← Chapters

အံ့ဖွယ်စွမ်းရည်။ ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်။

Vol. 9 Ch. 123

အံ့ဖွယ်စွမ်းရည်။ ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်။

Vol. 9 Ch. 123

"ကျွန်တော်တို့ ဘယ်လိုစမ်းသပ်ကြမှာလဲ"

စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းက သူ့ကို အဂ္ဂိရတ်ပညာရှင်အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်လိုက်တာက သူ့ကို ဆွဲသွင်းလိုက်ရုံလောက်နဲ့ ရိုးရှင်းမှာ မဟုတ်ဘူးဆိုတာ ကောင်းကောင်းသိသောကြောင့် ပြန်မေးလိုက်လေ၏။

စွေ့ဟယ်က သူ့နောက်ကျောမှ ထုပ်ပိုးထားသော အထုပ်ကိုယူ၍ "ဦးလေးတို့ ချီစွမ်းအင်မြှင့်ဆေးပြားဖော်စပ်နည်းနဲ့ စမ်းသပ်ကြည့်မယ်။ ဒီမှာ ချီစွမ်းအင်မြှင့်ဆေးအတွက် ဆေးဖော်နည်းရှိတယ်။ ပါဝင်ပစ္စည်းဆယ်ခုနဲ့အတူ ဒီဆေးပြားတွေကို ဖော်စပ်ဖို့အတွက် ဒါတွေကိုသုံးပါ။ ပြီးရင် ထွက်လာတဲ့ဆေးရဲ့ ပမာဏနဲ့ အရည်အသွေးပေါ်မူတည်ပြီး ဆုံးဖြတ်မယ်။"

ထုံးစံအတိုင်း အဂ္ဂိရတ်ပညာရှင်အတွက် စမ်းသပ်မှုမှာ အဂ္ဂိရတ်ပညာပင် ဖြစ်သည်။

"ကောင်းပါပြီ။"

စူးချန်ခုန်းက အကြာကြီး တုံ့ဆိုင်းမနေဘဲ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

ဒီစာမေးပွဲက သူ့အတွက် အကျိုးရှိသည်။ သူ မအောင်မြင်ခဲ့ရင်တောင် အနည်းဆုံးတော့ ချီစွမ်းအင်မြှင့်ဆေးအတွက် ဆေးပြားဖော်စပ်နည်းကို အလကား ရနိုင်မှာပါပင်။

စွေ့ဟယ်က ဆေးညွှန်းစာရွက်ကို ထုတ်ပြီး စူးချန်ခုန်းကို ကမ်းပေးလိုက်ရာ သူက သေသေချာချာ စစ်ဆေးလေ၏။

"ချီစွမ်းအင်မြှင့်ဆေးက အတွင်းအားကို လေ့ကျင့်နေတဲ့ သိုင်းပညာရှင်တွေအပေါ် ကြီးမားသော အထောက်အကူအဖြစ် အကျိုးသက်ရောက်မှုရှိပြီး ချီစွမ်းအားကိုတိုးစေတယ်။ အားထုတ်မှုထက်ဝက်နဲ့ ရလဒ်နှစ်ဆ ထွက်ပေါ်စေနိုင်တယ်။ အဲ့တာကို ဖော်စပ်ဖို့ အခက်အခဲက ချီအားတိုးဆေး ထက်သာလွန်ပေမယ့် ချီသွေးဆေးလောက်တော့ မဟုတ်ဘူး။”

စူးချန်ခုန်းသည် ဆေးညွန်းတွင်ဖော်ပြထားသော ပါဝင်ပစ္စည်းများ၊ ပြင်ဆင်မှုနည်းလမ်းများနှင့် ချက်ပြုတ်ပုံအဆင့်ဆင့်ကို သေသေချာချာ မှတ်သားသည်။

စွေ့ဟယ်သည် ချီစွမ်းအင်မြှင့်ဆေးလုံးအတွက် ပါဝင်ပစ္စည်းများ ဆယ်စုံကို ပြင်ဆင်ထားသည်။ စူးချန်ခုန်းလုပ်ရမှာက အဂ္ဂိရတ်ပညာကို စတင်ပြီး ဒီပါဝင်ပစ္စည်း ဆယ်မျိုးကို ဆေးပြားအဖြစ် ပြောင်းလဲဖို့ပင်။

“အားဖြည့်ပန်းပွင့်နှင့် ကျောက်စိမ်းနီစေ့များကို တစ်နာရီကြာအောင် ရေထဲတွင် နူးအောင်စိမ်ပါ။

ဖုလင်းကိုအမှုန့်ကြိတ်ပါ…”

(ဖုလင်း =အဆင့်မြင့် Poria မှို၊ ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုပြီး ကျန်းမာရေးကို အားကောင်းစေကာ စိတ်ကို အေးချမ်းစေသည်။ အစာချေဖျက်မှုကို အထောက်အကူဖြစ်စေသည်။)

ဆေးဖော်စပ်နည်းစာရွက်ကို အလွတ်ကျက်ပြီးသည်နှင့် စူးချန်ခုန်းသည် အဂ္ဂိရတ်လုပ်ငန်းကို ချက်ချင်းစတင်ကာ အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို စတင်လုပ်ဆောင်တော့သည်။

စွေ့ဟယ်သည် စူးချန်ခုန်းကို မနှောင့်ယှက်ဘဲ သူ့ကို အာရုံမစိုက်ဘဲ ခြံတွင်း၌ အေးဆေးနေကာ သူ့ အဂ္ဂိရတ်ပညာ၏ ရလဒ်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလေ၏။

“ဒီလူလေးစူးလည်း သိုင်းပညာကို ပုံမှန်လေ့ကျင့်တာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။"

စွေ့ဟယ်သည် လျန်တစ်ရာနှင့်အထက် အလေးချိန်ရှိသော ကျောက်တုံးအချို့ကို သတိပြုမိသည်။ ၎င်းတို့အား လက်အားကို စမ်းသပ်ရန်နှင့် လေ့ကျင့်ရန်အတွက် သိုင်းပညာရှိများ အသုံးပြုကြကြောင်း သူ့ဘာသာသူ တွေးနေမိသည်။

စူးချန်ခုန်းသည် ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး တောင့်တောင့်ဖြောင့်ဖြောင့် သိုင်းပညာရှင် အသွင်ရှိသည်။

စူးချန်ခုန်းက သိုင်းပညာရှင်တစ်ယောက်ဖြစ်ရမည်ဟု စွေ့ဟယ် တွေးမိ၏။

သို့ပေမယ့် ဒါက သူ့အတွက် အံ့သြစရာတော့ မဟုတ်ပါ။ စူးချန်ခုန်းထံမှ သူသည် မိုင်ထောင်ချီဝေးသော ကျွဲနွားကျေးရွာမှဖြစ်ပြီး နှစ်အတော်ကြာ ခြေဦးတည့်ရာလျှောက်သွားနေခဲ့ကြောင်း ကြားခဲ့ဖူးရာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် ကိုယ်ခံပညာမရှိပါက ဤခေတ်တွင် ရှင်သန်ရန် မဖြစ်နိုင်ကြောင်း စွေ့ဟယ် နားလည်ပါ၏။

“မအောင်မြင်ဘူးပဲ…”

နာရီများစွာကြာပြီးနောက် ဆေးသန့်စင်ခန်းမှ လောင်ကျွမ်းသောရနံ့တစ်ခု ထွက်လာပြီး ချီစွမ်းအင်မြှင့်ဆေးပြား ပထမအသုတ်ကို ဖော်‌စပ်မှု မအောင်မြင်ကြောင်း အချက်ပြနေလေပြီ။

"ဖုလင်အမှုန့်ထည့်တာ အချိန်သိပ် မမှန်ဘူး။"

သို့သော် စူးချန်ခုန်းက ယင်းအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်။ သူသည် ဤအဂ္ဂိရတ်ထိုးခြင်း၏ လုပ်ငန်းစဉ်တစ်ခုလုံးကို သူ့စိတ်ထဲတွင် ပြန်တွေးကာ ချို့ယွင်းချက်များနှင့် အမှားများအားလုံးကို မှတ်သားလိုက်သည်။

၎င်းကိုလုပ်ဆောင်ပြီးနောက် စူးချန်ခုန်းသည် ချီစွမ်းအားမြင့်ဆေးပြား၏ ဒုတိယအသုတ်ကို စတင်အကောင်အထည်ဖော်ရန် ဆေးမီးဖိုကို ဖွင့်လိုက်သည်။

တစ်ဖန် ရှုံးနိမ့်ပြီးနောက် တတိယအသုတ်၊ စတုတ္ထအသုတ်...

ဆက်တိုက် မအောင်မြင်သော်လည်း စူးချန်ခုန်းသည် ချီစွမ်းအားမြှင့်ဆေးပြားကို ဖော်စပ်ရာတွင် ပိုမိုကျွမ်းကျင်လာခဲ့သည်။

နောက်ဆုံးတွင် ပဉ္စမအသုတ်၌ မီးဖိုထဲမှ မွှေးကြိုင်သော ဆေးရနံ့တစ်ခု ထွက်ပေါ်လာသည်။

“အောင်မြင်ပြီကွ။”

စူးချန်ခုန်းသည် သူ့နှလုံးသားထဲမှ ပျော်ရွှင်မှုက လှိုက်ကနဲ တက်လာသည်ကို ခံစားလိုက်ရသည်။ ဆေးမီးဖိုကို ဖွင့်လိုက်သောအခါတွင် တစ်လုံးတည်းသာရှိသည့် မွှေးကြိုင်လှသော ဆေးတစ်လုံးတည်းကိုသာ တွေ့ရှိခဲ့သော်လည်း ထိုအောင်မြင်မှုသည် သူလမ်းကြောင်းမှန်ပေါ်ရောက်နေကြောင်း သက်သေပြနေလေ၏။ ပိုမိုလေ့ကျင့်မှုနှင့် အမှားများကို ပြုပြင်ခြင်းဖြင့် သူ၏အောင်မြင်မှုနှုန်းကို မှန်မှန်တိုးစေနိုင်မှာပင်။

အမှန်တကယ်ပင် လက်ကျန်ပါဝင်ပစ္စည်းများ ငါးစုံထဲမှ အချို့က မအောင်မြင်သော်လည်း နောက်ထပ် အသုတ်နှစ်သုတ်မှာလည်း ဆေးပြားများ ထုတ်လုပ်နိုင်ခဲ့သည်။

သုံးရက်အကြာတွင် စူးချန်ခုန်းသည် သူ့လက်ထဲ၌ စုစုပေါင်းဆေးလုံးခုနစ်လုံးပါသည့် ပုလင်းကိုကြည့်ကာ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။ “နောက်ဆုံးတော့ ပြီးပြီ…”

ပစ္စည်းဆယ်သုတ်မှ ချီစွမ်းအားမြှင့်ဆေးပြား ခုနစ်ခုကိုသာ စုဆောင်းရရှိခဲ့သည်။ ဒါကတကယ့်ကို အရှုံးဖြစ်ပေမယ့် စူးချန်ခုန်းသည် သူ့၏ အဂ္ဂိရတ်ပညာ တိုးတက်လာတာနဲ့အမျှ အောင်မြင်မှုနှုန်း တိုးလာနိုင်သည်ဟု ယုံကြည်၏။

“ဒီလူလေးစူးက အနည်းဆုံးတော့ အတွင်းအားနယ်ပယ်မှာ ရှိလောက်တယ်… သူ့အားက ကြံ့ခိုင်ပြီး မီးဖိုကို သုံးရက်အတွင်း ဆယ်ကြိမ် မှုတ်နိုင်တယ်။ ဒီပုံစံနဲ့ဆိုရင် သူက စံနှုန်းနဲ့ သေချာပေါက်ကိုက်ညီတာပဲ။” စွေ့ဟယ်သည် အိမ်တွင် သုံးရက်ကြာနေခဲ့ပြီး သူ့ဘာသာသူ ခေါင်းညိတ်လိုက်သည်။

ဧရာမဝေလငါးဂိုဏ်းသည် စုဆောင်းရရှိသော အဂ္ဂိရတ်ပညာရှင်များ၏ အသက်ကို အလွန်တန်ဖိုးထားသည်။ ငယ်ရွယ်တာက အလားအလာရှိပြီး ကြံ့ခိုင်သောစွမ်းအင်ကို ဆိုလိုသည်။ အချို့သော အကြီးတန်းအဂ္ဂိရတ်ပညာရှင်များသည် အဂ္ဂိရတ်ပညာတွင် မြင့်မားသော ကျွမ်းကျင်မှုများ ရှိလင့်ကစား အဂ္ဂိရတ်ပညာ၏ ကြီးလေးသော အလုပ်များကို ခံနိုင်ရည်မရှိကြပေ။ ဆေးလုံးအချို့ကို ဖော်စပ်ခြင်းသည် အနားယူမှုမရှိဘဲ ရက်ပေါင်းများစွာကြာနိုင်သည်ဖြစ်ရာ သာမာန်လူတစ်ဦးအနေဖြင့် ခံနိုင်ရည်ရှိသည့် အရာမဟုတ်ပေ။

"သခင်လေးစု၊ ကျွန်တော် ဒီချီစွမ်းအားမြင့်ဆေးပုလင်းကို အရင်ယူသွားလိုက်မယ်။ အကဲဖြတ်ဖို့အတွက် အတွေ့အကြုံရှိတဲ့ ဂိုဏ်းအဖွဲ့ဝင်တွေဆီ အပ်လိုက်ပါ့မယ်။ သုံးရက်အတွင်း အဖြေရမှာပါ" ဟု စွေ့ဟယ်က စူးချန်ခုန်းမှ ချီစွမ်းအားမြှင့်ဆေးပြား ခုနစ်ပြားပါ ပုလင်းကို ယူရင်း ပြောလိုက်သည်။

စူးချန်ခုန်း၏ရလဒ်များက ဧရာမဝေလငါးဂိုဏ်း၏စံနှုန်းများနှင့် ကိုက်ညီမှုရှိမရှိ အကဲဖြတ်ရန် ကျွမ်းကျင်ပညာရှင်များ လိုအပ်သည်။ စွေ့ဟယ်က ဒီဆေးတွေကို ဂိုဏ်းကို ပြန်ယူသွားမှဖြစ်မည်။

"ရပါတယ် ဦးလေးစွေ့၊ လမ်းခရီးမှာ အန္တရာယ်ကင်းပါစေ။"

စူးချန်ခုန်းက ခေါင်းညိတ်ပြလိုက်ရာ စွေ့ဟယ်တံခါးဆီသို့ လျှောက်သွားလေ၏။

"အခုတော့ ငါ စွေ့ဟယ်ရဲ့ သတင်းကို စောင့်ရတော့မှာပေါ့။"

စူးချန်ခုန်းသည် သူထင်ထားသလို စိတ်လှုပ်ရှားတာမျိုးမဖြစ်ပေ။ ပုံမှန်အတိုင်း သိုင်းပညာကိုသာ ဆက်လက်လေ့ကျင့်နေခဲ့သည်။

စူးချန်ခုန်းအတွက် အဂ္ဂိရတ်ပညာရှင်အဖြစ် ဧရာမဝေလငါးဂိုဏ်းထဲသို့ ဝင်ရောက်ခြင်းသည် အခွင့်ကောင်းတစ်ခုဖြစ်သော်လည်း စမ်းသပ်မှု မအောင်မြင်လျှင်ပင် သူ့အတွက် ကိစ္စမရှိပါ။ သူပိုလေ့ကျင့်ပြီး ပိုကြိုးစားရုံသာလိုသည်။

ဧရာမဝေလငါးဂိုဏ်း၏ ဌာနချုပ်သည် မိုးပြာပင်လယ်အနီးတွင် တည်ရှိသည်။ ဂိုဏ်း၏ ပရဝဏ်အတွင်းတွင် အဆောက်အအုံများစွာ က မိုးထိထိုးထွက်နေလေ၏။ အပြာရောင်ပုံစံ အနက်ရောင်ဝတ်စုံများ ၀တ်ဆင်ထားသော ဂိုဏ်းသားများက သွားချီလာချီနှင့်။

တောနက်စီရင်စုမြို့တော်ရှိ ထိပ်တန်းဂိုဏ်းများထဲမှ ဂိုဏ်းတစ်ခုအနေဖြင့် ဧရာမဝေလငါးဂိုဏ်း၏ အင်အားနှင့် အမွေအနှစ်များသည် ပြောစရာမလိုအောင် ပေါကြွယ်ဝပြီး တစ်ဦးချင်းစီတိုင်းကလည်း အစွမ်းထက်ကြလေသည်။

"အရှင်စွေ့"

ညနေစောင်းလာသည်နှင့် စွေ့ဟယ်သည် ဧရာမဝေလငါးဂိုဏ်းသို့ပြန်ရောက်လာပြီး လမ်းတစ်လျှောက်တွင် တပည့်သားများက တလေးတစား နှုတ်ဆက်ကြရာ သူတို့အသီးသီးအား တုံ့ပြန်ကာ ခေါင်းညိတ်ပြလိုက်သည်။

သူသည် ဂိုဏ်း၏ ချောင်ကျသော နေရာတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။ ထိုနေရာသည် ပန်းများ၊ အပင်များဖြင့် စိမ်းလန်းစိုပြေနေပြီး ဆေးဖက်ဝင်အပင်များစွာ ပေါက်ရောက်နေကာ အလယ်ဗဟိုတွင် ရေများဖြင့် ဝန်းရံထားသည့် သာယာလှပသော ဆေးဖော်စပ်ရာ အိမ်လေးတစ်လုံးရှိသည်။

စွေ့ဟယ်က အနှီဆေးဖော်စပ်အခန်းလေးထံသို့ ချဉ်းကပ်လာပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်လေ၏။

“ဝင်ခဲ့လိုက်” အထဲမှာ အသက်ကြီးပိုင်း လူတစ်ယောက်က အော်ပြောလိုက်သည်။

All Chapters