← Chapters

တောင်လက်ဖဝါးဖြင့် ဦးခေါင်းခွံကို ရိုက်ခွဲခြင်း။ မဟာဝေလငါးဂိုဏ်း! (၂)

Vol. 9 Ch. 121

တောင်လက်ဖဝါးဖြင့် ဦးခေါင်းခွံကို ရိုက်ခွဲခြင်း။ မဟာဝေလငါးဂိုဏ်း! (၂)

Vol. 9 Ch. 121

“ဘတ်စရာပစ္စည်း ရှိမရှိ ကြည့်ရအောင်။”

ထို့နောက် စူးချန်ခုန်းသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ဆက်လက်ရှာဖွေခဲ့သည်။

၀တ်စုံဖြူနှင့် အမျိုးသမီး လူသတ်သမားက သင်္ဘောပေါ်တက်ပြီး လူရှစ်ဦး သို့မဟုတ် ကိုးဦးကို လျင်မြန်စွာ သတ်ဖြတ်ခဲ့သည်။ အများစုမှာ တစ္ဆေဈေးကွက်၌ အရောင်းအ၀ယ်လုပ်ရန် တက်ရောက်လာကြသည့် ဧည့်သည်များဖြစ်ကြပြီး သူတို့တွင် သင့်တင့်လျောက်ပတ်သော ပိုင်ဆိုင်မှုပမာဏ ရှိလောက်မည်ပင်။ ၎င်းက လက်လွတ်မခံသင့်သောအရာဖြစ်သည်။

အခြားသူများက အလောင်းများကို ကျွမ်းကျင်စွာ ရှာဖွေနေသော စူးချန်ခုန်းကို ထူးဆန်းစွာ စောင့်ကြည့်နေကြသည်။ သူ့လှုပ်ရှားမှုတွေက တော်တော်လေး ကျင့်သားရနေသည့်နှယ်။ စူးချန်ခုန်း၏ ကြောက်မက်ဖွယ်ရာ အစွမ်းကို မြင်တွေ့ခဲ့ရသောကြောင့် ထုံးစံအတိုင်း မည်သူမျှက ဝင်ရောက်စွက်ဖက်ခြင်း၊ လုယက်ခြင်း သို့မဟုတ် အတင်းပြောခြင်းကိုပင် မပြုဝံ့ကြပေ။

"စုစုပေါင်းငွေ ၁၂၀၀၀ "

စူးချန်ခုန်းသည် အလွန်များပြားလှသော ငွေပမာဏကြောင့် ပီတိဖြာနေ၏။ ဝတ်စုံဖြူနှင့် လူသတ်သမားကြောင့် ဧည့်သည်များထံမှ တစ်သောင်းကျော်တန်ဖိုးရှိ ငွေစက္ကူများကို တွေ့ရှိခဲ့သည်။

ထို့အပြင် စူးချန်ခုန်း အစောပိုင်းက ရောင်းချခဲ့သည့် ချီအားတိုးဆေးပုလင်းအနည်းငယ်သည် ထိုအလောင်းကောင်များထံမှ သူ့လက်ဝယ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

"အဲဒီမိန်းမသာ ငါ့ကို အရင်မတိုက်ခိုက်ခဲ့ရင် ... ပိုက်ဆံပမာဏက ပိုများလောက်တယ်"

စူးချန်ခုန်းသည် ဟိုဟိုဒီဒီကြည့်လိုက်ရာ သင်္ဘောပေါ်ရှိလူတိုင်းက ကျောထဲစိမ့်ကနဲဖြစ်သွားပြီး အဝေးတစ်နေရာသို့ တမင်တကာ ကျောခိုင်းသွားကြလေ၏။ အမည်မသိသော ဂြိုလ်ဆိုးအား ရန်စမိမှာ ကြောက်နေကြရသည်။

သင်္ဘောသည် ကမ်းနှင့်မဝေးသောကြောင့် ဆိုက်ကပ်ရန် နာရီဝက်ခန့်သာ ကြာသည်။ လူတိုင်းက ထွက်ပြေးနေသကဲ့သို့ ကမ်းကို ခွါကာ သုတ်ခြေတင် ပြေးကြလေတော့သည်။

သူတို့အတွက် အနှီညက တစ္ဆေဈေးကွက်ကို ရောက်လာတာဟာ သေဘေးဒုက္ခကို သယ်ဆောင်လာသောကြောင့် ဤပင်လယ်အော်ကို ပြန်မလာရဲမီ အချိန်အတော်ကြာဦးပေမည်။

စူးချန်ခုန်းက သင်္ဘောပေါ်မှ ဆင်းပြီး တောနက်စီရင်စုမြို့သို့ ပြန်သွားခဲ့သည်။

"မိစ္ဆာနတ်ဆိုးတွေ... သူတို့က တကယ်ကို ဒီကမ္ဘာကြီးမှာ ရှိတာပဲ။ ကောလာဟလတွေပြောသလိုပဲ အစွမ်းထက်ဆုံး မိစ္ဆာနတ်ဆိုးတွေက ယုတ်ညံ့တဲ့ နတ်ဆိုးဝိဇ္ဇာမျိုးစုံကို ချုပ်ကိုင်ထားကြတယ်။ အဲဒီဝတ်စုံဖြူဝတ်ထားတဲ့ အမျိုးသမီးသာ မိစ္ဆာနတ်ဆိုးဖြစ်ဆိုရင် သူတို့ကြားထဲမှာ အဆင့်ဘယ်လောက် ရှိမလဲလို့ တွေးမိသား။"

ညက အဖြစ်အပျက်များက စူးချန်ခုန်း၏ စိတ်ထဲတွင် အချိန်အတော်ကြာအောင် တဝဲလည်လည် ရှိနေခဲ့သည်။

အရင်တုန်းကတော့ သံနက်အိမ်တော်မှာ နေထိုင်တာက မဟာမီးတောက်ဂိုဏ်းရဲ့ ထောင့်လေးတစ်နေရာမှာ နေထိုင်ရသလိုပင်။ အပြင်လောကတွင် အမှန်တကယ်ပင် သူမမြင်ဖူးသော အရာများစွာရှိသေးသည်။

"ဘယ်က မိစ္ဆာနတ်ဆိုးပဲဖြစ်ဖြစ် သရဲတစ္ဆေပဲ ဖြစ်ဖြစ် ဂရုမစိုက်ဘူးကွ။ ငါ့ကိုယ်ငါ သန်မာအောင် လုပ်နိုင်ရင် အားလုံးကို အပိုင်းပိုင်းခုတ်ပစ်နိုင်တာပဲ"

နောက်တော့ စူးချန်ခုန်းက သိပ်ပြီး စဉ်းစားမနေတော့။ မိမိကိုယ်ကို သန်မာလာအောင်လုပ်ဖို့က အဓိကဖြစ်သည်။

စူးချန်ခုန်း တောနက်စီရင်စုမြို့သို့ ပြန်လာခဲ့ပြီး အချိန်သည်လည်း နောက်တစ်နေ့နံနက်သို့ ပြောင်းသွားခဲ့လေပြီ။ နေမင်းကြီးက ခါတိုင်းကဲ့သို့ ထွန်းလင်းတောက်ပနေကာ နေ့သစ်ကို ဆီးကြိုနေ၏။

အိမ်ကြီးအတွင်းတွင် စူးချန်ခုန်းသည် စောစောထကာ သူ့လုပ်ရိုးလုပ်စဉ်အတိုင်း ဝူချင်းရှီကို လေ့ကျင့်ခဲ့သည်။ "မနေ့က ငွေ ၁၅၀၀၀ ရခဲ့တယ်။ ‌ဒါက ငါ့ရဲ့ လိုအပ်ချက်တွေကို ခဏတာ ဖြေရှင်းပေးနိုင်တယ်။ ဝမ်လင်အဆောင်အဦးက ဆေးဖက်ဝင်ပစ္စည်းတွေကို ဝယ်ပြီး အဂ္ဂိရတ်ပညာနဲ့ ဆက်လုပ်ဖို့ ဒီငွေကို သုံးလို့ရတာပဲ။ ငါ့ရဲ့ အဂ္ဂိရတ်ပညာစွမ်းရည်တွေ ပိုတိုးတက်လာတာနဲ့အမျှ ဝင်ငွေ ထွက်ငွေ မျှတပြီး တခြားသူတွေကို ဆေးပြားရအောင် ကူညီပေးရင်းနဲ့ ငွေရှာနိုင်မယ်လို့ ထင်တယ်။"

ပျင်းရိခြင်းသည် ပျက်စီးခြင်းသို့ ဦးတည်စေပြီး စူးချန်ခုန်းက အဂ္ဂိရတ်ပညာသည် ငွေရှာရန် လမ်းစဉ်ကောင်းတစ်ခုဟု ခံစားမိသည်။ အကယ်၍ သူ၏ အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှု သည် ပိုမိုမြင့်မားသော နယ်ပယ်သို့ ရောက်ရှိလာပြီး ဂုဏ်တစ်ခု ရလာပါက ဖောက်သည်များသည် အဖိုးတန်ဆေးအိမ်တော်က စွင်းယိယဲ့ကဲ့သို့ပင် သူ့ထံ လာကြမည်မှာ သေချာပါသည်။

ထို့ကြောင့် တစ္ဆေဈေးကွက်သို့သွားရောက်လည်ပတ်ရာမှ ရရှိသော ဤငွေများကို စူးချန်ခုန်း၏ အဂ္ဂိရတ်ပညာကို ပိုမိုကောင်းမွန်စေရန်အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။ နယ်ပယ်မြင့်လေ သေချာပေါက် ငွေရှာလို့လွယ်မည်ပေ။

စူးချန်ခုန်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အဝတ်အစားလဲပြီးကာ ဝမ်လင်းအဆောက်အဦးဆီကို ဆရာလီအဖြစ် သွားရောက်လည်ပတ်ခဲ့သည်။

ဝမ်လင်အဆောင်အဦးတွင် စူးချန်ခုန်းက ဝမ်ရွှင်းနှင့် တွေ့ဆုံလေ၏။

"ဆရာလီ၊ ဆရာလီအတွက် သတင်းကောင်းတစ်ခု ရှိတယ်။"

ဝမ်လင်အဆောင်အဦး ဒုတိယထပ်ရှိ သီးသန့်ခန်းတွင် စူးချန်ခုန်းကိုတွေ့သောအခါ ဝမ်ရွှင်းက သူ့ကို ပြုံးပြနှုတ်ဆက်လိုက်သည်။

"သတင်းကောင်းလား။ ဘယ်လိုသတင်းကောင်းမျိုးလဲ" စူးချန်ခုန်း အံ့အားတကြီး မေးလိုက်လေ၏။

"ဆရာလီ အရင်ကရောင်းခဲ့တဲ့ ဆေးပြားတွေကို ကိုယ်တိုင်က ဖော်စပ်ထားတာလား။" ဝမ်ရွှင်းက မေးလိုက်သည်။

စူးချန်ခုန်းက ဝမ်လင်အဆောင်အဦးမှ ဆေးဖက်ဝင်ပစ္စည်းများ အများအပြားကို ဝယ်ယူပြီး ချီအားတိုးဆေးများကို ရောင်းချပြီးနောက် ဝမ်ရွှင်းသည် ၎င်းတို့က အဂ္ဂိရတ်ပညာအတွက် ပစ္စည်းများဖြစ်ကြောင်း သိလေ၏။

သို့သော်လည်း စူးချန်ခုန်းက ခေါင်းခါပြီး "ဒီဆေးလုံးတွေကို ကျွန်တော်အရင်တုန်းက တွေ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်က လုပ်ထားတာပါ။ ကျွန်တော်က အဲဒါတွေကို သူ့ကိုယ်စား ရောင်းပေးရုံပဲ။ ဒါပေမယ့် ဆရာဝမ် ပြောတဲ့ သတင်းကောင်းက ဘာလဲခင်ဗျ။"

စူးချန်ခုန်းသည် ဆေးပြားများက သူ့ကိုယ်ပိုင်ဖန်တီးမှုဖြစ်ကြောင်း ပြတ်သားစွာ ဝန်မခံသော်လည်း ဝမ်ရွှင်းက ပြောခဲ့သည့် သတင်းကောင်းကို သိချင်နေမိသည်။

ဝမ်ရွှင်းက ထူးထူးဆန်းဆန်းနှင့် ဆိုလေ၏။ "မကြာသေးမီက ဝမ်လင်အဆောင်အဦးရဲ့ ထူး

ခြားတဲ့ ဧည့်သည်တော်တစ်ယောက် ရောက်လာတယ်။ သူက ကျွန်တော့်ကို ဆေးပြားတွေလုပ်ဖို့ အဂ္ဂိရတ် ပညာရှင်တစ်ယောက် အကြံပေးချင်စေချင်တာတဲ့။ ဆေးပြားတွေလုပ်ဖို့အတွက် တစ်ယောက်လောက် ငှားချင်လို့ပါ။ ကျွန်တော်လည်း ဆရာလီအကြောင်း တွေးမိတာနဲ့ သူ့ကို သိတဲ့ ကျွန်တော် အဂ္ဂိရတ်ပညာရှင်အကြောင်း ပြောပြလိုက်တယ်... အဂ္ဂိရတ်ပညာသိတဲ့ ဆရာလီရဲ့ သူငယ်ချင်းက အဲ့ဒီ ဧည့်သည်တော်ကို တွေ့ဖို့များ စိတ်ဝင်စားလောက်လား။ ဒါက အခွင့်အရေးတစ်ခုပဲ။"

ဒါကိုကြားတော့ စူးချန်ခုန်း အနည်းငယ် အံ့သြသွားသည်။ တစ်စုံတစ်ယောက်က အဂ္ဂိရတ်ပညာရှင်တစ်ဦးကိုရှာဖွေရန် ဝမ်ရွှင်း၏ အကူအညီကို ရှာဖွေနေပြီး ဝမ်ရွှင်းကလည်း ဆေးပြားများ ရောင်းချရန် ရောက်လာခဲ့သော စူးချန်ခုန်းကို စဉ်းစားမိကာ သူ့ကိုအကြံပြုခဲ့သည်။

ယင်းကြောင့် စူးချန်ခုန်းက မျက်မှောင်ကြုတ်ပြီး တအံ့တဩ ဆိုလေ၏။ "ကျွန်တော်သူငယ်ချင်းရဲ့ အဂ္ဂိရတ်ကျွမ်းကျင်မှုဟာ လူသိများတဲ့ အဂ္ဂိရတ်ပညာရှင်အချို့နဲ့ ယှဉ်လို့မရပါဘူး။ ဘာလို့ ကျွန်တော်သူငယ်ချင်းကို ရှာချင်ရတာလဲ"

ဤသည်မှာ စူးချန်ခုန်း၏ စိတ်ရှုပ်ထွေးစေသောအချက်ဖြစ်သည်။ ဝမ်ရွှင်း၏ ပြောပြခဲ့သည့် ဧသည်တော်သည် အဂ္ဂိရတ်ပညာအတွက် တစ်စုံတစ်ဦးကို ရှာဖွေလိုပါက မသေချာမရေရာသည့် အောင်မြင်မှုနှုန်းရှိသော တစ်စုံတစ်ဦးကို မဟုတ်ဘဲ အတွေ့အကြုံရှိ အဂ္ဂိရတ်ပညာရှင်ကို ထုံးစံအတိုင်း ရှာဖွေရမည်ဖြစ်သည်။

ဝမ်ရွှင်းက ခေါင်းခါလိုက်သည်။ "အဲဒီ ဧည့်သည်က ဆရာလီရဲ့ သူငယ်ချင်းကို တော်တော် စိတ်ဝင်စားတယ်။ အတိအကျတော့ ကျွန်တော်လည်း သိပ်မရှင်းဘူး။ နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့ စီစဉ်ပေးရမလား။"

စူးချန်ခုန်းသည် တစ်စုံတစ်ဦးက သူ့ကို အဂ္ဂိရတ်ပညာအတွက် အမှန်တကယ် တာဝန်ပေးမည်ဆိုပါက သတင်းကောင်းဖြစ်မည်မှာ သေချာသည် ဟု တွေးမိသည်။

ပိုက်ဆံကိစ္စ မဆိုဘဲ တခြားသူတွေအတွက် ဆေးပြားလုပ်တာကလည်း အတွေ့အကြုံတွေ စုဆောင်းနိုင်ပြီး သူ့ကိုယ်ပိုင် အဂ္ဂိရတ်ကျွမ်းကျင်မှုကို တိုးတက်စေနိုင်ပါသည်။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အသေးစိတ်နားလည်ရန် စကားပြောကြည့်ဖို့ တွေ့ဆုံသင့်သည်။

ထို့ကြောင့် စူးချန်ခုန်းက ခေါင်းညိတ်လိုက်ပြီး "ကျွန်တော့်သူငယ်ချင်းက မြို့အနောက်ပိုင်း ခရိုင်မှာရှိတဲ့ ဝါးစိမ်းအိမ်တော်မှာ နေထိုင်ပါတယ်။ အစ်ကိုဝမ်ရဲ့ ဧည့်သည် အချိန်ရရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်"

"ကျွန်တော် သူ့ဆီ သတင်းပို့လိုက်ပါ့မယ်။ သူက တောနက်စီရင်စုမြို့တော်မှာပဲ အနားယူနေလောက်ဦးမှာ။"

ဝမ်ရွှင်းသည် နှစ်ဘက်စလုံးက ဝမ်လင်အဆောင်အဦး၏ လေးစားရသော ဧည့်သည်တော်များဖြစ်သောကြောင့် သူတို့ အချင်းချင်းမိတ်ဆက်ကြဖို့ ကူညီပေးခြင်းဖြင့် ဆက်ဆံရေးတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်။

ထို့ကြောင့် စူးချန်ခုန်းသည် သူ့အစီအစဥ်များကို ပြောင်းလဲကာ အိမ်သို့ ပြန်လာပြီး လာလည်မည့်သူကို တိတ်တဆိတ် စောင့်မျှော်နေ‌လေတော့သည်..

All Chapters