← Chapters

အခန်း (၄၀၂)

Vol. 29 Ch. 402

အခန်း (၄၀၂)

Vol. 29 Ch. 402

(ယဲ့ကျွင်းလင်နဲ့ ယဲ့ဝူရှန်းရဲ့ မျိုးရိုးနာမည်တွေက မြန်မာလိုရေးတော့ တူနေပေမဲ့ တရုတ်စာမှာက စကားလုံးတစ်လုံးတည်းကို အသံထွက်အနိမ့်အမြင့်လိုက်ပြီး ကွဲပြားတဲ့အတွက် မျိုးရိုးနာမည်တူတယ်လို့ သတ်မှတ်မရပါဘူး)

ဖုန်ချင်းယန်တစ်ယောက် ဝူကျီတာအိုဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားလိုက်တိုင်း တစ်ခုခုမူမမှန်ကြောင်း အမြဲခံစားမိနေရသည်။ ယဲ့မျိုးရိုးဂိုဏ်းချုပ်က ဘယ်တုန်းကဒီလောက် စိတ်ခံစားချက်တွေ သံယောဇဥ်တွေ နက်နဲသွားတာလဲ?

သို့သော် သူတစ်ခုထပ်တွေးမိသည်။ တာအိုဂိုဏ်းကြီးခုနစ်ခုမှ မသေမျိုးများ၏ ပူးပေါင်းကူညီမှုနှင့်သာဆိုလျှင် သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ မည်မျှအစွမ်းထက်နေသည်ဆိုဆို တစ်ယောက်တည်းတိုက်ခိုက်ပါက မလွဲမုချ ရှုံးနိမ့်သေဆုံးရမည်ပင်။

"ငါ့သားကို သတ်တဲ့ရန်ငြိုးကို ပြေလည်ပေးနိုင်စရာမရှိဘူး။ ငါ၊ ဖုန်မျိုးဟာ ဒီတစ်ခါမှာတော့ နတ်ဆိုးခေါင်းဆောင်ကို သူဖန်တီးခဲ့တဲ့ သွေးကြွေးအတွက် အမှန်တကယ် ပေးဆပ်စေရမယ်!"

ဖုန်ချင်းယန်၏ မျက်လုံးများက ရွှေစင်စစ်မီးအိမ်ကဲ့သို့ တဖျတ်ဖျတ် အရောင်တောက်နေပြီး လေသံမှာလည်း ခိုင်မာပြတ်သားနေခဲ့သည်။

"ဂိုဏ်းချုပ်၊ နောက်ဆုံးတော့ ပြန်လာပြီပဲ၊ ဒီမှာ ပြဿနာတစ်ခုရှိနေတယ်!"

အသက်ကြီးကြီး အကြီးအကဲတစ်ဦးက အလျင်အမြန်ပြေးလာပြီး ပြောလိုက်သည်။

"ဟင်? ဘာလဲ? ပြောစမ်း!" ဖုန်ချင်းယန် မျက်မှောင်ကြုတ်သွားသည်။

"ဂိုဏ်းချုပ်ထွက်သွားပြီး မကြာခင်မှာပဲ ရွှယ်ထျန်းသူတော်စင်နယ်မြေရဲ့ ကောင်းကင်အရှင်သခင် ကျွန်တော်တို့ဆီကို သတင်းတစ်ခုပို့လိုက်တယ်။ သူက စစ်ပွဲကို ရက်အနည်းငယ်ရွှေ့ဆိုင်းထားသင့်တယ်လို့ ပြောတယ်။ ရွှယ်ထျန်းဂိုဏ်းကို စုံစမ်းဖို့အတွက် သံတမန်တစ်ဦး အရင်စေလွှတ်ချင်တယ်တဲ့။ ပြီးမှ တိုက်သင့်မတိုက်သင့် ဆုံးဖြတ်ကြမယ်တဲ့"

ကြားလိုက်ရသောသတင်းကြောင့် ဖုန်ချင်းယန် အံ့အားသင့်သွားသည်။

ဤကဲ့သို့ အရေးကြီးနေသော အခြေအနေတွင် ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ ကောင်းကင်အရှင်သခင်ကိုယ်တိုင်မှ ဝင်ရောက်စွက်ဖက်လာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ရွှယ်ထျန်းဂိုဏ်းဆီကို အထူးသံတမန်တစ်ဦးကိုတောင် စေလွှတ်ချင်သေးတာလား? ဒါ ဘာသဘောများလဲ?

ရွှယ်ထျန်းဂိုဏ်းနဲ့ ရွှယ်ထျန်းသူတော်စင်နယ်မြေတိုးကြား အဆက်အနွယ် ရှိနေတာလား?

ရွှယ်ထျန်းသူတော်စင်နယ်မြေသည် ထိပ်တန်းဂိုဏ်းလေးခု၏ခေါင်းဆောင်ဖြစ်ပြီး အလယ်ပိုင်းဒေသတွင် ၎င်း၏အဆင့်အတန်းသည် အလွှမ်းမိုးနိုင်ဆုံးဟု ဆိုရပေမည်။ သူတော်ကောင်းလမ်းစဉ် မသေမျိုးဂိုဏ်းများ၏ ဦးစီးဦးဆောင်ဟူ၍လည်း သတ်မှတ်နိုင်၏။

တာအိုဂိုဏ်းကြီးရှစ်ခု ပေါင်းစည်းလျှင်တောင်မှ ရွှယ်ထျန်းသူတော်စင်နယ်‌မြေကို ယှဥ်နိုင်မည်မဟုတ်။ လက်ရှိပြောဆိုလာသူမှာ ထိုနယ်မြေ၏ အရှင်သခင်ကိုယ်တိုင်ဖြစ်သောကြောင့် ဖုန်ချင်းယန်တွင် တွန်းလှန်ဖို့ သတ္တိမရှိခဲ့ပါပေ။ မည်မျှမကျေနပ်စေကာမူ ထုတ်ဖော်ပြောဆိုဖို့ မရဲလှ။

အဆုံးတွင်တော့ မျက်နှာကြီးရာ ဟင်းဖတ်ပါရဦးမည်သာ ဖြစ်၏။ မဟုတ်လျှင် ဝူကျီတာအိုဂိုဏ်း အနာဂတ်တွင် ကောင်းမွန်စွာ ဆက်လက်ရှင်သန်နိင်ဖို့ မသေချာ။ ကျင့်ကြံရေးလောက၏ နိုင့်ထက်စီးနင်းသဘာဝကို ဖုန်ချင်းယန် ကောင်းကောင်းနားလည်သည်။

သို့သော် ကြားလိုက်ရသောသတင်းကိုတော့ မယုံနိုင်ဖြစ်ဆဲပင်။ ရွှယ်ထျန်းဂိုဏ်းသည် မီးလျှံနတ်ဆိုးဂိုဏ်း၏ အရေခြုံအခွံသက်သက်ဟု သူထင်မှတ်ထားသော်ငြား လက်ရှိတွင်တော့ တစ်ခုခုလွဲချော်နေပုံရ၏။

ရွှယ်ထျန်းဂိုဏ်းသည်သာ ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ ဂိုဏ်းခွဲတစ်ခု ဖြစ်နေခဲ့လျှင် ရွှယ်ထျန်းဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်သော သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ကို မည်သို့ကိုင်တွယ်ရမည်နည်း။ ဖုန်ချင်းယန် စဉ်းစားလေလေ စိတ်ဓာတ်ကျလေလေဖြစ်ရသည်။

ဒါဘယ်လို ရှုပ်ထွေးတဲ့ အဆက်အနွယ်မျိုးလဲ။

ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ ကောင်းကင်အရှင်သခင်က ဤကိစ္စကို အရေးတယူဖြင့် အထူးသံတမန်ပင် စေလွှတ်မည်ဟုဆိုလာသည်မှာ အံ့သြစရာတော့မဟုတ်။ မိတ်ဆွေရန်သူ အဆက်အနွယ်များက အမှန်ပင် ရှုပ်ထွေးပွေလီနေခဲ့သည်။

ယခုအချိန်တွင်တော့ ရွှယ်ထျန်းဂိုဏ်းနှင့် ရွှယ်ထျန်းသူတော်စင်နယ်မြေတို့ ဘာပက်သက်မှုမှ မရှိဖို့သာ သူမျှော်လင့်နိုင်တော့၏။ သို့မှသာ ဤနတ်ဆိုးသုတ်သင် စစ်ဆင်ရေးကို ချောမွေ့စွာဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

မဟုတ်ရင် လေကျယ်ပြီးတော့ အဆုံးမသတ်နိုင်တဲ့ ရလဒ်အနေနဲ့ သူတို့ဝူကျီဂိုဏ်းပဲ လောကအလယ် မျက်နှာပျက်ရတော့မှာပေါ့။

"ကောင်းကင်အရှင်သခင်ကိုယ်တိုင် ပြောလာတာဆိုတော့ ဒီကိစ္စကို ခေတ္တဆိုင်းငံ့ထားရလိမ့်မယ်။ အမှန်တရားပေါ်ပေါက်လာတဲ့အခါမှ လှုပ်ရှားရင်လည်း နောက်မကျသေးပါဘူး။" ဖုန်ချင်းယန် မတတ်သာစွာ ညွှန်ကြားလိုက်ရတော့သည်။

ရွှယ်ထျန်းသူတော်စင်နယ်မြေ။

ဤနေရာရှိ မသေမျိုးစွမ်းအင်သည် အလွန်ကြွယ်ဝပြည့်ဖြိုးပြီး အလယ်ပိုင်းဒေသတစ်ခုလုံးတွင် ကျင့်ကြံအားထုတ်ရန် အသင့်တော်ဆုံး သူတော်စင်နယ်မြေသာ ဖြစ်သည်။

တိမ်တိုက်များနှင့် မြူခိုးများက လေစီးကြောင်းနှင့်အတူ ပျံ့လွင့်နေသည်။ မသေမျိုးစမ်းရေများ တဝေါဝေါစီးဆင်းလျက် တောင်တန်းအသွယ်သွယ် ဝန်းရံထားသော ပတ်ဝန်းကျင်မှာ သာယာငြိမ့်‌ညောင်းကာ ကြီးကြယ်ခမ်းနားလှ၏။ မသေမျိုးတောင် တစ်ခုချင်းစီမှာ တောက်ပသောအလင်းရောင်များဖြင့် ဝန်းရံခြုံလွှမ်းလျက်ရှိပြီး တောင်ထိပ်များပေါ်တွင် နန်းဆောင်ခန်းများနှင့် နေအိမ်ငယ်လေးများက အစီအရီ လှလှပပ တည်ရှိနေသည်။

ကောင်းကင်တွင် အစွမ်းထက်သော ပုဂ္ဂိုလ်များစွာ ဟိုဟိုဒီဒီသွားလာနေကြသည်။ အချို့က ဓားပျံများစီးနင်းလျက် အချို့က စီးတော်ယာဉ်များကို အသုံးပြုကာ ဥဒဟို လှည့်လည်ပျံသန်းနေကြသည်မှာ ပေါ့ပါးလွတ်လပ်စွာပင်။

ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ အဖွဲ့ဝင်များဖြစ်ဖို့ရာ အရည်အချင်း လိုအပ်ချက်များက အလွန်တရာမြင့်မားသည်။ အလုပ်သင်အဆင့် အခိုင်းအစေ တပည့်သားတစ်ဦးပင်လျှင် ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိဖို့ လိုအပ်၏။

ကောင်းကင်ထက်တွင် မြို့တစ်မြို့ကဲ့သို့ ပျံဝဲနေသော ဧရာမကျွန်းကြီးတစ်ကျွန်း တည်ရှိသည်။

ရှေးဟောင်းကြေးသရဖူဆောင်းထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် ရေတံခွန်ကဲ့သို့ ရှည်လျားနက်မှောင်သောဆံပင်များရှိပြီး တိမ်တိုက်သဏ္ဍာန်များ ရေးဆွဲခြယ်သထားသော ချီလင်ဝတ်ရုံဝတ်ဆင်ထားကာ ခန်းမကြီး၏ အမြင့်ဆုံးတစ်နေရာတွင် လက်များကို ကျောနောက်ပစ်လျက် ရပ်နေသည်။ သူ၏မျက်လုံးများကား ကြယ်တာရာများကဲ့သို့ နက်ရှိုင်းတောက်ပပြီး မျက်နှာအချိုးအစား ပြတ်သားထင်ရှားသည်။ မျက်လုံးများအကြားရှိ အရှိန်အဝါ အငွေ့အသက်မှာ ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်တော့မည့်ဟန်ရ၏။

ထိုသူသည် အလယ်ပိုင်းဒေသတွင် အမြင့်မြတ်ဆုံးသောသူများထဲမှ တစ်ဦးဖြစ်သည်။

ကောင်းကင်အရှင်သခင်ဟု ကင်ပွန်းတပ် ခေါ်ဆိုကြပါသော ကျန်းထျန်မင်။

"အရှင်သခင်ကြီးခင်ဗျာ၊ ကျွန်တော့်ကို အရှေ့ပိုင်းဒေသဆီ သံတမန်အဖြစ် သွားရောက်ပြီး ရွှယ်ထျန်းဂိုဏ်းရဲ့ အခြေအနေကို စစ်ဆေးစေချင်တာပါလား" ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်းဖြင့်သာမန်ရုပ်ရည်ရှိသည့် လူငယ်တစ်ဦးသည် အံ့အားသင့်မှုတို့ ပြည့်နှက်နေသော လေသံဖြင့် မေးလိုက်သည်။

လျိုချင်းမင်အနေဖြင့် အရှင်သခင်ကြီးထံမှ ထိုသို့သောအထူးအမိန့်မျိုးရလိမ့်မည်ဟု ‌မျှော်လင့်မထားခဲ့။

"ဟုတ်တယ်၊ အများကြီးစဉ်းစားဆင်ခြင်ပြီးနောက်မှာတော့ မင်းတစ်ယောက်တည်းကသာ ဒီလိုဂုဏ်ယူစရာကောင်းပြီး ခက်ခဲတဲ့တာဝန်ကို ထမ်းဆောင်နိုင်လိမ့်မယ်လို့ တွေးမိတယ်!" ကျန်းထျန်မင်က လေးနက်စွာပြောလိုက်သည်။

လျိုချင်းမင်၏အတွေးများ ချာချာလည်သွားရ၏။

ဤတာဝန်ကိုလက်ခံရန် မည်သူမျှဆန္ဒမရှိသောကြောင့် သူ့ကိုပေးလိုက်သည်လားဟု ထင်မြင်မိသည်။

All Chapters