အခန်း (၄၀၀)
Vol. 29 Ch. 400
"သွေးနီ၊ သွေးနီနတ်ဆိုး လား?"
စာပေပညာရှင်ကဲ့သို့ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အလန့်တကြား ထအော်လိုက်သည်။ "အဲ့ဒီ သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့၊ အရင်က အလယ်ပိုင်းဒေသကို ဖျက်ဆီးခဲ့တဲ့သူက တကယ်ပဲ အရှေ့ပိုင်းဒေသမှာ ပြန်ပေါ်လာတာလား!"
"အိုး ဘုရားရေ!"
ခန္ဓာကိုယ်ထွားထွား အသားမည်းမည်းနှင့် ယဥ်ကျေးသိမ်မွေ့ဟန်ရှိသော အမျိုးသားတစ်ဦးသည် အလွန်ကြောက်လန့်သွားသဖြင့် မျက်နှာမည်းမည်းသည်ပင် အရောင်ပြောင်းသွားရပြီး ထိတ်လန့်တကြား ဖြည့်စွက်ပြောကြားလိုက်သည်။ "ဒဏ္ဍာရီလာ အနီရောင်ဝတ်ရုံ ကောင်းကင်ဘေးအန္တရာယ် ပဲ! သူပေါ်လာတဲ့အချိန်တိုင်း ဘေးအန္တရာယ်တစ်ခု ကျရောက်လာတော့မယ်လို့ ဆိုလိုတယ်!"
"မီးလျှံနတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့၊ ငါသူ့ကို တစ်သက်လုံးမုန်းတီးနေခဲ့တာ! ငါ့အဖေက သူ့ရဲ့ပြိုင်စံရှားတဲ့အလှကို စွဲလမ်းသွားလို့ ငါ့အမေကိုသစ္စာဖောက်ပြီး နတ်ဆိုးဂိုဏ်းကိုဝင်ရောက်ခဲ့တယ်။ အလှတရားကြောင့်နဲ့ အဲ့လူနောက်ကို ပျော်ပျော်ကြီးလိုက်သွားခဲ့တာ!"
ခန့်ညားချောမောသော လူငယ်လေးတစ်ဦးက အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်ထားရင်း ရေရွတ်လာသည်။
မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သော ထိုနေ့တစ်နေ့တွင် ဖခင်ဖြစ်သူက ဇနီးမယားကိုစွန့်ပစ်ပြီး မီးလျှံနတ်ဆိုးဂိုဏ်းသို့ စိတ်အားထက်သန်စွာ ဝင်ရောက်ခဲ့ကာ နောက်ဆုံးတွင် စစ်ပွဲ၌ပင် နောင်တမရှိစွာ သေဆုံးသွားခဲ့သည်ကို သူပြန်အမှတ်ရမိ၏။
သွေးနီနတ်ဆိုးသည် နာမည်ဆိုးနှင့် ကျော်ကြားရုံသာမက သူတည်ထောင်သော မီးလျှံနတ်ဆိုးဂိုဏ်း သည်လည်း ထိုအချိန်က အလယ်ပိုင်းဒေသအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။
ထိုသက်ရောက်မှု၏ အဓိကအကြောင်းရင်းကို မသိသူမရှိ၊ သတိမထားမိသူမရှိ။
နတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့သည် မိန်းမချော ချောသည့် အမျိုးသားတစ်ဦးဖြစ်ပြီး အလွန်အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်သည်။ ကြောက်စရာအကောင်းဆုံး စွမ်းအားကတော့ သူ၏ရုပ်ရည်ပင်။ စကားလုံးတို့ဖြင့် ဖော်ပြဖို့မဖြစ်နိုင်စွာ အလွန်လှပသောကြောင့် ရုပ်ရည်ကို အဓိကကိုးကွယ်ချီးမြှောက်သူ ကျင့်ကြံသူအများမှာ သူ၏ပြိုင်စံရှားအလှကို မြင်တွေ့ရရုံဖြင့် နတ်ဆိုးဝင်ပူးသကဲ့သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့ကြသည်။
အပြင်ပန်းတွင် မီးလျှံနတ်ဆိုးဂိုဏ်း ဖြစ်သော်လည်း အမှန်တကယ်တွင် အလှလေးအား မျက်စိစုံမှိတ်ကိုးကွယ်သော နတ်ဆိုးဂိုဏ်းသာဖြစ်ချေ၏။ အင်အားကြီးသူများစွာကိုလည်း ထိုရုပ်ရည်တစ်ခုတည်းဖြင့် စုံလုံးကန်းအောင် ဆွဲဆောင်နိုင်ခဲ့သည်သာ။
မရေမတွက်နိုင်သော လူအများ၏ နှလုံးအိမ်တွင်းမှ အိပ်မက်ဆိုးဖြစ်သော နတ်ဆိုးလမ်းထက်က ဧကရာဇ်တစ်ပါးအား အမျိုးသားကျင့်ကြံသူများစွာ ရူးသွပ်မတတ် လိုချင်တပ်မက်ခဲ့သည့် ဖြစ်ရပ်မှာ စိတ်ကူးဖို့ပင် ခက်ခဲသော်ငြား အမှန်တကယ် ရှိခဲ့ပါသည်။
ဤသို့ဖြင့် ထိုနတ်ဆိုးဂိုဏ်းချုပ်သည် လွှမ်းမိုးမှုတွင် ပြိုင်စံရှားသာလွန်ခဲ့ခြင်းဖြစ်၏။
နောက်ပိုင်းတွင် အလယ်ပိုင်းဒေသမှ အဓိကအင်အားစုကြီးများသည် ငြိမ်နေလို့မဖြစ်တော့ကြောင်း သတိပြုမိလာကြပြီး မီးလျှံနတ်ဆိုးဂိုဏ်းကို ဖိနှိပ်ရန် မဟာမိတ်တပ်ဖွဲ့တစ်ခု စုစည်းခဲ့ကြကာ ရှုပ်ထွေးပွေလီသော ခေတ်ရေစီးကြောင်းကို ပြုပြင်ခဲ့ကြသည်။
သို့သော်လည်း အဓိကပစ်မှတ်ဖြစ်သော နတ်ဆိုးဂိုဏ်းချုပ်သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့လေသည်။ သို့သော် ပြင်ပလောကတွင်မူ ထိုက်ချူသခင်၏ မှော်လက်နက်ဖြင့် ဖျက်ဆီးခံလိုက်ရလေပြီဟုသာ သတင်းပျံ့သွားခဲ့၏။
ထို မသေမျိုးစစ်ပွဲ၏ ကြီးမားသော ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ဟုန်ချန်ယဲ့တစ်ယောက် အသက်ဆက်ရှင်ရန် မဖြစ်နိုင်ကြောင်း ကျင့်ကြံသူအများ ယုံကြည်ခဲ့ကြပြီး ဤအချက်ကိုသာ အမှန်တရားအဖြစ် လက်ခံခဲ့ကြသည်။
ရလဒ်အနေဖြင့်။
ထိုခေတ်ကာလကို ပိုင်စိုးခဲ့သော သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ မသေဆုံးသေးကြောင်းနှင့် အရှေ့ပိုင်းဒေသတွင် ရှိနေကြောင်းကို စန်းမင်တာအိုဂိုဏ်းချုပ်ကိုယ်တိုင် လူသိရှင်ကြား ကြေညာလာခဲ့သည်။
မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်သော သတင်းဖြစ်ပါသနည်း?
ထိုအခိုက်တွင် လက်ဖက်ရည်ဆိုင်ရှိ ကျင့်ကြံသူများအားလုံး အနီရောင်ဝတ်ရုံ ကောင်းကင်ဘေးအန္တရာယ်၏ လွှမ်းမိုးမှုအောက်တွင် သူတို့ခံစားခဲ့ရသော အကြောက်တရားကို ပြန်လည်အမှတ်ရမိကြသည်။
"ရှူး! ဆက်နားထောင်!" ရိုးရိုးတန်းတန်းသာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက သူ၏နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ တိတ်ဆိတ်ရန် အချက်ပြလိုက်သည်။ လူတိုင်း သူတို့၏ပါးစပ်များကို အမြန်ပိတ်လိုက်ကြပြီး သတင်းထူးအား ဂရုတစိုက်နားထောင်ရန်အတွက် အသံလွှင့်သလင်းကျောက်ကို ဝိုင်းထိုင်လိုက်ကြသည်။
အသံလွှင့်သလင်းကျောက်က ထိုအကြောင်းအရာအား ဆက်လက်ကြေညာနေခဲ့၏။
"စန်းမင်တာအိုဂိုဏ်းချုပ်ရဲ့ အဆိုအရ အကြီးအကဲဝေ့ဟာ မသေဆုံးမီအချိန်မှာ သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့တစ်ယောက် မီးလျှံနတ်ဆိုးဂိုဏ်းကို အရှေ့ပိုင်းဒေသမှာပဲ ပြန်လည်တည်ထောင်ပြီး နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ အပြင်လောကရဲ့အမြင်ကို လှည့်စားဖို့ရာ ရွှယ်ထျန်းဂိုဏ်းဆိုတဲ့ အမည်အောက်မှာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ပါတယ်"
"သွေးနီနတ်ဆိုးဟာ ဒီနှစ်များအတွင်း အရှေ့ပိုင်းဒေသမှာ အင်အားစုများကို လျှို့ဝှက်စုဆောင်းနေပြီး အလယ်ပိုင်းဒေသကို ပြန်လည်တိုက်ခိုက်ရန် သင့်လျော်တဲ့အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပါတယ်။ ဒီအချက်နဲ့ပက်သက်ပြီး ဂိုဏ်းချုပ်ယဲ့ဟာ လူတိုင်းကို အထူးသတိထားဖို့ ပြောဆိုလာပြီး အဓိကအင်အားစုကြီးများအနေဖြင့် အရှေ့ပိုင်းဒေသဆီ ပူးပေါင်းချီတက်ကာ ရွှယ်ထျန်းဂိုဏ်းကို ဖျက်ဆီးချေမှုန်းပစ်ဖို့ မျှော်လင့်ကြောင်း ဆိုလာပါတယ်။ သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ကို တရားမျှတမှုရဲ့လက်အောက်မှာ စီရင်ရပါမယ်။ ကောင်းကင်ဘုံမှာရှိနေတဲ့ သူတော်ကောင်းကျင့်ကြံသူတို့ရဲ့ ဝိညာဥ်ကို နှစ်သိမ့်ဖို့အတွက် ဟုန်ချန်ယဲ့ကို မဖြစ်မနေ အရေးယူရပါမယ်လို့ ဆိုလာပါတယ်ရှင်"
ကြေညာချက်အဆုံးတွင်။
လူတိုင်းသည် ပြင်းထန်စွာ သက်ပြင်းရှိုက်လိုက်မိသောကြောင့် လက်ဖက်ရည်ဆိုင်အတွင်းရှိ အောက်ဆီဂျင်ပင် ပြတ်လပ်လုနီးပါးဖြစ်ခဲ့သည်ဟု။
သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့သည် အလယ်ပိုင်းဒေသကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
ရွှယ်ထျန်းဂိုဏ်းသည် သူ၏ လျှို့ဝှက်နတ်ဆိုးစခန်းဖြစ်သည်။
ဤလက်ဖက်ရည်ဆိုင်ငယ်လေးသာမက အသံလွှင့်သလင်းကျောက်၏ ဆက်သွယ်ရေးစွမ်းရည်များမှတစ်ဆင့် သတင်းသည် အလယ်ပိုင်းဒေသ၏ ထောင့်တိုင်းနေရာတိုင်းသို့ ရေလှိုင်းကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
သူတော်ကောင်းလမ်းစဉ်မှ ကျင့်ကြံသူများ ဖြစ်စေ၊ နတ်ဆိုးလမ်းမှ ကျင့်ကြံသူများဖြစ်စေ၊ ရိုးရိုးသာမန်လူများဖြစ်စေ လူတိုင်းသည် ကမ္ဘာကိုလှုပ်ခတ်စေသော သတင်းကို ရက်ပိုင်းအတွင်း သိရှိခဲ့ကြရ၏။ လူတိုင်း၏ တုံ့ပြန်မှုများမှာ အမျိုးမျိုးဖြစ်သည်။
အချို့က စိုးရိမ်ကြသည်၊ အချို့က စိတ်လှုပ်ရှားကြသည်၊ အချို့က ပျော်ရွှင်ကြသည်၊ အချို့က စိတ်ပူပန်ကြသည်၊ အချို့က စိတ်မတည်မငြိမ်ဖြစ်လာကြသည်...
ဤသည်မှာ ဟုန်ချန်ယဲ့၏ ဩဇာအာဏာ မည်မျှကြီးမားကြောင်း သက်သေပြနေသကဲ့သို့။
နှစ်ပေါင်းများစွာကြာပြီးနောက်တွင်ပင် ထိုသူ၏ အမည်တစ်လုံးကအစ အင်အားကြီးသူတို့၏ စုဝေးရာဟု နာမည်ကြီးသော အလယ်ပိုင်းဒေသတစ်ခုလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်အောင် မွှေနှောက်နိုင်စွမ်းရှိ၏။
လူအများအပြား ဤကိစ္စကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေချိန်တွင် မဟာတာအိုဂိုဏ်းကြီးရှစ်ခု၏ ခေါင်းဆောင်ဖြစ်သော ဝူကျီတာအိုဂိုဏ်းချုပ် ဖုန်ချင်းယန်က လူသိရှင်ကြား ကြေညာချက်ထုတ်ခဲ့သည်။
"ယခုအချိန်မှစ၍ ကျွန်ုပ် ဖုန်ချန်းယန်သည် နတ်ဆိုးသုတ်သင်အမိန့်ကို ထုတ်ပြန်လိုက်သည်။ မဟာတာအိုဂိုဏ်းကြီးရှစ်ခုမှ မသေမျိုးများကို စုစည်းပြီး ရွှယ်ထျန်းဂိုဏ်းအား ဖျက်ဆီးရန်နှင့် သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ကို အပြီးတိုင်ဖိနှိပ်သတ်ဖြတ်ရန်အတွက် ဖြစ်သည်။ နောင်တက်လာမည့် ဆူးခလုတ်များအတွက် သတိပေးချက်တစ်ခုဆိုလည်း မမှားပါ"
ဤကြေညာချက်ကို ထုတ်ပြန်လိုက်သည်နှင့်။
တုန်လှုပ်နေပြီးဖြစ်သော အလယ်ပိုင်းဒေသသည် ချက်ချင်းပွက်လောရိုက်သွားခဲ့၏။