နတ်ဘုရား မင်းသား ရီချင်ကို သတ်ဖြတ်ခြင်း
Vol. 12 Ch. 1122
“ဘုန်း... ဘုန်း...”
လေဟာနယ် အတွင်း၌ သွေးမိုးများသည် ရွာသွန်းနေဟန် ရသည်။ ဝူကျိဂိုဏ်း၏ များစွာသော ရွှေအမြုတေ အဆင့် ကောင်းကင် ဗိုလ်ချုပ်များ၊ ကောင်းကင် စစ်သည်တော်များသည် အဆက်မပြတ် ပေါက်ကွဲနေကြသည်။ သူတို့၏ အလောင်းများသည် နေရာအနှံ့ ပြန့်ကျဲနေ၏။
“ရပ်စမ်း...”
ရီချင်ကား အလွန်အမင်း ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် သူသည် သူ၏ ဂိုဏ်းရှိ ရွှေအမြုတေ အဆင့်များ၏ သေခြင်း၊ ရှင်ခြင်းကို တစ်ခါမှ လေးလေးနက်နက် သဘောမထားခဲ့ချေ။ သူတို့ အားလုံးကား သူ့အတွက် အရေးမပါသော ပုရွက်ဆိတ်များသာ ဖြစ်သည်။ သို့သော်လည်း ယခု အသတ်ခံလိုက်ရသည့် ကျင့်ကြံသူများကား သူနှင့် အတူ စကြဝဠာကို ဖြတ်သန်း၍ အရှေ့ဂြိုဟ်အထိ ရောက်အောင် လိုက်လာခဲ့ကြသော လူများ ဖြစ်သည်။ သူ့ အနေဖြင့် သူတို့အား စောင့်ရှောက်ရန် တာဝန်ရှိလေရာ ထိုအထဲမှ တစ်ယောက် သေဆုံးခြင်းကပင်လျှင် သူ၏ ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေသည်။
“ဒင်... ဒင်... ဒင်...”
ချန်းဖန်ကမူ ထိုအရာကို စိတ်ဝင်စားခြင်း မရှိပါချေ။ တောင်တန်းမြစ်ပြင် မှော်ဆေးအိုး သည် သုံးကြိမ်တိုင်တိုင် လှုပ်ခါသွား၏။ ရွှေရောင် စွမ်းအင်လှိုင်းများသည် ပို၍ ပို၍ ကြီးမားလာသည်။ အဆုံး၌ ၎င်းတို့သည် တစ်ပေခန့် မြင့်မားသော ရွှေရောင်လှိုင်းလုံး အသွင် ပြောင်းလဲကာ မိုင်တစ်ရာ ဧရိယာကို ဖုံးအုပ်သွားသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ဝူကျိ ကြယ်သင်္ဘောပေါ်ရှိ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ ထောင်ပေါင်းများစွာကား ပေါက်ကွဲကာ သေဆုံး သွားကြပြီ ဖြစ်သည်။ အကယ်၍ အကြီးအကဲများကသာ အကာအကွယ် အစီအရင်များကို မဖွင့်ခဲ့ပါက သူတို့ထဲမှ တစ်ဝက်ပင်လျှင် အသက်ရှင် ကျန်ခဲ့လိမ့်မည် မဟုတ်ချေ။ အားအနည်းဆုံး အကြီးအကဲ ငါးယောက် ပင်လျှင် ခန္ဓာကိုယ်များ ထက်ပိုင်းပြတ်ကာ သူတို့၏ နတ်ဘုရား စိတ်ဝိညာဥ်နှင့် အခြေတည် ဝိညာဥ်တို့မှာလည်း ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
“ခွေးမသား...”
ရီချင်၏ မျက်နှာ တစ်ခုလုံးမှာ အေးစက်ခြင်းများဖြင့် ပြည့်နှက်နေကာ သူ၏ မျက်လုံးများမှာ စူးရှ တောက်လောင်နေ၏။ သူကား ဟန်မဆောင်နိုင်သော ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။ ပထမ၌ သူသည် ချန်းဖန်၏ ပါရမီအား လေးစားခဲ့ကာ သူ၏ လက်အောက်သို့ သွတ်သွင်း လိုခဲ့သေးသည်။ သို့သော်လည်း ယခုတွင်မူ သတ်ဖြတ်လိုသော ဆန္ဒ တစ်ခုသာလျှင် သူ့တွင် ရှိတော့၏။
“ဝှစ်... ဝှစ်...”
အဖြူနှင့် အနက်ရောင် စွမ်းအင်များသည် မူလကထက် နှစ်ဆ ပိုမို ကြီးမားလာကာ နဂါးများ အသွင် ပြောင်းလဲ သွား၏။ သေခြင်းနှင့် ရှင်ခြင်း နတ်ဘုရား ဥပဒေသများသည် ပေါ်လာကာ တစ်လောကလုံးမှာ အဖြူ၊ အနက် ကမ္ဘာ အဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်သည် နတ်ဘုရား ချိန်းကြိုးများဖြင့် ဖွဲ့စည်းထားသော အဇူရာ မိုးကြိုးများဖြင့် ပြည့်နှက်သွားသည်။
ရီချင်၏ တိုက်ခိုက်မှုကား အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်ထက်ပင် ပိုမို ကျော်လွန် နေခဲ့ပြီ ဖြစ်လေသည်။ သူ၏ ပတ်လည်ရှိ လေဟာပြင်သည် မီးကဲ့သို့ လောင်မြိုက်နေသည်။ သူ၏ ဓမ္မစွမ်းအား၊ နတ်ဘုရား စွမ်းအားနှင့် ခန္ဓာကိုယ် သုံးခုစလုံးကား အမြင့်ဆုံး အဆင့် အထိ ရောက်ရှိနေ၏။ ထိုအခိုက်၌ သူကား ချန်းဖန် အတိတ်ဘဝ၌ ရင်ဆိုင်ဖူးသည့် နတ်ဘုရား ဂိုဏ်းကြီးမှ တပည့်များနှင့်ပင် ကွာခြားခြင်း မရှိတော့ချေ။
သို့သော်လည်း ချန်းဖန်မှာ ထိုအရာကို ဂရုစိုက်ခြင်း မရှိချေ။ သူသည် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင် မြောက်ပိုင်းချုံးကို တိုက်ခိုက်ကတည်းက ဝူကျိဂိုဏ်း တစ်ခုလုံးကို ရှင်းပစ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ မည်သို့ပင် ဆိုစေ ချန်းပေ့ရွှမ်း ဆိုသော ကောင်ကား လူကောင်းတစ်ယောက် မဟုတ်ပါချေ။ သူကား သူ့အား ထိပါးသည့် မည်သည်ကို မဆို အဆုံးထိတိုင်အောင် တိုက်ပွဲဝင်မည့်သူ ဖြစ်သည်။
“ဘုန်း...”
ရွှေရောင် မှော်ဆေးအိုး သည် လေထဲ၌ လည်ပတ်ကာ ရုတ်တရက် ပျောက်ကွယ်သွား၏။ နောက်တစ်စက္ကန့် အကြာ၌ ထိုအရာ ဝူကျိ ကြယ်သင်္ဘော၏ အရှေ့၌ ပြန်လည် ပေါ်လာခဲ့သည်။ ၎င်းသည် ရွှေရောင် အလင်းတန်း အဖြစ် ပြောင်းလဲကာ သင်္ဘောထံသို့ တိုးဝင် သွားလေတော့၏။
“ဘုန်း...”
ပေတစ်ထောင် ကြီးမားသော သင်္ဘောကြီး အတွက် ရှစ်လက်မမျှ ရှိသော မှော်ဆေးအိုး လေးမှာ ဖုန်မှုန့် တစ်ခုစာသာ ဖြစ်သည်။ ထိုဝူကျိ ကြယ်သင်္ဘောသည် ဂိုဏ်း၏ အစွမ်း အထက်ဆုံး စစ်သင်္ဘော တစ်စင်းဖြစ်ကာ စကြဝဠာ အတွင်း နှစ်ပေါင်း မရေမတွက်နိုင်အောင် ရွက်လွှင့်ခဲ့သည်။ ထိုအရာသည် အလွန် ခိုင်မာသော ဂြိုဟ်ရွှေဖြင့် ပြုလုပ်ထားကာ ဂလက်စီ အစီအရင် ကိုးဆယ့် ကိုးခုကိုပါ သယ်ဆောင်ထားသေး၏။ ပုံမှန်အားဖြင့် ဆိုပါက အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် တစ်ယောက်ပင်လျှင် ဝူကျိ ကြယ်သင်္ဘောကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခုတွင်မူ...
ရှစ်လက်မမျှသာ ရှိသော ရွှေရောင် မှော်ဆေးအိုး လေးသည် အားထုတ်မှု ကင်းစွာပင် ဝူကျိ သင်္ဘော၏ အနက်ရှိုင်းဆုံး အပိုင်းများ အထိ ဝင်ရောက် သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာကား ထက်ရှသော ကောင်းကင် ဓားတစ်ချောင်းနှင့် တို့ဟူးကို ဖြတ်ခြင်းနှင့်ပင် အလား သဏ္ဌာန် တူနေသေးတော့သည်။
“ဘုန်း...”
လေဟာနယ်ထဲ၌ ကြီးမားသော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားသွား၏။ ဂြိုဟ်ရွှေစင်သား အတိ ပြီးသည့် ပေတစ်ထောင် မြင့်မားသော သင်္ဘောကြီးကား နူကလိယဗုံး တစ်ဘီလျံနှင့် ရင်ဆိုင်ရသည့် အလား အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ရပြီ ဖြစ်လေသည်။
“ဘုန်း...”
ထိုအခိုက်၌ ကမ္ဘာပေါ်ရှိ လူများသည် ကောင်းကင်တွင် အလွန် တောက်ပသော အလင်း တစ်ခုကို တွေ့မြင် ရလေသည်။ ထိုအရာသည် အမှောင်ထုအား ဖြိုခွင်းရန် အခြား နေတစ်စင်း ထွန်းလင်း လာသယောင်ပင် ထင်ရသည်။
ရီချင်၏ မျက်လုံးထဲရှိ ငွေရောင် အလင်းများသည် ပြင်းထန်စွာ တုန်ရီနေ၏။ ဝူကျိ ကြယ်သင်္ဘောကား ချန်းဖန်၏ တိုက်ခိုက်မှုတွင် ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ ထိုအပေါ်၌ များစွာသော ရွှေအမြုတေ အဆင့်များ၊ အခြေတည် ဝိညာဥ် အဆင့်များ ရှိနေချေသေးသည်။ ထိပ်တန်း ကောင်းကင် ရတနာများကို ပိုင်ဆိုင်ထားသည့် အစွမ်း အထက်ဆုံး အကြီးအကဲ ရှစ်ယောက်သာလျှင် ထိုပေါက်ကွဲမှုမှ လွတ်မြောက်ခဲ့သည်။ ကျန် အကြီးအကဲများကား သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ သူတို့ကား ခန္ဓာကိုယ် ရုပ်အလောင်းပင် ကျန်ရစ်ခဲ့ခြင်း မရှိပဲ ချက်ချင်း သင်္ဂြိုဟ် ခံလိုက်ရပြီ ဖြစ်လေသည်။
“ချန်းပေ့ရွှမ်း... ခွေးမသား ငါမင်းကို ဖန်းပြီး အပြစ်ပေးမယ်... မင်းဂြိုဟ်တစ်ခုလုံးကို သွေးအိုင် အဖြစ် ပြောင်းလဲပြီး ငါခြေဆေးမယ်... ငါ့ ဒေါသကို ပြေပျောက်ဖို့ အတွက် ဒီနေရာမှာ ရှိတဲ့ အပင်တိုင်း၊ သတ္တဝါတိုင်းကို ငါသတ်မယ်”
နတ်ဘုရား မင်းသား ရီချင်က အော်ဟစ်ရင်း လက်များဖြင့် နတ်ဘုရား ကျင့်စဥ် တစ်ခုကို အသက်သွင်း လိုက်၏။ ထို့နောက် သူက အဖြူ၊ အနက် ကောင်းကင် ဥပဒေသများကို နဂါးတစ်ကောင် အလား စီးနင်းရင်း ချန်းဖန်ထံ တိုးဝင် လာတော့သည်။
“ဘုန်း...”
ချန်းဖန်က သူ့အား ညင်သာစွာ ရှောင်တိမ်းလိုက်ရင်း လေဟာနယ် အခြား တစ်ဖက်၌ ပြန်ပေါ်လာခဲ့၏။ ထို့နောက် သူက လက်ကျန် အခြေတည် ဝိညာဥ် အဆင့် ရှစ်ယောက်ထံသို့ ပျံသန်းသွားကာ တိုက်ခိုက် လိုက်တော့သည်။
“ဘုန်း...”
အကြီးအကဲ ရှစ်ယောက်၏ သွေးများမှာ နေရာအနှံ့ ပြန့်ကြဲ သွားသည်။ သူတို့၏ ရွှေရောင် အရိုးများသည် အာကာသ အတွင်း လွင့်စဥ်သွား၏။ သူတို့၏ ခန္ဓာကိုယ်များသည် တောင်တန်း မြစ်ပြင် မှော်ဆေးအိုး ၏ ဖျက်ဆီးခြင်းကို ခံရကာ သူတို့၏ နတ်ဘုရား စိတ်ဝိညာဥ်များမှာလည်း အမှုန့်အဖြစ် ကြိတ်ချေခြင်းကို ခံကြရလေသည်။
“အား...”
ရီချင်ကား ရူးမတတ် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။ အဖြူ၊ အနက် နဂါးနှစ်ကောင်ဖြင့် ဖွဲ့စည်းထားသော ဝူကျိ ပတ်လမ်းသည် အလွန် ပြင်းထန်စွာ လည်ပတ်ကာ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်လာ၏။ ထိုအရာကား စကြဝဠာကို ထက်ပိုင်း ပိုင်းပစ်တော့မည့်ဟန်ပင် ရလေသည်။
“ဟဟ...”
ချန်းဖန်က ရီချင်၏ အဖြစ်ကို ကြည့်ကာ ရယ်မောလိုက်၏။ ထို့နောက် သူက တောင်တန်း မြစ်ပြင် မှော်ဆေးအိုးကို ထိန်းချုပ်ကာ ရီချင်နှင့် ထိပ်တိုက် ရင်ဆိုင်တော့သည်။
သူတို့ နှစ်ယောက်ကား မည်သည့် အရာကိုမှ ထိန်ချန်ထားခြင်း မရှိချေ။ သူတို့သည် သူတို့ သိသမျှ နတ်ဘုရား စွမ်းအားနှင့် ဓမ္မ စွမ်းအား မှန်သမျှကို သုံးကာ သူတို့၏ တိုက်ခိုက်မှု အစွမ်းကို အကန့်အသတ် ရောက်အောင် မြှင့်တင် ကြသည်။ သူတို့ကား အသက်ကိုပင် အရင်းအနှီး ပြုလုပ်ကာ အကျိုးဆက် အကုန်လုံးကို မျက်ကွယ် ပြုထားလေ၏။
“ဘုန်း...”
ရှစ်လက်မရှိသော ရွှေရောင် မှော်ဆေးအိုးနှင့် အဖြူ၊ အနက် နတ်ဘုရား ပတ်လမ်းတို့သည် လေဟာနယ် တစ်နေရာ၌ တစ်ခုကို တစ်ခု တိုက်မိကြ၏။
အနက်နှင့် အဖြူ အမတေ ချီနဂါးများသည် ဓမ္မ ဥပဒေသများကို စုစည်းကာ ပေပေါင်း ရာချီအောင် ကြီးထွားလာကြသည်။ ၎င်းတို့သည် ကောင်းကင်တွင် အရှိန်ပြင်းစွာ လည်ပတ်ရင်း တစ်ဆယ် ကီလိုမီတာ ရှိသည့် လေဟာနယ် အက်ကြောင်းများကို ဖန်တီးနေ၏။ သို့သော်လည်း ရွှေရောင် မှော်ဆေးအိုး၏ ရှေ့မှောက်၌ ဝူကျိ ပတ်လမ်းမှာ ပျော့ညံလွန်းလှသည်။ ထိုအရာသည် အပိုင်းပိုင်း အစစ အဖြစ် ဖျက်ဆီး ခံရလေ၏။
“ဘုန်း...”
ရွှေရောင် မှော်ဆေးအိုးသည် ငဲ့ညှာ သနားခြင်း မရှိချေ။ ၎င်းသည် ရီချင်ထံသို့ တိုက်ရိုက် ဆက်လက် တိုးဝင် သွား၏။
“မကောင်းတော့ဘူး...”
ရီချင်မှာ အလွန် ကြောက်ရွံ့ သွားသည်။ သူသည် လျှင်မြန်စွာပင် လက်များကို လှုပ်ရှားကာ အစီအရင်များကို ခင်းကျင်းလိုက်သည်။ ရောင်စုံ စွမ်းအင်များသည် အမတေချီလက်ဝါးကြီး တစ်ခုကို ဖန်တီးကာ မှော်ဆေးအိုးအား အုပ်မိုးလေ၏။
သို့သော်လည်း မည်ကဲ့သို့ အသုံးဝင်မည်နည်း။ ရွှေရောင် မှော်ဆေးအိုး၏ စွမ်းအား အပြည့် တိုက်ခိုက်မှုသည် အကာအကွယ် လက်ဝါးကြီးအား တစ်စက္ကန့် အတွင်း ဖောက်ထွက်ကာ ရီချင်၏ ခန္ဓာကိုယ်အား ထိမှန်လေသည်။
“ဘုန်း...”
ရီချင်၏ ခန္ဓာကိုယ်သည် အလွန်အမင်း သန်မာသည်။ ထိုအရာသည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်တွင် ရှိကာ လွန်ခဲ့သော နှစ်နှစ်က ချန်းဖန်၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်နှင့်ပင် နှိုင်းယှဥ်နိုင်ခဲ့သည်။ သို့သော်လည်း ရွှေရောင် မှော်ဆေးအိုးနှင့် တိုက်မိသည်နှင့် ထိုခန္ဓာကိုယ်မှာ ချက်ချင်း ပေါက်ကွဲသွားလေ၏။ ရွှေရောင် အရိုးများ၊ သွေးများသည် နေရာ အနှံ့ပြန့်ကျဲ သွားသည်။
“ဖွဲ့စည်း...”
ရီချင်၏ နတ်ဘုရား စိတ်ဝိညာဥ်က အော်ဟစ်လိုက်၏။ သူသည် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်၏ သွေးဖြင့် ရေးဆွဲထားသော “အစားထိုးခြင်း နတ်ဘုရား အဆောင်” ကို ပိုင်ဆိုင်ထားသည်။ ထိုအဆောင်သည် တောင်ပိုင်း ဒေသငယ် နတ်ဘုရား မင်းသားတိုင်း ပိုင်ဆိုင်နိုင်သည့် အသက်ကယ် ရတနာ တစ်ခု ဖြစ်ပေသည်။
“ဝှစ်...”
အစားထိုးခြင်း နတ်ဘုရား အဆောင်ကို အသက်သွင်းလိုက်သည်နှင့် နတ်ဘုရား မင်းသား ရီချင်၏ ခန္ဓာကိုယ်သည် နောက်တစ်ဖန် ပြန်လည် ဖွဲ့စည်းလာ၏။ ထိုဒုတိယ ခန္ဓာကား မူလ ခန္ဓာနှင့် အနည်းငယ်ပင် ကွာခြားခြင်း မရှိပါချေ။
“ဘုန်း...”
သို့သော်လည်း တောင်တန်း မြစ်ပြင် မှော်ဆေးအိုး၏ ကြမ်းတမ်းစွာ တိုးဝင် တိုက်ခိုက်မှုတွင် ထိုဒုတိယ ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲ သွားပြန်သည်။ ယခုတစ်ကြိမ်၌ သူ၏ အခြေတည် ဝိညာဥ် ပင်လျှင် ပြိုကွဲလု နီးပါး အထိ ဖြစ်သွားခဲ့လေသည်။
“ဝှစ်...”
အစားထိုးခြင်း နတ်ဘုရား အဆောင်ကား အမှန်တကယ်ပင် မဟာ ကျင့်ကြံသူ တစ်ယောက်၏ သွေးဖြင့် ပြုလုပ်ထားသော ရတနာ ဖြစ်ပေသည်။ ထိုအရာသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“ဝှစ်...”
မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဘုရား မင်းသား ရီချင်ကား အကောင်း ပကတိ ပြန်လည် ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။
သို့သော်လည်း...
“ဘုန်း...”
ရီချင်မှာ ဖရဲသီးကို ကျောက်တောင်နှင့် ရိုက်ကာ ခွဲသကဲ့သို့ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပြန်၏။ ရီချင်ကား သုံးကြိမ် တိုက်ခိုက်ခံရပြီးနောက် အလွန်တရာ ကြောက်လန့် လာခဲ့ပြီ ဖြစ်လေသည်။ သူသည် ခန္ဓာကိုယ် အပြည့်အစ ပြန်လည် မဖွဲ့စည်းပြီးသေးခင်မှာပင် လွတ်မြောက်ခြင်း နတ်ဘုရား အဆောင်ကို အသက်သွင်းကာ မိုင်ပေါင်း တစ်သောင်းအကွာသို့ လျှပ်တစ်ပြက် အတွင်း ရွေ့လျား သွား၏။
သို့သော်လည်း ချန်းဖန်မှာ သူ့အား ထွက်ပြေးခွင့် မပြုပါချေ။ ရွှေရောင် မှော်ဆေးအိုးသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ရီချင်၏ အခြေတည် ဝိညာဥ်ထက်၌ ပေါ်လာခဲ့သည်။ ကောင်းကင်သည် ချက်ချင်းပင် အေးခဲကာ သံမဏိပြား တစ်ခု အဖြစ် ပြောင်းလဲသွား၏။ ရီချင်သည် လွတ်မြောက်ခြင်း နတ်ဘုရား အဆောင်ကို ထပ်မံ အသက်သွင်းသော်လည်း ထိုအရာမှာ အလုပ် မလုပ်တော့ချေ။
နောက်ဆုံး၌ ကြီးကျယ် ခမ်းနားလှသည့် ဝူကျိ ဂိုဏ်းကြီး၏ တတိယ နတ်ဘုရား မင်းသားကား တစ်ရပ်တစ်ကျေးနယ် တစ်ခု၌ အကူအညီ ကင်းမဲ့ နေခဲ့ပြီ ဖြစ်တော့သည်။
“လွှတ်စမ်း... ငါက ဝူကျိဂိုဏ်းရဲ့ နတ်ဘုရား မင်းသားပဲ... မင်း ငါ့ကို သတ်လို့ မရဘူး... ငါ့မှာ နတ်ဘုရား ကုန်းမြေ အကြောင်း လျှို့ဝှက်ချက်တွေ ရှိတယ်... ငါမင်းကို အကုန် ပြောပြလို့ ရတယ်”
ရီချင်သည် သွေးရူးသွေးတန်းဖြင့် အော်ဟစ်နေ၏။
သို့သော်လည်း တောင်တန်းမြစ်ပြင် မှောဆေးအိုးသည် ထိုအရာကို ကြားဟန် မရပဲ ညင်သာစွာ လှုပ်ရှား သွားသည်။ အဖြူနှင့် အနက်ရောင် အခြေတည် ဝိညာဥ်ကား ဖျက်ဆီး ခံလိုက်ရပြီ ဖြစ်တော့သည်။
***