အံ့ဖွယ်စွမ်းရည်။ ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်။ (၂)
Vol. 9 Ch. 124
စွေ့ဟယ် နောက်ဆုံးတော့ တံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းထဲမှာ အေးမြတဲ့လေကို ခံစားနေတဲ့ အဘိုးကြီးတစ်ယောက် ထိုင်နေသည်။ ထိုလူကြီးတွင် မုတ်ဆိတ်မွေးများရှိပြီး ကြင်နာတတ်သော မျက်လုံးများနှင့် သနားကြင်နာသော အကြည့်ဖြင့် အသက်ကြီးသော်လည်း ကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်ဖြင့် ရှိလေ၏။
"စွေ့ဟယ်လား။ နောက်ထပ် အလားအလာရှိတဲ့ တပည့်လောင်းလေးကို ရှာတွေ့ပြီလား။"
ထိုလူကြီးက ပြုံးရွှင်စွာဆိုလေ၏။
အနှီအဘိုးကြီးမှာ ဧရာမဝေလငါးဂိုဏ်းမှ ပျိုးထောင်ထားသော အဂ္ဂိရတ်ပညာရှင် ကုန်းကျန့်ဖြစ်သည်။ သူက အသက်အရွယ်နှင့် ကျန်းမာရေးကြောင့် အနားယူရန် ပြင်ဆင်နေခြင်းဖြစ်၏။ အခြေအနေအရ သူသည် ဂိုဏ်းအတွက် သူ၏တာဝန်များကို လမ်းဆောင်ရန် အဂ္ဂိရတ်ပညာရှင်အသစ်ကို လေ့ကျင့်ပေးဖို့ လိုအပ်သည်။
စွေ့ဟယ်က ခေါင်းညိတ်ပြပြီး ချီစွမ်းအားမြင့်ဆေးကို ထုတ်ယူကာ ကုန်းကျန့်အား လေးစားတဖြင့် ထုတ်ပေးလိုက်သည်။ "ဆရာကုန်း၊ ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဂ္ဂိရတ်ပညာရှင် ငယ်လေးက ထုတ်ထားတဲ့ ဆေးပြားတွေပါ။ ကျေးဇူးပြုပြီး ကြည့်ကြည့်လိုက်ပါဦး။"
ဧရာမဝေလငါးဂိုဏ်းသည် စူးချန်ခုန်းကို စမ်းသပ်ခဲ့ရုံသာမက သူ့ရှေ့တွင် အလွတ်တန်း ဆေးပညာရှင် နှစ်ဦးကိုလည်း အကဲဖြတ်ခဲ့ဖူးသည်။ သို့သော် အဆင့်အတန်းမြင့်သော ကုန်းကျန့်က သူတို့၏ ထုတ်ကုန်များ အလယ်အလတ်အဆင့် တွေ့ရှိခဲ့ပြီး သူ့ရာထူးကို လွှဲပြောင်းယူရန် သင့်တော်သည်ဟု မယူဆခဲ့ပေ။
ကုန်းကျန့်သည် ချီစွမ်းအင်မြှင့်ဆေးပုလင်းကို ယူကာ ၎င်းတို့အားလုံးကို လောင်းချလိုက်ပြီး အနီးကပ်စစ်ဆေးကြည့်သည်။
"ဒီချီစွမ်းအင်မြှင့်ဆေးပြား ခုနစ်လုံးကို သုံးသုတ်ခွဲကနေ ဖော်ထုတ်ထားပြီး အောင်မြင်မှုနှုန်းက ရိုးရိုးလေးပဲ။"
ကုန်းကျန့်သည် စူးရှသော မျက်လုံးရှိပြီး ဤချီစွမ်းအင်မြှင့်ဆေးများ အားလုံးသည် တူညီသော အသုတ်မှ မဟုတ်ကြောင်းပင် ပြောနိုင်သည်။
"ဟမ်" ဒါပေမယ့် မကြာခင်မှာပဲ ကုန်းကျန့်က အံ့အားသင့်တဲ့ အသံထွက်လာသည်။
"ဘာဖြစ်လို့လဲ" စွေ့ဟယ်က ခပ်မြန်မြန် မေးလိုက်သည်။
ကုန်းကျန့်သည် တောက်ပသော မျက်လုံးများဖြင့် ချီစွမ်းအင်မြှင့်ဆေးခုနစ်လုံးကို ဆန်းစစ်ကြည့်ရာ "ဒီချီစွမ်းအင်မြှင့်ဆေးခုနစ်လုံးက သုံးသုတ်ခွဲကနေ ထွက်လာတာ။ အရည်အသွေးအရ သာမန်ပဲလို့ သတ်မှတ်နိုင်တယ်... ဒါပေမယ့် တော်တော်လေး သိသာထင်ရှားတဲ့ တိုးတက်မှုရှိတယ်။ ဆေးပြားတိုင်းလိုလိုမှာ သိသာထင်ရှားတဲ့ တိုးတက်မှုရှိတယ်ဟ။"
"ဒါက အရည်အချင်းပြည့်မီတယ်လို့ ဆိုလိုတာလား။" စွေ့ဟယ်လည်း ဝမ်းသာပီတိဖြစ်ကာ ပြောလိုက်သည်။
ဒီကိစ္စကို မြန်မြန်ဖြေရှင်းပြီးလေလေ သူအလုပ်ရှုပ်ရှုပ် သက်သာလေလေပင်။
ကုန်းကျန့်က "မင်းပြောတာ အရမ်းငယ်တဲ့လူလေးဆို ဟုတ်တယ်မလား။ သူ့ကို လမ်းညွှန်မယ့်သူ ရှိပုံမရဘူး။ ဒါပေမယ့် သူ့အဂ္ဂိရတ်ပညာက သူ့အရည်အချင်းက ဒီအဘိုးကြီးထက် မညံ့ဘူးကွ။ နည်းနည်းလေး ညွှန်ကြားပေးလိုက်တာနဲ့ မြန်မြန် တိုးတက်လာမှာ။ ဧရာမဝေလငါးဂိုဏ်းကို လာခိုင်းလိုက်... သူ့ကို အချိန်တစ်ခုလောက်ထိ ငါဆေးဖော်တာကို လာကူခိုင်းလိုက်ပါ။" “ကောင်းပြီ!”
စွေ့ဟယ်က အကြိမ်ကြိမ် အခါခါ ခေါင်းညိတ်လိုက်သည်။ ယခင်က အဂ္ဂိရတ်ပညာရှင်နှစ်ဦး၏ ထုတ်ကုန်များကို ကုန်းကျန့်က လုံးဝပယ်ချခဲ့သည်။
သို့သော် ကုန်းကျန့်သည် ဤလူကလေးစူး ဖော်စပ်ထားသော ချီစွမ်းအင်မြှင့်ဆေးများကြောင့် သူက အဂ္ဂိရတ်ပညာတွင် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည်ဟု တွေးခဲ့သည်။ ၎င်းသည် ဧရာမဝေလငါးဂိုဏ်းသို့ တိုက်ရိုက်ဝင်ရောက်ရန် တစ်ဝက်ပြီးမြောက်ပြီဟု ယူဆနိုင်သည်။ လေ့ကျင့်ပျိုးထောင်ပေးရင်းနှင့် သူ၏ အဂ္ဂိရတ်ပညာစွမ်းရည် တိုးတက်လာသည်နှင့်အမျှ သူက ကုန်းကျန့်၏ နေရာယူနိုင်သည် ။
"မနက်ဖြန် ကျွန်တော် တောနက်စီရင်စုမြို့ကို သွားလိုက်မယ်။ ဆရာကြီးကုန်း အရင်အနားယူနှင့်ပါ။"
စွေ့ဟယ် နှုတ်ဆက်ပြီး အခန်းထဲက ထွက်သွားတော့သည်။
ကုန်းကျန့်က အကျောဆန့်ရင်း ရေရွတ်လိုက်သည်။ "ဒီကလေး ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ။ သူ့တိုးတက်မှုက မြန်ဆန်ပါစေလို့ မျှော်လင့်တယ်။ ငါဧရာမဝေလငါးဂိုဏ်းမှာ ဆယ်စုနှစ်တွေကြာအောင် နေခဲ့ပြီးပြီ... ကျန်တဲ့အချိန်တွေကို ဒီမှာ မကုန်ဆုံးချင်ဘူးကွာ။"
မကြာသေးမီက ကုန်းကျန့်သည် အပြင်းဖျားပြီး ကျန်းမာရေးကြောင့် ဆက်သွားရန် မသင့်တော်ဟု ဆိုခဲ့သော်လည်း အမှန်တကယ်တွင် ၎င်းသည် သူ့ဘာသူ တီထွင်လိုက်သော လှည့်ကွက်တစ်ခုဖြစ်သည်။
ဧရာမဝေလငါးဂိုဏ်းအတွက် ဆေးသန့်စင်ပေးရင်း ဆယ်စုနှစ်များစွာ ကုန်ဆုံးပြီးနောက် ကုန်းကျန့်သည် ဤလူနေမှုပုံစံကို ငြီးငွေ့လာလေ၏။ သူ့အသက်အရွယ်အရ ကျန်းမာရေးကောင်းမွန်သော်လည်း ဤနေရာတွင် သေဆုံးမည့်အစား သူ၏နောက်ဆုံးနှစ်များအတွင်း အပြင်လောကကို မြင်တွေ့လိုသောကြောင့် ဆက်ခံမည့်သူကို ရှာဖွေရန် စိတ်အားထက်သန်နေခြင်းဖြစ်သည်။
"ဒေါက် ဒေါက် ဒေါက်"
နောက်တစ်နေ့မနက်မှာတော့ စူးချန်ခုန်း နေထိုင်တဲ့ အိမ်တံခါးကို တစ်ယောက်ယောက် လာခေါက်သည်။
"စွေ့ဟယ်လား။ မြန်လှချည်လားဟ။"
မနက်အစောကြီးမှာ ဝူချင်းရှီကို လေ့ကျင့်ပြီးတာနဲ့ စူးချန်ခုန်းဟာ ခေါက်သံကို ကြားရပြီး စွေ့ဟယ်တစ်ယောက်သာ သူ့နေအိမ်ကို လာလည်မယ့်ပုံပေါ်တာကြောင့် အံ့အားသင့်သွားလေ၏။
စူးချန်ခုန်း တံခါးကို သွားပြီး ဖွင့်လိုက်သည်။
အမှန်တကယ်ပင် စွေ့ဟယ်က အပြင်မှာ ရပ်နေ၏။
စွေ့ဟယ်က "လူလေးစူး၊ မင်း အရည်အချင်းမှီသွားပြီ။ ဆရာကြီးကုန်းက မင်းရဲ့စွမ်းရည်ကို သဘောကျတယ်။ သူက မင်းကို အဂ္ဂိရတ်ပညာမှာ ကိုယ်တိုင် လမ်းညွှန်ပေးလိမ့်မယ်။ မင်းရဲ့ အဂ္ဂိရတ်ပညာက စံနှုန်းနဲ့ ကိုက်ညီရင် မင်း သူ့နေရာကို အစားထိုးပြီး ဧရာမဝေလငါးဂိုဏ်းရဲ့တရားဝင် အဂ္ဂိရတ်ပညာရှင် ဖြစ်လာလိမ့်မယ်။"
စွေ့ဟယ်က စူးချန်ခုန်းအား သတင်းကောင်း ပြောပြလိုက်သည်။ စူးချန်ခုန်းက သူ့စိတ်သူ ပြင်ဆင်ပြီးသား ဖြစ်သော်လည်း ဝမ်းမသာပဲ မနေနိုင်။ ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ ဆိုသည်မှာ အခြားသူတစ်ဦး၏ အရင်းအမြစ်များကို အသုံးပြု၍ အဂ္ဂိရတ်ပညာကို လေ့ကျင့်ရန် အဆုံးမရှိသော အခွင့်အရေးကို ဆိုလိုသည်။
“ကောင်းပြီ။ ဒါဆို ဆရာကြီးကုန်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်” စူးချန်ခုန်းက ခေါင်းညိတ်ပြလိုက်သည်။
စူးချန်ခုန်းက အလွန်အမင်း စိတ်လှုပ်ရှားခြင်း သို့မဟုတ် ယောက်ယက်ခတ်နေတာမျိုး မတွေ့ရသဖြင့် စွေ့ဟယ် ခေါင်းညိတ်လိုက်သည်။ ဒီလူငယ်လေးရဲ့ တည်ငြိမ်မှုက သာမန်မဟုတ်တန်ရာ။
"လူလေး၊ မင်း အခု ငါ့နဲ့ ဧရာမ ဝေလငါးဂိုဏ်းဆီ လိုက်မလား" စွေ့ဟယ်က ဆက်ပြောလိုက်သည်။
"ကောင်းပါပြီ။ ကျွန်တော် ထုတ်ပိုးလိုက်ပါဦးမယ်"
စူးချန်ခုန်းက အမြဲတမ်း သွက်သွက်လက်လက် လုပ်ဆောင်တတ်သူဖြစ်သည်။ စွေ့ဟယ်ကို ပြောပြီးနောက် သူ့ပစ္စည်းတွေကို စတင်ထုပ်ပိုးလိုက်သည်။
စူးချန်ခုန်း ခရီးဆောင်အိတ်ထဲမှ ပစ္စည်းတွေက အများကြီး မဟုတ်ပေ။ သံဖြတ်ဓားနှစ်ချောင်း၊ ဒူးလေး၊ ငွေစက္ကူများစွာနှင့် အဝတ်အစားအပို အချို့သာ။
"လူလေး၊ မင်းက သိုင်းပညာကိုလည်း လေ့ကျင့်နေတာလား။"
စွေ့ဟယ်သည် အဝတ်ဖြင့်ထုပ်ပိုးလာသော သံဖြတ်ဓားများ၏ ပုံစံများကိုမြင်တော့ မမေးဘဲမနေနိုင်။
"အိမ်နဲ့ဝေးနေတော့ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်ဆိုတာ သိထားရမယ်လေ။ ကျွန်တော် အချိန်ရရင် လေ့ကျင့်ဖြစ်ပါတယ်"ဟု စူးချန်ခုန်းက သူသိုင်းပညာကို ဖုံးကွယ်မထားဘဲ ပြန်ဖြေလိုက်သည်။
“ဒါဆို သွားကြရအောင်” စွေ့ဟယ် ဆက်မမတော့ပေ။ စူးချန်ခုန်း သိုင်းပညာအကြောင်း သိတာမသိတာက သူ့အတွက်ရော ဧရာမဝေလငါးဂိုဏ်းအတွက်ရော အရေးမကြီးပါ။ အရေးကြီးတာက သူ၏အဂ္ဂိရတ်ပညာပင်။
ဧရာမဝေလငါးဂိုဏ်း၏အားနှင့် ခွန်အားသန့်စင်ခြင်းနယ်ပယ်မှ သိုင်းပညာရှင်တွေ ပေါများရုံသာမကသာမက ချီသွေးနယ်ပယ်မှာရှိတဲ့သူတွေတောင် များလှပေသည်။ ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံပဲဖြစ်ဖြစ် သူ့သားနဲ့သမီးပဲဖြစ်ဖြစ် သူတို့က တောနက်စီရင်စုမြို့မှာရှိတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေဖြစ်သည်။
ထုပ်ပိုးပြီးနောက် စူးချန်ခုန်းသည် စွေ့ဟယ်နှင့်အတူ ဧရာမဝေလငါးဂိုဏ်း၏ ဌာနချုပ်ရှိရာသို့ ထွက်ခွာလာခဲ့သည်။
မနက်မိုးသောက် အလင်းရောက်သည်နှင့် နှစ်ယောက်သား ဧရာမဝေလငါးဂိုဏ်းဆီ ရောက်လာကြလေ၏..