အခန်း (၃၉၉)
Vol. 29 Ch. 399
အလယ်ပိုင်းဒေသတွင် ပြည်နယ်ပေါင်း တစ်ရာ့ရှစ်ခုရှိပြီး နယ်မြေအကျယ်အဝန်းမှာ အလွန်ကျယ်ပြန့်သည်။ ရိုးရိုး ကျင့်ကြံသူတစ်ဦးအနေဖြင့် ပြည်နယ်တစ်ခုကိုဖြတ်ကျော်ရန် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ပြီး အမျိုးမျိုးသော နေရာကူးပြောင်းရေး အစီအရင်များကို အသုံးပြုတတ်မှသာ အလိုရှိရာနေရာသို့ ချက်ချင်းရောက်ရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း နေရာကူးပြောင်းရေး အစီအရင်များကို အဓိကအင်အားစုကြီးများက ထိန်းချုပ်ထားပြီး ခရီးစရိတ်အတွက် ဝိညာဉ်ကျောက်တုံးများ အများအပြားကို ကောက်ခံသောကြောင့် ရိုးရိုးကျင့်ကြံသူ များစွာသည် သူတို့၏ဇာတိမြို့များတွင်သာ တစ်သက်လုံးနေထိုင်ကြရတတ်၏။
ကျင့်ကြံဆင့် အလွန်မြင့်မားသော ကျင့်ကြံသူများသာလျှင် သူတို့၏ကိုယ်ပိုင်စွမ်းအားဖြင့် ပြည်နယ်ကြီးများစွာကို နေ့ညမရွေး ဖြတ်ကျော်နိုင်ကြသည်။
သို့သော် ကောင်းကင်အဆင့် မသေမျိုးတစ်ပါးပင်လျှင် အလယ်ပိုင်းဒေသ၏ ပြည်နယ်တစ်ရာ့ရှစ်ခုလုံးကို ဆယ်နှစ်အတွင်း စုံလင်အောင်ဖြတ်သန်းနိုင်မည်ဟု အာမခံနိုင်ခြင်းမရှိပေ။ အလယ်ပိုင်းဒေသနယ်နိမိတ်မှာ ထိုမျှအထိကျယ်ပြန့်၏။
အလယ်ပိုင်းဒေသသည် ကျယ်ပြန့်ရုံသာမက အကြွယ်ဝဆုံး ကျင့်ကြံခြင်းအရင်းအမြစ်များကို စုစည်းထားသောကြောင့် အလယ်ပိုင်းဒေသခံ ကျင့်ကြံသူများသည် သူတို့၏ဇာတိမြေအတွက် အမြဲဂုဏ်ယူနေကြပြီး ကျန်ဒေသကြီးလေးခုတွင် ခြေချဖို့ရန်မလိုအပ်ဟု ခံစားကြရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် အလယ်ပိုင်းဒေသထက် အမြဲနိမ့်ကျနေသောကြောင့်ပင်။
ဘိုးစဥ်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့သော စကားစုတစ်ခုရှိ၏။ အလယ်ပိုင်းဒေသသည် ခွင်းလွင်ဖြစ်ပြီး ခွင်းလွင်သည် အလယ်ပိုင်းဒေသဖြစ်သည်ဟု။
အဓိပ္ပာယ်မှာ ရှင်းလင်းသည်။ ခွင်းလွင်နယ်မြေတွင် အလယ်ပိုင်းဒေသကသာ အဓိကဖြစ်၏။ အလယ်ပိုင်းဒေသသည် ခွင်းလွင်နယ်မြေတစ်ခုလုံးကို ကိုယ်စားပြုနိုင်ပြီး အခြားဒေသကြီးများမှာမူ အာရုံစိုက်ရန် သို့မဟုတ် စူးစမ်းရန်မထိုက်တန်သော ခေတ်နောက်ကျကာ သယံဇာတဆိတ်သုဉ်းနေသည့် နေရာများအဖြစ် သတ်မှတ်ခံထားရသည်။
ဤတစ်ချက်ဖြင့်ပင် ခွင်းလွင်နယ်မြေတွင် အလယ်ပိုင်းဒေသ၏ အဆင့်အတန်း မည်မျှသာလွန်ထူးကဲကြောင်းပြသရန် လုံလောက်သည်။
အဓိကအကြောင်းအရာဆီ ပြန်သွားရမည်ဆိုလျှင်...
အလယ်ပိုင်းဒေသသည် ထိုမျှ ကျယ်ပြန့်သော်ငြား၊ ကျင့်ကြံသူများစွာသည် ပျံသန်းနိုင်သော မှော်ရတနာများဖြင့်ပင် တာအိုပြည်နယ်တစ်ခုလောက်ကို အလွယ်တကူ မဖြတ်ကျော်နိုင်လောက်သော်ငြား သတင်းပေးပို့မှုအရှိန်ကား အလွန်မြန်ဆန်သည်။ ဤသည်မှာ အလယ်ပိုင်းဒေသရှိ ဆက်သွယ်ရေးလုပ်ငန်းသည် အလွန်တိုးတက်နေသောကြောင့်ဖြစ်၏။
အရှေ့ပိုင်းဒေသတွင် ကျင့်ကြံသူများသည် နောက်ဆုံးရသတင်းများကို သိရှိနိုင်ရန် သတင်းစာများဝယ်ယူရတတ်၏။ ထိုအတွက် ရိုးရာသတင်းစာမီဒီယာဖြစ်သည့် ကျင့်ကြံခြင်းကမ္ဘာ နေ့စဉ်သတင်းစာကိုသာ မှီခိုကြရသည်။ သို့သော် သတင်းစာဆိုသည်မှာ အလယ်ပိုင်းဒေသတွင် အတော်လေးခေတ်နောက်ကျကျန်ရစ်သော နည်းလမ်းဟောင်းကြီးသာပင်။
ဒါဆို အလယ်ပိုင်းဒေသ ကျင့်ကြံသူတွေက ဘာသုံးကြသလဲ။
အသံလွှင့်သလင်းကျောက်ကို သုံးသည်။ (ရေဒီယိုလိုပါပဲ)
တာ့ဟန်ပြည်နယ်။
စည်ကားသော လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း၌။
အချို့က ကမ္ဘာ့အဖြစ်အပျက်ကြီးများအကြောင်း ဆွေးနွေးနေကြသည်။ အချို့က နောက်ဆုံးရသတင်းများအကြောင်း အမြင်ဖလှယ်နေကြသည်။ အချို့က မျက်မှောင်ကြုတ်ကာ သူငယ်ချင်းများနှင့် မကျေမနပ် ရန်ဖြစ်နေကြသည်...
လက်ဖက်ရည်ဆိုင်၏ ရှေ့တွင် ရိုးရှင်းသော အသံလွှင့်သလင်းကျောက် တစ်ခုရှိသည်။ ၎င်း၏အောက်ခံပြားသည် သံလိုက်အိမ်မြှောင်ပုံစံရှိပြီး တိကျသော အသံလှိုင်းပို့ဆောင်ရေး အစီအရင်တစ်ခု ပါရှိကာ လက်သီးအရွယ်အစားရှိ သတ္တုလုံးတစ်လုံးက အောက်ခံပြားအပေါ်တွင် ပျံဝဲနေသည်။ ဝိညာဉ်ကျောက်တုံးများမှ ဝိညာဉ်စွမ်းအင် အနည်းငယ်ကို စုပ်ယူခြင်းဖြင့် အသံလွှင့်သလင်းကျောက် တစ်ခုလုံးသည် လက်ရှိလူပြောအများဆုံး သတင်းများကို ထုတ်လွှင့်နိုင်ပြီး ချန်နယ်တစ်ခုမှ တစ်ခုကို ကူးပြောင်းလို့လည်းရ၏။
အိမ်ထဲကအိမ်ပြင် ထွက်စရာပင်မလိုဘဲ အလယ်ပိုင်းဒေသမှ နောက်ဆုံးရသတင်းများကို မကြွင်းမကျန် သိရှိရပေမည်။
ကြည်လင်ပြတ်သားသော အမျိုးသမီးအသံတစ်ခု အသံလွှင့်သလင်းကျောက်မှ ထွက်ပေါ်လာသည်။
"ဖေးရှန်းပြည်နယ်ရှိ လီဟော်ဂိုဏ်းဟာ မသေမျိုးသွေးကြော ပိုင်ဆိုင်မှုအတွက် ကွေ့ယွမ်ဂိုဏ်းနဲ့ ပြင်းထန်စွာပဋိပက္ခဖြစ်ခဲ့ရာမှ ကျင့်ကြံသူ နှစ်သောင်းကျော်သေဆုံးပြီး ကျင့်ကြံသူ တစ်သိန်းကျော် ဒဏ်ရာရခဲ့ပါတယ်ရှင်။ ချင်ထျန်းဂိုဏ်းချုပ်မှ အခြေအနေများ ပိုမိုပြင်းထန်မလာစေရန်အတွက် နှစ်ဖက်စလုံးကို စိတ်အေးအေးထားဖို့ တောင်းဆိုလိုက်ပါကြောင်း သိရှိရပါတယ်ရှင်"
"ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်များအရ လျန်အိမ်တော်ရဲ့ ချွေးမအသစ်စက်စက် ပိုင်အိမ်တော် သမီးကြီး သခင်မလေးပိုင်ဟာ မနေ့ညကမှ အမည်မသိ အမျိုးသားတစ်ဦးနဲ့ ထွက်ပြေးသွားခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ လျန်အိမ်တော်ခေါင်းဆောင်က ဘေးဒုက္ခကျော်လွှားခြင်းအဆင့် စွမ်းအားရှင်များစွာကို စေလွှတ်ပြီး နောက်ယောင်ခံလိုက်စေခဲ့ပါတယ်။ ပိုင်အိမ်တော်ကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး တုံ့ပြန်မှုမရှိဘဲ တိတ်ဆိတ်နေခဲ့တယ်လို့ သိရပါတယ်ရှင်"
"သတင်းကောင်း လာပါတယ်ရှင်! ကျင့်ကြံသူများ အလွန်နှစ်သက်ကြပါတဲ့ စီးတော်ယာဥ်၊ အမြန်နှုန်းမှာကျော်ကြားပါတဲ့ ကောင်းကင်သွေးနဂါးမြင်းပျံ ဈေးနှုန်း ကျဆင်းသွားပါပြီ! အထက်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ကိုးသောင်းကိုးထောင့်ကိုးရာကိုးဆယ့်ကိုးဖြင့်သာ အိမ်သို့ခေါ်ဆောင်နိုင်ပါပြီ! လေနှင့်အတူ ပျံသန်းစီးမျောနိုင်မယ့်ခံစားချက်ကို လက်မလွှတ်သင့်ပါရှင်!"
...
ထိုအချိန်တွင်။
အသံလွှင့်သလင်းကျောက်မှ တရွှီရွှီမြည်သံတစ်ခု ထွက်ပေါ်လာပြီးနောက် လေးနက်သောအမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ "အရေးပေါ် သတင်းကြေညာချက်!"
"ယနေ့မှာ စန်းမင်တာအိုဂိုဏ်းချုပ်က ကြေညာခဲ့ပါတယ်။ ဝေ့မျိုးရိုး ဂိုဏ်းအကြီးအကဲ အရှေ့ပိုင်းဒေသမှာ ခရီးလှည့်လှည်နေတုန်း သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ကို မထင်မှတ်ဘဲ တွေ့ရှိခဲ့ကြောင်း ကြားသိရပါတယ်။ စိတ်မကောင်းစရာကတော့ သွေးနီနတ်ဆိုးဟာ အကြီးအကဲဝေ့ရဲ့ တည်နေရာကို ရှာဖွေတွေ့ရှိသွားတာကြောင့် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရပါတယ်ရှင်"
ယခင်သတင်းများ ထုတ်လွှင့်နေစဥ်အခါက လက်ဖက်ရည်ဆိုင်တစ်ခုလုံး ရယ်မောသံများနှင့် စကားပြောဆိုသံများ ပြည့်နှက်နေခဲ့သော်လည်း ထိုအရေးပေါ်သတင်း ရောက်ရှိလာသောအခါ နေရာတစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။ လူတိုင်း၏မျက်လုံးများ ထွက်ကျတော့မတတ် ပြူးကျယ်လာပြီး သူတို့အားလုံး အသံလွှင့်သလင်းကျောက်ကို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။