အခန်း (၃၉၈)
Vol. 29 Ch. 398
"ညီလေးယဲ့၊ အစ်ကိုကြီး တကယ်တောင်းပန်ပါတယ်။ စိတ်မပူပါနဲ့၊ ဒီလိုမျိုး နောက်ထပ်မဖြစ်စေရပါဘူး!" ဖုကျန်းတောင်ထိပ်သခင် ချက်ချင်းတောင်းပန်လိုက်ပြီး နောင်တကြီးစွာ ရမိ၏။
ထိုဧည့်သည်အဖွဲ့အား စိတ်အားထက်သန်စွာ ကြိုဆိုလမ်းပြပေးခဲ့မိသည်ကို ပြန်စဉ်းစားမိပြီး သူရှက်ရွံ့သွားခဲ့သည်။
သူသည် ဂိုဏ်းကိုပင် ဘေးအန္တရာယ်ကြီး ကျရောက်စေတော့မတတ် ဖြစ်စေခဲ့သည်။ ဘယ်လောက်တောင် အပြစ်ကြီးလိုက်သလဲ။
ဖုကျန်းတောင်ထိပ်သခင်သည် အကြီးအကဲဝေ့တို့အဖွဲ့၏လုပ်ရပ်ကို စဥ်းစားရင်း အံ့သြမဆုံးနိုင်။
ဘာလို့ဒီလိုလုပ်ရတာလဲ? အသက်ရှင်ရတာ အတော်ပျင်းနေကြပုံပဲ။
အလယ်ပိုင်းဒေသ။
စန်းမင်တာအိုဂိုဏ်း။
ဂိုဏ်းချုပ် ယဲ့ဝူရှန်းသည် သူ၏ဇိမ်ခံအိပ်ခန်းတွင် စုဆောင်းထားသည့် တန်ဖိုးရှိရတနာတစ်မျိုးဖြင့် ကစားနေသည်။
၎င်းမှာ အထူးပြုလုပ်ဖန်တီးထားသော ခွက်တစ်လုံးဖြစ်ပြီး သတ္တုအရောင်ခုနစ်မျိုးစပ်ဖြင့် ပြုလုပ်ထားသည်။ မည်သည့်အရည်ကို လောင်းထည့်လိုက်သည်ဖြစ်စေ အလွန်မွှေးကြိုင်ချိုမြိန်သော ကျောက်စိမ်းအရည်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး သောက်သုံးပါလျှင်လည်း အလွန်စွမ်းအားပြည့်ဝစေသည်။
"ဒီအချိန်လောက်ဆိုရင် ငါလွှတ်လိုက်တဲ့အဖွဲ့က အရှေ့ပိုင်းဒေသကို ကျော်ဖြတ်ပြီး ရွှယ်ထျန်းဂိုဏ်းကိုလည်း ပြာချပြီးလောက်ရောပေါ့" ယဲ့ဝူရှန်းသည် ခွက်နှင့်ကစားနေရင်း ကျေနပ်အားရစွာ တဟားဟားရယ်မောလိုက်သည်။
အလယ်ပိုင်းဒေသတွင် စန်းမင်တာအိုဂိုဏ်းသည် အခြေမခိုင်လှသော်ငြား ဘေးချင်းကပ် အရှေ့ပိုင်းဒေသမှ ကျင့်ကြံသူများကို ကိုင်တွယ်ရာတွင်မူ မည်မည်ရရ အားစိုက်ထုတ်နေစရာမလိုပေ။
အရှေ့ပိုင်းဒေသကို သူတို့၏ အပိုင်နယ်မြေတစ်ခုအဖြစ် ပေါင်းထည့်လိုက်သည်နှင့် အလယ်ပိုင်းဒေသ၏ ပြင်းထန်သောပြိုင်ဆိုင်မှုကြားတွင် ထိုးဖောက်မြင့်တက်နိုင်ရန် ဖြတ်လမ်းတစ်ကြောင်း ရှာဖွေပြီးသား ဖြစ်ပေလိမ့်မည်။
ခွမ်း!
လက်ထဲမှသတ္တုခွက် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး အနည်းငယ်လိမ့်သွားပြီးမှ ရပ်တန့်သွားခဲ့သည်။
ယဲ့ဝူရှန်း၏အသက်ရှူသံ တဖြည်းဖြည်း ပိုမြန်လာခဲ့သည်။ ရုတ်တရက် သူ့အတွင်းစိတ်အာရုံမှ မကောင်းသော နိမိတ်တစ်ခု ခံစားလိုက်ရသည်။
သူစေလွှတ်လိုက်သော မသေမျိုးငါးရာတပ်ဖွဲ့ အရှေ့ပိုင်းဒေသတွင် ကံဆိုးမှုဖြင့် ထိပ်တိုက်တွေ့ဆုံခဲ့ရခြင်းပေလား။
လုံးဝမဖြစ်နိုင်။
ယဲ့ဝူရှန်းတစ်ယောက် သံသယများ ပြည့်နှက်နေချိန်တွင် အကြီးအကဲဝေ့၏ မသေဆုံးမိမှတ်ဉာဏ်ကို စိတ်စွမ်းအင်မှတစ်ဆင့် လက်ခံရရှိခဲ့ပြီး အရှေ့ပိုင်းဒေသမှ မြင်ကွင်းများ စိတ်အာရုံတွင် တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့သည်။
"ခဏ၊ ဒါက မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ သွေးနီနတ်ဆိုးဟုန်ချန်ယဲ့လား?!"
ရင်းနှီးသော အနီရောင်ဝတ်ရုံကို မြင်လိုက်ရသောအခါ ယဲ့ဝူရှန်း၏နှလုံးသားသည် ရပ်တန့်လုနီးပါးဖြစ်သွားရပြီး ရင်ဘတ်ထဲမှ တင်းကျပ်လာမှုကို ပြင်းထန်စွာခံစားလိုက်ရ၏။ သူ၏မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။
သွေးနီနတ်ဆိုးဟုန်ချန်ယဲ့သည် တစ်ချိန်က အလယ်ပိုင်းဒေသကို အကြီးအကျယ် လှုပ်ခတ်စေခဲ့သော နတ်ဆိုးဂိုဏ်းချုပ် ဖြစ်သည်။ သူတည်ထောင်သော မီးလျှံနတ်ဆိုးဂိုဏ်းသည် မရေမတွက်နိုင်သော အစွမ်းထက်နောက်လိုက်များကို ဆွဲဆောင်နိုင်ခဲ့ပြီး နောက်လိုက်အရေအတွက်မှာ သန်းရာချီအထိပင် တိုးပွားသွားခဲ့သည်။ ထိုပုဂ္ဂိုလ်တစ်ဦးတည်း၏ ဩဇာအာဏာသည် မဟာတာအိုဂိုဏ်းကြီးရှစ်ခုကိုပင် ကျော်လွန်လုနီးပါးဖြစ်ပြီး အချိန်အတန်ကြာ ကျော်ဇောထောင်လွှားခဲ့သော အင်အားစုတစ်ခုဖြစ်သည်ပင်။
နောက်ပိုင်းတွင်မူ အင်အားစုများစွာ၏ ပူပေါင်းဖိနှိပ်မှုကြောင့် ပြိုကွဲပျက်စီးသွားခဲ့ရသော ဒဏ္ဍာရီတစ်ပုဒ်သာ ဖြစ်ခဲ့ပါ၏။
ယဲ့ဝူရှန်းသည် နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်သွားခဲ့သော ထိုသွေးနီနတ်ဆိုး အရှေ့ပိုင်းဒေသ၏ ရွှယ်ထျန်းဂိုဏ်းတွင် ပြန်ပေါ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ။ မြင်ကွင်း၏ အဆုံးတွင် ယဲ့ဝူရှန်းသည် ဟုန်ချန်ယဲ့မှ လက်တစ်ဖက်ကို ပေါ့ပေါ့ဆဆဝှေ့ယမ်းလိုက်ပြီး စန်းမင်တာအိုဂိုဏ်း၏ မသေမျိုးငါးရာလုံး ပြာမှုန့်များအဖြစ် ပြောင်းလဲလိုက်သော ကြောက်မက်ဖွယ်မြင်ကွင်းကို မျက်စိနှစ်ဖက်ဖြင့် တပ်အပ်မြင်တွေ့ခဲ့ရလေသည်။
ဒါ ဘာကျင့်ကြံဆင့်ကြီးလဲ?
ကောင်းကင်မသေမျိုးလား? ဉာဏ်အလင်းမသေမျိုးလား?
ယဲ့ဝူရှန်း၏အမြင်တွင် ဉာဏ်အလင်းမသေမျိုး ပိုဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က ကောင်းကင်မသေမျိုးအဆင့်တွင် ရှိနေသော်လည်း အကြီးအကဲဝေ့နှင့် ထိုလက်ရွေးစင်တပ်ဖွဲ့ကို ဤမျှအလွယ်တကူ ဖျက်ဆီးမပစ်နိုင်ပေ။
ဤကာလအတွင်း တစ်ဖက်လူသည် ကျင့်ကြံရေးကို ဤအဆင့်အထိ မြှင့်တင်နိုင်ရန် အခွင့်အရေးများစွာကို ရရှိခဲ့ပုံပင်။
ယဲ့ဝူရှန်း၏နဖူးတွင် ချွေးစေးများစီးကျနေပြီး တစ်ကိုယ်လုံးမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။ မကြောက်ဘူးပြောလျှင် လိမ်ရာရောက်မည်။ ထိုပုဂ္ဂိုလ်၏ လက်စားချေလိုစိတ်ပြင်းသော အကျင့်စရိုက်အရ နောင်တွင် အလယ်ပိုင်းဒေသသို့ ပြန်ရောက်လာသောအခါ ကျန်ခဲ့သည့်ရန်ကြွေးဟောင်းများကို သေချာပေါက် လိုက်လံရှင်းလင်းပေလိမ့်မည်။
ဟုန်ချန်ယဲ့၏ ထိုဆရာသခင်ကိုလည်း ယဲ့ဝူရှန်း သိပ်မသင်္ကာလှ။ သူ၏ နှစ်ပေါင်းများစွာ ဖြတ်သန်းလာသော အတွေ့အကြုံများအရ ထို ဆရာသခင်ဆိုသူသည် အပေါ်ယံမျက်နှာဖုံးတစ်ခုသာ ဖြစ်ရပေမည်။
အရှေ့ပိုင်းဒေသကဲ့သို့သော နေရာမျိုးတွင် မည်သူကမှ ထိုနတ်ဆိုးဂိုဏ်းချုပ်ကို ဦးချိုးဖိနှိပ်ပြီး တပည့်ခံခိုင်းနိုင်မည်မဟုတ်။
ယဲ့ဝူရှန်း၏ ခန့်မှန်းတွက်ချက်မှုအရ ရွှယ်ထျန်းဂိုဏ်းသည် အမှန်တော့ မီးလျှံနတ်ဆိုးဂိုဏ်း၏ အရေခြုံထားသော မျက်နှာဖုံးတစ်ခုသာဖြစ်ပြီး အမှန်တကယ် ဦးဆောင်သူမှာ ဟုန်ချန်ယဲ့ကိုယ်တိုင်ဖြစ်သည်ဟုပင်။
ထို့အပြင် အရှေ့ပိုင်းဒေသ တစ်ခုလုံးကိုလည်း ထိုသူက လျှို့ဝှက်စွာ ထိန်းချုပ်ထားပြီးသား ဖြစ်ရမည်။ လူတိုင်းလေးစားကြသော အကြီးအကဲယဲ့ဆိုသည်မှာလည်း အပြင်လောကကို အာရုံလွှဲသည့် ရုပ်သေးတစ်ခုသာ ဖြစ်ပေမည်။
ယဲ့ဝူရှန်း၏ စိတ်ကူးစိတ်သန်းများ အလွန်အကျွံဖြစ်သွားခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဟုန်ချန်ယဲ့ဆိုသူ အလယ်ပိုင်းဒေသကို ဖျက်ဆီးနေချိန်တွင် သူကိုယ်တိုင်သည်လည်း ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရသောကြောင့် ဟုန်ချန်ယဲ့ဆိုသောနာမည်ကို အသွေးအသားထဲက ကြောက်ရွံ့စက်ဆုပ်သည်။ ထို့ကြောင့် မည်မျှဆိုးရွားသော အတွေးစိတ်ကူးပင်ဖြစ်ပါစေ ထိုပုဂ္ဂိုလ်၏ အကျင့်စရိုက်အရ မဖြစ်နိုင်တာမရှိဟုသာ တွေးမိ၏။
"ဒီ စိတ်ရှုပ်စရာ သွေးနီနတ်ဆိုးက ဒီကာလတစ်လျှောက်လုံး အရှေ့ပိုင်းဒေသမှာ ပုန်းအောင်းနေပြီး အလယ်ပိုင်းဒေသ ကို ပြန်တိုက်ခိုက်ဖို့အတွက် အင်အားတွေ လျှို့ဝှက်စုဆောင်းနေတာပဲ"
"သူငါ့ကို အလစ်အငိုက်ဖမ်းပြီး ရန်စလာအောင် တမင်ထောင်ချောက်ဆင်တာ!"
အရှေ့ပိုင်းဒေသသည် လုံလုံလောက်လောက် ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသောကြောင့် သူတို့စန်းမင်မှ လက်ဦးအောင်ရယူပြီး လက်နက်တစ်ခုအဖြစ် ပြောင်းလဲလို့ရနိုင်လောက်မည်သူ သူတွက်ဆထားခဲ့သည်။ သို့သော် အရှေ့ပိုင်းဒေသသည် တစ်ခေတ်တစ်ခါက အလယ်ပိုင်း၏ ပုလ္လင်ထက် နေရာယူခဲ့ဖူးသော နတ်ဆိုးဂိုဏ်းချုပ်၏ လွှမ်းမိုးမှုအောက်တွင် ရှိနှင့်ပြီးသားဖြစ်မည်ဟု လုံးလုံးမတွေးထင်ခဲ့မိ။
လှည့်စားခံလိုက်ရသည့် ခံစားချက်ကြောင့် ယဲ့ဝူရှန်း ရူးမတတ်ဒေါသထွက်လာသည်။
"မဖြစ်ဘူး၊ ဒီဆုံးရှုံးမှုကို ငါတစ်ယောက်တည်း ခံစားရလို့မဖြစ်ဘူး!"
ဤအတောအတွင်း သူခံစားခဲ့ရသော ဖိနှိပ်မှုများကို ပြန်အမှတ်ရမိသောအခါ ယဲ့ဝူရှန်း တွေးလေ ပိုဒေါသထွက်လေဖြစ်ကာ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ရမည့် နည်းလမ်းများကို စတင်စဥ်းစားမိလာတော့၏။
စိတ်ကူးဉာဏ်တို့ ကွန့်မြူးပြီးသကာလ။
ယဲ့ဝူရှန်း၏စိတ်ထဲတွင် အကြံအစည်တစ်ခု ပေါ်လာပြီး သူ၏နှုတ်ခမ်းထောင့်တွင် ဆိုးယုတ်သောအပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။