အခန်း (၄၀၃)
Vol. 29 Ch. 403
အလယ်ပိုင်းဒေသတစ်ခုလုံးက သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့တစ်ယောက် ရွှယ်ထျန်းဂိုဏ်းတွင် ရှိနေသည်ကို သိထားကြသည်။ မည်သူမဆို ကိုယ့်သင်္ချိုင်းနေရာကို ကိုယ်ပိုင်ခြေထောက်ဖြင့် အားကြိုးမာန်တက် မသွားချင်လှ။
"အရှင်သခင်ကြီး၊ အမှန်တော့ ကျွန်တော်..."
"မင်းစိုးရိမ်နေမှာကို ငါနားလည်ပါတယ်။ ဒါပေမယ့် ရွှယ်ထျန်းဂိုဏ်းကို သွေးနီနတ်ဆိုးက တည်ထောင်ခဲ့တာမဟုတ်ဘူး။ အဲ့အဖွဲ့အစည်းက ငါတို့ရဲ့ ရွှယ်ထျန်းသူတော်စင်နယ်မြေနဲ့ နက်ရှိုင်းတဲ့ဆက်စပ်မှုရှိနေတယ်ဆိုတာကို ငါအတိအလင်း အာမခံနိုင်တယ်"
ကျန်းထျန်မင်က အလေးအနက် ပြောလာသည်။
"ဗျာ?!" လျိုချင်းမင် အလွန်အံ့အားသင့်သွားရသည်။
အရှေ့ပိုင်းဒေသ၏ ဝေးလံခေါင်ဖျား နယ်စပ်ဒေသမှာရှိသော ဂိုဏ်းတစ်ခုက အလယ်ပိုင်းဒေသ၏ အစွမ်းအထက်ဆုံး မသေမျိုးဂိုဏ်းနှင့် ဆက်စပ်နေသည်ဆိုသော သတင်းစကား။
ဤသတင်းသာ အပြင်လောကသို့ ပျံ့နှံ့သွားပါက သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ ပြန်ပေါ်လာခြင်းသတင်းလောက် ရိုက်ခတ်မှုပြင်းဦးမည်သာ။
"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ငါ့ဆရာသခင်ဖြစ်သူ တန်ခိုးထွားခဲ့တဲ့ အချိန်ကာလမှာ သူရဲ့ မိတ်ဆွေရင်းချာကြီးဖြစ်တဲ့ မသေမျိုးသခင်ယန်ဟာ မသေမျိုးအဖြစ် တက်ရောက်ခါနီးအချိန်မှာ သူယုတ်မာတွေရဲ့ မဟုတ်မမှန်စွပ်စွဲခြင်းကို ခံခဲ့ရတယ်။ ကောင်းကင်အရှင်သခင်ဟောင်းက ကြားလူတွေကုန်းချောကြတဲ့ အတင်းအဖျင်းတွေကို ယုံကြည်ပြီး ဒေါသထွက်ခဲ့ပြီး မသေမျိုးသခင်ယန်ရဲ့ တာအိုကျင့်ကြံမှု အတော်များများကို ပြစ်ဒဏ်အနေနဲ့ ဖယ်ရှားပစ်ခဲ့တယ်။ မသေမျိုးသခင်ယန်ဟာ အရှက်ရတာကို သည်းမခံနိုင်လှတဲ့အတွက် ရွှယ်ထျန်းသူတော်စင်နယ်မြေကနေ ထွက်ခွာသွားခဲ့ပြီး အဲ့ဒီနောက်ပိုင်း သတင်းအစအနမကြားရတော့တဲ့အထိ ဇာတ်မြှုပ်ပျောက်ကွယ်သွားခဲ့တာပဲ"
"နောက်ပိုင်း အရှင်သခင်ဟောင်း ဆုံးပါးသွားတဲ့အခါ ဆရာသခင်က အရှင်သခင်နေရာကို ဆက်ခံခဲ့ရတယ်။ ရာထူးဆက်ခံပြီးပြီးချင်းမှာပဲ မိတ်ဆွေဖြစ်သူရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ ကြိုးစားခဲ့ပေမဲ့ သူနဲ့ပက်သက်ဆက်စပ်တဲ့ သတင်းအချက်အလက် တစ်ခုမှကို စုံစမ်းမရခဲ့ဘူး။ ဆရာသခင်ဟာ မသေမျိုးဘုံဆီမတက်ခင်အထိ တစ်ချိန်လုံးနောင်တနဲ့ပဲ နေထိုင်သွားခဲ့ရတာ"
"အခု သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ ပြန်ပေါ်လာပြီး တိုက်တိုက်ဆိုင်ဆိုင် ရွှယ်ထျန်းဂိုဏ်းဆိုတဲ့နာမည်လည်း ပါနေပြန်တော့ ဒီအတိတ်ဟောင်းကို ငါပြန်အမှတ်ရမိတယ်" ကျန်းထျန်မင် သက်ပြင်းချလိုက်သည်။
လျိုချင်းမင်မှာ ထိုသို့သောလျှို့ဝှက်ချက်မျိုး ရှိနေခဲ့မည်ဟု လုံးဝမမျှော်လင့်ခဲ့သောကြောင့် ဆွံ့အသွားခဲ့ရ၏။
"ဒါပေမယ့် ခွင်းလွင်နယ်မြေတစ်ခွင်မှာ ရွှယ်ထျန်းနာမည်ပါတဲ့ ဂိုဏ်းတွေမှ အများကြီးပါပဲ။ ဒီနာမည်တစ်လုံးအပေါ်ပဲ အခြေခံပြီး ရွှယ်ထျန်းသူတော်စင်နယ်မြေနဲ့ ဆက်စပ်မှုရှိတယ်လို့ ကောက်ချက်ချတာက အရမ်း လိုရာဆွဲတွေးသလို ဖြစ်မနေဘူးလားဗျာ" လျိုချင်းမင်က အားလျော့စွာပြောလိုက်သည်။
(ရွှယ်ထျန်းဆိုတာ နက်နဲသောကောင်းကင်လို့ အဓိပ္ပာယ်ရပါတယ်။ ဂိုဏ်းနာမည်တွေမှာ ထည့်သုံးလေ့ရှိတဲ့ စကားစုမျိုးပါ)
ဘယ်လိုပဲ ရှင်းပြရှင်းပြ သူမသွားချင်လှသေး။
ကျန်းထျန်မင် ပြုံးလိုက်သည်။ "ဒါကြောင့်ပဲ မင်းကို သွားပြီးအတည်ပြုခိုင်းနေတာ မဟုတ်လား"
"ပြဿနာက ဒီဆက်နွယ်မှုသာ အမှန်ဖြစ်နေရင် ရွှယ်ထျန်းဂိုဏ်းကို ဘယ်လိုဆက်ဆံရမလဲ။ အရှင်သိတဲ့အတိုင်း အဲ့ဒီ နတ်ဆိုးခေါင်းဆောင်က အဲ့ဒီမှာရှိနေတာ။ ကျွန်တော်ထင်တယ်။ မသေမျိုးအရှင်ယန်ထားခဲ့တဲ့ တာအိုမျိုးရိုးအမွေအနှစ်တွေကိုလည်း သူသိမ်းပိုက်ပြီးနေလောက်ပြီ" လျိုချင်းမင်က စိုးရိမ်နေသည်။
ကျန်းထျန်မင် ခဏလောက်စဥ်းစားလိုက်ပြီးမှ ဖြေလာသည်။ "အကယ်၍ အဲ့လိုဖြစ်နေရင်လည်း သွေးနီနတ်ဆိုးကို ကိုင်တွယ်ဖို့ မဟာတာအိုဂိုဏ်းကြီးရှစ်ခုကို စေလွှတ်လိုက်လို့ ရသေးတာပဲ၊ နောက်မကျနိုင်ပါဘူး။ အတိုချုပ်ပြောရရင် ဒါက ငါ့ဆရာသခင်ရဲ့ မိတ်ဆွေရင်းကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ဂိုဏ်း တစ်ခုဖြစ်ပြီး ဒါဟာ ငါတို့ရွှယ်ထျန်းနဲ့လည်း နာမည်တစ်ခုထက်ပိုပြီး ဆက်စပ်မှုရှိနေမယ်ဆိုရင် လျစ်လျူရှုထားလို့ မရပေဘူး"
"အရေးကြီးဆုံးအချက်ကတော့" သူခဏရပ်လိုက်သည်။
ကျန်းထျန်မင်၏ မျက်လုံးများ အရောင်တောက်လာပြီး ဆက်ပြောလာ၏။ "မကြာသေးခင်ကမှ ငါ့ရဲ့ကောင်းကင်ဘုံမှော်ရတနာကနေတစ်ဆင့် အရှေ့ပိုင်းဒေသမှာ မသေမျိုးတောင်တစ်သောင်း ပေါ်လာတာကို တွေ့ရှိခဲ့တယ်။ ဒါပေမဲ့ ငါတို့ဘက်က ဝင်ရောက်စွက်ဖက်ဖို့အတွက် အကြောင်းပြချက်ကောင်းကောင်း မရှိနေဘူး။ ဘာလို့လဲဆိုတော့ ငါတို့အပြင် ကျန်တဲ့ သူတော်စင်နယ်မြေသုံးခုလည်း ရှိနေသေးတယ်။ မင်းနားလည်တယ်မလား?"
"ဒါပေမယ့် ရွှယ်ထျန်းဂိုဏ်းကသာ ငါတို့ရွှယ်ထျန်းသူတော်စင်နယ်မြေနဲ့ ဆက်စပ်နေတာကို အတည်ပြုနိုင်ခဲ့မယ်ဆိုရင် လက်အောက်ခံဂိုဏ်းခွဲတစ်ခုအနေနဲ့ အရှေ့ပိုင်းဒေသက ကျင့်ကြံရေးအရင်းအမြစ်တွေကို ထိန်းချုပ်ပေးဖို့ တာဝန်ပေးနိုင်လိမ့်မယ်။ အဲ့ဒီအခါကျရင် ကျန်တဲ့ သူတော်စင်နယ်မြေသုံးခု ဘယ်လောက်ပဲ မကျေနပ်နေပါစေ၊ အရှေ့ပိုင်းဒေသရဲ့ ကိစ္စတွေမှာ ငါတို့ဝင်ပါနေတာကို တားဆီးလို့ရနိုင်တော့မှာ မဟုတ်ဘူး"
"ရွှယ်ထျန်းဂိုဏ်းက ငါတို့အတွက် ဘယ်လောက်အရေးကြီးသလဲ မင်းနားလည်ပြီလား?"
ထိုစကားကိုကြားသောအခါမှ လျိုချင်းမင် ရုတ်တရက်သဘောပေါက်သွားပြီး သူ့ရှေ့မှ အမျိုးသားကို မော့ကြည့်ကာ "မြေခွေးအိုကြီးတွေများ အမြင်ကျယ်လိုက်တာ" ဟု တိတ်တဆိတ် တွေးမိ၏။
အပြင်ပန်းတွင် စကားလုံးကြီးများ မည်မျှပစ်ပေါက်နေပါစေ အမှန်တော့ အရှေ့ပိုင်းဒေသတွင် ကြိုးကိုင်လို့ရမည့် အင်အားစုတစ်ခု လက်သပ်မွေးချင်နေခြင်းသာဖြစ်၏။ ထိုမှသာ ရွှယ်ထျန်းသူတော်စင်နယ်မြေအတွက် ကျင့်ကြံရေးအရင်းအမြစ်များ လက်ဝါးကြီးအုပ်သဲ့ယူနိုင်မည် ဖြစ်သည်။
ပြီးတော့ ထိုရည်ရွယ်ချက်အတွက်ဆိုလျှင် ရွှယ်ထျန်းဂိုဏ်းက သင့်လျော်သောပစ်မှတ်တစ်ခုဖြစ်နေသည်။
အဆက်အနွယ်မကင်းတဲ့ လက်အောက်ခံဂိုဏ်းခွဲတစ်ခုအနေနဲ ရွှယ်ထျန်းသူတော်စင်နယ်မြေအတွက် အမှုတော်ထမ်းဆောင်ပေးတာက ပုံမှန်ပဲမဟုတ်လား။ ဘယ်သူတွေ ဘယ်လို မကျေနပ်နေပါစေ၊ အကျိုးအကြောင်းသင့်လျော်နေသည့်အတွက် ပြစ်ချက်ရှာတွေ့နိုင်မည်မဟုတ်။
ကျင့်ကြံရေးအင်အားစုတစ်ခုအတွက် အရေးအကြီးဆုံးမှာ နယ်မြေနှင့်အရင်းအမြစ်များကို သိမ်းယူနိုင်ဖို့သာဖြစ်သည်။ များများပိုသိမ်းနိုင်သူက ပိုလို့အားသာမည် အသေအချာပင်။
အလယ်ပိုင်းဒေသ၏ လက်ရှိ ဒေသတွင်းပြိုင်ဆိုင်မှုအဆင့်က အလွန်မြင့်မားမြန်ဆန်နေပြီး အင်အားစုအသစ်များ မနားတမ်းပေါ်ပေါက်လာခြင်းကြောင့် ဖွဲ့စည်းပုံအခြေအမြစ်များကိုလည်း အမြဲပြင်ဆင်ပြောင်းလဲနေရသည်။ ဤကဲ့သို့သော ရွှေခေတ်တွင် ရွှယ်ထျန်းသူတော်စင်နယ်မြေအနေဖြင့် သြဇာအာဏာကို ဆက်လက်ထိန်းသိမ်းထားလိုလျှင် သူများထက်တော့ ခြေတစ်လှမ်းကြောနေရမည်။
"အရှင်သခင်ရဲ့ အမြော်အမြင်ကို ကြားသိလိုက်ရပြီးချိန်မှာ ကျွန်တော် လျိုချင်းမင် ငြင်းပယ်စရာအကြောင်း မရှိတော့ပါဘူး။ ကျွန်တော်သာ အသက်ရှင်လျက်ပြန်လာနိုင်ခဲ့ရင်တော့ ဆုလာဘ်က..." လျိုချင်းမင်က လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်ရင်း အဓိပ္ပာယ်အပြည့်ဖြင့် မော့ကြည့်လာသည်။
"မင်းကို အဆင့်မြင့် စစ်မှန်သောမသေမျိုးအဆင့် မှော်လက်နက်တစ်လက် ချီးမြှင့်မယ်!" ကျန်းထျန်မင် က လေးနက်စွာ ပြောလိုက်သည်။
ဆုလာဘ်အကြောင်းကြားရသောအခါ လျိုချင်းမင်၏မျက်လုံးများ မီးတောက်လာပြီး အသက်ရှူနှုန်းလည်း မြန်ဆန်လာခဲ့သည်။ သူသည် အသစ်တက်ရောက်ထားသော စစ်မှန်သောမသေမျိုး တစ်ဦးမျှသာဖြစ်၏။ သူသာ အဆင့်မြင့် စစ်မှန်သောမသေမျိုးအဆင့် မှော်လက်နက်ကို ပိုင်ဆိုင်နိုင်ပါက ကြီးမားသော အထောက်အကူတစ်ခုသာ ဖြစ်လိမ့်မည်။
"တကယ်လားခင်ဗျာ"
"ငါ ကတိပေးပါတယ်!"
"ကောင်းပါပြီ၊ ကျွန်တော် ရွှယ်ထျန်းဂိုဏ်းရဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းဖို့ အရှေ့ပိုင်းဒေသကို အခုချက်ချင်းပဲ ထွက်ခွာပါတော့မယ်!"
လျိုချင်းမင်က ရင်ဘတ်ကို ခပ်ပြင်းပြင်းပုတ်ကာ ကြွေးကြော်လိုက်ပြီးနောက် ချက်ချင်းလှည့်ထွက်သွားကာ တာဝန်ထမ်းဆောင်ဖို့ရာ စိတ်အားထက်သန်စွာဖြင့် ထွက်ခွာသွားခဲ့တော့သည်။