အခြေတည် ဝိညာဉ် အဆင့်သို့ တက်လှမ်းခြင်း (၂)
Vol. 12 Ch. 1125
“ကမ္ဘာနဲ့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေက အစစ်အမှန် ကောင်းကင်ကျေးကျွန် အစီအရင်ရဲ့ ဖုံးလွှမ်းမှုနဲ့ အတူ ကောင်းကင် ဥပဒေသတွေ ယူဆောင်ခြင်းကို ခံထားရတယ် ဆိုပေမဲ့ အစစ်အမှန် ကောင်းကင် ကျေးကျွန် အစီအရင်က အဲဒီလောက် အစွမ်း မထက်ဘူး... အဲဒါက အများဆုံးမှ ဂြိုဟ်တစ်ခုကိုပဲ ဖုံးလွှမ်းနိုင်တယ်... စွန့်ပစ်ခံဂြိုဟ်နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... အဲဒါ မရောက်နိုင်တဲ့ နေရာ တစ်ခုခုတော့ ရှိရမယ်”
ချန်းဖန်ကား အခြေတည် ဝိညာဥ် အဆင့်သို့ ဝင်ရောက်ရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်လေသည်။ သူသည် ရီချင်နှင့် အပိုလို နတ်ဘုရား မင်းသားတို့မှာ ကပ်ဘေးကြီး၏ အကိုင်းအခက်ငယ်လေး တစ်ခုသာလျှင် ဖြစ်ကြောင်း သိရှိထားသည်။ ချန်းဖန်သည် အတိတ်ဘဝ၌ နှစ်ပေါင်းငါးရာ ရှင်သန်ခဲ့ရာ ထာဝရဂိုဏ်းများ မည်မျှ အစွမ်းထက်သည်ကို သိရှိထားပေသည်။ သူတို့ကား တောင်တန်း အင်ပါယာ ကဲ့သို့ ဂိုဏ်းမျိုးမှ နှိုင်းယှဥ်နိုင်သည့် ဖြစ်တည်မှုများ မဟုတ်ချေ။
သို့သော်လည်း ကမ္ဘာနှင့် ထျန်းဟောင်ဂြိုဟ်တွင် ဘုံပြဿနာ တစ်ခု ရှိနေချေသည်။ ကောင်းကင် ဥပဒေသ ယူဆောင်ခံရခြင်းကား အလွန်ဆိုးရွားသည့် အကျိုးဆက်ကို ဖြစ်ပေါ်စေသည်။ ကျင့်ကြံသူများသည် အခြေတည် ဝိညာဥ် အဆင့််ကို တက်လှမ်းနိုင်လျှင်ပင် အယောင်ဆောင် အခြေတည် ဝိညာဥ် အဆင့်များသာ ဖြစ်လာကြကာ အစစ်အမှန် အခြေတည် ဝိညာဥ် အဆင့်များနှင့် မည်သို့မျှ မနှိုင်းယှဥ်နိုင်ကြချေ။ သို့ဖြစ်လေရာ ချန်းဖန် အနေဖြင့် အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းလိုပါက အရင်ဆုံး ကောင်းကင် ကျေးကျွန် အစီအရင် ဖုံးလွှမ်းခြင်း မရှိသည့် နေရာတစ်ခုကို ရှာဖွေရန် သို့မဟုတ် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ ထွက်ခွာရန် တစ်ခုကို ရွေးချယ် ရလိမ့်မည် ဖြစ်သည်။
နတ်ဘုရား ကုန်းမြေ...
ထိုအရာကား မိစ္ဆာဖုတ်ကောင်ကြီးကို ထောင်ရန် အတွက် ရှေးဟောင်းခေတ် နတ်ဘုရားများ ဖန်တီးခဲ့သည့် ကမ္ဘာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် နေရာတိုင်းသည် နတ်ဘုရား သင်္ကေတများဖြင့် ပြည့်နှက်နေသည်။ ထိုအရာကား နတ်ဘုရားများ ပိုင်ဆိုင်သော နေရာ တစ်ခု ဖြစ်လေရာ များစွာသော ဓမ္မ ဥပဒေသများမှာ ကြီးမားစွာ စုဝေး နေပေသည်။ ကောင်းကင်ကျေးကျွန် အစီအရင် ပင်လျှင် ထိုနေရာရှိ ကောင်းကင် ဥပဒေများကို ယူဆောင်ခြင်း မပြုနိုင်ပါချေ။
“သာမန် ရွှေအမြုတေ အဆင့် ကျင့်ကြံသူတွေက အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းတဲ့ အခါမှာ သာမန် ဓမ္မ ဥပဒေသ တစ်ခုကိုပဲ ထိန်းချုပ်လာနိုင်ကြတယ်... ကောင်းကင်အဆင့် ရွှေအမြုတေ အဆင့် ပိုင်ရှင်တွေကတော့ “ကောင်းကင် အဆင့် ဓမ္မ ဥပဒေသ”ကို သူတို့ရဲ့ ခန္ဓာကိုယ် အတွင်း ထည့်သွင်း နိုင်ကြတယ်... အထွတ်အမြတ် အဆင့် ကျင့်ကြံသူတွေဆို ပိုပြီးတော့တောင် အစွမ်းထက်ကြတယ်... သူတို့က အထွတ်အမြတ် ကောင်းကင် ဥပဒေသတွေကို ထိန်းသိမ်းနိုင်ကြတယ်”
“နတ်ဘုရား အဆင့် ရွှေအမြုတေ ပိုင်ရှင်တွေကတော့ နတ်ဘုရား နယ်မြေနဲ့ ဆက်သွယ်နိုင်ကြတဲ့ အတွက် သူတို့ရဲ့ ရွှေအမြုတေကို နတ်ဘုရား ဥပဒေသနဲ့ သန့်စင်ပြီး အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းနိုင်ကြတယ်”
ချန်းဖန်၏ မျက်လုံးများမှာ တလက်လက် တောက်ပနေသည်။
ကောင်းကင် ဥပဒေသ၊ အထွတ်အမြတ် ဥပဒေသ၊ နတ်ဘုရား ဥပဒေသ...
ထိုသုံးခုကား လုံးဝခြားနားမှု ရှိသည့် စွမ်းအင်များ ဖြစ်ပေသည်။ နတ်ဘုရား နယ်မြေမှ နတ်ဘုရား ဥပဒေသ အပိုင်းအစ သေးသေးလေး တစ်ခု ပင်လျှင် ကောင်းကင် ဥပဒေသ ပိုင်ရှင်နှင့် အထွတ်အမြတ် ဥပဒေသ ပိုင်ရှင်များကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိပေသည်။ နတ်ဘုရား ဥပဒေသနှင့် အတူ မွေးဖွားလာသော အခြေတည် ဝိညာဥ် အဆင့်များသည် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားကိုပင် ပိုင်ဆိုင်နိုင်ကြသည်။
ဓမ္မ ဥပဒေသများကား စကြဝဠာ အတွင်း အဆန်းကြယ်ဆုံး စွမ်းအားများ ဖြစ်ပေသည်။ အမတေချီသည် ကျင့်ကြံရကာ ဓမ္မမှာမူ သဘာဝ အတိုင်း မွေးဖွားလာခြင်း ဖြစ်၏။ ဓမ္မအား အမြင့်ဆုံး အဆင့်ထိ ကျင့်ကြံနိုင်သော အခါ တာအိုမှာ ဖွဲ့စည်းလာသည်။ မဟာ တာအိုသည် စကြဝဠာနှင့် လောကများ အကြား အစွမ်း အထက်ဆုံးသော စွမ်းအင် ဖြစ်သည်။
တာအိုကို တာအို ပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရှိသည့် ဝမ်ရှင်း တန်ခိုးရှင်ကြီးများ သာလျှင် ထိတွေ့ နိုင်ကြသည်။ အတိဒုက္ခ အဆင့်သို့ ဝင်ရောက်ပြီးသော အခါ ကျင့်ကြံသူမှာ ကောင်းကင်၏ ဥပဒေသများနှင့် တာအိုတို့ကို နားလည်လာသည်။ တာအိုကို ခန္ဓာကိုယ် အတွင်း ပေါင်းစည်းရန်မှာမူ ဒဏ္ဍာရီလာ တာအို ဘိုးဘေးများနှင့် ကောင်းကင် တန်ခိုးရှင်ကြီးများသာ တတ်နိုင်ကြပေသည်။
“အတိတ်ဘဝမှာတုန်းက ငါဟာ တာအိုကို နားလည်ခဲ့ပြီး ကိုယ်ပိုင် လမ်းကြောင်း တစ်ခုကို လျှောက်လှမ်း နိုင်ခဲ့တယ်... ဒါကြောင့်မလို့ နတ်ဘုရား ဥပဒေသတွေကို ဖွဲ့စည်းဖို့က ငါ့အတွက် မခက်ခဲဘူး”
ချန်းဖန်က တီးတိုး ရေရွတ်လိုက်၏။ သူ့တွင် အခြေတည် ဝိညာဥ် ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး များစွာသော အတွေ့အကြုံများ ရှိပေသည်။
“ဘုန်း...”
ချန်းဖန်သည် နတ်ဘုရား စက်ဝန်းကို ဖြည်းညင်းစွာ လှည့်ပတ်လိုက်၏။ ပတ်ဝန်းကျင်ရှိ ဓမ္မ ဥပဒေသများသည် ချက်ချင်းပင် မမြင်နိုင်သော စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း စိမ့်ဝင် နေကြသည်။ ထိုဓမ္မ ဥပဒေသများမှာ ကမ္ဘာ၊ မီး၊ ရေ၊ လေ၊ သစ်သား၊ လျှပ်စီး၊ နေ၊ လ၊ ဂြိုဟ်၊ သေခြင်း၊ ပြန်လည် မွေးဖွားခြင်း၊ ကံကြမ္မာ စသည်ဖြင့် အခြေခံ အကျဆုံး ဓမ္မ ဥပဒေသများ ဖြစ်ပေသည်။ သာမန် ကျင့်ကြံသူများသည် အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းပြီးနောက် ထိုအထဲမှ တစ်ခုကို ထိန်းချုပ် လာနိုင်ကြသည်။ ဓမ္မ ဥပဒေသ နှစ်ခု သို့မဟုတ် သုံးခုကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်သော ကျင့်ကြံသူများမှာ အခြေတည် ဝိညာဥ် အဆင့်များ အကြား၌ အစွမ်းထက်သည်ဟု သတ်မှတ်နိုင်ပေသည်။ နတ်ဘုရား မင်သားများ ပင်လျှင် နှစ်ခု၊ သုံးခုထက် ပို၍ မကျင့်ကြံနိုင်ချေ။
သို့သော်လည်း ယခုတွင်မူ ချန်းဖန်သည် များစွာသော ဓမ္မ ဥပဒေသများကို တစ်ပြိုင်နက်တည်း စုပ်ယူ နေခဲ့ခြင်း ဖြစ်သည်။ ထိုအရာက သူ့အတွက် အခက်အခဲ ရှိဟန် မရချေ။
“ဟူး... ဟူး...”
သုံးထောင်သော ဓမ္မ ဥပဒေသများသည် အသွင်သဏ္ဌာန် ကင်းမဲ့သော မီးများအဖြစ် ပြောင်းလဲကာ ချန်းဖန်၏ ခန္ဓာကိုယ်၊ ဝိညာဥ်နှင့် ရွှေအမြုတေတို့ကို ရူးသွပ်စွာ လောင်ကြွမ်း နေခဲ့လေသည်။ ဓမ္မ ဥပဒေသမီးသည် လောက အတွင်းရှိ ကြောက်မက်ဖွယ် အကောင်းဆုံး မီးများ အနက် တစ်ခု ဖြစ်ပေသည်။ ထိပ်တန်း အဆင့် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ပင်လျှင် ထိုအရာကို လွယ်လွယ်ကူကူ မထိရဲကြချေ။
“မလုံလောက်သေးဘူး...”
ချန်းဖန်မှာ သုံးထောင်သော ဓမ္မ ဥပဒေသမီးများကို ကျေနပ်သေးဟန် မရချေ။ သူက ပါးစပ်ကို ဟလိုက်လေရာ ရွှေနှင့် အဇူရာ စသည်ဖြင့် အရောင် ငါးခု လင်းဖြာနေသော မီးတောက် သုံးခုမှာ ထွက်ပေါ်လာသည်။ ထိုမီးတောက် သုံးခုသည် အဆုံးသတ် ပန်းပွင့် သုံးပွင့်ကို လောင်ကြွမ်းလေ၏။
ထိုမီးတောက် တစ်ခုချင်းစီတွင် စွမ်းအင်၊ ရှင်သန်ခြင်းနှင့် ဝိညာဥ်တို့ ပေါင်းစပ် ပါဝင်နေသည်။ တာအိုဝါဒတွင်မူ ထိုအရာကို “သမာဓိ အစစ်အမှန် မီးတောက်” ဟု ခေါ်သည်။ အချို့က “အဆုံးသတ် မီးတောက်” ဟုလည်း ခေါ်ဆိုကြသည်။
“အဆုံးသတ် မီးတောက်”အား ဖွဲ့စည်းနိုင်သည့် ကျင့်ကြံသူများမှာ ပုံမှန်အားဖြင့် အဆင့်တူများထက် ပိုမို ကြောက်မက်ဖွယ် ကောင်းကြသည်။ သူတို့၏ ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည့် မီးတစ်စ ပင်လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများကို အလွယ်တကူ လောင်ကျွမ်း ပြာချ ပစ်နိုင်ကြပေသည်။ သူတို့ကား လက်များဖြင့်ပင် တိုက်ခိုက်စရာ မလိုချေ။
“ဟူး... ဟူး...”
ဓမ္မ ဥပဒေသ မီးတောက်များနှင့် သမာဓိ မီးတောက်များသည် တစ်ချိန်တည်း၌ လောင်ကြွမ်းနေ၏။ ချန်းဖန်၏ ခန္ဓာကိုယ်သည် တင်ပျဥ်ချိတ် ထိုင်ထားလျက်ကပင် လေထဲသို့ တဖြည်းဖြည်း မြောက်တက် လာနေခဲ့သည်။ သူအား ရောင်စဥ် အလင်းများက ဝန်းရံနေလေရာ နတ်ဘုရား ကမ္ဘာရှိ တောက်ပသော လတစ်စင်း အလားပင် ထင်မှတ် မှားရလေသည်။
“မလုံလောက်သေးဘူး... ဒီစွမ်းအင်လောက်က ငါ့ရဲ့ နတ်ဘုရား ခန္ဓာ၊ နတ်ဘုရား ဝိညာဥ်နဲ့ နတ်ဘုရား ရွှေအမြုတေကို ပေါင်းစည်းဖို့ မလုံလောက်ဘူးး”
ချန်းဖန်သည် ခန္ဓာကိုယ် အနှံ့ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။ သို့သော်လည်း သူသည် ထိုအရာကို တောင့်ခံထား၏။ သူ့အတွက် ခန္ဓာကိုယ် နာကျင်ခြင်းမှာ ပြောပလောက်သော အရာ မဟုတ်ပါချေ။
“ပိုပြီး ပါရမီပါလေ အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ရှိဖို့က ပိုခက်ခဲလေပဲ... ငါကျင့်ကြံ ရရှိထားတဲ့ နတ်ဘုရား လှပခြင်း သုံးပါးက သာမန် အခြေတည် ဝိညာဥ် အဆင့်တွေ တန်ခိုး အဆင့် ချိုးဖျက်တာထက် အဆ တစ်ရာ ပိုပြီး ခက်ခဲတယ်... ကြည့်ရတာ ငါ ရတနာ အချို့ကို သုံးမှပဲ ဖြစ်လိမ့်မယ် ထင်တယ်”
ချန်းဖန်က တွေးတောကာ လက်နှစ်ဖက်အား ဆန့်ထုတ်လျှက် အစီအရင် တစ်ခုအား ခင်းကျင်း လိုက်လေသည်။
“နတ်ဘုရားချီ...”
“ဘုန်း...”
လွန်ခဲ့သည့် ငါးလ အတွင်း မူလ ရေတွင်း အတွင်း စုစည်းနေသည့် နတ်ဘုရားချီများသည် ချန်းဖန်၏ ခန္ဓာကိုယ်အား လောင်ကြွမ်းနေသည့် မီးတောထဲသို့ ခုန်ဆင်းသွားကြသည်။
“ဘုန်း...”
သမာဓိ မီးတောက်သည် နတ်ဘုရားချီ၏ အားဖြည့်မှုကို ရသည်နှင့် ချက်ချင်းပင် ဆယ်ဆခန့် ပိုမို အစွမ်း မြင့်တက်လာ၏။ နန်းတော် တစ်ခုလုံးသည် မိုးကြိုးသံများကို စတင် ထုတ်လွှတ်လာကာ မရေမတွက်နိုင်သော အစီအရင်များမှာ အခြေအနေကို ထိန်းသိမ်းရန် ပေါ်လာကြသည်။
ဆယ်မိုင်ပတ်လည် အတွင်းရှိ နတ်ဘုရား သင်္ကေတများသည် တစ်ပြိုင်နက်တည်း လင်းလက် လာကြသည်။ နတ်ဘုရား ကုန်းမြေ၏ ဓမ္မ ဥဒေသ စွမ်းအားများသည် ဓမ္မ ဥပဒေသ မီးတောက်များနှင့် ချိတ်ဆက်ကြသည်။ ၎င်းတို့သည် မီးတောက်၏ အဖျက် စွမ်းအားကို ပိုမို၍ ကြောက်မက်ဖွယ် ကောင်းစေ၏။
“ဟူး... ဟူး...”
မီးတောက် နှစ်ခု၏ လောင်ကြွမ်း သန့်စင်မှု အောက်၌ အဆုံးသတ် ပန်းပွင့်များ ပင်လျှင် စတင်ကာ ပေါင်းစည်း လာကြသည်။ တစ်ချိန်တည်း၌ ချန်းဖန်၏ ခန္ဓာ၊ ဝိညာဥ်နှင့် ရွှေအမြုတေ တို့မှာလည်း လင်းလက်စွာ တောက်ပကာ တဖြည်းဖြည်း အသွင်ပြောင်းခြင်း ဖြစ်စဥ်ထဲသို့ ဝင်ရောက် နေခဲ့ကြလေတော့သည်။
***