← Chapters

အခန်း (၄၀၁)

Vol. 29 Ch. 401

အခန်း (၄၀၁)

Vol. 29 Ch. 401

အော်ဟစ်သံများက နေရာအနှံ့ပဲ့တင်ထပ်နေပြီး ခန်းမကြီးတစ်ခုလုံး ဈာပနပွဲအဖြစ် ချက်ချင်းအသွင်ပြောင်းသွားတော့လေသည်။

လူအုပ်၏အလယ်တွင် ရပ်နေသော ဖုန်ချင်းယန်တစ်ယောက် ကြောင်တောင်တောင်ဖြင့် တောင်ကြည့်မြောက်ကြည့်လုပ်နေရသည်။

မင်းတို့ တကယ်ကြီးခံစားနေကြတာလား။ အဲ့ဒီဝေ့မျိုးရိုးက အဲ့လောက်တောင် နာမည်ကြီးတာလား?

စန်းမင်တာအိုဂိုဏ်း၏ အတွင်းရေးကိစ္စများနှင့် ပက်သက်၍၊ အထူးသဖြင့် ဤကဲ့သို့သော ဝမ်းနည်းကြေကွဲဖွယ် အခါသမယမျိုးတွင် ဖုန်ချင်းယန် ဘယ်‌လောက်ပဲ သြဇာအာဏာကြီးမားနေပါစေ စိတ်ရှိသလို လက်ညှိုးထိုးအမိန့်ပေးလို့မရပေ။ အကယ်၍ ကောလာဟလများ ပျံ့နှံ့သွားပါက သူ့ဂုဏ်သတင်းသာ ထိခိုက်ပေမည်။

ဤသို့ဖြင့် ယဲ့ဝူရှန်း၏ အဓိပ္ပာယ်မရှိလှသော အကြောင်းပြချက်ကို ဖုန်ချင်းယန်တစ်ယောက် မျက်စိစုံမှိတ် လက်ခံဖို့သာ ရှိလေတော့၏။

သူတို့က အကြီးအကဲဝေ့ပုံတူမှာ မသေမျိုးသလင်းကျောက်တွေတောင် ထည့်စီထားတာ မမြင်ဘူးလား။ ဘယ်လောက်တောင် ယူကျုံးမရခံစားနေရလို့ ဒီလောက်ကြီးကြီးကျယ်ကျယ် ချဲ့ကားနေတာဖြစ်မလဲ?

"ဒါတွေအားလုံး ငါ့အမှားပဲ၊ ငါ့ဘက်က အချိန်မီမတားနိုင်ခဲ့လို့ ငါတို့ရဲ့ရှောင်ဝေ့ အသက်ဆုံးရှုံးခဲ့ရတာ" ယဲ့ဝူရှန်းက ပန်းချီကားကြီးရှေ့တွင် ဒူးထောက်ရင်း သူ့ကိုယ်သူ အပြစ်တင်လို့မဆုံးနိုင် ဖြစ်နေသည်။

"ညီအစ်ကိုယဲ့၊ အကြီးအကဲဝေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုဟာ အဖိုးတန်ပါတယ်။ အနည်းဆုံးတော့ သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ရဲ့ တည်နေရာကို ငါတို့သိသွားခဲ့ပြီလေ။ အကြီးအကဲဝေ့သာ ဒီလိုမလုပ်ခဲ့ရင် အလယ်ပိုင်းဒေသတစ်ခုလုံး ကြီးမားတဲ့ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရတော့မှာပေါ့!"

ဖုန်ချင်းယန်က ကရုဏာဖြင့် စတင်နှစ်သိမ့်ပေးလာသည်။

"ညီအစ်ကိုဖုန်၊ တာအိုဂိုဏ်းကြီးခုနစ်ခုရဲ့ ဂိုဏ်းချုပ်တွေထဲမှာ ခင်ဗျားရဲ့ကိုယ်ကျင့်တရားနဲ့ စွမ်းရည်သတ္တိကို ကျွန်တော်အယုံကြည်ဆုံးပဲ! ကျွန်တော့်တို့ စန်းမင်တာအိုဂိုဏ်းအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ မျှော်လင့်ပါတယ်!"

"ဒီတစ်ခါ ကျွန်တော်တို့ရဲ့ တာဝန်ပျက်ကွက်မှုအတွက် လျော်ကြေးအဖြစ် ယွင်ပင်းပြည်နယ်မှာရှိတဲ့ ဂိုဏ်းအပိုင် အရင်းအမြစ်မြေတွေအားလုံး ခင်ဗျားရဲ့ဂိုဏ်းကို ပေးအပ်ပါမယ်!"

ယဲ့ဝူရှန်းက ငိုကြွေးထားသော မျက်လုံးရဲရဲလေးကိုပင့်မော့ကာ ရိုးသားသောလေသံဖြင့် ပြောလိုက်သည်။

"ဘာ?"

ဖုန်ချင်းယန် နှလုံးသားထဲ ဝုန်းဒိုင်းကြဲသွားခဲ့သည်။

ယွင်ပင်းပြည်နယ်သည် စန်းမင်တာအိုဂိုဏ်းအတွက် အထူးအရေးပါသော အရင်းအမြစ်မြေဖြစ်ပြီး မရေမတွက်နိုင်သော အဆင့်မြင့် ဝိညာဉ်သွေးကြောများနှင့် ဝိညာဉ်မိုင်းတွင်းများ ပါရှိသည်။ မသေမျိုးသွေးကြော အများအပြား အဆစ်ပါသေး၏။ ၎င်းတို့ကို အကြမ်းနည်းမသုံးပါဘဲ မည်သို့ရယူရမည်အား သူစဥ်းစားမရဖြစ်နေချိန်တွင် တစ်ဖက်မှ အလိုက်တသိ ပေးအပ်လာမည်ဟု မထင်ထားခဲ့ပေ။

ဒီတစ်ခေါက်တော့ စန်းမင်ဂိုဏ်းချုပ် အတော်လေးစိတ်ရင်းစေတနာ ထည့်သွင်းထားပုံရ၏။ ထိုအခါမှ ဖုန်ချင်းယန် မကျေမနပ်ဖြစ်နေသမျှအားလုံး အလုံးစုံ ပပျောက်ကင်းစင်သွားတော့သည်။

"ဟားဟားဟား၊ ညီအစ်ကိုယဲ့က ဖြောင့်မတ်ပြီး တာဝန်ယူစိတ်ရှိလိုက်တာဗျာ၊ ကျွန်တော် ခင်ဗျားကို တကယ်လေးစားမိတယ်! စိတ်မပူပါနဲ့၊ ကျန်တဲ့ တာအိုဂိုဏ်းချုပ်ခြောက်ဦးက မေးလာရင် ကျွန်တော် ဖုံးကွယ်ပေးထားပါ့မယ်! ဒီကာလအတွင်းမှာ ခင်ဗျားစိတ်အေးလက်အေးနဲ့ အကြီးအကဲဝေ့ရဲ့ဈာပနပွဲကို အာရုံစိုက်ကျင်းပနိုင်ပါတယ်။ ကျွန်တော် အောင်ပွဲနဲ့အတူ ပြန်လာတဲ့အခါမှာ တစ်ခွက်လောက် အတူတူသောက်ကြသေးတာပေါ့!"

ဖုန်ချင်းယန်က စိတ်ရင်းမှန်ဖြင့် ချီးကျူးပြောဆိုလိုက်သည်။

"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ညီအစ်ကိုဖုန်။ ခင်ဗျားကို လိုက်ပို့ပေးပါမယ်။"

"မလိုပါဘူး၊ အဆင်ပြေသလို နေရစ်ပါ!"

ဖုန်ချင်းယန်သည် အကျိုးအမြတ်များစွာ ရရှိပြီးနောက် ကျေနပ်စွာဖြင့် အဓိကခန်းမမှ ထွက်ခွာသွားပြီးသက်တံ့ရောင် မသေမျိုးအလင်းတန်းအဖြစ် လှစ်ခနဲပြောင်းလဲကာ မိုးတိမ်များထဲသို့ ပျံသန်းပျောက်ကွယ်သွားခဲ့သည်။

ဖုန်ချင်းယန် ထွက်သွားပြီးနောက် ယဲ့ဝူရှန်းသည် ဝတ်ရုံကို တဖတ်ဖတ်ဖုန်ခါပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ မတ်တပ်ရပ်ကာ အေးစက်စက်ထဟောက်လိုက်သည်။ "ငိုတာရပ်တော့၊ ဟိုကသွားပြီ၊ ဘာလို့ဆက်ငိုနေကြသေးတာလဲ!"

စကားဆုံးသည်နှင့် ကျယ်လောင်သောအော်ဟစ်ငိုကြွေးသံများ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။

အကြီးအကဲများ ရှက်ရွံ့စွာ မတ်တပ်ထရပ်လိုက်ကြပြီး အခုမှ မီးကုန်ယမ်းကုန်ငိုဖို့ မောင်းတင်ထားသော အချို့ကတော့ သရုပ်ဆောင်စွမ်းရည် မပြသလိုက်ရသည့်အတွက် အနည်းငယ်မကျေမနပ်ဖြစ်နေကြ၏။

"ဂိုဏ်းချုပ်၊ ကျွန်တော်တို့က ယွင်ပင်းပြည်နယ်ကို တကယ်ပဲ သူ့တို့ဆီထိုးပေးလိုက်ရမှာလား" အရပ်ရှည်ရှည် အကြီးအကဲတစ်ဦးက တွန့်ဆုတ်ဆုတ်မျက်နှာထားဖြင့် မေးလာသည်။

"ကလေးငယ်ကို မစတေးဘဲ ဝံပုလွေကို ဖမ်းလို့မရနိုင်ဘူး။ ဝံပုလွေကို မိသွားတဲ့အခါမှာလည်း‌ ကောင်းကောင်းကျွေးမွေးထားနိုင်မှ မင်းအသုံးပြုဖို့ အားအင်အပြည့်ရှိနေလိမ့်မယ်"

ယဲ့ဝူရှန်းက ခပ်ပြုံးပြုံးဖြင့် ပြောသည်။ "ဘာပဲဖြစ်ဖြစ် မနက်ဖြန်ချီတက်သွားကြမဲ့ မဟာတာအိုဂိုဏ်းကြီးခုနစ်ခုရဲ့ အင်အားစုတွေက ဘယ်တော့မှ ပြန်ရောက်လာတော့မှာမဟုတ်ဘူး။ အရင်းအမြစ်မြေတွေအားလုံး ထိုးပေးလိုက်ရင်တောင် သုံးမဲ့သူက ရှိနေဦးမှလေ"

"ဂိုဏ်းချုပ်၊ အဲ့ဒီ သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့က အခုတကယ်ပဲ အဲ့လောက်တောင် အစွမ်းထက်နေတာလား။ တာအိုဂိုဏ်းကြီးခုနစ်ခု ပေါင်းရင်တောင် သူ့ကို မသတ်နိုင်ဘူးလား" အခြား အကြီးအကဲတစ်ဦးက အံ့ဩတကြီး မေးလာသည်။

လွန်ခဲ့သော မသေမျိုးစစ်ပွဲတွင် တာအိုဂိုဏ်းကြီးရှစ်ခု၏ မသေမျိုးများ ပူးပေါင်းပြီး ထိုကြီးကျယ်သော နတ်ဆိုးဂိုဏ်းချုပ်ကို ဖိနှိပ်နိုင်ခဲ့ကြောင်း သူမှတ်မိပါသေး၏။ ယခုအခါ ခွင်းလွင်ကမ္ဘာမြေတွင် အပြောင်းအလဲများဖြစ်ပေါ်လာပြီး တာအိုဂိုဏ်းတိုင်းရှိ မသေမျိုးများ၏ အရေအတွက်လည်း ရုတ်ချည်းတိုးမြင့်လာခဲ့သည်။ ထိုသွေးနတ်ဆိုး ကောင်းကင်အဆင့် မသေမျိုးဖြစ်နေလျှင်တောင်မှ လွတ်အောင်ပြေးနိုင်တော့မည်မဟုတ်ဟု သူထင်မိသည်။

ယဲ့ဝူရှန်းက မျက်လုံးများကိုမှေးစင်းကာ အကြီးအကဲဝေ့၏ မှတ်ဉာဏ်မှတစ်ဆင့် မြင်ခဲ့ရသောမြင်ကွင်းကို စိတ်ကူးထဲ ပြန်လည်ကွန့်မြူးနေရင်း အံကြိတ်သံဖြင့် ရေရွတ်လိုက်သည်။ "အရမ်းအစွမ်းထက်တယ်၊ အလွန်အကြူးလို့ ပြောရလောက်အောင်ထိ အစွမ်းထက်တယ်!"

"ထိပ်တန်းဂိုဏ်းကြီးလေးခု ပါဝင်လာဖို့ ဆန္ဒရှိရင်တောင်မှ အဲ့ဒီ ကြီးကျယ်လွန်းတဲ့ နတ်ဆိုးဂိုဏ်းချုပ်ကို အနိုင်ယူနိုင်ဦးမှာမဟုတ်ဘူး!"

ရှင်းလင်းပြတ်သားသော အဖြေကိုကြားသောအခါ လူတိုင်းအံ့အားသင့်သွားကြပြီး တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။ ဂိုဏ်းချုပ်၏ သေချာလှသောလေသံကြောင့် သူတို့လည်း ရာနှုန်းပြည့်နီးပါး ယုံကြည်စိတ်ချမိလိုက်ကြ၏။

ထို့နောက် ယဲ့ဝူရှန်းက အနောက်မှ ပန်းချီကားချပ်ကြီးကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် မထီမဲ့မြင်အကြည့်တစ်ခု ပေါ်လာပြီး အမိန့်ပေးလိုက်၏။ "သွား၊ အဲ့ဒီရုပ်ပုံပေါ်က မသေမျိုးသလင်းကျောက်တွေ အကုန်ပြန်ဖြုတ်ယူခဲ့။ မသေမျိုးသလင်းကျောက်သုံးရလောက်မဲ့ အဆင့်အတန်း ဟုတ်မနေဘူး"

"ဟုတ်ကဲ့!"

All Chapters