အခန်း (၄၀၄)
Vol. 29 Ch. 404
ရက်ပေါင်းများစွာကြာပြီးနောက်။
စစ်မှန်သောမသေမျိုးတစ်ပါး ဖြစ်သည့် လျိုချင်းမင်သည် အရှေ့ပိုင်းဒေသသို့ အလျင်အမြန်ရောက်ရှိလာခဲ့သော်လည်း မော်ကြွားမာန်ဝင့်စွာ လှည့်ပတ်မနေခဲ့ပါ။ ထိုအစား ကျင့်ကြံဆင့်အစစ်အမှန်ကို ဖုံးကွယ်ကာ လျှို့ဝှက်သိုသပ်စွာနေထိုင်ရင်း ရွှယ်ထျန်းဂိုဏ်း အကြောင်းကို လျှို့ဝှက်စွာ စုံစမ်းနေခဲ့သည်။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်။
အစိမ်းရောင်ဝတ်ရုံဝတ် ပုံပြောဆရာတစ်ဦးက တက်ကြွပိုင်နိုင်စွာ ပြောပြနေသည်။
"ချင်ကျိုးရဲ့ ယွီဟွားဂိုဏ်းက တရားခံဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ သူက နယ်ခြားမျိုးနွယ်စုတွေနဲ့ပူးပေါင်းပြီး ကြယ်တံခါး လမ်းကြောင်းတစ်ခုကို ဖွင့်ပေးခဲ့ပြီး နယ်ခြား မသေမျိုးစစ်သည် သန်းတစ်ရာကို အရှေ့ပိုင်းဒေသထဲ ဝင်ရောက်စေခဲ့တယ်။ အဲ့ဒီအချိန် မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားပြီး မြင်ကွင်းက မြင်ဖူးသမျှထဲ ကြောက်စရာအကောင်းဆုံးပဲလို့ ဆိုစမှတ်ပြုကြတယ်။ အရှေ့ပိုင်းဒေသသာမက ခွင်းလွင်နယ်မြေတစ်ခွင်လုံး အကျပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ ကာလတွေပဲပေါ့။ ဒီအချိန်မှာပဲ အကြီးအကဲယဲ့ ထွက်ပေါ်လာခဲ့တယ်။ သူတစ်ယောက်တည်း ဓားတစ်လက်နဲ့ နယ်ခြား မသေမျိုးစစ်သည် သန်းတစ်ရာကို တားဆီးခဲ့ပြီး 'ငါ ယဲ့ကျွင်းလင် ဒီမှာရှိနေသရွေ့ မင်းတို့တွေ ခွင်းလွင်ရဲ့ပြည်သူတွေကို ဒုက္ခပေးနိုင်မှာမဟုတ်ဘူး!' လို့ အေးစက်စက် မိန့်ကြားခဲ့တာပေါ့"
"နယ်ခြား မသေမျိုးစစ်သည် သန်းတစ်ရာက ဒီစကားကို ဘယ်ယုံကြည်ခဲ့လိမ့်မလဲ။ သူတို့က လှောင်ပြောင်ချင်တဲ့သဘောနဲ့ အားရပါးရ ရယ်မောခဲ့ကြပြီး ခေါင်းဆောင်တပ်မှူးက အကြီးအကဲယဲ့ကို အရှက်ရစေချင်တဲ့အတွက် 'ငါတို့ ငြိမ်ငြိမ်လေးရပ်ပြီး မင်းသတ်တာကို ခံမယ်ဆိုရင်တောင်မှ ဘယ်နှစ်ယောက်လောက် သတ်နိုင်မှာမလိုလဲ' လို့ ရန်စပြောဆိုခဲ့သတဲ့"
"ဘယ်သူကထင်ထားမှာလဲ အကြီးအကဲယဲ့က ခပ်သာသာပြုံးလိုက်ပြီး ဓားချက်ဆယ်ချက်ပဲလိုတယ်လို့ ပြန်ပြောလိုက်သတဲ့။ ပြောပြီးတာနဲ့ ဓားကိုတစ်ချက်ဝေ့ယမ်းလိုက်တော့ ကျယ်ပြန့်တဲ့ ဓားစွမ်းအင်တစ်လွှာက ကောင်းကင်ကိုဖြတ်ပြီး တိုက်ခတ်သွားတယ်။ နယ်ခြား မသေမျိုးစစ်သည် ဆယ်သန်းက တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ဘဲ ပျောက်ကွယ်သွားခဲ့ပါရော!"
"နယ်ခြားတပ်မှူးတောင် ဒီဓားချက်ကို ကြောက်လန့်သွားခဲ့ရတယ်။ အဲ့ဒီအချိန်မှာ အကြီးအကဲယဲ့က သူဓားသွားကို မရပ်မနား ဆက်လက်ဝှေ့ယမ်းပြန်တော့ ဆယ်ကြိမ်တိတိ ပြီးစီးတဲ့အခါမှာ နယ်ခြား မသေမျိုးစစ်သည် သန်းတစ်ရာလုံး ဝိညာဉ်ပျောက်ပျက်ပြီး ပြာပုံအဖြစ် ပြောင်းလဲသွားခဲ့ရတာပေါ့ကွာ!"
"ဒီလိုနဲ့ အကြီးအကဲယဲ့က နယ်ခြား မသေမျိုးစစ်သည် သန်းတစ်ရာကို လွယ်လွယ်ကူကူပဲ သုတ်သင်ရှင်းလင်းခဲ့တယ်။ လောကတစ်ခွင် ကျော်ကြားလှတဲ့ ဂုဏ်သိက္ခာဟာ ဒီစစ်ပွဲတွေ စွမ်းရည်တွေကနေတစ်ဆင့် ထုဆစ်ပုံပေါ်လာခဲ့တာပဲ။ သူ့ကြောင့် အရှေ့ပိုင်းဒေသဟာ အခုအချိန်ထိ ဘေးကင်းလုံခြုံနေပြီး ခွင်းလွင်နယ်မြေကလည်း အခုလို ငြိမ်းချမ်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်နေတာ..."
လက်ဖက်ရည်ဆိုင်အပြင်ဘက်တွင် လျိုချင်းမင်က ပါးစပ်အဟောင်းသားနှင့် နားထောင်နေသည်။
ဒါဘာတွေလဲ။ မသေမျိုး ဆယ်သန်းကို ဓားတစ်ချက်နဲ့သတ်လိုက်တယ်? သန်းတစ်ရာ ကို ဓားဆယ်ချက်နဲ့သတ်လိုက်တယ်?? ဘုရားရေ၊ မသေမျိုးဆိုတာကို မင်းတို့က ဘာများမှတ်နေသလဲ?
သူတို့က မသေမျိုးတွေပါကွာ။ မင်းတို့ပြောအရဆို ကြက်သတ်ရတာထက်တောင် ပိုလွယ်နေပါရောလား?
မသေမျိုး သန်းတစ်ရာဆိုတာ ဘာကိုဆိုလိုသလဲ မင်းတို့သိရောသိရဲ့လား?
ဟေ့ကောင်! ယုံတမ်းပုံပြင်ပြောစားတယ်ဆိုရင်တောင် အခြေခံဗဟုသုတလေးတော့ရှိရမှာပေါ့။ ဒီငအတွေကို မင်းဒီလိုပဲ လှည့်ဖျားနေတော့မလို့လား!
ထို ဗဟုသုတကင်းမဲ့လှသည့် ပုံပြောဆရာကို ဧည့်သည်တွေ ဒေါသတကြီး မောင်းထုတ်တော့မည်ဟု လျှိုချင်းမင်ထင်နေဆဲမှာပင် အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာလေသည်။
"ကောင်းတယ်ဟေ့! အကြီးအကဲယဲ့က အရမ်းအစွမ်းထက်တာပဲ!"
ဧည့်သည်တွေက လက်ဖက်ရည်သောက်ရင်း နားထောင်နေကြပြီး စစ်ချီခန်းပြီးဆုံးချိန်တွင် အတော်များများ စိတ်လှုပ်ရှားစွာ လက်ခုပ်တီးပြီး အားပေးခဲ့ကြသည်။
"အကြီးအကဲယဲ့က တကယ်ပဲ အံ့ဩစရာကောင်းလွန်းတယ်။ ဓားတစ်ချက်တည်းနဲ့ မသေမျိုးဆယ်သန်းကို သတ်နိုင်တယ်တဲ့? ဆယ်ချက်လို့ပြောထားတာ တစ်ချက်တောင်မပိုလိုက်ဘူးနော်။ ကွက်တိပဲ!"
"မှန်တယ်၊ ခွင်းလွင်နယ်မြေတစ်ခုလုံးမှာ အကြီးအကဲယဲ့နဲ့ ဘယ်သူက ယှဉ်နိုင်မှာလဲ"
"အကြီးအကဲယဲ့က ပြိုင်ဘက်ကင်းပါပဲ!"
လူတိုင်းက ထိုအကြီးအကဲယဲ့ဆိုသူအား စိတ်ရောကိုယ်ပါ ချီးကျူးမြှောက်ပင့်နေခဲ့ကြသည်။
လျိုချင်းမင်က ပါးစပ်အဟောင်းသားနှင့် ရပ်နေသည်။
သူ့ခေါင်းထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာသည်။
ဘာတွေဖြစ်နေတာလဲ။ ဧည့်သည်တွေက ဒီလောက်ပုံကြီးချဲ့ပြီး ပလေပဆာနိုင်တဲ့ ပုံပြောဆရာပြောသမျှကို တကယ်ယုံကြည်နေကြပြီး နက်နက်နဲနဲနစ်မြုပ်ခံစားနေကြတယ်။ အရှေ့ပိုင်းဒေသက မသေမျိုးတွေအပေါ် ဒီလောက်တောင်အထင်သေးနှိပ်ကွပ်ကုန်ကြပြီလား?
လက်ခုပ်တီးပြီး အားပေးနေသော ဧည့်သည်တွေကိုကြည့်ရင်း လျှိုချင်းမင်မှာ စိတ်ရောဂါသည်တစ်သိုက်ကိုကြည့်နေရသလို ခံစားမိရ။
"ဒီ တာအိုရောင်းရင်း၊ ဆိုင်ထဲကိုဝင်ထိုင်ပါလား။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ရဲ့ ထူးခြားတဲ့ ဝိညာဉ်လက်ဖက်ရည်ကို မြည်းစမ်းနိုင်တဲ့အပြင် အကြီးအကဲယဲ့ရဲ့ ဒဏ္ဍာရီလာ စွမ်းဆောင်ရည်တွေကိုလည်း နားထောင်နိုင်မယ်လေ!"
လက်ဖက်ရည်ဆိုင်အတွင်းမှ စားပွဲထိုးလူငယ်တစ်ဦးက အပြင်မှာရပ်နေသော လျိုချင်းမင်ကို သတိထားမိပြီး နွေးထွေးစွာဖိတ်ခေါ်လိုက်သည်။
"အကြီးအကဲယဲ့လား?"
"ဒဏ္ဍာရီလာစွမ်းဆောင်ရည်တွေလား?"
လျိုချင်းမင်က အဓိကစကားလုံးနှစ်ခုကို ဖမ်းဆုပ်လိုက်မိပြီး ထူးဆန်းသောမျက်နှာထားဖြင့် မေးလိုက်သည်။ "မင်းဆိုလိုတာက ပုံပြောဆရာ ခုနကပြောသွားတာတွေ အားလုံးအမှန်ပဲပေါ့?"
ဒီတစ်ခေါက်တော့ စားပွဲထိုးလူငယ်လေး ပါးစပ်အဟောင်းသားဖြစ်ရမည့်အလှည့်ပင်။
စားပွဲထိုးက ရုပ်ရည်သာမန်ဖြင့် ထိုခပ်တုံးတုံးကျင့်ကြံသူကို အကြည့်တစ်ချက်ဖြင့် အပေါ်အောက်အကဲခတ်လိုက်ပြီး တဖြည်းဖြည်းကရုဏာစိတ်ဝင်လာဟန်ရှိကာ မေးလာ၏။ "ဒီတာအိုရောင်းရင်း၊ ခင်ဗျားတစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေခဲ့ရတာလား? အကြီးအကဲယဲ့ ဘာတွေလုပ်ခဲ့လဲဆိုတာကို တကယ်တစ်ခုမှမသိဘူးပေါ့?"
"အယ်?"
"အာ၊ ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော် သီးသန့်ကျင့်ကြံရာကနေ အခုမှထွက်လာဖြစ်တာလေ! ကမ္ဘာကြီးကို နည်းနည်းပါးပါး လှည့်ပတ်ကြည့်ဦးမလို့!" လျိုချင်းမင် တစ်ဖက်လူ၏စကားကို အလိုက်သင့်ပြန်ပြောလိုက်သည်။
"ဪ ဒါဆို အံ့သြမနေတော့ပါဘူး"
"ညီလေး၊ မင်းပြောတဲ့ အကြီးအကဲယဲ့ဆိုတာ ဘယ်သူလဲ? ဆိုစမ်းပါဦး။" လျိုချင်းမင်က မသိဟန်ဖြင့် မေးလိုက်သည်။
အရှေ့ပိုင်းဒေသဝယ် အကြီးအကဲယဲ့ကို မသိသူတစ်ဦးရှိနေခြင်းမှာ အလွန်အရေးကြီးသောကိစ္စဖြစ်သဖြင့် စားပွဲထိုးက အလေးအနက် စတင်မိတ်ဆက်ပေးလိုက်သည်။
"ကျွန်တော်တို့ပြောတဲ့ အကြီးအကဲယဲ့ဆိုတာ ရွှယ်ထျန်းဂိုဏ်း မြူခိုးတောင်ထိပ်ရဲ့ တောင်ထိပ်သခင်ဖြစ်တဲ့ ယဲ့ကျွင်းလင်ပါ။ သူက ခွင်းလွင်နယ်မြေကို ကယ်တင်ခဲ့တဲ့ ကြီးကျယ်တဲ့သူရဲကောင်းတစ်ဦးဖြစ်ပြီး အရှေ့ပိုင်းဒေသမှာ အသိအမှတ်ပြုခံထားရတဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်တစ်ဦးပါ!"
ရွှယ်ထျန်းဂိုဏ်း! လျိုချင်းမင် တုန်လှုပ်သွားခဲ့သည်။ ဒါက သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ ပိုင်ဆိုင်တဲ့ ဂိုဏ်း မဟုတ်လား။
"ဒါ့အပြင် အကြီးအကဲယဲ့ရဲ့ အကြီးဆုံးတပည့်ဖြစ်တဲ့ ဟုန်ချန်ယဲ့က ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးအဖြစ် လူသိများပြီး အပြင်လူတွေက နတ်သမီးဟုန် လို့ ကင်ပွန်းတပ်ထားကြတယ်။ သူမက ကျွန်တော့်ရဲ့အိပ်မက်ထဲက ချစ်သူပါ၊ ဟဲဟဲ..." နတ်သမီးဟုန်အကြောင်း ပြောရာတွင် စားပွဲထိုးလူငယ်လေးမှာ ခန္ဓာကိုယ် ဟိုယမ်းဒီယမ်းဖြင့် စတင်ရှက်ရွံ့လာတော့၏။
"ဟိုက်~" လျိုချင်းမင် အရှိုက်ထိသွားရတော့သည်။
ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား လိုက်ကြည့်နေပြီး မည်သူမျှမရှိကြောင်း သေချာကာမှ ရင်ဘတ်ကိုဖိကာ သက်ပြင်းချမိရ၏။
တစ်ခေတ်တစ်ခါက အလယ်ပိုင်းဒေသတစ်ခုလုံးကို ဗြောင်းဆန်အောင်မွှေနှောက်သွားခဲ့တဲ့ နတ်ဆိုးဂိုဏ်းချုပ်ကို အရှေ့ပိုင်းဒေသမှာ နတ်သမီးဟုန်လို့ ခေါ်နေကြတယ်ပေါ့? ငါစိတ်ကိုတည်ငြိမ်အောင်လုပ်ရမယ်၊ ဒီသတင်းက နည်းနည်းလွန်လွန်းနေပြီ...
သို့ပေမဲ့ လျှိုချင်းမင်ကို အအံ့သြစေဆုံးအရာမှာ ဟုန်ချန်ယဲ့တစ်ယောက် တစ်စုံတစ်ဦးကို ဆရာသခင်အဖြစ် ဆန္ဒအလျောက် လက်ခံသတ်မှတ်ခဲ့ပြီး ထိုဆရာ၏ဇာစ်မြစ်မှာလည်း ရွှယ်ထျန်းဂိုဏ်းဖြစ်နေခြင်းပင်။
"ယဲ့ကျွင်းလင်"
လျိုချင်းမင် တိတ်တဆိတ်ရေရွတ်လိုက်သည်။ သူ့နှလုံးသားက ဆူပွက်နေသောမုန်တိုင်းတစ်ခုလို လှုပ်ခတ်နေခဲ့၏။
ဒီလူက တကယ်ပဲ အဲ့လောက်ထိတောင် အစွမ်းထက်သလား။ စားပွဲထိုးရဲ့ လေသံအရ ဒီလူက အရှေ့ပိုင်းဒေသမှာ ကျော်ကြားသလောက် ထက်လည်းထက်မယ့်ပုံပဲ!
"ဒါပေမယ့် နယ်ခြား မသေမျိုးသန်းတစ်ရာ၊ အဲ့ဒါ သန်းတစ်ရာကြီးတောင်လေ၊ မင်းတို့က လွန်လွန်းနေပြီမဟုတ်လား...?" လျိုချင်းမင်က နာကျင်ကြေကွဲစွာ ထပ်မေးလိုက်သည်။
ထိုမျှအထိတော့ သူမယုံကြည်ချင်လှပေ။ မသေမျိုးတစ်သိန်း ဆိုလျှင်ပင် သူအင်တင်တင်ဖြင့် လက်ခံနိုင်ပေဦးမည်။ သို့သော် သန်းတစ်ရာတဲ့လား?
မင်းတို့ အဲ့ဒါဘယ်လောက်ကြောက်စရာကောင်းလဲ သိကြရဲ့လား?
မင်းတို့က ငါ့ကို ယုံမယ်များထင်နေသလား။
ထိုအချိန်တွင် ပုံပြောဆရာက တူကိုကောက်ယူပြီး စားပွဲပေါ်သို့ ရိုက်ချလိုက်ကာ အားမာန်အပြည့်ဖြင့် ဆက်ပြောနေသည်။
"သိမြင်တွေ့ကြုံခဲ့ဖူးသူတွေရဲ့ အပြောအရ အဲ့ဒီနေ့က အကြီးအကဲယဲ့ရဲ့ အကြီးဆုံးတပည့်ဖြစ်တဲ့ ဟုန်ချန်ယဲ့က မသေမျိုးအဖြစ်ကို ရောက်ရှိဖို့အတွက် လျှပ်စီးဒဏ် ခံယူရတော့မယ့် အချိန်ပေါ့။ ဒါပေမယ့် လျှပ်စီးဒဏ်ရဲ့စွမ်းအားက အရမ်းကိုကြီးမားနေပြီး ဟုန်ချန်ယဲ့ရဲ့အသက်ဟာ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလို အန္တရာယ်ကြီးနဲ့ ကြုံတွေ့နေခဲ့ရတယ်"
"အဲ့လို သေရေးရှင်ရေး အချိန်မှာပဲ အကြီးအကဲယဲ့က ဝင်ရောက်စွက်ဖက်လာပြီး လျှပ်စီးဒဏ်ကို တားဆီးခဲ့တယ်၊ သူ့တပည့်ရဲ့အသက်ကို မထိခိုက်စေဖို့အတွက် နေရာကနေ ချက်ချင်းထွက်သွားဖို့ အမိန့်ပေးခဲ့သတဲ့။ လျှပ်စီးဒဏ်က ဒေါသထွက်ပြီး အကြီးအကဲယဲ့အပေါ် မရေမတွက်နိုင်တဲ့လျှပ်စီးများကို တိုက်ရိုက်ထုတ်လွှတ်ခဲ့တယ်။ အဲ့ဒီမြင်ကွင်းကြောင့် နေနဲ့လရဲ့အလင်းရောင်တွေ ပျောက်ကွယ်သွားပြီး တောင်တန်းမြစ်ချောင်းတွေ ပျက်စီးသွားခဲ့တယ်၊ ယင်နဲ့ယန် ပြောင်းပြန်ဖြစ်သွားခဲ့ရတယ်၊ ကောင်းကင်နဲ့မြေကြီးက သူတို့ရဲ့သဘာဝအရှိန်အဝါကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်"
"ရလဒ်အနေနဲ့ အကြီးအကဲယဲ့ဟာ အသက်တစ်ချက် ရှူထုတ်လိုက်ရုံနဲ့ မရေမတွက်နိုင်တဲ့လျှပ်စီးတွေကို ငြိမ်းသတ်လိုက်နိုင်သတဲ့။ လျှပ်စီးဒဏ်အရှင်လည်း အံ့ဩသွားပြီး ဒေါသထွက်သွားခဲ့တာပေါ့။ နောက်ဆုံးတော့ သူ့ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ ပြိုင်ဘက်တစ်ဦးကို တွေ့ရှိခဲ့ပြီး အကြီးအကဲယဲ့နဲ့ ကမ္ဘာမြေကို ကျွမ်းထိုးမှောက်ခုံ ပြောင်းလဲစေမယ့် တိုက်ပွဲတစ်ခု စတင်ခဲ့လေတော့တယ်"
"ဘယ်သူက ထင်ထားမှာလဲ? အကြီးအကဲယဲ့က လျှပ်စီးဒဏ်ကို သိုင်းကွက်သုံးကွက်တောင် မပြည့်မီ အနိုင်ပိုင်းခဲ့လိုက်သတဲ့။ လျှပ်စီးဒဏ်ဟာ အရှုံးကိုလက်သင့်ခံပြီး ထွက်ခွာမသွားချိန်မှာ မသေမျိုးအဖြစ်သို့ရောက်ရှိခြင်း ကောင်းချီးအလင်းရောင် ပေးအပ်ခဲ့တယ်၊ ဒီလိုနဲ့ ဟုန်ချန်ယဲ့တစ်ယောက် မသေမျိုးအဖြစ်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့တာပေါ့"
"အကြီးအကဲယဲ့ တိမ်တွေအထက်မှာ ပျံသန်းရင် ရဲရဲတင်းတင်းကြေညာခဲ့သေးတယ်။ 'ငါ့တပည့်ရဲ့ အနာဂတ်မသေမျိုးလမ်းမှာ အခက်အခဲအဖုအထစ် တစ်ခုတလေတောင် မကြုံတွေ့ရစေနဲ့၊ မဟုတ်ရင် လျှပ်စီးဒဏ်၊ မင်းအတွက်ဒီကမ္ဘာမှာ ခြေချစရာနေရာ ရှိတော့မှာမဟုတ်ဘူး!' "
" 'ကောင်းကင်တာအိုလမ်းစဥ်ကတောင် မင်းကို ကာကွယ်နိုင်မှာမဟုတ်ဘူး၊!' "
"ဒီစကားအဆုံးမှာ ကောင်းကင်ရဲ့ နာကြည်းဖွယ်မိုးခြိမ်းသံတစ်ခု ပဲ့တင်ထပ်လာခဲ့တယ်၊ အကြီးအကဲယဲ့ ရဲ့စကားတွေကို တုံ့ပြန်တဲ့သဘောပေါ့။ အဲ့ဒီနောက်ပိုင်း လျှပ်စီးဒဏ်ဟာ အကြီးအကဲယဲ့ရဲ့ အမိန့်မှန်သမျှ စောဒကတစ်ခွန်းမရှိ နာခံခဲ့ရပါတော့တယ်"
"ကောင်းတယ်ဟေ့!!!"
ဇာတ်လမ်းအဆုံးတွင် လက်ဖက်ရည်ဆိုင်မှ ဧည့်သည်များက အော်ဟစ်အားပေးကြပြန်သည်။ ဒီတစ်ကြိမ်လက်ခုပ်တီးသံတွေက အရင်ကထက်ပိုပြီး အားတက်သရောဖြစ်နေခဲ့သည်။ လက်ဖဝါးများပါ နီရဲလာသည်အထိ မရပ်မနား တီးခတ်နေကြရင်း မျက်လုံးများကလည်း စိတ်အားထက်သန်မှုဖြင့် တောက်ပနေခဲ့ကြ၏။
အပြင်ဘက်တွင်။
လျိုချင်းမင်၏ပါးစပ်ထဲ ငှက်ကုလားအုတ်ဥတစ်လုံပင် ဝင်ဆံ့နိုင်လောက်သည်။
သူက မျက်စိကြီးပြူးလျက် မိမိဆံပင်ကို မိမိဆောင့်ဆွဲရင်း အိပ်မက်မက်နေသလားဟု ဝေခွဲမရဖြစ်နေတော့သည်။
မင်းတို့ဘာတွေပြောနေလဲဆိုတာ မင်းတို့သိရဲ့လား။
လျှပ်စီးဒဏ်!
အဲ့ဒါ လျှပ်စီးဒဏ်ပါကွ!!
ခွင်းလွင်နယ်မြေ၏ ကျင့်ကြံသူများအတွက် လျှပ်စီးဒဏ်ဆိုသည်မှာ သေခြင်းရှင်ခြင်း၏ အာဏာတည်ရာ အုပ်စိုးသူသာဖြစ်၏။ ထိုအယူအဆမှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပြီး လျှပ်စီးဒဏ်၏ လုပ်ငန်းစဥ်ကို ဝင်ရောက်စွက်ဖက်သူမှာ ဝိညာဥ်ခွဲထုတ်ဆုတ်ဖြဲခံရမတတ် ပြစ်ဒဏ်ကို ခံယူရပေမည်။ ဤသည်မှာ ထာဝစဥ်မပြောင်းလဲသော ကောင်းကင်၏ ဥပဒေသပင်။
မင်းတို့၊ မင်းတို့ ပုံပြင်တွေကို ဖန်တီးရာမှာ ကန့်သတ်ချက်လေးတော့ ရှိရမယ်မဟုတ်လား။ လမ်းပေါ်မှာလမ်းလျှောက်နေတုန်း မိုးကြိုးပစ်ခံရမှာ မကြောက်ကြတော့ဘူးလား!