အခန်း (၄၀၆)
Vol. 29 Ch. 406
ဟွမ်ကျိုးပြည်နယ်၊ ရွှယ်ထျန်းဂိုဏ်းတွင် ဗိုက်ပူပူလုံးလုံးနှင့် ဖိုးဝရုပ်သဖွယ် လူဝကြီးတစ်ဦးသည် အရောင်အသွေးလှပသော သစ်ကြားသီးနှစ်လုံးကို ဟိုဘက်လက်မှ ဒီဘက်လက်သို့ ကူးပြောင်းဆော့ကစားရင်း ပျော်ရွှင်စွာ လှည့်လည်သွားလာနေသည်။
ရုတ်တရက် ဂိုဏ်းကိုကာရံထားသော ကာကွယ်ရေးအစီအရင် သိမ့်ခနဲ လှုပ်ရှားသွားသည်ကို ခံစားမိပြီး အံ့အားသင့်စွာ လှည့်ကြည့်လိုက်ရာ အစီအရင်တွင် ဘာတစ်ခုမှ ထူးခြားမှုမရှိသော်လည်း မသေမျိုးစွမ်းအင်များပြည့်ဝနေသော လူတစ်ဦး ရွှယ်ထျန်းဂိုဏ်း အပြင်ဘက်တွင် ပေါ်လာသည်ကို တွေ့လိုက်ရ၏။
"လာပြန်ပြီလား" ဖုကျန်းတောင်ထိပ်သခင်က မျက်ခုံးပင့်ကာ လေကြောင်းနှင့်အလိုက် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
ထိုစဉ် အပြင်ဘက်၌ အစီအရင်ဖြင့် တားဆီးခံထားရသည့် လျိုချင်းမင်မှာလည်း အံ့ဩနေမိသည်။ ရွှယ်ထျန်းဂိုဏ်း၏ ကာကွယ်ရေးအစီအရင်သည် ရွှယ်ထျန်းသူတော်စင်နယ်မြေထက်ပင် ပိုမိုအားကောင်းနေသည်ဟု သူခံစားနေရ၏။ ကြားလို့မှကောင်းကြသေးလား?
အစကတော့ ပြောင်ပြောင်တင်းတင်း ရင်းနှီးပွင့်လင်းစွာ လာရောက်လည်ပတ်ရန် ရည်ရွယ်ခဲ့သော်လည်း နတ်ဆိုးဂိုဏ်းချုပ် ဝင်ရောက်စွက်ဖက်လာမည်ကို စိုးရိမ်မိသောကြောင့် ဂိုဏ်းအခြေအနေကို စစ်ဆေးရန် တစ်ကြိမ်လောက် ခိုးဝင်လှည့်ပတ်ကြည့်ဖို့ စီစဉ်ခဲ့သည်။
သို့သော် ဂိုဏ်းပရဝုဏ်သို့ မဝင်ရသေးခင်မှာပင် ဤအားကောင်းသော ကာကွယ်ရေးအစီအရင်ကြောင့် သူခိုးလူမိဖြစ်သွားရပြီး ရွှယ်ထျန်းဂိုဏ်း အပြင်ဘက်တွင် တားဆီးရပ်တန့်ခံခဲ့ရလေ၏။
ရွေးချယ်စရာမရှိတော့သဖြင့် လျိုချင်းမင်သည် ပင်မတံခါးပေါက်မှနေ၍ တံခါးစောင့်တပည့်အား အတွင်းသို့ သတင်းပို့ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ခန္ဓာကိုယ်ထွားကျိုင်းသည့် အလယ်ပိုင်းအရွယ်လူတစ်ဦးသည် တိမ်တိုက်များပေါ် စီးမျောပျံသန်းလျက် သူ့ထံ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
လျိုချင်းမင်၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။ သူသည် ချောင်းဟန့်လိုက်ပြီး အပြုံးဖြင့် ဦးညွှတ်အရိုအသေပြုလျက် နှုတ်ဆက်လိုက်သည်။ "တာအိုရောင်းရင်း၊ ကျွန်တော်က ရွှယ်ထျန်းသူတော်စင်နယ်မြေက စေလွှတ်လိုက်တဲ့ သံတမန်ပါ။ ခင်ဗျားတို့ဂိုဏ်းကို အလည်အပတ် လာရောက်ခြင်းဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ဝင်ခွင့်ပေးပါဦးခင်ဗျာ"
အလင်းအကာအရံ၏ တစ်ဖက်မှ ဖုကျန်းတောင်ထိပ်သခင်က ပြုံးပြုံးရွှင်ရွှင် မျက်နှာဖောင်းဖောင်းကြီးဖြင့် သူ့ရှေ့မှ လူငယ်အား ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။ "ထွက်သွားစမ်း!"
"အယ်..." လျိုချင်းမင်၏အပြုံးက အေးခဲသွားပြီး နှုတ်ခမ်းများပင် မထိန်းနိုင်အောင် တဆတ်ဆတ်တုန်ယင်သွားရတော့၏။
ဟေ့၊ ဒီလိုပြောတာတော့ နည်းနည်းလွန်လွန်းတယ် မဟုတ်လား။
လျိုချင်းမင်သည် ရွှယ်ထျန်းဂိုဏ်း၏ ပြင်ပဧည့်သည်များနှင့်ပတ်သက်သော သဘောထားအမြင်က ဤမျှ ရန်လိုနေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။ ဦးဦးဖျားဖျား လာရောက်လည်ပတ်သော ဂုဏ်သရေရှိဧည့်သည်၏ ရှေ့တွင် ပထမဆုံး ထွက်လာသောစကားမှာပင် 'ထွက်သွားစမ်း!' ဟူ၏။
လျိုချင်းမင်သည် ရင်ထဲမှဒေါသကို မျိုသိပ်ရင်း ခပ်ပြုံးပြုံး ပြန်ပြောလိုက်သည်။ "တာအိုရောင်းရင်း၊ ခင်ဗျား ကျုပ်စကားကို ကောင်းကောင်းမကြားလိုက်ဘူးထင်ပါတယ်။ ကျုပ်က အလယ်ပိုင်းဒေသရဲ့ ရွှယ်ထျန်းသူတော်စင်နယ်မြေကပါ။ ရွှယ်ထျန်းသူတော်စင်နယ်မြေကိုတော့ ခင်ဗျားတို့သိပါတယ်နော်။ အလယ်ပိုင်းဒေသ သူတော်စင်နယ်မြေလေးခုရဲ့ ခေါင်းဆောင်ပါ။ နယ်မြေအရှင်သခင်ကြီးကိုယ်တိုင် ခင်ဗျားတို့ဂိုဏ်းအခြေအနေကို စုံစမ်းလေ့လာဖို့ ကျုပ်ကို အထူးစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ကျုပ်တို့ဂိုဏ်းနှစ်ခုကြား အဆက်အနွယ် ရှိနေနိုင်လို့ပါ။ ဒါကြောင့် အဆင်ပြေအောင် ဆောင်ရွက်ပေးစေလိုပါတယ်"
စကားပြောနေရင်း လျိုချင်းမင်သည် ရွှယ်ထျန်းဟုရေးထွင်းထားသည့် ရှေးဟောင်းအမှတ်အသားတစ်ခုကို တမင်ထုတ်ပြလိုက်သည်။ ၎င်းတံဆိပ်မှ ရှေးဟောင်းပစ္စည်းတစ်ခု၏ အငွေ့အသက်အရှိန်အဝါများ ဖြာထွက်နေလျက်။
ဤတွင် ဖုကျန်းတောင်ထိပ်သခင်၏အပြုံးက အဓိပ္ပာယ်ပိုမိုနက်ရှိုင်းသွားပြီး အသံကို ပို၍ပြတ်သားစွာ အလေးပေးပြောလိုက်သည်။ "ထွက်သွားစမ်း!!!"
လျိုချင်းမင်: "..."
ဒီတစ်ခါလည်း ထွက်သွားခိုင်းပြန်ပြီလား?
မင်းတို့ ရွှယ်ထျန်းဂိုဏ်းက ဘာတွေများကြီးမြတ်နေလို့ ဒီလောက်မောက်မာနေရတာလဲ? ရွှယ်ထျန်းသူတော်စင်နယ်မြေက သံတမန်တစ်ယောက်ကို ဒီလိုအပြုအမူ အပြောအဆိုနဲ့ ဆက်ဆံရဲသလား?
လျိုချင်းမင် ဒေါသတရှူးရှူးထွက်လာသည်။ အကယ်၍ အခြေအနေ အချိန်အခါသာ ကြည့်စရာမလိုပါလျှင် ရွှယ်ထျန်းသူတော်စင်နယ်မြေကို ကိုယ်စားပြုသည့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ပညာပြလိုက်ဖို့ ခက်ခဲမနေပါ။
ဒေသတစ်ကြောလုံးရှိ အင်အားစုအားလုံး ရိုသေလေးစားရသည့် အဆင့်အတန်းဂုဏ်ပုဒ်မျိုး မဟုတ်ပါလော။
သို့သော်လည်း ဤမျှခရီးဝေးမှ ရောက်လာခဲ့သော ဂုဏ်သရေရှိဧည့်သည်ကို တံခါးဝမဖြတ်ရသေးမီတွင်ပင် ရိုင်းရိုင်းစိုင်းစိုင်း အကြိမ်ကြိမ် မောင်းထုတ်နေသည်။ ဒီအပြုအမူကို ဘယ်သူက သည်းခံနိုင်မှာတဲ့လဲ?
ဖုကျန်းတောင်ထိပ်သခင်က လျိုချင်းမင်အား ငါသိပြီးသားပါကွာဟူသော အပြုံးဖြင့် မျောက်ပွဲကြည့်သကဲ့သို့ ရပ်ကြည့်နေခဲ့သည်။
ဟမ့်၊ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတုန်းပဲလား။
အရင်တစ်ခေါက်က အလယ်ပိုင်းဒေသမသေမျိုးတစ်အုပ်စုလည်း မင်းလို ချိုချိုသာသာစကားလုံးတွေနဲ့ ဆွဲဆောင်ခဲ့လို့ ငါအဟုတ်ကြီးမှတ်ပြီး ဂိုဏ်းထဲထိ ပျော်ပျော်ကြီးဆွဲသွင်းခဲ့တာ ကံကောင်းလို့ အန္တရာယ်ကြီးမဖြစ်ခဲ့တာကွ။
အခုလည်း ဒီလှည့်ကွက်ကြီးကိုပဲ နောက်တစ်ခါထပ်လာသုံးနေတယ်ပေါ့လေ။ ငါက ဖက်တီးဖြစ်ချင်သာဖြစ်မယ်၊ မင်းတို့ဆီကတော့ နှစ်ခါအလှည့်စားမခံဘူးကွ။
ရုတ်တရက် နက်ရှိုင်းပြီး တည်ငြိမ်သောအသံတစ်သံ နောက်ဘက်မှ ထွက်ပေါ်လာသည်။ "ဆရာတူညီလေး၊ မင်းဘာလုပ်နေတာလဲ"
၎င်းမှာ ဂိုဏ်းချုပ် ရှယိုနျန်၏အသံ ဖြစ်သည်။
ရှယိုနျန်သည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ လေပေါ်မှပျံသန်းလာပြီး အလင်းအကာအရံ အပြင်ဘက်မှ အမည်မသိမသေမျိုးနှင့် စကားပြောနေဟန်ရှိသည့် ဖုကျန်းတောင်ထိပ်သခင်ကို မသင်္ကာသလို ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်၊ ခင်ဗျားရောက်လာတာ အချိန်ကိုက်ပဲ။ ဒီအရူးက သူ့ကိုယ်သူ အလယ်ပိုင်းဒေသ ရွှယ်ထျန်းသူတော်စင်နယ်မြေကလာတဲ့ သံတမန်တဲ့။ ကျွန်တော်တို့ ရွှယ်ထျန်းဂိုဏ်းကို အထူးလည်ပတ်ဖို့လာတာလို့လည်း ပြောနေတယ်။ ကျွန်တော်တို့ ဂိုဏ်းနှစ်ခုကြား အဆက်အနွယ် ရှိနေနိုင်တယ်တဲ့ ။ ရယ်စရာမကောင်းဘူးလား" ဖုကျန်းတောင်ထိပ်သခင်က လျိုချင်းမင်အား ကြည့်ရင်း ပြက်ရယ်ပြုလိုက်သည်။
လျိုချင်းမင် ဒေါသထွက်လွန်း၍ သွေးအန်ချတော့မတတ်။ ဝက်ပုပ်ကောင် ငါ့ကိုများ အရူးလို့ပြောရဲတယ်။
ကိုယ်တိုင်ကြုံလိုက်ရမှ ရွှယ်ထျန်းဂိုဏ်းမှလူတိုင်းသည် ကျိုးကြောင်းမဆင်ခြင်နိုင်ကြသော ငတုံးများသာဖြစ်ကြောင်း သူယုံကြည်မိတော့သည်။ နတ်ဆိုးဂိုဏ်းချုပ်တောင်မှ ဒီလိုနေရာတွင် ဇာတ်မြှုပ်နေထိုင်နိုင်ခြင်းမှာ အံ့သြစရာမရှိတော့။ တွဲဖက်ညီလှပါပေ၏။
လျိုချင်းမင်သည် အင်္ကျီလက်စကို ဖျတ်ခနဲခါ၍ မျက်နှာပျက်ပျက်ဖြင့် ပြန်လှည့်ရန် ပြင်ဆင်နေစဉ် ဂိုဏ်းချုပ်ရှယိုနျန် ဆတ်ခနဲတုန်ယင်သွားပြီး စိတ်လှုပ်ရှားလာသကဲ့သို့ အသက်ရှူနှုန်းမြန်လာသည်။ "ခဏလေး၊ မင်းက ရွှယ်ထျန်းသူတော်စင်နယ်မြေ ကလား?!"
လျိုချင်းမင် မှင်တက်သွားပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်"
"ဒါဆိုရင် မင်းကိုယ်မင်း သက်သေပြဖို့အတွက် ရွှယ်ထျန်းမူရင်းကျင့်စဥ်ကို ဒီနေရာမှာပဲ ပြသပေးပါ" ဂိုဏ်းချုပ်ရှယိုနျန်က စိတ်ငြိမ်အောင် ပြန်လည်ထိန်းချုပ်ပြီး ပြောလိုက်သည်။
ရွှယ်ထျန်းမူရင်းကျင့်စဥ်သည် ရွှယ်ထျန်းဂိုဏ်း၏ ထူးခြားသည့် ကျင့်ကြံမှုနည်းစနစ်တစ်ခုဖြစ်ပြီး အဓိက အကြီးအကဲများသာ ကျင့်ကြံဖို့ရာ အရည်အချင်းပြည့်မီသည်ပင်။ ယွီဟွားဂိုဏ်း၏ ကျင့်ကြံဆင့်ပြောင်းလဲတက်ရောက်ခြင်း ကျင့်စဥ်နှင့် သဘောသဘာဝတူညီသည်။
လျိုချင်းမင်သည် အခွင့်အရေးရှိလေပြီဟု ခံစားရကာ နှစ်ခါမစဉ်းစားနေတော့ဘဲ ကျင့်စဥ်ကို ထိုနေရာတွင်ပင် ချက်ချင်းပြသလိုက်သည်။
လက်နှစ်ဖက်ကို ပေါင်းစပ်လိုက်သည်နှင့် ကြောက်မက်ဖွယ် သင်္ကေတအမှတ်အသားများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံသွားပြီး တောက်ပသောအပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် ရွှယ်ထျန်းနဂါးဖမ်းလက်၊ ရွှယ်ထျန်းကောင်းကင်လက်ညှိုး၊ ရွှယ်ထျန်းအတိုင်းအဆမဲ့လက်သီး စသည်ဖြင့် ကျင့်စဥ်နှင့်စပ်ဆိုင်သည့် ထူးခြားသောစွမ်းရည်များကို စတင်ဖော်ထုတ်လိုက်၏။
"ရပ်လိုက်၊ ရပြီ၊ မင်းကိုငါယုံပြီ!" ဂိုဏ်းချုပ်ရှယိုနျန် က စိတ်လှုပ်ရှားစွာ အတည်ပြလိုက်သည်။
ရွှယ်ထျန်းမူလကျင့်စဥ်သည် ရွှယ်ထျန်းသူတော်စင်နယ်မြေ၏ ထူးခြားသော မူလစွမ်းရည်တစ်မျိုးဖြစ်ပြီး ဂိုဏ်းတစ်ခုကို ကျက်သရေမင်္ဂလာနှင့်အညီ တိုးတက်ဖေးမပေးနိုင်စွမ်းရှိသည်။ သို့သော် ပြဿနာမှာ ဘိုးဘေးယန်ကျင်းရမ်သည် ရွှယ်ထျန်းဂိုဏ်းအတွက် မပြည့်စုံသေးသော အပိုင်းအစများကိုသာ လက်ဆင့်ကမ်းပေးနိုင်ခဲ့ခြင်းပင်။
မပြည့်စုံသော ကျင့်စဥ်အမွေကြောင့် ဂိုဏ်း၏ အနာဂတ်မျိုးဆက်သစ်များသည် အဆင့်မြင့်သည်အထိ ကျင့်ကြံရန် အထောက်အပံ့မရှိခဲ့ရာ ယခင်က ရွှယ်ထျန်းဂိုဏ်းမှာ ဟွမ်ကျိုးပြည်နယ်တွင် ထိုးဖောက်တိုးတက်နိုင်ခြင်း မရှိခဲ့ခြင်း ဖြစ်၏။
သို့သော် ထိုကျင့်စဥ်လျှို့ဝှက်ချက်ကို ဂိုဏ်းချုပ်တစ်ဦးတည်းကသာ သိရှိရမည်ဖြစ်ပြီး ယခု ဂိုဏ်းချုပ်ရှယိုနျန်၏ မျိုးဆက်အထိ နှုတ်ဖြင့်သာ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်။
လျိုချင်းမင်ထံမှ ပိုမိုပြည့်စုံနက်နဲသော ကျင့်စဥ်ပညာကို မြင်လိုက်ရသောအခါ ရှယိုနျန်သည် ထိုပုဂ္ဂိုလ်မှာ ရွှယ်ထျန်းသူတော်စင်နယ်မြေမှ စေလွှတ်လိုက်သော သံတမန်ဖြစ်ကြောင်း ရာနှုန်းပြည့် သေချာသွားခဲ့သည်။
လျိုချင်းမင်လည်း အလွန်စိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် ပုံမှန်လူတစ်ယောက် တွေ့လိုက်ရပြီလေ။
"ဆရာတူညီလေး၊ ဒီဧည့်သည်တော်က ဂုဏ်သရေရှိဧည့်သည်တစ်ဦး မှန်ပါတယ်။ သူ့ကို အမြန်ဆုံးဝင်ခွင့်ပြုလိုက်ပါ" ဂိုဏ်းချုပ်ရှယိုနျန်က အတည်ပြုပြောကြားလိုက်သည်။
ဖုကျန်းတောင်ထိပ်သခင်: "???"
မျှော်လင့်မထားတာတွေ ဖြစ်ပျက်ကုန်ပြီ။
ဘာလို့ဒီတစ်ခေါက်ကျ အမှန်ဖြစ်နေရတာလဲ? မင်းတို့ငါ့ကို စိတ်ရှုပ်ထွေးအောင်လုပ်နေကြတာပဲ။
ရွှစ်!
ကာကွယ်ရေးအစီအရင် ပျောက်ကွယ်သွားပြီးမှသာ လျိုချင်းမင်တစ်ယောက် ရွှယ်ထျန်းဂိုဏ်းအတွင်းသို့ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ခဲ့သည်။
ဖုကျန်းတောင်ထိပ်သခင်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ပြီး စကားရောဖောရောလုပ်လာသည်။ "တကယ်တော့ ကျွန်တော်က ခင်ဗျားကိုချစ်လို့စနေတာပါ"
လျိုချင်းမင်ကလည်း ပြုံးပြီး ပြန်ပြောလိုက်သည်။ "ထွက်သွားစမ်း!"
ဖုကျန်းတောင်ထိပ်သခင်: "..."
ထို့နောက် ဗိုက်လုံးကြီးကိုပွတ်ကာ ပွစိပွစိဖြင့် မကျေမနပ်ရေရွတ်ရင်း ထွက်သွားလေတော့၏။
"အဟမ်း၊ အဟမ်း၊ ငါ့ ဆရာတူညီလေးကျင်းက ဘာအန္တရာယ်ပြုဖို့မှ ရည်ရွယ်တာမဟုတ်ပါဘူး။ တကယ်တော့ အရင်က စန်းမင်တာအိုဂိုဏ်းကလို့ဆိုတဲ့ မသေမျိုး အဖွဲ့တစ်ဖွဲ့က ကျွန်တော်တို့ ရွှယ်ထျန်းဂိုဏ်းအတွင်းမှာ ပြဿနာရှာခဲ့လို့ပါ။ ကံကောင်းလို့ တူလေးဟုန်က အချိန်မီ သုတ်သင်လိုက်နိုင်ခဲ့တာ" ဂိုဏ်းချုပ် ရှယိုနျန်က ရှင်းပြသည်။
"စန်းမင်တာအိုဂိုဏ်းလား?"
လျိုချင်းမင်သည် လျှို့ဝှက်အကြံအစည်တစ်ခု၏ အရိပ်အယောင်ကို မရေမရာ ခံစားလိုက်ရသည်။
ဪ၊ ဒါဆို စန်းမင်တာအိုဂိုဏ်းက ရွှယ်ထျန်းဂိုဏ်းနဲ့ယှဥ်ရာမှာ အကြီးအကျယ်ရှုံးနိမ့်ခဲ့လို့ အလယ်ပိုင်းဒေသတစ်ခုလုံးကို သွေးထိုးလှုံ့ဆော်ပြီး သွေးနီနတ်ဆိုးဟုန်ချန်ယဲ့ကို သူများဓားနဲ့ အစားသတ်ချင်တာပေါ့လေ?
"နေစမ်းပါဦ။ ဂိုဏ်းချုပ်ပြောတဲ့ တူလေးဟုန်ဆိုတာ ဟုန်ချန်ယဲ့လား?!"
လျိုချင်းမင် ရင်တထိတ်ထိတ်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်"
"ဂိုဏ်းချုပ်တို့ သူ့နောက်ခံသမိုင်းကြောင်းတွေကိုရော သိရဲ့လား?"
"နောက်ခံသမိုင်းကြောင်း? ဪ၊ သူက မြူခိုးတောင်ထိပ်သခင်ရဲ့ အကြီးဆုံးတပည့်လေ"
"အယ်"
လျိုချင်းမင်၏ မျက်နှာအမူအရာ တောင့်တင်းသွားသည်။
နတ်ဆိုးဂိုဏ်းချုပ် ဘယ်လောက်ကြောက်စရာကောင်းသလဲ မင်းတို့တစ်ယောက်မှ မသိကြသေးဘူးနဲ့တူတယ်။
တစ်လျှောက်လုံး ကြုံခဲ့ရသော အဖြစ်အပျက်များ၏ နောက်ကွယ်မှ အဓိကကြံစည်သူမှာ နတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့ပင်ဖြစ်သည်ဟု လျိုချင်းမင် ပိုမိုယုံကြည်သွားခဲ့သည်။
အပြင်လောကမှ မရိပ်မိလေအောင် ဆရာသခင်တစ်ဦးကို ကာဗာယူထားခြင်းသာ ဖြစ်ရမည်ပင်။
"မသေမျိုးအရှင်၊ ခင်ဗျား ခရီးပန်းလာမှာပေါ့။ ကျေးဇူးပြုပြီး ဝင်နားပါဦး" ရွှယ်ထျန်းသူတော်စင်နယ်မြေမှ ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် ရှယိုနျန် ရင်းနှီးနွေးထွေးစွာ ကြိုဆိုလိုက်သည်။
"ဟုတ်ပါပြီခင်ဗျာ ဟုတ်ပါပြီ" လျိုချင်းမင်သည် နည်းနည်းတွန့်ဆုတ်နေသော်လည်း အတွင်းသို့ဝင်ကာ သတင်းအချက်အလက်များ ပိုမိုစုဆောင်းရန် ဆုံးဖြတ်လိုက်၏။
"ဂိုဏ်းချုပ်၊ ကျွန်တော်တို့က ရွှယ်ထျန်းသူတော်စင်နယ်မြေနဲ့ တကယ်ဆက်စပ်နေတာလား..." ဖုကျန်းတောင်ထိပ်သခင်က အံ့အားသင့်စွာ မေးလိုက်သည်။
"နောက်ကျ ငါရှင်းပြပါ့မယ်" ရှယိုနျန်က လက်ကိုဝှေ့ယမ်းလိုက်သည်။
လျိုချင်းမင်မှာတော့ ရွှယ်ထျန်းဂိုဏ်း အတွင်းသို့ ဝင်ရောက်လာစကတည်းက မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားခဲ့ရသည်။ ဂိုဏ်းပရဝုဏ်မှာ မသေမျိုးများ ကျက်စားနေထိုင်သော နယ်မြေတစ်ခုနှင့်မခြား။
အထူးသဖြင့် ဤရေမြေပတ်ဝန်းကျင်ရှိ မသေမျိုးစွမ်းအင်သည် ရွှယ်ထျန်းသူတော်စင်နယ်မြေထက်ပင် ပိုမိုပေါများကြွယ်ဝနေသည်ကို ခံစားလိုက်ရသောအခါ လျိုချင်းမင် အာခေါင်ခြောက်သွားရပြီး စိတ်ထဲတွင်လည်း မေးခွန်းများစွာ ပေါ်ပေါက်လာရတော့၏။
ဘာတွေဖြစ်နေတာလဲ?
ဘာကြောင့် ဒီလိုနေရာရဲ့ ကျင့်ကြံမှုပတ်ဝန်းကျင်က ရွှယ်ထျန်းသူတော်စင်နယ်မြေထက် ပိုကောင်းနေရတာလဲ?
ငါတို့ ရွှယ်ထျန်းသူတော်စင်နယ်မြေမှာ မသေမျိုးသွေးကြော ရှစ်ရာရှိပြီး အလယ်ပိုင်းဒေသ အင်အားစုအားလုံးထဲမှာ အများဆုံးနဲ့ အရည်အသွေးအမြင့်ဆုံးပဲ။
ဒီဂိုဏ်းကတော့ ငါတို့ဂိုဏ်းရဲ့ လက်အောက်ခံအဆက်အနွယ်လည်းဆိုသေး ဘာလို့ဒီလောက်ပိုများနေရတာလဲ?
လျိုချင်းမင် အလွန်အမင်း ထိတ်လန့်သွားပြီး စကားမပြောနိုင် ဖြစ်သွားရသည်။
သူ့စိတ်ထဲတွင် ဤနေရာသည်သာ တကယ့် ရွှယ်ထျန်းသူတော်စင်နယ်မြေ အစစ်အမှန်ဖြစ်ပြီး အလယ်ပိုင်းဒေသရှိ မိမိနေထိုင်ရာမြေမှာ အတုများဖြစ်လေသလားဟုပင် ထင်မှတ်သွားရတော့၏။
စာစဉ်ပြီး၏