← Chapters

အခမ်းအနား မတိုင်မီ

Vol. 12 Ch. 1126

အခမ်းအနား မတိုင်မီ

Vol. 12 Ch. 1126

ချန်းဖန် အခြေတည် ဝိညာဥ် အဆင့်သို့ ဝင်ရောက်ရန် ကြိုးစားနေချိန်မှာပင် လူငယ် နှစ်ယောက်သည် ချူကျိုးမြို့သို့ သွားနေခဲ့သည်။

ထိုအခိုက်အတန့်၌ ချူကျိုးသည် အလွန် ကြီးမားသော လူစုလူဝေးကြီးများဖြင့် ပြည့်နှက်နေသည်။ ဂျပန်၊ အမေရိကန်၊ မြန်မာနှင့် ဥရောပမှ လူများ အပါအဝင် ကမ္ဘာတစ်ဝန်းမှ ကျင့်ကြံသူများသည် ထိုနေရာတွင် စုစည်း နေကြသည်။ လမ်းမများ ထက်၌ မျိုးနွယ်ခြား ကျင့်ကြံသူများနှင့် အခြား ဂြိုဟ်သားများ ပင်လျှင် သွားလာနေကြသည်။

ထိုမူလ အဆင့်နှင့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် ဆိုပါက မောက်မာကာ အလွန် သေးငယ်သော ကိစ္စများ အတွက်ပင် လူသတ်လေ့ ရှိကြသည်။ သို့သော်လည်း ယခုတွင်မူ သူတို့သည် သာမန်လူများ အလားပင် ဖော်ရွေသော အပြုံးများကို ဆင်မြန်းထားကြသည်။ “နတ်ဘုရား အရှင် ကြိုဆိုပွဲ အခမ်းအနား” ကား မကြာခင် ရောက်ရှိလာတော့ပေမည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ယွင်ဝူတောင်ထိပ်မှ နေ၍ ယွင်ဝူတောင်သို့ လှမ်းမျှော်ကြည့်ပါက သူသည် မရေမတွက်နိုင်သော အလင်းစက်များကို တွေ့မြင်ရပေလိမ့်မည်။ ထိုအလင်းစက် တစ်ခုချင်းစီသည် မူလ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ကိုယ်စားပြုသည်။ ချိုးကျိုးမြို့ အတွင်းသို့ ရောက်ရှိနေသော မူလ အဆင့် ကျင့်ကြံသူ မရေမတွက်ကား ထောင်ပေါင်းများတိုင် နေခဲ့ပြီ ဖြစ်လေသည်။

“ဝှစ်... ဝှစ်...”

လူငယ် နှစ်ယောက် သို့မဟုတ် ယောက်ကျ်ားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်သည် မြို့ထဲသို့ ရောက်ရှိ လာကြသည်။ ယောကျ်ားလေးသည် ချောမောသော်လည်း ပျင်းရိပြီး မိစ္ဆာဆန်သည့် အပြုံးကို ဆင်မြန်း ထားသည်။ မိန်းကလေးမှာမူ အေးစက်ဟန် ရ၏။ သူမ၏ အသားအရည်သည် ဆင်စွယ် ကဲ့သို့ ချောမွတ်နေသည်။

“ဘာမှလည်း ထူးခြားတာ မတွေ့ပါလား... ငါကြားတာတော့ ဒီနေရာမှာ နတ်ဘုရား မင်းသား ရီချင်နှင့် နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်ကို သတ်နိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ရှိတယ် ဆိုပဲ... ဒါပေမဲ့ အခုထိ အဲဒီလူကို ငါ အာရုံခံလို့ မရသေးဘူး... ဒီနေရာကလူ အများစုက မူလ အဆင့်နဲ့ ရွှေအမြုတေ အဆင့်တွေ ချည်းပဲ... အခြေတည် ဝိညာဥ် အဆင့်တောင် တစ်ယောက်မှ မတွေ့ရသေးဘူး”

လူငယ်က လမ်းမထက်ရှိ လူများကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ခေါင်းခါ လိုက်သည်။

“ဂရုစိုက်ပါ...  ဝူကျိဂိုဏ်းရဲ့ တတိယ နတ်ဘုရား မင်းသားတင် မကဘူး... အခြား နတ်ဘုရား မင်းသားတွေရဲ့ အသက် ကျောက်ပြားတွေ အကုန်လုံးပါ ဒီစွန့်ပစ်ခံ ဂြိုဟ်နယ်မြေထဲကို ဝင်တုန်း ကျိုးကုန်ကြတာ”

မိန်းကလေးက ပြောလိုက်သည်။ သူမ၏ အသံသည် ဆောင်းတွင်း၏ လေကဲ့သို့ ‌အေးစက်နေ၏။

လော့ချန်ရှန်းနှင့် ရီချင်တို့ပါ ထည့်ပေါင်းပါက နတ်ဘုရား မင်းသား ရှစ်ပါးသည် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေတွင် သေဆုံး ခဲ့ရသည်။ ထို့အပြင် အပိုလို နတ်ဘုရား မင်းသားမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ထိုသတင်းသည် တောင်ပိုင်း ဒေသငယ် တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့သည်။ ထိုအရာကား နတ်ဘုရား မင်းသားများ ဖြစ်၏။  သူတို့သည် ထာဝရဂိုဏ်းများ၏ အဓိက တပည့်များ ဖြစ်ကာ အနာဂတ် ဂိုဏ်းချုပ်လောင်းများလည်း ဖြစ်ကြသည်။ သို့တိုင်အောင် သူတို့ထဲမှ ရှစ်ယောက်မှာ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေတွင် သတ်ဖြတ် ခံခဲ့ရသည်။

ဂိုဏ်းများသည် ထိုအရာအား အရေးပေါ် ကိစ္စ တစ်ခု အဖြစ် သတ်မှတ်ကာ အပူတပြင်း စတင် စုံစမ်းကြသည်။ သူတို့သည် များစွာသော လျှို့ဝှက် စုံထောက်များ၊ သူလျှို့များကို စွန့်ပစ်ခံ ဂြိုဟ်နယ်မြေသို့ စေလွှတ်ကြသည်။

မကြာခင်မှာပင် ချန်းဖန် အကြောင်း အချက်အလက်များသည် ထာဝရဂိုဏ်းများ အထိ ရောက်ရှိသွားခဲ့တော့သည်။

အသက် သုံးဆယ် အရွယ် အရှေ့ဂြိုဟ်သား ချန်ပေ့ရွှမ်း၊ သာမန် နောက်ခံနှင့် ရွှေအမြုတေ ကျင့်ကြံခြင်း အဆင့်

သူသည် တောင်တန်း အင်ပါယာကို အနိုင်ယူကာ ထျန်းဟောင်ဂြိုဟ်ကို အုပ်စိုးခဲ့သည်။ သူသည် လော့ချန်ရှန်းနှင့် လင်းဟယ်တို့ကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ် ပစ်ခဲ့သည်။ ထို့အပြင် သူသည် အရှေ့ဂြိုဟ်၏ နတ်ဘုရား ကုန်းမြေ၌ ရာချီသော အခြေတည် ဝိညာဉ် အဆင့်များကို အနိုင်ယူကာ နတ်ဘုရား မင်းသား ငါးယောက်ကို အပြတ်ရှင်းခဲ့သည်။ မကြာသေးခင်ကပင် သူ၏ ကိုယ်ပွား တစ်ခုသည် ဝူကျိဂိုဏ်း၏ နတ်ဘုရား ဗိုလ်ချုပ် ယင်ဟိုင်နှင့် နတ်ဘုရား မင်းသား ရီချင်တို့ကိုပါ ဆက်လက် သတ်ဖြတ် ခဲ့သည်။

ထိုသတင်းသည် တောင်ပိုင်း ဒေသငယ် တစ်ခုလုံးကို တုန်လှုပ် သွာစေခဲ့သည်။

"ဘာရယ်... အသက် သုံးဆယ်ပဲ ရှိသေးတဲ့ ရွှေအမြုတေ အဆင့်က နတ်ဘုရားတွေ၊ နတ်ဘုရား ဗိုလ်ချုပ်တွေ အကုန်လုံးကို သတ်ပစ်လိုက်တာပေါ့ ဟုတ်လား..."

"အဓိပ္ပာယ် မရှိတာတွေနဲ့ မင်းတို့ ငါ့ကို ညာရဲတယ်ပေါ့"

ပထမ၌ အကြီးအကဲများမှာ ထိုသတင်းကို မယုံကြည်ခဲ့ကြချေ။ သူတို့သည် သူတို့ စေလွှတ်ထားသည့် စုံထောက်များ၊ သူလျှိုများ ညာနေသည်ဟု ထင်မှတ် ခဲ့ကြသည်။ အချို့ အကြီးအကဲများ ဆိုလျှင် ဒေါသထွက်လွန်း၍ သတင်း ယူဆောင်လာသူများကိုပင် သတ်ဖြတ်ပစ်ခဲ့သည်။

ထိုအရာက မယုံကြည်နိုင်စရာ ကောင်းလွန်းသည်။ တောင်ပိုင်း ဒေသငယ်ရှိ ပါရမီ အရှိဆုံး၊ အလျှင်မြန်ဆုံး ကျင့်ကြံသူ ပင်လျှင် ရွှေအမြုတေ အဆင့်ကို အသက်သုံးဆယ်ဖြင့် တက်လှမ်းရန်မှာ ခက်ခဲလွန်းသည်။ အခြေတည် ဝိညာဉ် အဆင့်သို့ ရောက်ဖို့ ဆိုလျှင် အနည်းဆုံး နှစ်ငါးရာ အချိန်ယူ ရလိမ့်မည် ဖြစ်သည်။

သို့တိုင်အောင် အသက်လေးဆယ်ဖြင့် မပြည့်သေးသော ချန်းပေ့ရွှမ်းသည် ရွှေအမြုတေ အဆင့်ဖြင့် အခြေတည် ဝိညာဉ် အဆင့်များကို သတ်ဖြတ်ပစ်ခဲ့သည်ဟု ဆိုသည်။အခြေတည် ဝိညာဉ် အဆင့်နှင့် ရွှေအမြုတေ အဆင့်ကြားရှိ ကွာခြားချက်သည် အလွန် ကြီးမားလှ၏။ ကောင်းကင်အဆင့် ရွှေအမြုတေ ပိုင်ရှင်များ ပင်လျှင် ထိုကွာခြားချက်ကို မဖာထေးနိုင်ကြချေ။

ဂိုဏ်းကြီးများမှ စီနီယာများက ဤကဲ့သို့ သုံးသပ်ကြ၏။

"ချန်းပေ့ရွှမ်းက အခြေတည် ဝိညာဉ် ထိပ်ဆုံး အဆင့်ကို ရောက်နေတာ ဟုတ်ချင်ဟုတ်၊ မဟုတ်ရင် မကြာခင် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်တော့မယ့် ကျင့်ကြံသူပဲ ဖြစ်ရမယ်... အဲဒီလို လူမှပဲ အခြေတည် ဝိညာဉ် အဆင့်တွေကို ကြက်ကလေး၊ ငှက်ကလေးလို သတ်ဖြတ်နိုင်လိမ့်မယ်"

အချိန်များ စီးဆင်းသွားသည်နှင့် အမျှ ပိုမို တိကျသော သတင်းများမှာ ရောက်ရှိ လာခဲ့သည်။ နောက်ဆုံး၌ သူတို့သည် ချန်းပေ့ရွှမ်းမှာ ရွှေအမြုတေ အဆင့် တစ်ယောက်သာ ဖြစ်ကြောင်း လက်ခံခဲ့ကြရသည်။

ကမ္ဘာဂြိုဟ်မှ နေ၍ ထျန်းဟောင်ဂြိုဟ်၊ ဝိညာဉ် ပင်လယ် အဆင့်မှ မူလ အဆင့်၊ ရွှေအမြုတေ အဆင့် သူ၏ ကျင့်ကြံခြင်း ခရီး လမ်းကြောင်းကား အတော်လေး ရှင်းလင်း လှပေသည်။ သူသည် သတ်ဖြတ်ခြင်း၌ အလွန်အမင်း ထူးချွန်ကာ အမြဲတမ်းလိုလို အဆင့်တူများအား လွှမ်းမိုး နိုင်ခဲ့သည်။

ချန်းဖန်၏ တိကျ သေချာသော သတင်း အချက်အလက်များကို လက်ခံ ရရှိပြီးနောက် ဂိုဏ်းကြီးများမှာ ဆက်လက် ငြင်းဆန်နိုင်ခြင်း မရှိတော့ချေ။ ထိုကောင်လေးကား အလွန် ရှားပါးသော ပါရမီရှင် ဖြစ်သည်။ သူသည် အသက် သုံးဆယ် မပြည့်ခင်မှာပင် ရွှေအမြုတေ အဆင့်ကို ရောက်ရှိခဲ့သည်။ ရာစုနှစ် တစ်ခု အတွင်းမှာပင် သူသည် အခြေတည် ဝိညာဉ် အဆင့်ကို ဆက်လက် တက်လှမ်းနိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုအရာကပင်လျှင် သူ့အား သတ်သင့်သည့် အကြောင်းပြချက် ဖြစ်ပေသည်။ သူ့အား ဆက်လက် ကြီးထွားခွင့် ပြုပါက နှစ်ပေါင်း တစ်ထောင် အတွင်းမှာပင် သူသည် တောင်ပိုင်း ဒေသငယ် တစ်ခုလုံးကို ခြေထောက်ဖြင့် နင်းချေနိုင်စွမ်းကို ပိုင်ဆိုင် လာလိမ့်မည် ဖြစ်သည်။

တိကျသော သတင်းများ အရဆိုလျှင် ချန်းပေ့ရွှမ်းသည် သေးငယ်သော ကိစ္စလေးများ အတွက် ပင်လျှင် လက်စားချေတတ်သည်ဟု ဆိုသည်။ သူသည် နတ်ဘုရား မင်းသားများနှင့်ပင် ပြဿနာ ဖြစ်ခဲ့သည်။ သူ၏ အကျင့်စရိုက် အတိုင်းဆိုလျှင် သူသည် လုံလောက်စွာ အစွမ်းထက်သည်နှင့် တောင်ပိုင်း ဒေသငယ်ရှိ ထာဝရဂိုဏ်းများကို ရန်ရှာလာလိမ့်မည် ဖြစ်သည်။

တောင်ပိုင်း ဒေသငယ်ရှိ များစွာသော စီနီယာ အကြီးအကဲများသည် ထိုအရာကို စိုးရိမ်နေကြ၏။ သို့သော်လည်း ထိပ်တန်းဂိုဏ်းများမှ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူကြီးများမှာမူ ထိုကဲ့သို့ သေးငယ်သော ကိစ္စမျိုးကို ဂရုမစိုက်ကြချေ။ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်နှင့် အခြေတည် ဝိညာဉ် အဆင့် အကြားမှ ကွာခြားချက်သည် လူသားနှင့် နတ်ဘုရားများ ကဲ့သို့ ကြီးမားလှပေသည်။

မူလ အဆင့်ဖြင့် ရွှေအမြုတေ အဆင့်၊ ရွှေအမြုတေ အဆင့်ဖြင့် အခြေတည် ဝိညာဉ် အဆင့်ကို အနိုင်ယူ သတ်ဖြတ်ခဲ့သော ပုံပြင်၊ ဒဏ္ဍာရီများမှာ အမြဲတမ်းလိုလို ဖြစ်ပေါ်တတ်သည်။ သို့သော်လည်း အခြေတည် ဝိညာဉ် အဆင့်ဖြင့် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်အား အနိုင်ယူခဲ့ကြောင်းကိုမူ မည်သူမျှ မကြားဖူးချေ။

ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် မဟာ ကျင့်ကြံသူ တစ်ယောက်သည် ထာဝရဂိုဏ်း တစ်ခုကို ကိုယ်စားပြုသည်။ သူသည် မရေမတွက်နိုင်သော အခြေတည် ဝိညာဉ် အဆင့်များနှင့် ဘီလျံချီသည့် ကျင့်ကြံသူများကို အမိန့်ပေးနိုင်စွမ်း ရှိပေသည်။

"ဂိုဏ်းထဲက အချို့ အကြီးအကဲတွေက ချန်းပေ့ရွှမ်း အခြေတည် ဝိညာဉ် အဆင့်ကို ဝင်ပြီးရင် ငါတို့ရဲ့ မဟာ ကျင့်ကြံသူတွေကို ခြိမ်းခြောက်နိုင်လာမှာ စိုးရိမ် နေကြတုန်းပဲ... ငါကတော့ သူတို့ အတွေးလွန် နေတယ်လို့ပဲ ထင်တယ်... အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်က ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို အနိုင်ယူနိုင်တယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး... အဲဒီလို သတင်းမျိုးက ဗဟို ဂလက်စီမှာဝောာင် ထွက်ပေါ်ခဲတယ်"

ချောမောသော လူငယ်သည် လမ်းလျှောက်ရင်း စကားပြော နေခဲ့၏။

"အကြီးအကဲတွေနဲ့ လက်ထောက် ဂိုဏ်းချုပ်တွေရဲ့ ဉာဏ်ပညာက သမုဒ္ဒရာကြီးလို နက်ရှိုင်းတယ်... နောက်ပြီး သူတို့က ငါတို့ထက် ပိုပြီး အတွေ့အကြုံ ရင့်ကျက်တယ်... တကယ်လို့ ချန်းပေ့ရွှမ်းက အခြေတည် ဝိညာဉ် အဆင့်နဲ့ ငါတို့ကို မဖျက်ဆီးနိုင်ဘူး ဆိုရင်တောင် သူ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် တစ်ပိုင်းကို ရောက်တဲ့ အခါကျရင်ရော... နောက်ပြီး မဟာ ကျင့်ကြံသူတွေ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေထဲကို မဝင်နိုင်ဘူး ဆိုတဲ့ အခြေအနေကိုပါ ထပ်ပေါင်းကြည့်လိုက်... အဲဒါဆို စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ ချန်းပေ့ရွှမ်းကို ဘယ်သူ ယှဉ်နိုင်ဦးမှာလဲ... အရှေ့ဂြိုဟ်က မဟာ အခွင့်အရေးကိုလည်း သူပဲ ယူသွားတော့မှာပေါ့"

မိန်းကလေးက အကျိုးအကြောင်း ဆီလျော်စွာ ပြောလိုက်သည်။

သူတို့နှစ်ယောက်သည် ကြယ်ပင်လယ်မှ လာသည့် ကျင့်ကြံသူ နှစ်ယောက် ဖြစ်ပေသည်။ သူတို့သည် အသွင်အပြင်များ အရ သာမန် လူများနှင့် ကွာခြားခြင်း မရှိသော်လည်း အမှန်တကယ်တွင်မူ နတ်ဘုရား မင်းသား ရီချင်နှင့် နှိုင်းယှဉ်နိုင်သည် အထိ အစွမ်းထက်ကြပေသည်။ သူတို့ နှစ်ယောက်ကား ဖူယောင်ဟု ခေါ်သော ထာဝရဂိုဏ်းကြီး၏ နတ်ဘုရား မင်းသားနှင့် နတ်ဘုရား မင်းသမီးတို့ပင် ဖြစ်ကြပေသည်။

လူငယ်သည် ကျိုးကျန်းဟု အမည်ရကာ မိန်းကလေးမှာမူ ကျိုးယု ဟု ခေါ်၏။ သူတို့ နှစ်ယောက်သည် မောင်နှမများ ဖြစ်ကြကာ ဖူယောင်ဂိုဏ်းချုပ်၏ မျိုးဆက်များ ဖြစ်ကြသည်။ သူတို့ နှစ်ယောက်စလုံးသည် အတူတကွပင် နတ်ဘုရား မင်းသားနှင့် မင်းသမီးများ ဖြစ်လာကြကာ ကြယ်ပင်လယ်တွင် ကျော်ကြားသော လူငယ် ပါရမီရှင်များ ဖြစ်ကြပေသည်။

သူတို့ နှစ်ယောက်သည် အေးဆေး တည်ငြိမ်စွာပင် ချူကျိုးမြို့ထဲ တည်တည်ငြိမ်ငြိမ် လျှောက်နေကြသည်။ လူတိုင်းသည် သူတို့ အတွက် အလိုအလျောက်ပင် လမ်းတစ်ခုကို ဖန်တီးပေးနေမိကြ၏။ သူတို့သည် ချန်းဖန်နှင့် မြောက်ပိုင်းချုံး အကြောင်းကို အသံ ပုံမှန်ပင် ပြောနေကြသော်လည်း ပတ်ဝန်းကျင်ရှိ မည်သူမျှ သူတို့ ပြောသည်ကို မကြားရချေ။ သူတို့ကား ထိုနေရာ၌ ရှိနေသည့်တိုင် အခြား ကမ္ဘာတစ်ခု၌ သွားလာ နေကြပုံပင် ပေါ်လေသည်။

"ဟက်... နတ်ဘုရား မင်းသား ရှစ်ပါးက အဲဒီ မဟာ အခွင့်အရေး ဆိုတဲ့ အရာကြောင့် သေဆုံးခဲ့တယ်... အပိုလို နန်းတော်ရဲ့ ပဉ္စမ နတ်ဘုရား မင်းသားလည်း ပျောက်နေတုန်းပဲ... ဒါတောင် ဂိုဏ်းကြီးတွေက လူတွေကို အုံလိုက်ကျင်းလိုက် စေလွှတ်ပြီး အဲဒီ မဟာ အခွင့်အရေး ဆိုတာကို အရူးလို ရှာဖွေ နေကြတုန်းပဲ"

ကျိုးကျန်းက ရယ်မောရင်း ခေါင်းခါ လိုက်သည်။

"စကားလုံးတွေကို သတိထားပြော... အဲဒါက နတ်ဘုရား အရှင်တွေနဲ့ ဂိုဏ်းချုပ်တွေရဲ့ ဆုံးဖြတ်ချက်ပဲ... နောက်ပြီး ငါတို့က တပည့်တွေ... ဘယ်လိုလုပ်ပြီး မဟာ ကျင့်ကြံသူတွေရဲ့ အကြံအစည်ကို သံသယ ဖြစ်လို့ ရမှာလဲ... ငါတို့ တာဝန်က ချန်းပေ့ရွှမ်းကို မျက်စိ ဒေါက်ထောက် ကြည့်ဖို့ပဲ... နတ်ဘုရား အရှင် ကြိုဆိုပွဲစတာနဲ့ ငါတို့ရဲ့ တာဝန်လည်း ပြီးပြတ် သွားလိမ့်မယ်"

မိန်းကလေး ကျိုးယုက ညင်သာစွာ ပြောလိုက်လေသည်။

"မှန်တယ်... ရွှေအမြုတေ အဆင့် ပုရွက်ဆိတ်က နတ်ဘုရား ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြီး နတ်ဘုရား အရှင် ဖြစ်လာချင်တယ် တဲ့... ဘယ်လောက် ရှက်ဖို့ ကောင်းလိုက်သလဲ... မဟာ ကျင့်ကြံသူ တစ်ပိုင်းတွေတောင် သူတို့ကိုယ် သူတို့ နတ်ဘုရား အရှင်လို့ မခံယူရဲဘူး... စွန့်ပစ်ခံ ဂြိုဟ်နယ်မြေသားတွေက တကယ် ဟာသပဲ"

ကျိုးကျန်းက အနည်းငယ် ရယ်မော လိုက်သည်။ သူ၏ မျက်လုံးတွင်မူ အထင်သေး လှောင်ပြောင်လိုခြင်းတို့မှာ နေရာယူနေခဲ့လေ၏။

"စိတ်ရှည်ရှည်နဲ့သာ စောင့်ပါ... ဂိုဏ်းချုပ်တွေက ပြဿနာ အကုန်လုံးကို ရှင်းပေးလိမ့်မယ်"

ကျိုးယုမှာမူ တည်ငြိမ်နေ၏။ သူမကား လမ်းမထက်ရှိ သာမန်လူများကို တစ်ချက်ပင် လှည့်ကြည့်ခြင်း မရှိပါချေ။

"ဝှစ်... ဝှစ်..."

အချိန်တိုင်း၌ တောင်ပိုင်း ဒေသငယ် ထာဝရဂိုဏ်းများမှ တပည့်များသည် ကမ္ဘာသို့ လျှို့ဝှက် ရောက်ရှိ လာနေကြသည်။ သူတို့သည် ကမ္ဘာ အနှံ့အပြားရှိ နေရာများတွင် ပုန်းအောင်းရင်း နတ်ဘုရား အရှင် ကြိုဆိုပွဲ ကျင်းပမည့်နေ့၊ သို့မဟုတ် ချန်းဖန် ထွက်ပေါ်လာမည့် နေ့ကို စောင့်မျှော်နေကြလေသည်။

ထိုအချိန်၌ ချန်းဖန်မှာမူ မူလ နတ်ဘုရား နန်းတော် အတွင်း၌ အခြေတည် ဝိညာဉ် အဆင့်ကို တက်လှမ်းရန် ကြိုးစား နေခဲ့လေသည်။

"ဟူး... ဟူး...."

ချန်းဖန်သည် နန်းတော်၏ အလယ်တွင် တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့၏။ သူ၏ ခန္ဓာ၊ ဝိညာဉ်နှင့် ရွှေအမြုတေ သုံးခုစလုံးသည် အဆုံးမဲ့ မီးတောက်များ၏ ဝန်းရံမှု အလယ်၌ ရှိနေခဲ့သည်။ ထိုသုံးခုသည် တစ်ခုတည်း အဖြစ် ပေါင်းစည်းရန် ပြင်ဆင် နေလေ၏။

တစ်ချိန်တည်း၌ ချန်းဖန်၏ ဦးခေါင်းထက်ရှိ ပန်းပွင့် သုံးပွင့်မှာလည်း တစ်ခုတည်း အဖြစ် ပေါင်းစည်းကာ ပန်းပွင့်သဏ္ဌာန် အလင်း အဖြစ် တည်နေလေ၏။ ထိုအရာက သူသည် အခြေတည် ဝိညာဉ် အဆင့်နှင့် ခြေတစ်လှမ်း  အကွာသို့ ရောက်နေပြီ ဖြစ်ကြောင်း ဖော်ပြ နေသည်။

"ဘုန်း..."

မူလ နတ်ဘုရား နန်းတော် အတွင်း၌ အသွင် သဏ္ဌာန်မဲ့ ဓမ္မ ဥပဒေသများသည် လေထဲတွင် လွင့်မြောနေ၏။ ၎င်းတို့သည် အစိမ်းရောင် လျှပ်စီးအလင်းများ အဖြစ် ဖွဲ့စည်းကာ ချန်းဖန်၏ ပတ်လည်တွင် လွင့်မြော နေကြသည်။ ၎င်းတို့သည် နဂါးများ၏ အသွင် သဏ္ဌာန်ကို ယူကာ အခြေတည် ဝိညာဉ် အဆင့်ကို သတ်ဖြတ်နိုင်သည့် စွမ်းအားကို သယ်ဆောင် ထားသည်။

အခြေတည် ဝိညာဉ် အဆင့် ကပ်ဘေးကား ရောက်ရှိလာနေခဲ့ပြီ ဖြစ်ပေသည်။

***

All Chapters