုတော့လည်း ငါတို့ပုရွက်ဆိတ်တစ်သိုက်လိုက်ကြီး သေပေးလိုက်ကြတာပေါ့ကွာ!"

စိတ်ပျက်အားငယ်မှုထဲမှ ရူးသွပ်သောအတွေးတစ်ခု အကြီးအကဲဝေ့၏စိတ်ထဲတွင် လင်းလက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

စကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြွေထည်ကွဲအက်သကဲ့သို့ အက်ကြောင်းများ စတင်ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော တောက်ပသည့် မသေမျိုးအလင်းများသည် အက်ကြောင်းများမှ စိမ့်ထွက်ပေါက်ကွဲလာခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တို့မှာ ခန္ဓာကိုယ်ကို ဖောက်ခွဲဖြစ်တော့မည့်အလား အရှိန်ပြင်းပြင်းတောက်လောင်နေကြသည်။

မှန်ပေသည်။ အကြီးအကဲယဲ့မှာ မသေမျိုးအရင်းအမြစ်ကို ဖောက်ခွဲရန် ပြင်ဆင်နေခြင်းပင်။

"ဟုတ်တယ်၊ ငါတို့အားလုံး အတူတူသေကြတာပေါ့!"

ဤမြင်ကွင်းကိုမြင်လိုက်ရသော ကျန်ဂိုဏ်းသား လေးရာ့ကိုးဆယ့်ကိုးဦးသည်လည်း နောက်ပြန်လှည့်ရန် လမ်းမရှိတော့ကြောင်း သိသွားကြသည်။ သူတို့၏မျက်နှာထားများမှာ လုံးဝရူးသွပ်သွားဟန်ဖြင့် အော်ဟစ်ကြွေးကြော်လိုက်ကြရင်း မသေမျိုးအရင်းအမြစ်များကို ဖောက်ခွဲရန်အတွက် စတင်လှုပ်ရှားကြတော့၏။

ဝှစ်!

တခဏချင်းပင် မသေမျိုးငါးရာ၏ ခန္ဓာကိုယ်များသည် ပေါက်ကွဲလုနီးပါးဖြစ်နေပြီး မြူခိုးတောင်ထိပ်ထက်သို့ မော့ကြည့်လိုက်လျှင် ကမ္ဘာပျက်စေမည့် စွမ်းအင်အရှိန်အဝါများကို ထုတ်လွှတ်နေသော ရွှေရောင်နေမင်းငါးရာကဲ့သို့ပင် ထင်ရ၏။

"ဘာဖြစ်တာလဲ?!" ရွှယ်ထျန်းဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများ သေမလောက်ထိတ်လန့်သွားကြရသည်။

"အယ်၊ ဒါက..." ဖုကျန်းတောင်ထိပ်သခင် ကြောင်အသွားခဲ့သည်။ ဤသည်မှာ သူမျှော်လင့်ထားသော ဖက်လှဲတကင်း ရင်းနှီးကျွမ်းဝင်စွာ တာအိုဆွေးနွေးပွဲကျင်းပနေသည့်မြင်ကွင်းနှင့် အတော်လေးကွာခြားနေသည်လေ။

မြူခိုးတောင်ထိပ်။

ပေါက်ကွဲလုနီးပါးဖြစ်နေသော အကြီးအကဲဝေ့သည် သေခါနီး အသိစိတ်မကပ်စွာ ခြောက်ခြားနေသောမျက်နှာဖြင့် မီးလျှံထဲတိုးဝင်သော ပိုးဖလံကဲ့သို့ ဟုန်ချန်ယဲ့ဘက် ပြေးဝင်လာပြီး ကြုံးအော်လိုက်သည်။ " နတ်ဆိုးဂိုဏ်းချုပ်! ဒါတွေအားလုံးက မင်းကြောင့်ဖြစ်တဲ့ရလဒ်တွေပဲ!"

မသေမျိုး ငါးရာ၏ အရင်းအမြစ်ဖောက်ခွဲမှုမှ ဖြစ်ပေါ်လာမည့် ဖျက်ဆီးခြင်းစွမ်းအားသည် ရွှယ်ထျန်းဂိုဏ်းတစ်ခုလုံးကိုပင် ပြာပုံအဖြစ်ပြောင်းလဲစေနိုင်မည်ဟု သူယုံကြည်ထားသည်။ သူတို့အားလုံး၏ နောက်ဆုံးသောလက်နက်လည်းဖြစ်သလို အားကုန်ကြိုးပမ်းအားထုတ်မှုလည်း ဖြစ်သည်ပင်။

သူတို့အတွက် ရွေးချယ်စရာ နှစ်ခုရှိသည်။ တိတ်ဆိတ်စွာ သေဆုံးသွားမလား? ရန်သူကိုပါ တစ်ပါတည်းဆွဲခေါ်ကာ အတူတူပေါက်ကွဲသွားမလား?

အကြီးအကဲဝေ့က ဒုတိယတစ်ခုကို ရွေးချယ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူသေရတော့မည်ဆိုလျှင် ရန်သူကိုပါ မရရအောင် အတူတူခေါ်သွားမည်။

ဤအရေးကြီးသော အခြေအနေနှင့် ရင်ဆိုင်ရချိန်၌ပင် ဟုန်ချန်ယဲ့သည် ထိတ်လန့်မှုတစ်စုံတစ်ရာ မပြသဘဲ မျက်လုံးများက ရယ်ချင်ပက်ကျိဖြစ်နေဟန်ပင် ရှိသေးတော့၏။

"ကလေးဆန်လိုက်တာ!"

ထိုသို့ပြောပြီးနောက် သူသည် ယင်ကောင်များကို မောင်းထုတ်သကဲ့သို့ ဝတ်ရုံလက်စကို ဖျတ်ခနဲခါယမ်းလိုက်သည်။ ဤရိုးရှင်းပုံရသည့် အပြုအမူတွင် မမျှော်လင့်နိုင်သော အပြောင်းအလဲများကို ပါဝင်နေခဲ့သည်ပင်။

ထိုအခိုက်အတန့်တွင်။

အကြီးအကဲဝေ့နှင့် နောက်လိုက်ဂိုဏ်းသားအဖွဲ့မှာ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။ မမြင်နိုင်သော၊ တွန်းလှန်ဖို့ရာ မဖြစ်နိုင်သော စွမ်းအားအချို့က သူတို့အား အာဏာကုန်လွှမ်းခြုံထားပြီး သူတို့၏ မိမိကိုယ်ကို ဖောက်ခွဲတော့မည့် မသေမျိုးအရင်းအမြစ်များကို အတင်းအကျပ် ပိတ်ဆို့လိုက်ရုံသာမက ခန္ဓာကိုယ်နှင့် ဝိညာဉ်များကိုပါ မဆိုင်းမတွ ဖျက်ဆီးပစ်လိုက်သည်။

"အား!!!"

တစ်တောင်လုံးတွင် ကြေကွဲဖွယ်ကောင်းသော အော်ဟစ်သံများ အနှံ့အပြား ထွက်ပေါ်လာသည်။

အကြီးအကဲဝေ့တို့အဖွဲ့မှာ မျက်စိကျိန်းစပ်လောက်အောင် ထိန်လင်းသော မီးလျှံများထဲတွင် ဝါးမျိုခံလိုက်ရပြီး မျက်စိရှေ့တွင်ပင် အချိန်မဆိုင်း ပြာကျသွားခဲ့ကာ ဤလောကတွင် တစ်ကြိမ်တစ်ခါမှ မတည်ရှိခဲ့ဖူးသကဲ့သို့ ထာဝရပျောက်ကွယ်သွားခဲ့သည်။

စစ်မှန်သော မသေမျိုး အ‌ယောက်ငါးရာကို လက်ဖျားတစ်ချက် ဝှေ့ယမ်းရုံဖြင့် ဖျက်ဆီးပစ်လိုက်ခြင်းပင်

ဉာဏ်အလင်းအဆင့် မသေမျိုးတစ်ဦးပင် စစ်မှန်သော မသေမျိုးငါးရာ၏ မသေမျိုးအရင်းအမြစ်များကို ဤမျှအလွယ်တကူ ပိတ်ဆို့ဖို့ရာ မတွေးဝံ့လှပေ။

ရန်သူများအတွက် ကံမကောင်းသည်ကား ဟုန်ချန်ယဲ့သည် အဆင့်ရှစ်လျှပ်စီးဘေးဒုက္ခကို ဖြတ်သန်းခဲ့ပြီး မသေမျိုးစွမ်းအင် အရည်အသွေးမှာ ရှာမှရှားသော သတ္တမအဆင့်သို့တိုင် ရောက်ရှိခဲ့သည်။ လက်ရှိန်အဆင့်မှာ ကောင်းကင်မသေမျိုး နဝမအဆင့် ဖြစ်သော်ငြား သူ၏တကယ့်စွမ်းအားမှာ မသေမျိုးအရှင်သခင်တစ်ပါးနှင့် တန်းတူဖြစ်၏။

ထို့ကြောင့် ဟုန်ချန်ယဲ့၏ စွမ်းအားအစစ်အမှန်နှင့် ရင်ဆိုင်ရသောအခါ ရိုးရိုး စစ်မှန်သော မသေမျိုးတပ်ဖွဲ့မှာ ခုခံနိုင်စရာ လမ်းကြောင်းမရှိခဲ့ပေ။

"အစ်ကိုကြီးဟုန်က အခုဆို အရမ်းအစွမ်းထက်နေပြီပဲ!"

ဟုန်ချန်ယဲ့မှ လက်တစ်ချက်ယမ်းရုံမျှဖြင့် မသေမျိုးငါးရာကို ကမ္ဘာမှ အပြီးတိုင်ဖျက်ဆီးပစ်လိုက်သည်အား မြင်သောအခါ လီဝူကျယ်မှာ မနာလိုအားကျစွာဖြင့် မစားရဝမခန်း အာမေဋိတ်ပြု ချီးကျူးလိုက်မိတော့၏။

ထိုချီးကျူးစကားကို ကြားသော်။

ဟုန်ချန်ယဲ့သည် အပြင်ပိုင်းတွင် ဂရုမစိုက်ဟန်ရှိသော်ငြား နှုတ်ခမ်းထောင့်တစ်ဖက် ကွေးတက်သွားကာ ဝင့်ကြွားဟန်တစ်စွန်းတစ်စ ပေါ်လာခဲ့သည်။

"အဲ့လိုလား။ ငါတော့ မထင်ပါဘူး!"

လီဝူကျယ် နှုတ်ခမ်းမဲ့လိုက်ပြီး စိတ်ထဲမှ မကျေမနပ်ရေရွတ်လိုက်သည်။ "အခုထိ ဟိတ်ဟန်ထုတ်နေတုန်းပဲ!"

သို့သော် ပါးစပ်မှထုတ်ပြောဖို့တော့ မရဲလှပေ။

ရုတ်တရတ်ဖြစ်ပေါ်လာသော လုပ်ကြံတိုက်ခိုက်မှုကြောင့် ယဲ့ကျွင်းလင် သိခဲ့ရသမျှ အချက်အလက်များကို စတင်စေ့ငုစဥ်းစားနေမိသည်။ အကြီးအကဲဝေ့၏ ပြောကြားချက်အရ သူတို့အား ခပ်ဝဝလူတစ်ယောက်က ဒီအထိ ဦးဆောင်ခေါ်သွင်းလာခြင်း ဖြစ်သည်ဟု။

ဒီလိုဆိုရင်...

ဟိုဟိုသည်သည် ပတ်စဥ်းစားကြည့်လိုက်ပြီးနောက် ဖိုးဝရုပ်ကဲ့သို့ ဝဖြိုးလုံးဝန်းသည့် ပုံသဏ္ဍာန်တစ်ခု သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ယဲ့ကျွင်းလင် သူ့နဖူးသူ ရိုက်လိုက်မိ၏။

ကောင်းရော။ ကြင်နာတတ်တဲ့ လူဝကြီးဆိုမှတော့ တစ်ခြားဘယ်သူရှိနိုင်ဦးမှာလဲ?

မသေမျိုးငါးရာ အစပျောက်သွားချိန်၌ ရွှယ်ထျန်းဂိုဏ်းသည်လည်း တိတ်ဆိတ်အေးချမ်းသော ပတ်ဝန်းကျင်အခြေအနေသို့ ရုတ်ချည်း ပြန်ရောက်လာခဲ့သည်။

တပည့်များနှင့် အကြီးအကဲများမှာတော့ အတော်လေးအားငယ်သွားရလျက်။ တောင်ထိပ်သခင်ယဲ့နှင့် တွေ့ရဖို့အရေး ဤမျှဝေးလံသောခရီးကို ချီတက်လာသော ဧည့်သည်အဖွဲ့သည် မြူခိုးတောင်ထိပ်တွင် မမောနိုင်မပန်းနိုင် ပြပွဲတစ်ခုလုပ်ပြနေခြင်းဖြစ်ရမည်။

မင်းတို့ပြပွဲက နည်းနည်းတော့ မကြီးကျယ်လွန်းဖူးလား။

စိတ်အရှုပ်ထွေးရဆုံးမှာ ဖုကျန်းတောင်ထိပ်သခင်ပင်။ တစ်ခုခုတော့ မူမမှန်ဘူးဟု သူ ဝိုးတဝါးခံစားနေရသည်။

"ဆရာတူအစ်ကိုကျင်း၊ နောက်တစ်ခါ သတိထားပါ။ အဲဒီလူတွေအားလုံး ပြဿနာရှာဖို့ ရောက်လာကြတာ" ယဲ့ကျွင်းလင်၏ လေးနက်သောအသံက သူ၏နားစည်သို့ ရိုက်ခတ်လာခဲ့သည်။

မသေမျိုးငါးရာလောက်က သူ့အတွက် ဘာမှမဟုတ်သော်လည်း သူစိမ်းများ အိမ်ထဲထိကျူးကျော်နှောင့်ယှက်လာသည်ကိုတော့ အတော်လေးမနှစ်သက်လှ။

"ဟင်?"

ဖုကျန်းတောင်ထိပ်သခင် ကြောင်အသွားခဲ့သည်။

သူလည်း စေတနာနဲ့ ခရီးဦးကြိုပြုပေးရုံပါပဲ။

သူ အအံ့သြရဆုံးအချက်မှာ ဤကဲ့သို့ ရွှေခေတ်တွင်ပင် သေဖို့အရေး ထိုမျှစိတ်အားထက်သန်နေသူများ ရှိပါသေးသလား။ လူငယ်လေးတစ်သိုက်မှာ မသေမျိုးဖြစ်နေပါလျက် သေလမ်းကို မရမကရှာနိုင်ကြသေးသည်။

All Chapters