နတ်ဘုရား ဥပဒေသ
Vol. 12 Ch. 1127
အခြေတည် ဝိညာဥ် အဆင့်...
အချို့ ကျင့်ကြံသူများသည် ကျင့်ကြံခြင်း လမ်းစဥ်ကို အဆင့်မြင့် လေးလွှာနှင့် အဆင့်နိမ့် လေးလွှာ ဟူ၍ ရှစ်လွှာ ခွဲခြားထားသည်။ ချီသန့်စင်ခြင်း အဆင့်၊ မူလ အဆင့်၊ ရွှေအမြုတေ အဆင့်နှင့် အခြေတည် ဝိညာဥ် အဆင့်တို့သည် အဆင့်တို့သည် အဆင့်နိမ့် လေးလွှာ ဖြစ်ကာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်၊ အာကာသ အဆင့်၊ တာအို ပေါင်းစည်းခြင်း အဆင့်နှင့် အတိဒုက္ခ အဆင့်တို့မှာမူ အဆင့်မြင့် လေးလွှာ ဖြစ်ကြသည်။
အခြေတည် ဝိညာဥ် အဆင့်မှာ အဆင့်နိမ့် လေးလွှာ အနက် အမြင့်ဆုံး ဖြစ်သည်။ သို့သော်လည်း စကြဝဠာ အတွင်း၌ “အခြေတည် ဝိညာဥ်မှာ ကျင့်ကြံရန် လွယ်ကူပြီး ဝိညာဥ် ဖြစ်တည်ခြင်းမှာ အောင်မြင်ရန် ခက်ခဲ၏” ဟူ၍ ဆိုရိုးတစ်ခုရှိ၏။ ထိုအရာက အခြေတည် ဝိညာဥ်ကို ဖွဲ့စည်းရန်မှာ မခက်ခဲဟု ဆိုလိုသည်။ ကျင့်ကြံသူ တစ်ယောက်သည် လုံလောက်သော ကျင့်ကြံခြင်း ရင်းမြစ်နှင့် ကောင်းမွန်သော ဆရာသခင် တစ်ယောက်၏ လမ်းညွှန်ပေးမှုကို ရရှိပါက သူသည် နှစ်တစ်ထောင် အတွင်းမှာပင် အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်း နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း သူ့အနေဖြင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို တက်လှမ်းရန်မှာမူ အလွန်တရာ ခက်ခဲသော ကိစ္စကြီး တစ်ခု ဖြစ်သွားပြီ ဖြစ်သည်။ ထိုအရာက ကောင်းကင် အဆင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားသည့် နတ်ဘုရား မင်းသားများ အတွက် ပင်လျှင် မလွယ်ကူချေ။ နတ်ဘုရား မင်းသား ဆယ်ယောက်တွင် အများဆုံး တစ်ယောက်သာလျှင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို တက်လှမ်းရန် အခွင့်အရေး ရှိသည်။ ထို့ကြောင့်ပင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို တက်လှမ်းနိုင်သည့် ကျင့်ကြံသူတိုင်းမှာ နေများ၊ လများ ကဲ့သို့ ဘုန်းတန်ခိုး ကြီးထွားကြခြင်း ဖြစ်လေသည်။
ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်သို့ တက်လှမ်းပြီးနောက် ကျင့်ကြံသူများသည် ကိုယ်ပိုင် ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း ရှိလာကြသည်။ သူတို့သည် ကမ္ဘာနှစ်ခုကြားမှ အတားအဆီးများကို ကျော်ဖြတ်ကာ နတ်ဆိုး မိစ္ဆာတို့၏ ကမ္ဘာကိုပင် ဝင်ရောက် သွားလာနိုင်ကြသည်။ သူတို့သည် ကမ္ဘာငယ်များကိုပင် ဖန်တီးကာ ထိုအထဲ၌ ဝင်ရောက် နေထိုင်နိုင်စွမ်း ရှိကြသည်။
ထို့ကြောင့်ပင် အခြေတည် ဝိညာဥ် ဖွဲ့စည်းခြင်းမှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်သို့ တက်လှမ်းခြင်းနှင့် နှိုင်းယှဥ်ရပါက ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပါချေ။ အထူးသဖြင့် ချန်းဖန် ကဲ့သို့ ကောင်းကင်အရှင် ပြန်လည် ဝင်စားသူ တစ်ယောက် အတွက် ထိုအရာက သာ၍ပင် လွယ်ကူပေသည်။
“ခရက်...”
အစိမ်းရောင် မိုးကြိုးများသည် တောက်ပသော လျှပ်စီးနဂါးများ အသွင်ဖြင့် လေထဲတွင် ပျံသန်းနေကြသည်။ မရေမတွက်နိုင်သော လျှပ်စီးများသည် ချန်းဖန်၏ ခန္ဓာ၊ ဝိညာဥ်နှင့် ရွှေအမြုတေတို့ကို တိုးဝင်ကာ သူ၏ ခန္ဓာကိုယ် အတွင်း ဓမ္မ ဥပဒေသများကို သွတ်သွင်းရန် ကြိုးစား နေကြသည်။
ထိုအရာကား အခြေတည် ဝိညာဥ် အဆင့်သို့ ဝင်ရောက်သည့် လူတိုင်း ဖြတ်သန်းရသည့် အခြေတည် ဝိညာဥ် အဆင့် ကပ်ဘေး ဖြစ်ပေသည်။ ဓမ္မ ဥပဒေသ အလင်းများသည် အလွန်ကြောက်မက်ဖွယ် ကောင်း၏။ များစွာသော ကျင့်ကြံသူများမှာ ထိုအဆင့်တွင်ပင် ကျဆုံး သွားကြပေသည်။ သို့သော်လည်း ချန်းဖန်၏ စဦး အောင်မြင်ခြင်း အဆင့် နတ်ဘုရား ခန္ဓာမှာမူ ထိုအရာများထက် ဆယ်ဆပိုသော ဖျက်ဆီးခြင်း စွမ်းအားကိုပင် ကြောက်လန့် နေလိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း ချန်းဖန်သည် ပြဿနာကြီး တစ်ခုကို ရင်ဆိုင်နေရသည့် အလား မျက်မှောင်ကြုတ်ကာ စဥ်းစားနေလေ၏။
ကျင့်ကြံသူတိုင်းသည် အခြေတည် ဝိညာဥ် အဆင့်ကို ဝင်ရောက်ပြီးနောက် လမ်းကြောင်း တစ်ခုကို ရွေးချယ် ရသည်။ သူ့အနေဖြင့် မည်သည့် ဓမ္မ ဥပဒေသနောက်ကို လိုက်ကာ ကျင့်ကြံခြင်း ခရီးလမ်းကို ဆက်လက် လျှောက်လှမ်းရန် ဆုံးဖြတ်ရ၏။
မီးချီ သန့်စင်သည့် ကျင့်ကြံသူ တစ်ယောက်သည် မီးစွမ်းအင်နှင့် သက်ဆိုင်သည့် ကျင့်စဥ်များ၊ နတ်ဘုရား စွမ်းအားများကိုသာ ကျင့်ကြံသည်။ ထို့ကြောင့် ရှင်းလင်းစွာပင် သူသည် အခြေတည် ဝိညာဥ် အဆင့်သို့ တက်လှမ်းသည့် အခါ မီးဓမ္မ ဥပဒေသကိုသာ ရွေးချယ်လိမ့်မည် ဖြစ်သည်။ ထို့အတူ ဓားသမား တစ်ယောက်သည်လား ဓား ဓမ္မ ဥပဒေသကိုသာ ရွေးချယ်ပေလိမ့်မည်။
တောင်တန်း အင်ပါယာ၏ နတ်ဘုရား ဗိုလ်ချုပ် မင်ယာတို့ ကဲ့သို့သော ပိုမို အစွမ်းထက်သည့် ကျင့်ကြံသူ များမှာမူ “မရဏ ဥပဒေသ” ကဲ့သို့သော ရှားပါးသည့် ဓမ္မ ဥပဒေသများကို ပိုင်ဆိုင် ထားကြသည်။ ထိုအရာသည် အသန်မာဆုံး ဓမ္မ ဥပဒေသများ အနက် တစ်ခု ဖြစ်ကာ ပြန်လည် မွေးဖွားခြင်း ဓမ္မ ဥပဒေသ၊ မြေအောက် ကမ္ဘာ ဥပဒေသ၊ အမှောင် ဥပဒေသတို့နှင့် ဆင်တူ၏။
အချို့ ကျင့်ကြံသူများမှာမူ ဓမ္မ ဥပဒေသ အနည်းငယ်ကို တစ်ချိန်တည်း၌ ကျင့်ကြံထားကြသည်။ ထို့ကြောင့်ပင် သူတို့သည် တိုက်ခိုက်သည့် အချိန်၌ အခြားလူများထက် နှစ်ဆ ပိုမို အစွမ်းထက်ကြသည်။ သို့သော်လည်း ပိုမို များပြားသည့် ဓမ္မ ဥပဒေသများကို ကျင့်ကြံလေလေ၊ ထိုကျင့်ကြံသူ၏ အဆင့်တက်ခြင်း အခွင့်အရေးမှာ ပို၍ နည်းပါးလေလေ ဖြစ်ပေသည်။
ချန်းဖန်သည်လည်း ယခု၌ ထိုပြဿနာကို ရင်ဆိုင်နေရသည်။ မည်သည့် ဓမ္မ ဥပဒေသကို သူ လိုအပ်နေသနည်း။
“ဘုန်း...”
ရွှေအမြုတေသည် လှုပ်ရှားနေကာ နတ်ဘုရား စက်ဝန်းမှာ လည်ပတ်နေ၏။ နတ်ဘုရား အသွင် ကိုးခုမှာ ချန်းဖန်၏ နောက်တွင် ဖြည်းညင်းစွာ ပေါ်လာနေခဲ့သည်။
ရွှမ်ဝူ၊ ခွန်ပွန်၊ အဇူရာ သက်ရှည်၊ မိစ္ဆာဘိုးဘေး ခြောက်ပါး၊ လိန်ဟူ၊ မဟာ တာအို၊ နတ်ဘုရား လူဝံ၊ ဖီးနစ်၊ သိုင်းနတ်ဘုရား...
ချန်းဖန်သည် ရွှေအမြုတေ အဆင့်ကို အပြည့်အဝ ဝင်ရောက်နိုင်ရန် အတွက် ထိုကျင့်စဥ် ကိုးခုကို သုံးခဲ့ရသည်။ ထိုအထဲမှ အနိမ့်ဆုံး ကျင့်စဥ် ပင်လျှင် နတ်ဘုရား ကျင့်စဥ် ဖြစ်သည်။ ထိုအထဲမှ အချို့၏ အဆင့်များကိုမူ သူကိုယ်တိုင်ပင် မခန့်မှန်း နိုင်ခဲ့ချေ။ ထိုအရာများကား ရှေးပဝေဏသီမှ လက်ဆင့်ကမ်းလာသည့် အလွန် အိုမင်း ဟောင်းနွမ်းနေသော ကျင့်စဥ်များ ဖြစ်၏။
ထိုတစ်ခုချင်းစီသည် ဓမ္မ ဥပဒေသ တစ်ခုစီကို အသီးသီး ကိုယ်စားပြုသည်။ ချန်းဖန်သည် ထိုအထဲမှ တစ်ခုကို ရွေးချယ်လိုက်သည်နှင့် အခြား ရှစ်ခုကို တစ်ပြိုင်နက်တည်း စွန့်လွှတ် လိုက်ရမည် ဖြစ်သည်။
“ငါက အတိတ်ဘဝတုန်းက ရွှေရောင် တန်ခိုးရှင် ခန္ဓာကို ကျင့်ကြံခဲ့ပြီး အစွမ်း အထက်ဆုံး ရွှေ ဓမ္မ ဥပဒေသကို ပိုင်ဆိုင်ခဲ့တယ်... အဲဒီနောက်မှာ ငါက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ နတ်ဘုရား စွမ်းအားတွေကို ထပ်ပြီး ကျင့်ကြံခဲ့တယ်... ငါ့အနေနဲ့ ဘာကိုမှ အထူးတလှယ် စဥ်းစားပြီး ရွေးချယ်စရာ မလိုအပ်ခဲ့ဘူး”
ချန်းဖန်က ဖြူရော်စွာ ပြုံးလိုက်သည်။ အခြားလူများ ဓမ္မ ဥပဒေသ တစ်ခု ရရှိရန် မနည်း ကြိုးစား နေရချိန်တွင် သူကမူ ကိုးခုထဲမှ ရွေးချယ်ရန် ခက်နေခဲ့သည်။ အကယ်၍ အခြား ကျင့်ကြံသူများသာ ထိုသတင်းကို ကြားပါက သူ့အား ထ၍ ရိုက်ချင်ကြလိမ့်မည် ဖြစ်သည်။
ချန်းဖန်သည် သေချာ စဥ်းစားနေ၏။ အမှန်အတိုင်း ဆိုရပါက ထိုလမ်းကြောင်း ကိုးခု စလုံးကို လျှောက်လှမ်းရန်မှာ မခက်ခဲလှချေ။ သူသည် အတိတ်ဘဝ၌ အဆုံးထိ ကျင့်ကြံခဲ့ပြီး ဘီလျံနှင့် ချီသော ဓမ္မ ဥပဒေသများကို ခန္ဓာကိုယ် အတွင်း ပေါင်းထည့်ကာ ကိုယ်ပိုင် လမ်းကြောင်း တစ်ခုကို ဖန်တီး ခဲ့လေသည်။ သို့ဖြစ်လေရာ ကိုးခုလောက် ကျင့်ကြံရခြင်းက ဘာအရေးနည်း။
သို့သော်လည်း ချန်းဖန် လိုချင်သော အခြေတည် ဝိညာဥ်မှာမူ ခြားနားပေသည်။ သူသည် ဓမ္မ ဥပဒေသ အစား “နတ်ဘုရား ဥပဒေသများ” အား ဖွဲ့စည်းရန်သာ အလိုရှိခြင်း ဖြစ်၏။ နတ်ဘုရား ဥပဒေသများကို “နတ်ဘုရား အဆင့် ဓမ္မ ဥပဒေသများ” သို့မဟုတ် “နတ်ဘုရား နယ်မြေမှ ဓမ္မ ဥပဒေသများ” ဟုလည်း ခေါ်ဆိုကြသည်။
အရိုးရှင်းဆုံး ဥပမာပေးရပါက သာမန် ဓမ္မ ဥပဒေသမှာ တို့ဟူး ကဲ့သို့ မာကျောသည် ဆိုလျှင် ကောင်းကင် ဥပဒေသများမှာ မြေစိုင်ခဲများနှင့် သဏ္ဌာန် တူသည်။ တစ်ချိန်တည်း၌ အထွတ်အမြတ် ဥပဒေသများမှာ သစ်သား ကဲ့သို့ သိပ်သည်းမှု ရှိကာ နတ်ဘုရား ဥပဒေသများကိုမူ သံမဏိများ၏ မာကျောမှုနှင့် နှိုင်းယှဥ်ရလိမ့်မည် ဖြစ်လေသည်။
သံမဏိစူးသည် ဆံချည်ဆံဖျား ကဲ့သို့ သေးငယ်စေကာမူ အခြား အရာများကို အလွယ်တကူ ထိုးဖောက်နိုင်စွမ်း ရှိပေသည်။ နတ်ဘုရား ဥပဒေသများမှာလည်း ထို့အတူပင် ဖြစ်လေ၏။ နတ်ဘုရား ဥပဒေသ၏ သေးငယ်သော အစိတ်အပိုင်းလေး တစ်ခု ပင်လျှင် တစ်ရာသော ဓမ္မ ဥပဒေသများကို ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။ ထို့ကြောင့်ပင် နတ်ဘုရား ဥပဒေသကို ထိန်းချုပ်နိုင်သည့် ကျင့်ကြံသူများမှာ အလွန့်အလွန် အစွမ်းထက်ကြခြင်း ဖြစ်သည်။ နတ်ဘုရား နယ်မြေရှိ နတ်ဘုရားများ ဆိုလျှင် အခြေတည် ဝိညာဥ် အဆင့်ဖြင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များကိုပင် အနိုင်ယူနိုင်ကြသည်။
“ငါက နတ်ဘုရား ခန္ဓာ၊ နတ်ဘုရား သွေးကြောတွေနဲ့ အတူ မွေးဖွားလာတဲ့ အခြားလူတွေနဲ့ ခြားနားတယ်... သူတို့က တကယ့်ကို မွေးရာပါ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ... သူတို့က ရွှေအမြုတေ အဆင့်ကို ရောက်တာနဲ့ အလိုအလျောက် နတ်ဘုရား ရွှေအမြုတေကို ဖွဲ့စည်းနိုင်ကြသလို အခြေတည် ဝိညာဥ် အဆင့်ကို ဝင်ပြီးရင်လည်း နတ်ဘုရား ကလေးငယ်ကို အလွယ်တကူ ဖန်တီးနိုင်ကြတယ်... ဒါပေမဲ့ ငါလျှောက်လှမ်းနေတဲ့ လမ်းကြောင်းကလည်း အရမ်း ရှားပါးတယ်... ငါ့အနေနဲ့ ဓမ္မ ဥပဒေသ ကိုးခုကို နတ်ဘုရား ဥပဒေသ အဖြစ် မြှင့်တင်လိုက်ရင် နတ်ဘုရား ကလေးငယ်ကို ဖန်တီးဖို့ အခွင့်အရေး ရလာနိုင်တယ်”
ချန်းဖန်က တွေးလိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ သူသည် စွမ်းအင် ကိုးခုစလုံးကို နတ်ဘုရား ဥပဒေသ အဆင့် ရောက်အောင် မြှင့်တင်ရန်ကိုမူ ယုံကြည်ချက် မရှိချေ။ မူလ ရေတွင်း အတွင်းရှိ နတ်ဘုရားချီ ရင်းမြစ်သည် နတ်ဘုရား ကိုးပါး အခြေတည် ဝိညာဥ်ကို ဖွဲ့စည်းရန် အတွက် လုံလောက်ခြင်း မရှိပါချေ။
“ဘာပဲဖြစ်ဖြစ်လေ... မလုံလောက်ဘူး ဆိုရင်တောင် ငါ ကြိုးစားကြည့်လို့ ရပါသေးတယ်”
ချန်းဖန်က အံကို တင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်၏။
“ဘုန်း...”
ချန်းဖန် ကျင့်ကြံခြင်းကို ပြန်လည် အစပျိုးလိုက်သည်နှင့် ကြောက်မက်ဖွယ် ကိုးခုသည် ချန်းဖန်၏ နံဘေးတွင် မိုးကြိုးသံများကို ထုတ်လွှတ်ကြလေသည်။
ရွှမ်မင် မြစ်ရေတို့ စီးဆင်းနေသော မဟူရာမြစ်၊ အဆိပ် ခုနစ်ပါးချီတို့ဖြင့် ဖွဲ့စည်းထားသည့် မဟာ မီးလုံး၊ မှောင်မည်း၍ ရှေးကျသော ကမ္ဘာ၊ သစ်ပင်ကဲ့သို့ စိမ်းလန်းသည့် သက်ရှိ စွမ်းအား...
စွမ်းအင် ရင်းမြစ် တစ်ခုချင်းစီသည် မတူညီသော ချည်းကပ်မှုများကို ကိုယ်စားပြုကာ ချန်းဖန်၏ နံဘေးတွင် ပေါ်လာကြလေ၏။ ထိုအရာများသည် အလွန် အစွမ်းထက်ခြင်းအား ဆင်မြန်းကာ ကြောက်မက်ဖွယ် အင်အားကို သယ်ဆောင်ထားကြ၏။ ထိုအရာများကား စကြဝဠာ အတွင်းတွင် ရှိသည့် ဘီလျံချီသည့် ဓမ္မ ဥပဒေသများ အနက် အစွမ်း အထက်ဆုံးဟု ဆိုနိုင်သည့် ဓမ္မ ဥပဒေသများပင် ဖြစ်ကြပေသည်။
“နတ်ဘုရားချီ...”
ချန်းဖန်က ရေရွတ်လိုက်သည်။
“ဝှစ်...”
မူလ ရေတွင်း အတွင်းရှိ နတ်ဘုရားချီ အလင်းတန်း လေးခု အနက် တစ်ခုသည် ချန်းဖန်ထံသို့ လျှင်မြန်စွာ ပျံသန်းလာကာ ရောင်စုံအလင်းများ အသွင် ပြောင်းလဲသွား၏။ ၎င်းတို့သည် လိုက်လျောညီထွေပင် စွမ်းအင် ကိုးခုနှင့် ဆက်သွယ် ကြလေသည်။ မကြာခင်မှာပင် ဓမ္မ ဥပဒေသများသည် မိုပို၍ တောက်ပလာကာ ခရိုင်စတယ် အလား ကြည်လင်လာလေသည်။
“နောက်တစ်ခု...”
ချန်းဖန်ကား ကျေနပ်ခြင်း မရှိသေးချေ။ သူက အမိန့်ပေးလိုက်လေရာ အခြား နတ်ဘုရားချီ အလင်းတန်း နှစ်ခုမှာ တစ်ခုပြီး တစ်ခု ဓမ္မ ဥပဒေသများနှင့် ဆက်သွယ် လာကြလေသည်။ နောက်ဆုံး၌ စတုတ္တမြောက် နတ်ဘုရားချီ အလင်းတန်းပါ ပူးပေါင်း ပါဝင်လာလေ၏။ ထိုအခိုက်၌ ဓမ္မ ဥပဒေသ ခရိုင်စတယ်များ၏ အရွယ်အစားများမှာ စားပွဲတင် တင်းနစ် ဘောလုံး အရွယ်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်လေသည်။
“ဟူး... ဟူး...”
အလင်းလုံး ကိုးခုသည် ခရိုင်စတယ်အလား တောက်ပကာ ချန်းဖန်၏ နံဘေးတွင် ဝန်းရံလျှက် လည်ပတ် နေကြလေသည်။ ထိုအထဲမှ တစ်ချင်းစီသည် အလုံးသဏ္ဌာန် ရှိသော်လည်း ပုံဖော်ထားသည့် စိန်ကဲ့သို့ ကော်လံများ ရှိ၏။ ၎င်းတို့သည် သေးငယ်ကြသော်လည်း လူအများအား တုန်ရီစေသည့် အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များကို သယ်ဆောင်ထားကြပေသည်။
နတ်ဘုရား ဥပဒေသ ကိုးခုကား ဖွဲ့စည်းပြီးသွားခဲ့ချေပြီ။
“အခြေတည် ဝိညာဥ် ဖွဲ့စည်းစမ်း...”
ချန်းဖန်က ထပ်မံ၍ အော်ဟစ်လိုက်လေ၏။
***