အခန်း (၄၀၅)
Vol. 29 Ch. 405
လျိုချင်းမင် မမျှော်လင့်ထားသောအခြေအနေကို ကြုံတွေ့နေခဲ့ရသည်။ အရှေ့ပိုင်းဒေသကျင့်ကြံသူတွေက အန္တရာယ်ကို လက်ယပ်ခေါ်နေကြပဲမဟုတ်လား?
သူတို့က လျှပ်စီးဒဏ်ကိုတောင်မှ လှောင်ပြောင်ရဲတယ်ပေါ့? ဘယ်လောက်တောင် အတင့်ရဲနေလိုက်သလဲ!
ကြွားလုံးထုတ်တာလည်း အကန့်အသတ်ရှိသင့်တာပဲလေ၊ မဟုတ်ဘူးလား?
ဤအဖြစ်အပျက်အားလုံး၏ သွေးနီနတ်ဆိုးဟုန်ချန်ယဲ့၏ အကွက်ချကြံစည်မှုတွေများလားဟု လျိုချင်းမင် အလေးအနက် သံသယရှိလာခဲ့သည်။
အကြီးအကဲယဲ့ဆိုသူက သွေးနီနတ်ဆိုး မြှောက်စားထားသော သစ္စာခံတစ်ဦးဖြစ်နိုင်ပြီး ကောလဟလဖြန့်သူများကို ငှားရမ်းကာ အကြီးအကဲယဲ့ မည်မျှအစွမ်းထက်ကြောင်း ကျောထောက်နောက်ခံ မည်မျှတောင့်တောင်းကြောင်း လုပ်ကြံဖန်တီးစေခဲ့ခြင်း ဖြစ်နိုင်၏။
အလယ်ပိုင်းဒေသမှရန်သူများ လာမထိရဲအောင် ကြိုတင်စီစဥ်ထားခြင်း ဖြစ်နိုင်သည်။
“ဟုတ်တယ်၊ ဒီလိုပဲဖြစ်ရမယ်၊ ဒီလိုယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းမျိုးက လုံးဝကို သွေးနီနတ်ဆိုးရဲ့ပုံစံပဲ။”
လျိုချင်းမင် သူ့ကိုယ်သူ အရာအားလုံးကို ဖောက်မြင်နေရပြီဟုသတ်မှတ်ကာ မျက်လုံးများက ပညာဉာဏ်ဖြင့် အရောင်ပင်တောက်လာသကဲ့သို့။
နှုတ်ခမ်းကလည်း မဲ့ပြုံးရေးရေးဖြင့်။
အရမ်းကြွားချင်နေရင်တောင် အတိုင်းအတာတော့ သိရမယ်မဟုတ်လား။
နယ်ခြားကလာတဲ့ မသေမျိုး သန်းတစ်ရာကို ဓားဆယ်ချက်နဲ့သတ်ပစ်သေးတာတဲ့၊ လျှပ်စီးဒဏ်က ကြောက်ပြေးရတယ်ဆိုတာ ပိုပြီးတောင်အဓိပ္ပာယ်မဲ့သေးတယ်? ပါးစပ်အပြောနဲ့တော့ အားလုံးဖြစ်နိုင်တာပေါ့ကွာ။
သနားစရာ အရှေ့ပိုင်းဒေသ ကျင့်ကြံသူတွေပါလား။ အကုန်လုံးပေါင်းမှာ တစ်ကျပ်မပြည့်တဲ့ဉာဏ်ရည်လောက်ကိုတော့ ဟုန်ချန်ယဲ့တို့ လက်ခုပ်ထဲထည့်ကစားနိုင်မှာပေါ့ကွာ။
လက်ဖက်ရည်ဆိုင်ထဲမှ ဧည့်သည်အုပ်စုကိုကြည့်လိုက်တော့ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားကာ လက်ခုပ်တီးအားပေးနေကြဆဲပင်။ လျိုချင်းမင် သူတို့ကိုကြည့်ရင်း သနားလာသည်။
ဒီလောက်တုံးအနေမှတော့ ကယ်တင်လို့ရတော့မယ်မထင်။
"တာအိုရောင်းရင်း၊ အထဲကိုဝင်ထိုင်ပါဦး၊ ပုံပြောဆရာက အကြီးအကဲယဲ့ရဲ့ ဒဏ္ဍာရီထဲက မသေမျိုးဧကရာဇ် အခန်းကို စပြောတော့မယ်"
စားပွဲထိုးက စိတ်အားထက်သန်စွာပြောလိုက်သည်။
"ဘာ?!"
လျိုချင်းမင် နားကြားများမှားလေသလားဟု ထင်မိကာ မယုံကြည်နိုင်သောမျက်နှာဖြင့် ထပ်မေးလိုက်သည်။ "မသေမျိုး၊ မသေမျိုးဧကရာဇ် အခန်းလား?"
"ဟုတ်တယ်၊ ရှေးခေတ်အခါက ကျန်ရစ်ခဲ့တဲ့ မသေမျိုးဧကရာဇ်တစ်ပါးအနေနဲ့ အကြီးအကဲယဲ့ ရဲ့ဂုဏ်ကျက်သရေရှိတဲ့ စွမ်းဆောင်ရည်တွေ၊ မရဏမျိုးနွယ်တို့ ဖန်တီးတဲ့မငြိမ်သက်မှုတွေကို နှိမ်နင်းခဲ့တဲ့ဇာတ်ကြောင်းတွေကို ပြောပြလိမ့်မယ်" စားပွဲထိုးက တက်တက်ကြွကြွ ရှင်းပြလာသည်။
လျိုချင်းမင် : "!!!"
လျိုချင်းမင်၏ခေါင်းထဲ သံစုံတီးဝိုင်းရောက်နေသကဲ့သို့ ဆူညံနေသည်။ သူတံတွေးတစ်ချက်မျိုချကာ ထုတ်မေးလိုက်၏။ "မင်းတို့ လျှပ်စီးဒဏ်လောက်နဲ့ လုံလောက်သင့်ပြီမဟုတ်လား? အခု မသေမျိုးဧကရာဇ်ကိုပါ ဆွဲထည့်ကြပြန်ပြီ။ သရဲတွေကိုပါလှည့်စားဖို့ ကြံစည်နေကြတာလား?"
မသေမျိုးဧကရာဇ်!
မင်းတို့ မသေမျိုးဧကရာဇ် ဆိုတာ ဘာလဲသိလား?
"တာအိုရောင်းရင်း၊ အပြောအဆိုဆင်ခြင်ပါ။ ခင်ဗျားက သီးသန့်ကျင့်ကြံမှုလုပ်နေခဲ့လို့ ဒီသတင်းတွေ တစ်ခုမှမသိသေးတာဖြစ်မှာပါ။ အခုဆိုရင် အရှေ့ပိုင်းဒေသ တစ်ခုလုံးက အကြီးအကဲယဲ့ဟာ ဒဏ္ဍာရီလာ မသေမျိုးဧကရာဇ်တစ်ပါးဖြစ်ပြီး သမိုင်းတစ်လျှောက်လုံးမှာ အစွမ်းအထက်ဆုံး မသေမျိုးဧကရာဇ် ဖြစ်တယ်ဆိုတာ သိပြီးလက်ခံပြီးနေကြပြီ။ ကောင်းကင်ဧကရာဇ်ယဲ့လို့တောင် အမည်တပ်ခံခဲ့ရသေတာ!"
"ရှေးခေတ်အချိန်ကိုပြန်တွေးကြည့်ရင် လူသားမျိုးနွယ်ကို မနာလိုစိတ်နဲ့ စောင့်ကြည့်နေခဲ့ကြတဲ့ ကန့်သတ်ခံ အမှောင်လောကသားမျိုးနွယ်စု ၇ခု ရှိခဲ့တယ်။ နောက်ပိုင်းမှာ သူတို့ဟာ စတင်လှုပ်ရှားလာခဲ့ပြီး ကျွန်တော်တို့ ခွင်းလွင်နယ်မြေမှာရှိတဲ့ သက်ရှိသတ္တဝါပေါင်းများစွာကို သတ်ပစ်ဖို့ ကြံရွယ်ခဲ့ကြတယ်။ အကြီးအကဲယဲ့က ကျွန်တော်တို့အားလုံးအတွက် အမှောင်လောကသား မျိုးနွယ်ခု ခုနှစ်ခုလုံးကို တစ်ဦးတည်းရင်ဆိုင်ပေးခဲ့တာ"
"နောက်ဆုံးမှာတော့ အမှောင်လောကသား မျိုးနွယ်၇ခုရဲ့ အရှင်သခင်တွေအားလုံး အကြီးအကဲယဲ့လက်ထဲ ရှုံးနိမ့်သွားခဲ့ရတယ်၊ အဲဒီအခါမှသာ ခွင်းလွင်နယ်မြေဟာ ပြန်လည်အေးချမ်းငြိမ်သက်သွားခဲ့ရတာ"
"အကြီးအကဲယဲ့ဟာ စွမ်းအားတွေအများကြီးသုံးစွဲခဲ့ရတဲ့အတွက် အချိန်အကြာကြီး အိပ်စက်နေခဲ့ရပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ နိုးထလာခဲ့တယ်၊ နောက်တော့ အရှေ့ပိုင်းဒေသတစ်ခွင် လှည့်လည်ကြည့်ရှုစစ်ဆေးတော့တာပါပဲ။ ဒီလိုနောက်ခံအကြောင်းတရားလေးတွေ ရှိနေခဲ့တာပေါ့!"
"ဘာကြောင့် ဒီလောက်အစွမ်းထက်ရသလဲဆို မူလဇာစ်မြစ်ကိုက မသေမျိုးဧကရာဇ် ဖြစ်နေတာကြောင့်ပဲ! ပြီးတော့သူဟာအဲ့တုန်းက မသေမျိုးဧကရာဇ်တွေအားလုံးရဲ့ ခေါင်းဆောင် ကောင်းကင်ဧကရာဇ် ဖြစ်တယ်!"
စားပွဲထိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုပြီးနောက် မေးစေ့ကိုမော့ပင့်ကာ လျိုချင်းမင်အား ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်သည်။
ဆိုလိုရင်းကတော့ မင်းခေတ်နောက်ကျကျန်ခဲ့ပြီ၊ သူငယ်ချင်း!
ဒါနောက်ဆုံးဗားရှင်းပဲ!
လျိုချင်းမင်မှာ စိတ်လွတ်သွားသကဲ့သို့ ဆွံ့အမှင်တက်ရင်း အကြောင်သားရပ်နေခဲ့သည်။
ကောင်းကင်ဧကရာဇ်၊ အမှောင်လောကသားတွေ ဖန်တီးတဲ့မငြိမ်မသက်မှုကို နှိမ်နင်းခြင်း၊ အမှောင်လောက မျိုးနွယ်စု၇ခုကို သုတ်သင်ဖယ်ရှားခြင်း- တစ်ခုမှ စောက်အဓိပ္ပာယ်မရှိ။
အဓိပ္ပာယ်မရှိတာတွေကို မရရအောင်ဆက်စပ်ပြီး ပုံပြင်ကောင်းကောင်းတစ်ပုဒ် ဖန်တီးနိုင်တာ နှယ်နှယ်ရရအစွမ်းလား။
လျိုချင်းမင် လုံးဝ ဆွံ့အသွားခဲ့သည်။
"တာအိုရောင်းရင်း၊ ကျွန်တော်ဒီလောက်ထိ ပြောပြပြီးခဲ့ပြီ၊ လက်ဖက်ရည်တစ်ခွက်လောက် ထိုင်မသောက်ချင်သေးဘူးလား? ကျွန်တော်အာမခံပါတယ်၊ ပုံပြောဆရာပြောတာက ကျွန်တော်ပြောပြတာထက် အဆတစ်သောင်းပိုပြီး စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်!" စားပွဲထိုးက ထပ်မံဖိတ်ခေါ်လိုက်သည်။
လျိုချင်းမင် လှည့်ကြည့်လိုက်သော် ပုံပြောဆရာက လည်ချောင်းရှင်းဖို့ လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး တူကိုကောက်ယူကာ စားပွဲပေါ် ဖြောင်းခနဲရိုက်ချလိုက်သည်အား တွေ့လိုက်ရ၏။ အကြီးအကဲယဲ့၏ ဒဏ္ဍာရီထဲက မသေမျိုးဧကရာဇ် အခန်းကို စတင်ပြောပြဖို့ ပြင်ဆင်နေခြင်းပင်။
"ခွင်းလွင်နယ်မြေရဲ့ ရှေးခေတ်တစ်ချိန်တုန်းက ယဲ့မျိုးရိုးဝင် မသေမျိုး မိသားစုတစ်ခုရှိခဲ့တယ်၊ သူတို့ရဲ့ဘိုးဘေးတွေလက်ထက်မှာ မသေမျိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်တွေအများကြီးမွေးထုတ်ပေးခဲ့တာပေါ့၊ အင်မတန်မှ နာမည်ကျော်ကြားပြီး ဂုဏ်တင့်ခဲ့တဲ့ ကာလတွေပါပဲ။ နောက်ပိုင်းမှာတော့ ကြီးမားတဲ့ ကပ်ဆိုးကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး မိသားစုရဲ့အရှိန်အဝါ ကျဆင်းသွားခဲ့ရတယ်။ တစ်နေ့မှာတော့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ဇနီးက အထူးခန္ဓာမျိုးရိုးရှိတဲ့ ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်၊ အကြီးအကဲယဲ့ ရဲ့ဇာတ်လမ်းက အဲ့လိုကနေ စတင်ခဲ့တာပေါ့..."
ဘာကြောင့်မှန်းမသိ၊ လုပ်ကြံဖန်တီးထားမှန်း သိသာနေသောဇာတ်လမ်းကြီး ဖြစ်ပါလျက် လျိုချင်းမင် စိတ်ဝင်တစား ဆက်လက်နားထောင်ချင်နေခဲ့သည်။
"စားပွဲထိုး၊ ကျုပ်ကို အကောင်းဆုံးလက်ဖက်ရည်တစ်ခွက် ယူလာပေးပြီး အကောင်းဆုံးနေရာတစ်ခုလောက် ရှာပေး!"
"ကောင်းပါပြီ! ဧည့်သည်၊ ဒီလမ်းကကြွပါ!"
ထို့နောက် လျိုချင်းမင်တစ်ယောက် လက်ဖက်ရည်သောက်ဖို့ပင်မေ့သည်အထိ ဇာတ်လမ်းအကြောင်းအရာတွင်မျောပါကာ စိတ်ဝင်တစား နားထောင်မိခဲ့ရ၏။
အရှင်သခင်ကြီးပေးထားသော တာဝန်ကို သူလုံးဝမေ့သွားခဲ့သည်။ ပုံပြောဆရာ ပုံဖော်ပြသော ကမ္ဘာထဲဝယ် နှစ်မြုပ်သွားခဲ့ကာ ဇာတ်လိုက်နှင့်အတူ ခမ်းနားတောက်ပသော ကျင့်ကြံမှုခရီးစဉ်တစ်ခုအား စိတ်ကူးဖြင့် အတူလျှောက်လှမ်းခဲ့ရသည်။
အထူးသဖြင့် ဇာတ်လမ်း၏နောက်ပိုင်းတွင် အကြီးအကဲယဲ့ဟာ အမှောင်လောကသား မျိုးနွယ်စု၇ခုနှင့် တစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်ရင်း ပိတ်ဆို့ဝန်းရံခံရသည့်ကြားထဲ ပင်ပန်းနွမ်းနယ်မှုက လှိုက်တက်လာခဲ့ကာ ရုတ်တရက် အဆုံးစွန်သော ကျင့်ကြံဆင့်သို့ တရှိန်ထိုးတက်ရောက်သွားနိုင်ခဲ့သည်။ အကြီးအကဲယဲ့က အမှောင်လောက၏ အရင်းအမြစ်ဆန္ဒဆီသို့ အာဏာရှင်ဆန်စွာ အော်ဟစ်ကြွေးကြော်လိုက်သည်။ ခမ်းနားသောအသံက ခွင်းလွင်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့စေ၏။
"ငါ ကောင်းကင်ဘုံဧကရာဇ်ဟာ ကမ္ဘာပေါ်က သူယုတ်မာရန်သူအပေါင်းကို အကုန်အစင် သုတ်သင်ဖယ်ရှားမယ်!"
ထိုအခိုက်အတန့်တွင်။
လျိုချင်းမင်၏ ခန္ဓာကိုယ်ထဲမှ သွေးများအားလုံး တရှိန်ထိုးဆူပွက်နေပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ပေါင်နှစ်ချောင်းကိုလိမ်ကွေးကာ ဥနှစ်လုံးကိုပင် ကြိတ်ချေမိလိုက်တော့မတတ်။
အမလေး! အမလေးလေး!!
အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ! မယုံနိုင်လောက်အောင်ကို စိတ်အားထက်သန်စရာပဲ!!!
လျိုချင်းမင်ဟာ ကောင်းကင်အထက်ဝယ် အာဏာအပြည့်ဖြင့် ရပ်တည်နေသော ထိုပုဂ္ဂိုလ်ကို ကိုယ်တိုင်မြင်တွေ့နေရသလို ခံစားရ၏။ ကျောပြင်ကျယ်က သတ္တဝါအားလုံး၏ စိတ်နှင့်ခန္ဓာကို လုံခြုံစွာကာကွယ်ပေးထားကာ လောကတစ်ခွင်၏ ရန်သူအပေါင်းနှင့် သွေးထွက်သံယို တိုက်ပွဲဝင်နေခဲ့ရသည်။
အဲ့ဒီသူရဲကောင်းဆန်ပြီး ဝမ်းနည်းဖွယ်ကောင်းလှတဲ့ မြင်ကွင်း။
ထိုအကြောင်းကို တွေးမိလိုက်ရုံဖြင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထရလေသည်။
လက်ဖက်ရည်ဆိုင်ထဲမှ ဧည့်သည်တွေအားလုံးမှာ မျက်ရည်အလည်သားဖြင့်။ ဇာတ်လမ်းထဲတွင် အားလုံးမျောပါနေခဲ့ကြသည်။ စိတ်မထိန်းနိုင်သူအချို့က အော်ဟစ်ငိုယိုက အချို့ကတော့ မျက်ရည်အသာသုတ်ကာ ကြိတ်ငိုနေကြလျက်။ အခြေအနေက ခေတ္တရှုပ်ထွေးသွားခဲ့သည်။
ပုံပြောဆရာမှ စားပွဲကို တူဖြင့်ခေါက်လိုက်ပြီး ဆူညံသံများ တကြိတ်ကြိတ်ထွက်နေသည့် ဧည့်သည်များကို သတိပေးလိုက်ရသည်။
အကြီးအကဲယဲ့၏ ဒဏ္ဍာရီလာ မသေမျိုးဧကရာဇ် အခန်းကို စတင်ပြောပြချိန်တိုင်း ဤသို့ ဝရုန်းသုန်းကားကတော့ ဖြစ်ရစမြဲသာပင်။
ဤသို့ဖြင့် လျိုချင်းမင်တစ်ယောက် လက်ဖက်ရည်ဆိုင်တွင် နေ့တစ်ဝက်မျှကြာအောင် ပုံပြင်နားထောင်ရင်း ဇာတ်လမ်း၏နိဂုံးချုပ်သို့ ရောက်ရှိလာမှသာ စိတ်မပါ့တပါဖြင့် လက်ဖက်ရည်ဆိုင်မှ ထွက်ခွာသွားခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင်လည်း ဇာတ်လမ်းမှပေးစွမ်းသော ခံစားချက်များက သူ့ရင်ထဲ၌ ဆက်လက်စွဲကျန်နေခဲ့၏
"ဒီ အကြီးအကဲယဲ့ဟာ ငါတို့မျိုးဆက်အတွက် တကယ်ကိုစံနမူနာတစ်ခုပဲ၊ အရမ်းလေးစားမိတယ်"
"အစွမ်းအထက်ဆုံး မသေမျိုးဧကရာဇ်တစ်ပါးကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ စိတ်မပျက်စေရဘူး!"
"နေပါဦး!"
ရုတ်တရက် လျိုချင်းမင် အသိစိတ်ပြန်ဝင်လာပြီး သူ့မျက်လုံးများက နက်ရှိုင်းသောအံ့အားသင့်မှုများဖြင့် ပြည့်နေသည်။
"ငါခုနက ဘာဖြစ်သွားတာလဲ"
တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိလိုက်သောအခါ လျိုချင်းမင် နေရာတွင်ရပ်၍ အတွေးနယ်ချဲ့နေမိသည်။ ထိုစဉ် ကြောက်စရာကောင်းလှသော အတွေးတစ်ခု သူ့စိတ်ထဲ ထွက်ပေါ်လာသည်။
ဦးနှောက်ဆေးခံရတာ။ ငါ အခုလေးတင် ဦးနှောက်ဆေးခံလိုက်ရတာ။
တစ်ဆင့်စကား တစ်ဆင့်နားမှ လွှမ်းမိုးမှု၊ အဆက်အစပ် ကောင်းမွန်လှသည့် ဇာတ်လမ်းများအောက်တွင် လူများသည် အချိန်ကြာလာသည်နှင့်အမျှ ဦးနှောက်ဆေးခံလိုက်ရခြင်းသာပင်။
ထိုအခိုက်အတန့်တွင် လျိုချင်းမင်သည် အရှေ့ပိုင်းဒေသ၏ ကျင့်ကြံသူများ အကြီးအကဲယဲ့ ကို အဘယ်ကြောင့် ဤမျှနက်နက်ရှိုင်းရှိုင်း ယုံကြည်နေကြသည်အား နားလည်သွားခဲ့၏။
"ငါထင်သားပဲ၊ ဒါက သွေးနီနတ်ဆိုး ဟုန်ချန်ယဲ့ရဲ့ လှည့်ကွက်ဖြစ်ရမယ်!"
"ဘယ်လောက် ကောက်ကျစ်လိုက်တဲ့ အကြံအစည်လဲ၊ ငါတောင်မှ သူ့ထောင်ချောက်ထဲကို ကျလုနီးပါးဖြစ်သွားခဲ့တာ!"
လျိုချင်းမင် အသိစိတ်ပြန်ဝင်လာပြီးနောက် သူ့ကျောရိုးတစ်လျှောက် စိမ့်ခနဲအေးသွားသည်ကို ခံစားလိုက်ရသည်။
ကြောက်စရာကောင်းလိုက်တဲ့ စိတ်ဓာတ်ထောင်ချောက်ပါလား။
"ဟမ့်၊ ငါကိုယ်တိုင် ရွှယ်ထျန်းဂိုဏ်းကိုသွားပြီး သူ့ရဲ့အဓိပ္ပာယ်မဲ့တဲ့လှည့်စားမှုတွေကို ဖော်ထုတ်ရမယ်"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ့စိတ်ကိုတည်ငြိမ်အောင် အရင်လုပ်ရမယ်။ သူဒေါသထွက်ပြီး ငါ့ကိုချက်ချင်းသတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ?"
"မသိမသာချဥ်းကပ်တာ ပိုကောင်းမယ်။ အစီအစဥ် မအောင်မြင်တော့လည်း အသာလေးပဲ ပြန်ဆုတ်တာပေါ့။ နောက်မှ တာအိုဂိုဏ်းကြီးရှစ်ခုကို လက်လွှဲကိုင်တွယ်ခိုင်းလိုက်မယ်!"
ဤသို့ဆုံးဖြတ်ချက်ချပြီးနောက် လျိုချင်းမင်သည် တောက်ပသော မသေမျိုးအလင်းတန်းအဖြစ်သို့ပြောင်းလဲကာ ရွှယ်ထျန်းဂိုဏ်း တည်ရှိရာနေရာသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။